အမျိုးသားညီညွတ်ရေးအစိုးရ ၁၇/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၇/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

 ◼ပြည်တွင်း တော်လှန်ရေးအင်အားစုအားလုံးက အကြမ်းဖက် စစ်ကောင်စီကို ခုခံတော်လှန် နေချိန်မှာ၊ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း မြန်မာပြည်သူ လူထုတွေဘက်ကနေ ပြတ်ပြတ်သားသားရပ်ခံကြဖို့ အထူးလိုအပ်တယ်လို့ ယာယီသမ္မတပြောကြား

ဇွန် ၄  ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၇/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “  ဒီနေ့အစည်းအဝေးမှာ၊ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေ အားလုံး တွန်းတွန်းတိုက်တိုက်ဆော်ဩဖို့ လိုနေတဲ့ကိစ္စတစ်ခုကို အလေးအနက်ထား ပြောချင်ပါ တယ်။ အဲသည့်ကိစ္စကတော့ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သား ပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်ကို ထပ်တူချပြီး လုပ်ဆောင်နေတဲ့ကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ သိနားလည်အောင် တွန်းတွန်းတိုက်တိုက် အသိပေးကြဖို့ကိစ္စပဲ ဖြစ်ပါတယ်။ အခုအခြေအနေမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်သားနဲ့ စစ်ရေးပစ်မှတ်ကို ရောထွေးပြီး အရပ်သားပြည်သူလူထုတွေကို အလုံးအရင်းသတ်ဖြတ်နေတဲ့ ကိစ္စဟာ အင်မတန်မှ ရက်စက်ကြမ်းကြုတ် ယုတ်ညံ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အခုအခြေအနေဟာ စစ်ကောင်စီကို အသက်ရှုပေါက် ကျပ်စေရုံလောက်ပဲ တတ်နိုင်တဲ့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်တာလောက်နဲ့ တင်းတိမ်နေရမယ့် ကိစ္စမဟုတ်သလို၊ စွတ်စွဲပြစ်တင် ရှုံ့ချရုံလောက်နဲ့လည်း လုံလောက်တဲ့ကိစ္စ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ ပြည်တွင်း တော်လှန်ရေးအင်အားစုအားလုံးက အကြမ်းဖက် စစ်ကောင်စီကို ခုခံတော်လှန်နေချိန်မှာ၊ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း မြန်မာပြည်သူ လူထုတွေဘက်ကနေ ပြတ်ပြတ်သားသား ရပ်ခံကြဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း ပြည်သူနဲ့အတူ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေကို အကျယ်ပြန့်နိုင်ဆုံးအထိ မြှင့်တင်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း အထူးလိုအပ်နေပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “  အထူးသဖြင့် ဒီရက်ပိုင်းအတွင်းမှာ ရက္ခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ်တွေမှာ အရပ်သား ပြည်သူလူထုကို စစ်ကောင်စီရဲ့ လက်အောက်ခံတပ်တွေက အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်နေမှုတွေနှင့် အရပ်သားတွေကို လေကြောင်းမှ နေ့စဥ်ဗုံးကြဲ သတ်ဖြတ်နေမှုတွေဟာ အင်မတန်မှ ယုတ်ညံ့လွန်းပါတယ်။ ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်မှ ရခိုင်ပြည်နယ်၊ ဗျိုင်းဖြူရွာရှိ ဒေသခံရွာသား (၅၁) ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တာကို စိတ်မကောင်းစွာ ထပ်မံ မြင်တွေ့ရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ နှိပ်စက်မှုမျိုးစုံကို  ကျွန်တော်တို့ဟာ ပြည်သူတွေ ဘက်ကနေ အစွမ်းကုန် ခုခံကာကွယ်နေသလို၊ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်တဲ့ လုပ်ဆောင်ချက်တွေ အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်တဲ့အခါ လူသားဆန်စွာနဲ့ စစ်ရေးကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး ရှေ့တိုး လုပ်ဆောင်နေတာ ဖြစ်ပေမယ့် စစ်ကောင်စီကတော့ စစ်ရေးကျင့်ဝတ်ဆိုတာကို စာရင်းထဲမှာတောင် ထည့်မထားပါဘူး။ ဒါတွေကို နားလည်သဘောပေါက်ပြီး ကျွန်တော်တို့ တော်လှန်ရေး အင်အားစု အချင်းချင်း ရိုင်းပင်းပူးပေါင်းမှုကို ဆက်လက်မြှင့်တင်ဖို့လိုသလို၊ ပြည်ပနိုင်ငံတွေရဲ့ အထောက် အပံ့ အကူအညီတွေကိုလည်း ကြိုးစားရယူဖို့  ဝိုင်းဝန်းကြိုးစား အားထုတ်နေရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ အနေနဲ့လည်း ပြည်သူလူထုရဲ့ ဘေးဒုက္ခကို ခြေခြေမြစ်မြစ် နားလည်သဘော ပေါက်ပြီး ထိထိရောက်ရောက် ဖြစ်အောင် ကူညီလုပ်ဆောင်နေမယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေး ကိစ္စရပ် တွေဟာ လက်ရှိ တည်ဆဲအခြေအနေထက် ပိုပြီး လက်တွေ့ကျကျ ဖြစ်စေဖို့လည်း ကျွန်တော်တို့က အလေးအနက်ထားတိုက်တွန်းဖို့ လိုပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် ပြည်သူလူထုကို ကာကွယ်တဲ့နေရာမှာ ပြည်သူ့ဘက်တော်သား အင်အားစုအားလုံးဟာ “မိမိကိုယ်ကို အားကိုးရေးမူ” ကို ကိုင်စွဲရမှာ ဖြစ်သလို၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ လူသားချင်းစာနာထောက်ထားမှု စိတ်အခံကို နှိုးကြွစေအောင် သိုင်းဝိုင်းထားမှသာ ပြည်သူလူထု ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းဘေးက သက်သာရာရမှာ ဖြစ်တယ်လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ မနက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နာယကကြီးဖြစ်သူ ကာကွယ်ရေး ဦးစီးချုပ် ဟောင်း သူရဦးတင်ဦး ကွယ်လွန်သွားတယ်လို့ ကြားသိရလို့ အင်မတန်ကို စိတ်မကောင်းဖြစ်ရပြီး ဝမ်းနည်းကြေကွဲရပါတယ်။ သူရဦးတင်ဦးဟာ ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူစဥ်ကတည်းက ပြည်သူလူထု ချစ်ခင်လေး စားခဲ့ရသူ တစ်ဦးဖြစ်သလို ၈ လေးလုံး လူထုအရေးတော်ပုံကြီးတွင် လည်း ပြည်သူ့ဆန္ဒနှင့် အညီ ပြည်သူလူထုဘက်မှ ရပ်တည်လာခဲ့ပြီး ဘဝတစ်လျှောက်လုံး ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ပါတယ်။ ဒီလိုခေါင်းဆောင်ကြီးတွေ ကွယ်လွန်သွားခဲ့ပေမယ့် ကျွန်တော်တို့ အနေနဲ့ ရှေ့ကခေါင်းဆောင်ကြီးများရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်မှုများကို အလဟသ မဖြစ် ရအောင် အစွမ်းကုန်ဆက်လက် ကြိုးစားတိုက်ပွဲ ဝင်သွားကြဖို့ လေးလေးနက်နက် တိုက်တွန်း လိုပါတယ်။ တော်လှန်ရေးရဲ့ ဦးဆောင်အစိုးရလည်းဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နှစ် (၇၀) ကျော် ပြည်တွင်းစစ်နဲ့အတူ အာဏာရှင်အဆက်ဆက်ရဲ့ သွေးခွဲဖိနှိပ်အုပ်ချုပ်မှု ဒဏ် ကို ဘက်ပေါင်းစုံကနေ ခံခဲ့ကြရတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်း ကြတဲ့ အခါမှာ ရှုထောင့်ပေါင်းစုံကနေ သေချာစွာလေ့လာသုံးသပ်ပြီး ဖြေရှင်းဖို့လိုအပ်မှာ ဖြစ် သလို အကြမ်းဖက်စစ်အုပ်စုရဲ့ ခေတ်အဆက်ဆက် ကျင့်သုံးတတ်တဲ့ ဗျူဟာတွေကိုလည်း သတိကြီးကြီး ထားပြီး စောင့်ကြည့်ကြဖို့ လိုပါတယ်။ ၃ နှစ်ကျော် ကာလ အတွင်းမှာ စစ်အုပ်စု အနေနဲ့လည်း သူတို့ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့နည်းလမ်းတွေ အလုပ်မဖြစ်တော့ပဲ ပြည်နယ်တွေဘက်မှာ လည်း