“ရန်ကုန်-ဒလ ကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org

ကြေညာချက်အမှတ်(၂၆/၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်

“ရန်ကုန်-ဒလ ကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

၁။ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်-ဒလ ကူးတို့သင်္ဘောပေါ် ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် အရပ်သား ပြည်သူလူထုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အထူး ဝမ်းနည်းကြေကွဲ စိတ်ထိခိုက်ရပါသည်။ ထိခိုက်ဒဏ်ရာရသူများအားလုံး အမြန်ဆုံး သက်သာရာရပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆုမွန်ကောင်းတောင်းနေသလို ဘေးဒဏ်သင့်ရသူများ၏ မိသားစုများနှင့် ထပ်တူရှိနေပါကြောင်းလည်း ဖော်ပြလိုပါသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဤအကြမ်းဖက်လုပ်ရပ်ကို အပြင်းထန်ဆုံး စကားလုံးများဖြင့် ပြစ်တင်ရှုတ်ချသည်နှင့် တချိန်တည်းမှာပင် အမှန်တကယ် ကျူးလွန်သူများကို ဖော်ထုတ် အရေးယူနိုင်ရေး ပြည်သူလူထုနှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်သည်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ လိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်များ ချမှတ်ထားပြီးဖြစ်သလို စစ်ရေးဆိုင်ရာ ပစ်မှတ်သတ်မှတ်ချက်တွင်လဲ အရပ်သားပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုရဟု တရားဝင် ပြဌာန်းထားပြီးဖြစ်ရာ အရပ်သားလူထု ဘေးအန္တရာယ် ထိခိုက် စေနိုင်သည့် အခြေအနေရှိပါက အကြမ်းဖက်စစ်ကောင်စီကိုတိုက်ခိုက်ရေး စီစဉ်ထားသည့် လုပ်ငန်းများ ကိုပင် ပယ်ဖျက်ခဲ့ဖူးသည့်သာဓက အမြောက်အများရှိပြီးဖြစ်သည်။ သို့ပါ၍ ဤအကြမ်းဖက် လုပ်ရပ်သည် မိမိတို့နှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်းမရှိကြောင်း ယတိပြတ်ငြင်းဆိုသည်။

၄။ စစ်အာဏာရှင်တို့သည် ယင်းတို့အာဏာ တည်မြဲရေးအတွက် ပြည်သူလူထု၏စိတ်သဏ္ဍာန်တွင် အကြောက်တရားနှင့် စိုးရိမ်ထိတ်လန့်မှုများ အဆက်မပြတ် ဖြစ်ပေါ်နေစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် အတိတ်ဖြစ်ရပ်များစွာ သာဓကအနေဖြင့် ရှိခဲ့ပြီးဖြစ်သကဲ့သို့  ဆက်လက် လုပ်ဆောင်ရန်လဲ ဝန်မလေးကြောင်း လက်ရှိအကြမ်းဖက်စစ်အုပ်စုက သက်သေပြပြီး ဖြစ်သည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ ဝမ်းနည်းဖွယ်ဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်ရေး မပြတ်သောသတိဖြင့် နေထိုင်လုပ်ကိုင်ကြပါရန်   အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