အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်၊ (၁၆/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်၊ (၁၆/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊  မေလ (၂၈) ရက်

 ဒီနှစ်အတွင်းမှာ အထူးအားစိုက်ကြရမယ့် ကဏ္ဍတွေအဖြစ် အုပ်ချုပ်ရေးကဏ္ဍ အပိုင်းကဆိုရင် အုပ်ချုပ်ရေးဖော်ဆောင်မှုလုပ်ငန်းစဥ်တွေ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍ နဲ့ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်ရှင်းရှင်းလင်းလင်း ဖြစ်နေစေဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီကဏ္ဍ ၃ ရပ်လုံးကိုလည်း အားစိုက်ဆောင်ရွက်နေကြ တယ်လို့လည်း သိရပါတယ်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ အတွင်းရေးမှူးအဖွဲ့အနေနဲ့လည်း စိုးမိုးထိန်းချုပ်မြို့နယ်တွေ တစ်မြို့နယ် ချင်းစီ တွေ့ဆုံပြီး သုံးသပ်ချက်တွေ စတင်ပြုလုပ်နေကြပြီဖြစ်တာကြောင့် နောက် ဆက်တွဲ မြို့နယ်တစ်မြို့နယ်ချင်းစီရဲ့ လိုအပ်ချက်အလိုက် လုပ်ဆောင်ရမှာတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားကြမယ်ဆိုရင် ပြည်သူ့အုပ်ချုပ် ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး ယန္တရားလည်ပတ်မှုအပိုင်းမှာလည်း တိုးတက်မှု တွေရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ ကျွဲကူးရေပါဆိုသလို မြို့နယ်တွေကို အသေးစိတ် လေ့လာသုံးသပ်ရင်း လိုအပ်နေတဲ့ တရားရေးဥပဒေစိုးမိုးရေးကဏ္ဍ အကောင်အထည်ဖော် ဆောင်မှု အပိုင်းတွေကိုပါ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

 ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေအတွက်လည်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့အစိုးရဝန်ကြီးတွေ ဆက်တိုက်တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေသလို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား ပူးပေါင်းဆောင် ရွက်ရေး ကော်မရှင်ဘက်ကလည်း တွန်းတွန်း တိုက်တိုက် အားစိုက်ရမယ့် ကိစ္စတွေ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် ဒီနှစ်အတွင်း ရလဒ်တချို့ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ 

စစ်ရေးကဏ္ဍကတော့ စစ်ရေးရည်မှန်းချက်တွေအတိုင်း ဖော်ဆောင်နိုင်ဖို့ ဆက်လက် ကြိုးစားရမှာဖြစ်ပြီး နိုင်ငံခြားရေးကဏ္ဍဘက်ကတော့ အာရုံစိုက်စရာတွေပိုများလာမယ့်နှစ် ဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံကြရတဲ့အခါမှာ နိုင်ငံတိုင်းဟာ သူ့ရဲ့ National Interest ရှိကြတာမို့ အဲ့ဒီ့အကျိုးအမြတ်တွေကြားကမှ ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စ တွေကို နည်းမှန်လမ်းမှန် အာရုံစိုက်ပြီး လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းရတာ တကယ်တော့ မလွယ်ပါဘူး။ ဒီကနေ့ ဒီအခြေအနေမျိုးထိရောက်အောင် စွမ်းဆောင်ပေးလာကြတဲ့ နိုင်ငံခြား ရေးဘက်က တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ 

လူထုဝန်ဆောင်မှုပေးတဲ့ ကဏ္ဍဘက်ကတော့ တော်လှန်ရေးကာလအတွင်းကိုပင် အတော်လေးထိထိရောက်ရောက် အလုပ်နိုင်ဆုံးကဏ္ဍတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပေးတယ်ဆိုတာတောင် ပြည်သူတွေ ရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့စာရင် တကယ့်ကို နည်းပါးလွန်းတာမို့ ပြည်သူတွေ ဒုက္ခမျိုးစုံက လွတ် မြောက်နိုင်အောင် ကြိုးစားရမယ့် တစ်ခုတည်းသောနည်းလမ်းကတော့ တော်လှန်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ရေးပဲဖြစ်ပါတယ်။ ဒီအတွက်တော့ ဆက်လက်ပြီး ကြိုးစားဆောင်ရွက်ပေးကြပါ။ ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ ချိန်ဆပြီး ထိထိရောက်ရောက် ဖြစ်စေမယ့် အလုပ်တွေကို လေ့လာဆန်းစစ်လုပ်ဆောင်ကြပါ။ ဒီနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအားလုံးအတွက် အချက်ပေးခေါင်းလောင်းထိုးနေတဲ့ နှစ်ဖြစ်တယ်လို့ ခံယူကြ ပြီး ကြိုးစားလုပ်ဆောင်ကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။