စစ်အင်အားတွေပြိုလဲ၊ နယ်မြေတွေ ဆုံးရှုံးနေရတဲ့ အခြေအနေ တွေနဲ့ ပြည်မဘက်မှာလည်း မမျှော်မှန်းထားတဲ့ PDF အင်အားကြီးထွားလာမှုတွေကို ရင်ဆိုင်နေရပြီး နိုင်ငံရေးလှုပ်ရှားမှု တွေကလည်း တောက်လျှောက်ကို အားကောင်းနေတဲ့အတွက် သူတို့ နောက်ထပ်ကျင့်သုံးနိုင်ဖွယ် ရှိတဲ့ နည်းဗျူဟာတွေကို ကြိုတင် မှန်းဆပြီး ကျွန်‌တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မနှောင့်နှေးစေပဲ စီစဥ်လုပ်ဆောင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ သူတို့ရဲ့ လက်ရှိဖြစ်နိုင်ချေရှိတဲ့ အားသာချက်တွေကို အားနည်းချက် တွေဖြစ်သွားအောင် ကြိုးစားကြရမှာဖြစ်ပြီး အားနည်းချက်တွေကို အဆုံးထိရောက်အောင် တွန်းချပစ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးအတွက် နောက်ဆုံးတိုက်ပွဲဖြစ်တယ်လို့ ကောင်းစွာ ယုံကြည်ပြီး အားထုတ်ကြဖို့ထပ်မံတိုက်တွန်းလိုပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ “တိုင်းပြည်စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ် ကျဆုံးခန်း ဆီသို့” သတင်းစာရှင်းလင်း ပွဲ မှာတင်ပြခဲ့သလို စီးပွား‌ရေးအခြေအနေတွေဟာ အကြမ်းဖက်စစ်အုပ်စုကို ကျဆုံးခန်းဆီသို့ ရောက်အောင်တွန်းပို့နေပြီဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေသုံးပြီး ပြည်သူကို သတ်ဖြတ်နှိပ်စက်နေတဲ့ စစ်အုပ်စုအတွက် ဘဏ္ဍာရေးကဏ္ဍဘက်မှာ ပြိုလဲပြီဆိုရင်တော့ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတွေပါ နလန်ထူဖို့ လွယ်ကူတော့မှာ မဟုတ်တဲ့အတွက် ဒါဟာ အင်မတန် အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တယ်ဆိုတာကို အားလုံးလည်း သိရှိပြီးဖြစ်မှာပါ။ ကျွန်တော်တို့အားလုံးက ဟန်ချက်ညီညီ ရှေ့ဆက်နိုင်ကြဖို့ပဲ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ကိုယ့်မှာရှိတဲ့ အားသာချက်တွေကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ လိုအပ်သလို အားနည်းချက်တွေကိုလည်း အားသာချက်ဖြစ်လာအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားဖို့လိုအပ်တာက ကဏ္ဍတစ်ခုတည်း အားကောင်းနေရုံနဲ့တော့ မဟာဗျူဟာကျကျ အောင်ပွဲဆင်နိုင်မှာ မဟုတ်ဘူးဆိုတာကို သတိထားကြရမှာ ဖြစ်ပါတယ်။ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ကဏ္ဍပေါင်းစုံက ဟန်ချက်ညီညီ ချိတ်ဆက်မိနေဖို့ အင်မတန် အရေးကြီး ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရေးဆွဲအတည်ပြု ခဲ့ကြတဲ့ ၂၀၂၄ မဟာဗျူဟာ နှင့်အညီ စုစုစည်းစည်း အလုပ်လုပ်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါအပြင် လက်ရှိတော်လှန်ရေးဟာ ပြည်သူတွေရဲ့ အားပေးထောက်ခံမှု အပြည့်အဝရရှိထားတဲ့ အတွက် အဲဲဒီအင်အားတွေကို သေသေချာချာ တန်ဖိုးထားပြီး အစွမ်းကုန်ကြိုးစားကာ ရှေ့ဆက်တိုက်ပွဲဝင်ကြဖို့အတွက်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။                                 

အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ ပြည်ထောင်စုဝန်ကြီး ဖြစ်သူ ဒေါက်တာဇော်ဝေစိုးက Japan trip report တင်ပြတာ ၊ ဆက်သွယ်ရေး ၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာနက IT and Website update တင်ပြတဲ့ ကိစ္စရပ်တွေကို ဆွေးနွေး ခဲ့ကြပါတယ်။ 

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။