အမျိုးသားညီညွတ်ရေးအစိုးရ ၁၈/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၈/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

 ◼ယခုထက် ပိုလွန်အာမခံချက်ရှိတဲ့ အောင်ပွဲတွေကို ရရှိနိုင်ဖို့အတွက် မဟာမိတ်စုဖွဲ့မှုမှာ အကျယ်ပြန့်နိုင်ဆုံးနဲ့ အခိုင်မာဆုံး တိုးချဲ့မှ ဖြစ်မယ်လို့ ယာယီသမ္မတပြောကြား

ဇွန် ၁၁  ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၈/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “ ဒီနေ့ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ အလေးအနက်ထား ပြောကြားချင်တာကတော့ လက်ရှိ ကျွန်တော်တို့ အားလုံး ဖြတ်သန်းနေတဲ့ နွေဦးတော်လှန်ရေး အတွင်းမှာ “မဟာမိတ်စုဖွဲ့မှုရဲ့ အခန်းကဏ္ဍ” အကြောင်းကို အထူးပြု ပြောကြားချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ဟာ မဟာမိတ်ဆိုတဲ့ သဘော တရားနဲ့ မိတ်ဖက်ဆိုတဲ့ သဘောတရားကို သေချာ သဘောပေါက် နားလည်ထားဖို့ လိုတယ်လို့ ယူဆပါတယ်။ နွေဦးတော်လှန်ရေးအတွင်းက တော်လှန်ရေးအင်အားစုတွေ အချင်းချင်းစုဖွဲ့မှုဟာ “တူတာတွေကို ပေါင်းလုပ်၊ မတူတာတွေကို ခွဲလုပ်” ဆိုတဲ့ မိတ်ဖက်အဆင့်ထက် ကျော်လွန်နိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမှာ မိတ်ဖက်အဆင့်ထက် ကျော်လွန်တဲ့ မဟာမိတ် အဆင့်အတန်းအထိ/ ခိုင်မာကျစ်လစ်အောင် တည်ဆောက်ကြဖို့ အထူးလိုအပ်ပါတယ်။ မဟာမိတ် စုဖွဲ့မှုဆိုတာဟာ ယုံကြည်မှုအရလည်း ပဋိညာဉ် ခိုင်ခိုင်မာမာ ရှိသလို၊ ပေါင်းစည်း လုပ်ဆောင်မှုမှာ လည်း အလွှာလိုက် ကျစ်လစ်စွာ စုပေါင်းလုပ်ဆောင်တဲ့ သဘောတွေ ရှိပါတယ်။ ဒါ့အပြင် ဆက်ဆံ ရေးသဘောမှာလည်း အပေါ်ယံသဘောမျိုး မဟုတ်ဘဲနဲ့ နက်ရှိုင်းစွာ / ကျယ်ပြန့်စွာ ချိတ်ဆက် ထားတဲ့ ဆက်ဆံရေးဖြစ်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ တည်ဆဲတော်လှန်ရေး အရှိန်အဟုန်ကို လက်တွေ့ကျကျ မြှင့်တင်နိုင်ဖို့ အတွက် “မဟာမိတ်စုဖွဲ့မှု” ကို ခိုင်မာကျစ်လစ် အောင် ဆက်လက်တည်ဆောက်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ မဟာမိတ်စုဖွဲ့မှုမှာ အရေးအကြီးဆုံး က ယုံကြည်မှုဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ မဟာမိတ်စုဖွဲ့ မှုကို ပိုပြီး ခိုင်မာကျစ်လစ်စွာ တည်ဆောက်နိုင်ဖို့ အတွက် အလုပ်နဲ့သက်သေပြပြီး ယုံကြည်မှုတည် ဆောက်ဖို့ အရေးကြီးပါတယ်။ မဟာမိတ်စုဖွဲ့မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ သတိထား ချည်းကပ်ရမယ့် ကိစ္စတစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ သက်ဆိုင်ရာ လက်နက်ကိုင်  အဖွဲ့အစည်းအလိုက် နောက်ကွယ်ကနေ မမြင်နိုင်တဲ့ hidden agenda တချို့ ဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “နိုင်ငံရေးရဲ့ သဘော ၊ သဘာဝအရ အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်မှာ ကိုယ်စီကိုယ်စီ ဆွဲကိုင်ထားတဲ့ ဆွဲကိုင်ချက်တွေ ရှိစမြဲဖြစ်တာ တွေ့ရပါတယ်။ ဒါတွေဟာ သက်ဆိုင် ရာ လူမျိုးစုအလိုက် မတူညီတဲ့ ပန်းတိုင်တွေ၊ မတူညီတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ရှိထားတယ်ဆို တာလည်း ကျွန်တော်တို့ အားလုံး သတိချပ်ဖို့ လိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ကျွန်တော်တို့ အားလုံးမှာ ဘုံအားဖြင့် တူညီတဲ့အချက်ကတော့ “စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး” ကိစ္စပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံသဘောတူညီချက်တွေကို လက်တွေ့ကျကျ ရယူနိုင်ဖို့လည်း အထူးလို အပ်ပါတယ်။  အဲဒါဟာ ဘာ့ကြောင့် အရေးတကြီး လိုအပ်နေတာလဲ ဆိုရင်၊ ကျွန်တော်တို့ဟာ ယခုတည်ဆဲရရှိထားတဲ့ အောင်ပွဲထက် ကျော်လွန်တဲ့ တော်လှန်ရေး ရည်မှန်းချက် တွေကိုအကောင်အထ ည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ “ပန်းတိုင်ကို မြင်နေရပြီလို့ ပြောနိုင်ပေမယ့်၊ ပန်းတိုင်ကို မရောက်သေးဘူး” ဆိုတာ သတိချပ်ကြဖို့ လိုပါတယ်။ ဒါ့ကြောင့် ယခုထက် ပိုလွန် အာမခံချက်ရှိတဲ့ အောင်ပွဲတွေကို ရရှိနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ မဟာမိတ်စု ဖွဲ့မှုမှာ အကျယ်ပြန့်နိုင်ဆုံးနဲ့ အခိုင်မာဆုံး တိုးချဲ့မှ ဖြစ်မယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် “ပန်းမဝင်ခင် တက်မထောင်ဘဲ” လုပ်သင့်လုပ်ထိုက်တာတွေကို စနစ်တကျ အားထုတ်လုပ် ဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ ဇွန်လ (၄) ရက်နေ့နဲ့ (၅) ရက်နေ့တွေမှာ ရခိုင်ပြည်နယ် တောင်ဘက်ပိုင်း သံတွဲမြို့မှာရှိတဲ့ ဆင်ခေါင်းကျေးရွာကို စစ်အုပ်စုရဲ့ လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှု၊ ကြည်းတပ်နဲ့ ရေတပ်တို့ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ယနေ့ထိဆိုရင် သေဆုံးသူရာနဲ့ချီပြီး ရှိနိုင်ကြောင်း ကြားသိရတဲ့အတွက် လွန်စွာမှ စိတ်မကောင်း ဖြစ်ရပါတယ်။ ပြီးခဲ့တဲ့ မေလ (၂၉) ရက်နေ့က ဗျိုင်းဖြူကျေးရွာဖြစ်စဥ်၊ မင်းကင်းမှာ‌ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဖြစ်စဥ် တွေဆိုရင်လည်း တော်တော်လေး  အရုပ်ဆိုး အကျည်း တန်တဲ့ ဖြစ်စဥ်တွေ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကတော့ ကျွန်‌တော် အမြဲပြောခဲ့သလိုပဲ သူတို့လုပ်နိုင်သမျှ အကြမ်းဖက် လုပ်ငန်းစဥ်တွေကို အဆုံးစွန်ဆက်လုပ်သွားကြမယ့် ကျင့်ဝတ်မရှိသူတွေမို့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဖက်က ပိုမို စုစုစည်းစည်းနဲ့ တုန့်ပြန်နိုင်ကြဖို့ လိုပါတယ်။ အခု ရက်ပိုင်းအတွင်းမှာဆိုရင်လည်း အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြည်သူလူထု ကြုံ တွေ့နေရသော အထွေထွေ စီးပွားရေးအကျပ်အတည်း၊ စိုးရိမ်ထိတ်လန့်မှုများနဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုများ၊ စစ်ရာဇဝတ် ကျူးလွန်မှုများကို ဖုံးကွယ်နိုင်ရန်အတွက် သတင်းသိပိုင်ခွင့် ကန့်သတ်ခြင်း၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်း၊ အင်တာနက်ပိတ်ဆို့ခြင်းနှင့် ဖြတ်တောက်ခြင်းများကို လက်နက်သဖွယ် အသုံးပြုလာနေတာကို အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက် ပြီးလည်း အစိုးရအနေနဲ့ ထုတ်ပြန်ကြေညာချက်တစ်ခုကို ဇွန်လ (၇) ရက်နေ့က ထုတ်ပြန်ခဲ့ပါ တယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် သူတို့အနေနဲ့ ယနေ့အချိန်ထိ အသိတရားမရှိဘဲ နည်းလမ်း ပေါင်းစုံ ရှုထောင့်ပေါင်းစုံကနေ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နိုင်ဖို့အတွက် စဥ်ဆက်မပြတ် ကြိုးပမ်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ပြင်ဆင်ချိန် အချိန်များများ ထပ်ပေးလို့မရဘူးဆိုတာ ကျွန်တော်တို့အားလုံး သဘောပေါက်နားလည်စွာနဲ့ ဒီနှစ်ကို ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။  ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “တစ်ဘက်က အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်ကြရင်း တစ်ဘက်က အုပ်ချုပ်ရေး တည်ထောင်ဖို့ ကြိုးပမ်းရတာလည်း တကယ့်ကို မလွယ်ကူတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံရဲ့ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့၊ မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေက လည်း ရှိခဲ့တာကြောင့် ကျွန်တော်တို့ တော်လှန်ရေးဦးဆောင်အစိုးရတစ်ရပ်အနေနဲ့ ပိုမို အား ထုတ်ကြရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်မှု လုပ်ငန်းစဥ်တွေကလည်း ပြည်သူတွေအတွက် မလုပ်မဖြစ် လုပ်ကြရမယ့် အရေးကိစ္စတွေ ဖြစ် တာကြောင့် ဒီလုပ်ငန်းစဥ်တွေ လုပ်ရင်း ကြုံတွေ့လာရမယ့် အခက်အခဲတွေ၊ စိန်ခေါ်ချက် တွေကိုတော့ ဒီတော်လှန်‌ရေးအတွင်းမှာ ညှိညှိနှိုင်းနှိုင်း ဖြေရှင်းအကောင်အထည်‌ ဖော်နိုင်ဖို့ လည်း လိုအပ်လာမှာပါ။” လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါအပြင် ၂၀၂၄ ခုနှစ်ဟာ အတော်လေး အရေးကြီးကြောင်း၊ ၃ နှစ်ကျော် ကြိုးစားရုန်းကန် လာ ကြတာ အ‌ရွေ့တွေအများကြီးရှိခဲ့ပေမယ့် ဒီနှစ်ကတော့ ကြီးမားတဲ့အရွေ့ကို လိုအပ်နေပြီ ဖြစ် ကြောင်း၊ ဒါကြောင့် ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေကို တွန်းတွန်းတိုက်တိုက် ကြိုးစားအား ထုတ်ပေးကြရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေမူကြမ်းအား ဆက်လက်ဆောင်ရွက်နိုင်ရန် အတည်ပြုချက် ရယူတာ ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနက မဟာမိတ်ဆက်ဆံရေးအခြေအနေနဲ့ ပတ်သက်ပြီး တင်ပြတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြ ပါတယ်။ 

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။