ကျေးရွာလူနေအိမ်များအား ပစ်မှတ်ထား၍ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်တိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးရမှုအပေါ် သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်

၁။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက် နံနက် ၇:၄၅ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ ကလေးများအပါအဝင် ရွာသူရွာသားများအား အကြမ်းဖက်စစ်တပ်၏ တံတားဦး လေဆိပ်မှ ဂျက်ဖိုက်တာ တစ်စီးက ဗုံးနှစ်လုံးကျဲချတိုက်ခိုက်ခဲ့ပြီး၊ နောက်ထပ် ငါးမိနစ်ခန့်အကြာ ၇:၅၀ အချိန်တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးဖြင့် ဒုံးကျည် နှစ်လုံးအပြင် စက်သေနတ်များဖြင့်ပါ ထပ်မံပစ်ခတ်တိုက်ခိုက် ခဲ့ပါသည်။

၂။ အဆိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုတွင် ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၆၀ ဦးခန့် သေဆုံးခဲ့ရပြီး၊ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

၃။ ယခင်ကလဲ ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခု ဧပြီလ ၁၁ ရက် နံနက်တွင်လည်း ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့အား အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ဦးသေဆုံးကာ ၄ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပါသည်။ အကြမ်းဖက်စစ်အုပ်စုသည် ကချင်၊ ကရင်နီ နှင့် ကရင်ပြည်နယ် များတွင်လည်း အရပ်သားများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ တနိုင်ငံလုံးရှိ အရပ်သားပြည်သူများအား လူမဆန်စွာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေ သည်မှာ အသေအချာပင်ဖြစ်ပါသည်။ 

၄။ ဤလုပ်ရပ်များသည် စစ်ပွဲဆိုင်ရာဥပဒေ (1907 Hague Convention) အပိုဒ် (၂၅)၊ (၂၆)၊ (၂၇) နှင့် ဂျီနီဗာကွန်ဗင်းရှင်း၊ ပရိုတိုကောလ်အပိုဒ် (၁) တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ရုံ သာမက၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုတို့ကို ထပ်မံ ကျူးလွန်ခြင်း လည်း ဖြစ်သည်။

၅။ အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သည့် ယုတ်မာရက်စက်မှုကြောင့် သေဆုံးသွားရသူများ အတွက် လွန်စွာဝမ်းနည်းကြေကွဲရပါသည်။

၆။ ဤသို့သော သတ်ဖြတ်မှုများကို အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံ နေရာအနှံအပြား၊ ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျကျူးလွန်နေခြင်းကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။

၇။ ယခုကဲ့သို့ ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူအားလုံးအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပြီး မိမိတို့တိုင်းရင်းသားပြည်သူတရပ်လုံး၏ ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ မလွဲမသွေရောက်ရှိသည်အထိ ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်းကိုလည်း အလေးအနက် ကတိပြုပါသည်။

၈။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ဤသို့သောလူမဆန်သည့် လုပ်ရပ်များအတွက် အကြမ်းဖက်စစ်အုပ်စုအား ပြတ်ပြတ်သားသား ဝိုင်းဝန်းဆန့်ကျင်၍ ထိရောက်သော အရေးယူမှုများကို အမြန်ဆုံးလုပ်ဆောင်ကြရန်လည်း ထပ်မံတိုက်တွန်းအပ်ပါသည်။

တော်လှန်ရေးသစ္စာဖြင့်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC