အမျိုးသားညီညွတ်ရေးအစိုးရ ၇၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၇၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်၊ အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်ရန်ကြိုးစားနေသော အတုအယောင်ရွေးကောက်ပွဲတွေဟာ ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား

ဒီဇင်ဘာ ၂၀ ၊ ၂၀၂၂

 အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက “၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ကျင်းပပြီး နိုင်ငံတကာရဲ့ တရားဝင်မှုရအောင် နိုင်ငံရေးထွက်ပေါက်ရှာလိမ့်မယ်ဆိုတာ သေချာနေတာ တွေ့ရပါ တယ်။ ဥပဒေအရပ်ရပ်ကို ချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူရန် ကြိုးစားနေရုံ သာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ်နှင့်အမျှ သတ်ဖြတ်၊ ညှင်းပမ်း နှိပ်စက်၊ ဖျက်ဆီးနေသော အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲတရပ် ကျင်းပရန် အခွင့်အာဏာ လုံးဝ မရှိပေ။ ၄င်းတို့ ကျင်းပမည်ဆိုသော "ရွေးကောက်ပွဲ" ဆိုတာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ ပြဿနာ၏ ထွက်ပေါက် နှင့် အဖြေ လုံးဝ မဟုတ်ရုံသာမက ပြဿနာကို ပိုမို ရှုတ်ထွေးစေမည့်၊ ပိုမို ခက်ခဲကြပ်တည်းစေမည့် လုပ်ရပ်သာဖြစ်ပြီး ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်အုပ်စု၏  "ရွေးကောက်ပွဲ" ဟာ ၎င်းတို့ အာဏာသက်ဆိုးရှည်ရေး နှင့် ၎င်းတို့ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေး အတွက် ရည်ရွယ်‌လုပ်ကြံသည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာဖြစ်ပြီး ၄င်း "တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ" ကို ကျွန်ုပ်တို့ ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုပါတယ်။  ” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ NUG အစိုးရအနေနဲ့ နိုင်ငံခြားဆက်ဆံရေး၊ သံခင်းတမန်ခင်း ကိစ္စတွေမှာ အပြုသဘောဆောင်သော တိုးတက်သော အလားအလာတွေကို ခပ်စိပ်စိပ်တွေ့မြင်လာရလို့လည်း ကျွန်တော့်အနေနဲ့ အထူးဝမ်းသာဂုဏ်ယူမိပါတယ်။ ထို့အတူ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ရွေးချယ်ခံရမှု အပေါ် ထောက်ခံဝန်းရံခဲ့သည့် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဖယ်ကျဉ်ထားဖို့ တောင်းဆိုလိုပါတယ်။ ယနေ့ မြန်မာနိုင်ငံ အတွင်း ယိုယွင်းပျက်စီးနေမှုနှင့် အကြမ်းဖက်မှု လုပ်ရပ်အားလုံးရဲ့ တာဝန်ခံသည် စစ်ကောင်စီ အကြမ်းဖက်အုပ်စုသာ ဖြစ်ပါတယ်။  စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖီဆန်တော်လှန်ခြင်းအရေးကိစ္စဟာ အင်မတန်ကျယ်ပြန့်တဲ့ကိစ္စ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး စတင်ပြီးချိန်ကလည်းက  ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ အုံလိုက်ကျင်းလိုက် အားကောင်းခဲ့ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ်မှာ ဒေါက်တိုင်အဖြစ် ပူးပေါင်းပါဝင်နေသူတွေကို လူမှုရေးပြစ်ဒဏ်ခတ်တာ၊ သပိတ်မှောက်ဆန့်ကျင်တာတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းခဲ့ပါတယ်။  ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုတာ “ရုံးမတက်ဘူး” ဆိုတဲ့ လှုပ်ရှားမှုထက် ပိုမိုကျယ်ပြန့်တာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် တခြားသော ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထပ်မံလုပ်ဆောင်နိုင်တာ တွေ ရှိနေသေးတယ်ဆိုတာ မမေ့ကြဖို့ နှိုးဆော်ချင်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မည်သည့်အာဏာဖီဆန်ရေးကိစ္စမဆို သေးဖွဲသည်ဟူ၍ မရှိပါဘူး...။ ဒီအမြင် ဒီအယူအဆကို အခြေခံပြီး လူထုကကျယ်ကျယ်ပြန့်ပြန့်နဲ့ နည်းနာပေါင်းစုံ ကဏ္ဍပေါင်းစုံမှာ အသွင်သဏ္ဍာန်ပေါင်းစုံနဲ့ စစ်အာဏာရှင်ကို အာဏာဖီဆန်ဖို့ လှုံ့ဆော်စည်းရုံးနေရမယ်လို့ ယူဆပါတယ်” လို့ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။

