အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊  ဇွန်လ (၄) ရက်

ပထမဦးစွာ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ မနက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နာယကကြီးဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်သွား တယ်လို့ ကြားသိရလို့ အင်မတန်ကို စိတ်မကောင်းဖြစ်ရပြီး ဝမ်းနည်းကြေကွဲရပါတယ်။ သူရဦးတင်ဦးဟာ ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူစဥ်ကတည်းက ပြည်သူလူထု ချစ်ခင်လေး စားခဲ့ရသူ တစ်ဦးဖြစ်သလို ၈ လေးလုံး လူထုအရေးတော်ပုံကြီးတွင်လည်း ပြည်သူ့ဆန္ဒနှင့် အညီ ပြည်သူလူထုဘက်မှ ရပ်တည်လာခဲ့ပြီး ဘဝတစ်လျှောက်လုံး ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ပါတယ်။ ဒီလိုခေါင်းဆောင်ကြီးတွေ ကွယ်လွန်သွားခဲ့ပေမယ့် ကျွန်တော်တို့အနေနဲ့ ရှေ့ကခေါင်းဆောင်ကြီးများရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်မှုများကို အလဟသ မဖြစ် ရအောင် အစွမ်းကုန်ဆက်လက် ကြိုးစားတိုက်ပွဲ ဝင်သွားကြဖို့ လေးလေးနက်နက် တိုက်တွန်း လိုပါတယ်။

တော်လှန်ရေးရဲ့ ဦးဆောင်အစိုးရလည်းဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နှစ် (၇၀) ကျော် ပြည်တွင်းစစ်နဲ့အတူ အာဏာရှင်အဆက်ဆက်ရဲ့ သွေးခွဲဖိနှိပ်အုပ်ချုပ်မှု ဒဏ် ကို ဘက်ပေါင်းစုံကနေ ခံခဲ့ကြရတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်း ကြတဲ့အခါမှာ ရှုထောင့်ပေါင်းစုံကနေ သေချာစွာလေ့လာသုံးသပ်ပြီး ဖြေရှင်းဖို့လိုအပ်မှာ ဖြစ် သလို အကြမ်းဖက်စစ်အုပ်စုရဲ့ ခေတ်အဆက်ဆက် ကျင့်သုံးတတ်တဲ့ ဗျူဟာတွေကိုလည်း သတိကြီးကြီးထားပြီး စောင့်ကြည့်ကြဖို့ လိုပါတယ်။ ၃ နှစ်ကျော် ကာလ အတွင်းမှာ စစ်အုပ်စု အနေနဲ့လည်း သူတို့ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့နည်းလမ်းတွေ အလုပ်မဖြစ်တော့ပဲ ပြည်နယ်တွေဘက်မှာလည်း စစ်အင်အားတွေပြိုလဲ၊ နယ်မြေတွေ ဆုံးရှုံးနေရတဲ့ အခြေအနေ တွေနဲ့ ပြည်မဘက်မှာလည်း မမျှော်မှန်းထားတဲ့ PDF အင်အားကြီးထွားလာမှုတွေကို ရင်ဆိုင် နေရပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကလည်း တောက်လျှောက်ကို အားကောင်းနေတဲ့အတွက် သူတို့ နောက်ထပ်ကျင့်သုံးနိုင်ဖွယ်ရှိတဲ့ နည်းဗျူဟာတွေကို ကြိုတင် မှန်းဆပြီး ကျွန်‌တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မနှောင့်နှေးစေပဲ စီစဥ်လုပ်ဆောင်ကြဖို့ လိုအပ်မှာ ဖြစ်ပါ တယ်။ 

သူတို့ရဲ့ လက်ရှိဖြစ်နိုင်ချေရှိတဲ့ အားသာချက်တွေကို အားနည်းချက်တွေဖြစ်သွား အောင် ကြိုးစားကြရမှာဖြစ်ပြီး အားနည်းချက်တွေကို အဆုံးထိရောက်အောင် တွန်းချပစ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးအတွက် နောက်ဆုံးတိုက်ပွဲဖြစ်တယ်လို့ ကောင်းစွာ ယုံကြည်ပြီး အားထုတ်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ “တိုင်းပြည် စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ် ကျဆုံးခန်း ဆီသို့” သတင်းစာရှင်းလင်းပွဲ မှာတင်ပြခဲ့သလို စီးပွား‌ရေးအခြေအနေတွေဟာ အကြမ်းဖက်စစ်အုပ်စုကို ကျဆုံးခန်းဆီသို့ ရောက်အောင်တွန်းပို့နေပြီ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ သုံးပြီး ပြည်သူကို သတ်ဖြတ်နှိပ်စက်နေတဲ့ စစ်အုပ်စုအတွက် ဘဏ္ဍာရေးကဏ္ဍဘက်မှာ ပြိုလဲပြီဆိုရင်တော့ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတွေပါ နလန်ထူဖို့ လွယ်ကူတော့မှာ မဟုတ်တဲ့အတွက် ဒါဟာ အင်မတန် အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တယ်ဆိုတာကို အားလုံးလည်း သိရှိပြီး ဖြစ် မှာပါ။ ကျွန်တော်တို့အားလုံးက ဟန်ချက်ညီညီ ရှေ့ဆက်နိုင်ကြဖို့ပဲ လိုအပ်မှာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ကိုယ့်မှာရှိတဲ့ အားသာချက်တွေကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ လိုအပ်သလို အားနည်းချက်တွေကိုလည်း အားသာချက်ဖြစ်လာအောင် ကြိုးစား ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားဖို့လိုအပ်တာက ကဏ္ဍတစ်ခုတည်း အားကောင်း နေရုံနဲ့တော့ မဟာဗျူဟာကျကျ အောင်ပွဲဆင်နိုင်မှာ မဟုတ်ဘူးဆိုတာကို သတိထားကြရမှာ ဖြစ်ပါတယ်။ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ကဏ္ဍပေါင်းစုံက ဟန်ချက်ညီညီ ချိတ်ဆက်မိနေဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရေးဆွဲအတည်ပြု ခဲ့ကြတဲ့ ၂၀၂၄ မဟာဗျူဟာနှင့်အညီ စုစုစည်းစည်း အလုပ်လုပ်ကြဖို့ ထပ်မံတိုက်တွန်းလို ပါတယ်။ 

ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဖြတ်သန်းလာကြရတဲ့ တော်လှန်ရေး သမိုင်းတစ်လျှောက်မှာ ဒီတော်လှန်ရေးလောက် ပြည်သူတွေရဲ့ အားပေးထောက်ခံမှု ရရှိတဲ့ တော်လှန်ရေးမျိုး မရှိခဲ့တာမို့ ဒီအင်အားတွေကို သေသေချာချာ တန်ဖိုးထားပြီး အစွမ်းကုန် ကြိုးစားလျက် ရှေ့ဆက်တိုက်ပွဲဝင်ကြဖို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။