ဒါအပြင် ၂၀၂၃ ခုနှစ်ဟာ စစ်ရေး/ နိုင်ငံရေး အချိုးအကွေ့တွေ ဖြစ်လာနိုင်မယ့် နှစ်လို့ ယူဆရကြောင်း၊ တော်လှန်ရေးလမ်းစဉ်တွေမှာ မဟာဗျူဟာအရ မမှားဖို့ လိုသလို နည်းဗျူဟာအားဖြင့် အလွဲအချော်တွေ မဖြစ်စေဖို့လည်း လိုကြောင်း၊ မိတ်ဆွေနိုင်ငံတွေ စဉ်ဆက်မပြတ်တိုးပွားရေးနဲ့ သံတမန်ရေး ကွင်းပြင်မှာ NUG ရဲ့ ဖြစ်တည်မှု ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “စစ်ကောင်စီ၏ အရပ်သားများ အပေါ် ပစ်မှတ်ထားတိုက် ခိုက်နေမှု၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ နိုင်ငံရေး အကျဉ်းသားများကို ပစ်မှတ်ထား ဖိနှိပ်မှုများ၊ လူမျိုး ခြား၊ ဘာသာခြား၊ အခြေခံ အလုပ်သမား လူတန်းစားများအပေါ် အနိုင်ကျင့်ပြီး ပဋိပက္ခများ ဖန်တီးနေမှုတွေ ဟာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း တစ်နိုင်ငံလုံးအနှံ့မှာ အရှိန်အဟုန်နဲ့ တိုးပွား ဖြစ်ပွားနေတာ အားလုံး အသိပဲဖြစ်ပါတယ်။ တမန်နေ့က အခြေခံလူတန်းစားတွေ အဓိက အားကိုးအားထားပြု အားထားရာ ပန်းဆိုးတန်း - ဒလ ကူးတို့သင်္ဘောကို အဓိပ္ပါယ်မဲ့ အဆင်ခြင်မဲ့ ဖောက်ခွဲမှု၊ သွေးချင်း အညာဒေသတစ်ခွင်၊ တိုင်းရင်းသားဒေသအနှံ့မှာ လူသတ်၊ မီးရှို့၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို ကျွန်တော်တို့ အနေနဲ့ နေ့စဉ်နဲ့အမျှကြားသိနေရပါတယ်။ အကြမ်းဖက် စစ်တပ်နဲ့ စစ်ခေါင်းဆောင်များရဲ့ နိုင်ငံတကာသိ၊ ကမ္ဘာသိ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ထိုက်တန်ရာကို အမြန်ဆုံး ဆောင်ကြဉ်းနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းကြရမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ စိုးမိုးနယ်မြေတွေမှာ လူသားချင်း စာနာကဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖက်ဒရယ် ပြည်ထောင်စုသစ် တစ်ရပ် ပေါ်ပေါက်လာရေးအပြင်၊ လုံခြုံရေးကဏ္ဍအပြောင်းအလဲနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍ တို့အတွက် စီမံကိန်း တွေ အများအပြားကို လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့  နိုင်ငံတကာ ကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီ (IACC) ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး စစ်ဘေးသင့် ပြည်သူများရဲ့ လိုအပ်ချက်များ၊ လူသားချင်းစာနာအကူအညီများ၊ PDF များ၊ လက်နက်ကိုင်တော်လှန်ရေး မဟာမိတ်များနဲ့ ကျန် ဒီမိုကရေစီအင်အားစုများရဲ့ လိုအပ်ချက်များကို ဖြည့်စည်းပေးနိုင်ရန် ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေမှုများ ရှိတယ်ဆိုတာကို နိုင်ငံတကာက တရားမျှတမှုကို လိုလားတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ၊ မိတ်ဖက်နိုင်ငံတွေ သိရှိရအောင် spoke person များအနေနဲ့ပဲ ဖြစ်ဖြစ်၊ သက်ဆိုင်ရာ  ဝန်ကြီးဌာနများအနေနဲ့ပဲဖြစ်ဖြစ် များများ ပြောကြားပေးဖို့ လိုအပ်ပါတယ်။ ဒီလို အခက်အခဲကာလမှာ ဖြစ်တဲ့နည်းနဲ့ ပြည်သူတွေကို စောင့်ရှောက်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ပေးနေတဲ့ ကျွန်တော်တို့ ဝန်ကြီးများနှင့် တကွ ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများ၊ CDM များ ၊ ကူညီပေးနေကြသောစေတနာဝန်ထမ်းများအားလုံးကိုလည်း ဒီနေရာကနေပဲ အထူးကျေးဇူးတင်ကြောင်းလည်း ပြောကြားလိုပါတယ်။” ပြောကြားလိုက်ပါတယ်။

ဆက်လက်ပြီးတော့လည်း “ဝန်ကြီးဌာနများရဲ့ လုပ်ငန်းစဉ်များ အကျိုးဖြစ်ထွန်းမှုများနဲ့ ပတ်သက်လို့ ပိုမို သိရှိနားလည်နိုင်စေဖို့နဲ့ ပေါင်းစပ်လုပ်ဆောင်ပေးရမယ့် လုပ်ငန်းစဉ်များ ရှိပါကလည်း ပေါင်းစပ်လုပ်ဆောင် ပေးနိုင် အောင် ပုံမှန်ထိတွေ့မှု မရှိနေသေးတဲ့ ဝန်ကြီးဌာနများနဲ့ အခါအားလျော်စွာ တွေ့ဆုံနိုင်ဖို့ စီမံဆောင် ရွက်နေပါတယ်။ အခုဆိုရင် အလုပ်သမားရေးရာ ဝန်ကြီးဌာန၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ် ဝန်ကြီးဌာနတွေ့နဲ့ တွေ့ဆုံဖို့ကိုလည်း စီစဉ်ပြီး ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံခြင်းအားဖြင့်လည်း ဝန်ကြီးဌာန တွေအတွင်းမှာ ကူညီပံ့ပိုးပေးနေကြတဲ့ စေတနာ့ဝန်ထမ်းများ၊ CDM ဝန်ထမ်းများကို စိတ်ပိုင်းဆိုင်ရာ အားပေးမှုလည်း ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များပိုမိုတိုးတက်လာစေရေး၊ ကော်မတီများရဲ့လုပ်ငန်းဆောင်တာများ ပိုမိုအားကောင်းဆောင်ရွက်လာနိုင်စေရေးတို့အတွက် လိုအပ်သည် များကိုလည်း ကျွန်တော်တို့ ဝန်ကြီးချုပ်ရုံးနဲ့ ချိတ်ဆက် တိုင်ပင်ပြီး အကြံပေးလုပ်ဆောင်ကြဖို့ကိုလည်း ဒီနေရာက မှာကြားလိုပါတယ်။ ဒါ့အပြင် PDF များ၊ မဟာမိတ်တပ်ပေါင်းစုများရဲ့ ခုခံတွန်းလှန်စစ်ရဲ့ မြန်မာပြည်အနှံ့က အောင်ပွဲ သတင်းများကိုလည်း အားလုံးပြီး ကြားသိပြီး ဖြစ်မှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး တစ်တိုင်းပြည်လုံး စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရေးအတွက် စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်နေကြတဲ့ ရှေ့တန်းက ရဲဘော်ညီနောင်များ အားလုံးကိုလည်း တနိုင်ငံလုံး ကိုယ်စား ကျေးဇူးတင်ကြောင်းနဲ့ ဘေးအန္တရာယ်ကင်းကင်းနဲ့ အောင်ပွဲတွေ ဆင်နိုင်ကြဖို့လည်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဒါအပြင် အဆုံးအဖြတ်နှစ်ဟာ ချဉ်းကပ်လို့ လာနေပြီဖြစ်သလို အားလုံးဟာ တစ်နှစ်တာ မဟာဗျူဟာ စီမံကိန်းရဲ့ လုပ်ဆောင်ရမဲ့ ဦးစားပေးလုပ်ငန်းစဉ်များအပေါ်မှာ မျက်ခြေမပြတ်စေပဲ တစ်စိုက်မတ်မတ် လုပ်ဆောင်ကြရဖို့၊ စစ်အာဏာရှင်အပြီးတိုင်ပြုတ်ကျရေးပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက EU-ASEAN Summit side meetings တွေမှာ တွေ့ဆုံဆွေးနွေး ခဲ့တာတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ ထည့်သွင်းစဉ်းစားရမယ့် မဟာဗျူဟာနဲ့ ဆပ်စပ်လုပ်ငန်းတွေကို တင်ပြတာ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ခူးထဲဘူးက ပြည်ပရောက် မြန်မာနိုင်ငံ သားတို့ရဲ့ သားသမီးများကို မွေးစာရင်းလက်မှတ် ထုတ်ပေးနိုင်ရေးကိစ္စ တင်ပြတာ၊ CDM Success Committee ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက CDM Success Committee နှစ်ချုပ်အစီရင်ခံစာ တင်သွင်းတာပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ဆွေးနွေးတင်ပြ လာတာတွေကို ပြည် ထောင်စု ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးတာ၊ ယာယီသမ္မတက နိဂုံးချုပ် အမှာ စကားပြောကြား တာ တွေပြုလုပ်အပြီးမှာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ပါတယ်။