၂၀၂၁ခုနှစ်၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

၂၀၂၁ခုနှစ်၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး မိန့်ခွန်း

(မြန်မာဘာသာပြန်)

၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်


ဂုဏ်သရေရှိနိုင်ငံခေါင်းဆောင်များခင်ဗျာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ၂၀၂၁ ခုနှစ် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသူများအားလုံးကို ရွှင်လန်းချမ်းမြေ့ ပါစေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းအုပ်စုကြောင့် ဖြစ်ပါ်လာသည့် အကျပ်အတည်းများကို ဖြေရှင်းရန် ဆက်လက် ကြိုးစားအားထုတ်မှုများအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပေါ် ကျေးဇူးတင်ရှိကြောင်း NUG အနေဖြင့် ပြောကြားလိုပါသည်။ ယခုကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများက ဒေသတွင်း လုံခြုံရေးအပေါ် သာမက အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ၎င်းတို့၏ ပြည်သူလူထုအပေါ် ကြီးမားသော ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်နေပါသည်။ 

ထိပ်သီးအစည်းအဝေးတွင် NUG ၏ ယာယီသမ္မတအဖြစ် ထမ်းဆောင်နေသူ ကျွန်တော် လူကိုယ်တိုင် တက်ရောက်ကာ မိန့်ခွန်း မပြောကြားနိုင်သည့်အတွက် ကျွန်ုပ်တို့ NUG အစိုးရအနေဖြင့် စိတ်မကောင်း ဖြစ်မိပါသည်။ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် တရားမဝင် စစ်အာဏာသိမ်းအုပ်စု ကိုယ်စားလှယ်များကို ငြင်းပယ်ရန် ဆုံးဖြတ်ချက်ကို ကြိုဆိုပါသည်။ သို့သော်လည်း ဤဆုံးဖြတ်ချက်၏ နောက်တွင် ကျွန်ုပ်တို့ NUG အစိုးရကို တက်ရောက်ရန် ဖိတ်ခေါ်သင့် ပါသည်။ “နိုင်ငံရေးအရ ကိုယ်စားမပြုသူ” တစ်ဦးကို ဖိတ်ကြားရန်ဆိုသော ကြားကာလလုပ်ဆောင်ချက်ကို ပြောရလျှင် မြန်မာနိုင်ငံ တစ်ဦးတည်းသာလျှင် မိမိကိုယ်စားလှယ်များကို ရွေးချယ်ဆုံးဖြတ်ရမည်ဖြစ်ပြီး တရားဝင်ခိုင်မာသော အစိုးရဖြစ်သည့် NUG ကသာလျှင် ဤဆုံးဖြတ်ချက်ကို ချမှတ်ရမည် ဆိုသည့် အချက်ကို NUG က ဆက်လက် ခိုင်မာစွာ ခံယူထားပါသည်။ 

လွန်ခဲ့သော တစ်နှစ်မပြည့်ခင်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော လွှတ်တော် ကိုယ်စားလှယ်များနှင့် NUG ကို ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပြီး မြန်မာပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံမှုကို ရရှိထားပါသည်။ ကျွန်ုပ်တို့၏ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွင် လုပ်ပိုင်ခွင့်အာဏာ ဆက်လက်ရှိနေကြောင်းကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၊ အထွေထွေညီလာခံနှင့် အထွေထွေအတွင်းရေးမှူးချုပ်တို့က အတည်ပြုထားကြပါသည်။ ထို့အပြင် ကုလသမဂ္ဂအစည်းအဝေးများတွင်  NUG ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်မှ ဆက်လက်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုလျက်ရှိပါသည်။ 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် ဒေသတွင်း တည်ငြိမ်မှုပြန်လည်ရရှိရေးအတွက် ကျွန်ုပ်တို့ NUG က အာဆီယံနှင့် မိတ်ဖက်ဖွဲ့လုပ်ဆောင်ရန် အသင့်ရှိပါသည်။ အထူးသံတမန် အာရီဝမ် ယူဆော့ဖ်၏ ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုပြီး ၎င်းကြိုးစားမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။ ကျွန်ုပ်တို့သည် သူနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ ပူး‌ပေါင်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။ တူညီဆန္ဒငါးရပ်နှင့်အညီ အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ သေချာစွာ ပေးအပ်နိုင်ရေးအတွက် အာဆီယံနှင့် အလုပ်လုပ်သွားရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန်ချထားပါသည်။ 

NUG က ထိုကတိကဝတ်များကို အဆွေတော်တို့ထံ ကမ်းလှမ်းနေချိန်တွင် စစ်အာဏာသိမ်းအုပ်စု အနေဖြင့် အာဆီယံကို အားနည်းအောင် လုပ်နိုင်သမျှ အမျိုးမျိုးလုပ်ဆောင်နေပါသည်။ သူတို့ ပေးထားသော ကတိကဝတ်များကို လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပြီး အထူးသံတမန်၏ ကြိုးပမ်း အားထုတ်မှုများကိုလည်း ထိခိုက်ပျက်စီးစေခဲ့ပါသည်။ စစ်ကောင်စီသည် ဒေသတစ်ခုလုံးကို ခြိမ်းခြောက် နေသည့် အသက်အန္တရာယ်ကို ထိပါးစေလိုသော ရည်ရွယ်ချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကိုလည်း လက်နက် သဖွယ် အသုံးချနေပါသည်။ 

ယနေ့ အဆွေတော်များကို ယခုကဲ့သို့ မိန့်ခွန်းပြောနေချိန်တွင် စစ်အာဏာသိမ်းအုပ်စုက လူပေါင်းများစွာ ကို ရက်စက်စွာ သတ်ဖြတ်နေမှုကို တိုးမြှင့်နိုင်ရန် ကြိုတင်ပြင်ဆင်မှုအဖြစ် တပ်ဖွဲ့များကို စုစည်းနေ ပါသည်။ ၎င်းတို့ စစ်ရှုံးနေသောကြောင့် စိတ်ပျက်နေသည့် စစ်တပ်သည် အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုစသည့် သူတို့ အကျွမ်းကျင်ဆုံး နည်းလမ်းများကို တစ်ကျော့ပြန် အသုံးပြုလျက် ရှိပါသည်။ အတိတ်၌ ဖြစ်ပျက်ခဲ့သည့် လူသတ်မှု၊ နှိပ်စက်ညှင်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူပေါင်းများစွာ ပျောက်ဆုံးမှုနှင့် အိုးမဲ့အိမ်မဲ့ဖြစ်မှုများ ခေတ်သစ်မြန်မာပြည်တွင် တစ်ကြိမ်မှ မကြုံဖူးခဲ့သည့် အတိုင်းအတာဖြင့် များပြားစွာ ဖြစ်ပေါ်လာမည့် အလားအလာကို အာဆီယံကလည်း မျက်မြင်သက်သေအဖြစ် မြင်တွေ့ သက်သေခံရပါတော့မည်။ ဒေသတွင်းနှင့် နိုင်ငံတကာမှ အလျှော့ မပေးဘဲ ပြတ်ပြတ်သားသား တုန့်ပြန်မှသာလျှင် ၎င်းတို့ကို တားဆီးနိုင်မည်ဖြစ်သည်။


နိုင်ငံ့ခေါင်းဆောင်များခင်ဗျာ

NUG သည် အမျိုးသားညီညွတ်ရေးအစိုးရဟူသည့် နာမည်နှင့်အညီ ဆက်လက် တာဝန်ထမ်းဆောင် သွားမည် ဖြစ်ပြီး နိုင်ငံတော်ကို စည်းလုံးညီညွတ်ခြင်းအားဖြင့် အုပ်ချုပ်ပါမည်။ အားလုံးပါဝင်မှုရှိသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့်အတူ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို အခြေခံပြီး ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ခု တည်ဆောက်ရေး၊ တူညီသော မျှော်မှန်းချက်ကို ဆောင်ရွက်ရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန်ချမှတ်ထားပါသည်။ ထိုအခြေခံအုတ်မြစ်ပေါ်တွင် NUG က ဒီမိုကရေစီ အပြည့်အဝ ရရှိရေးအတွက်  ကြားကာလ၊ အသွင်ကူးပြောင်းကာလနှင့် နောက်ဆုံး ဖက်ဒရယ်ဒီမိုကရေစီ အပြည့်အဝ ရရှိအောင်မြင်ပြီးကာလ ဟူ၍ အဆင့်သုံးဆင့်ဖြင့် လမ်းပြမြေပုံကို ရေးဆွဲထားပါသည်။

ကျွန်ုပ်တို့သည် လက်ရှိအချိန်တွင် ကြားကာလအတွင်း၌ ရောက်ရှိနေပြီး ဒီမိုကရက်တစ် အရပ်သား အစိုးရ ပြန်လည်ထူထောင်နိုင်သည့်အထိ ဆက်လက်ရှိနေမည်ဖြစ်သည်။ ထိုသို့ဆိုရာတွင်စစ်ဗိုလ်ချုပ်များ စစ်ဝတ်စုံကို အရပ်သားဝတ်စုံအဖြစ် ပြောင်းဝတ်ပြခြင်းကို မဆိုလိုပါ။ NUG ၏ အုပ်ချုပ်မှုကိုသာ ရည်ညွှန်းခြင်းဖြစ်ပါသည်။ 

စစ်အာဏာသိမ်းမှု မအောင်မြင်ခဲ့သည့် (၉) လအတွင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ပြဋ္ဌာန်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ကို ဖွဲ့စည်းကာ ကိုယ်စားပြုမှုရှိသော ဒီမိုကရက်တစ် အစိုးရတစ်ရပ်ကို ခန့်အပ်ခဲ့ပါသည်။ အတိတ်က အရှက်ရဖွယ် ကျရှုံးမှုများ - အထူးသဖြင့် ရိုဟင်ဂျာလူမျိုးများနှင့် အခြား လူနည်းစုများအပေါ် ရက်စက်ယုတ်မာမှုများကို ဖြေရှင်းရန် စုပေါင်းအင်အားဖြင့် ကျွန်ုပ်တို့ကြိုးပမ်းလျက်ရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် တာဝန်ခံမှုရရှိရေးအတွက် တက်ကြွစွာ ဖော်ဆောင်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၏ စုံစမ်းစစ်ဆေးမှုများကို အားကောင်းလာစေရန်နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ စစ်ဆေးသုံးသပ်မှုများကို ပံ့ပိုးကူညီရန် ကတိကဝတ်ပြုထားပါသည်။  နိုင်ငံများနှင့်လည်း သံတမန် ဆက်ဆံရေးများ တည်ထောင်ထားပါသည်။ ထို့အပြင် စစ်အာဏာသိမ်းအုပ်စု၏ ရက်စက်ယုတ်မာမှုများ ကို ပြည်သူများက ဆန့်ကျင်ပြီး ခုခံကာကွယ်ကြရန် နှိုးဆော်နေချိန်တွင် ခုခံကာကွယ်ရေး လုပ်ဆောင် ချက်များအားလုံးသည် နိုင်ငံတကာစံနှုန်းများကို လိုက်နာရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ခိုင်ခိုင်မာမာ တိကျရှင်းလင်းစွာ တောင်းဆိုထားပါသည်။ ဤအချက်သည် ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပြီး အကြမ်းဖက် စစ်တပ်နှင့် ကျွန်ုပ်တို့အစိုးရ၏ ခြားနားချက်လည်း ဖြစ်ပါသည်။ 


နိုင်ငံ့ခေါင်းဆောင်များခင်ဗျာ

အဆွေတော်တို့အတွက် NUG ဟုဆိုရာတွင် မြန်မာပြည်သူလူထုအတွက် သန္နိဋ္ဌာန်ချထားသော၊ အာဆီယံ မိတ်ဖက်များနှင့် အတူ လက်တွဲ လုပ်ဆောင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွန်ုပ်တို့၏ ဒေသအတွင်း တည်ငြိမ်ရေး၊ ပိုမို တိုးတက်ကောင်းမွန်ရေးနှင့် သာယာဝပြောရေးအတွက် ကတိကဝတ်ပြုထားသော မိတ်ဖက်ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်ကို တိုးတက်အောင်လုပ်ပြီး စီးပွားရေးကို ပြန်လည် တည်ဆောက်ကာ လုံခြုံရေးဝန်ဆောင်မှုများကို ပြန်လည်ဖွဲ့စည်းတည်ထောင်ပြီး အရပ်ဘက် ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ခေါ်ဆောင်သွားမည်ဖြစ်ကာ ထိုကြိုးစား အားထုတ်မှုများ အားလုံး၏ အနှစ်သာရအနေဖြင့် အားလုံးပါဝင်မှု၊ လက်ခံမှု ၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့ကို ထားရှိမည်ဖြစ်ပါသည်။ 

စစ်အာဏာသိမ်းအုပ်စုအနေဖြင့်မူ အဆွေတော်များထံသို့ နယ်စပ်များနှင့် ပင်လယ်များကို ဖြတ်ကျော်ယိုဖိတ် လာမည့် စစ်မက်ရန်ပွဲနှင့် ကပ်ရောဂါဆိုးများကို ဆက်လက် သယ်ဆောင်လာမည် ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်လျော့ပါးစေမည် ဖြစ်ပါသည်။ သူတို့သည် အနှစ်သာရမဲ့သည့် အတုအယောင် ကတိကဝတ်များပေးပြီး ကျွန်ုပ်တို့၏ ဒေသအတွင်းသို့ အရှက်တရားနှင့် စစ်မက်ရန်ပွဲကိုသာ ဆက်လက် ယူဆောင်လာမည်ဖြစ်ပါသည်။  

ထို့ကြောင့် NUG က မိမိတို့၏ အာဆီယံ မိတ်ဖက်များအား အောက်ပါအချက်များကို တောင်းဆိုလို ပါသည် -  

၁။ ကျွန်ုပ်တို့အား မြန်မာပြည်သူများကို ကိုယ်စားပြုသည့် တရားဝင်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုပေးရန်။

၂။ အရေအတွက်တိုးလာသော အကူအညီ အလွန်အမင်းလိုအပ်နေသည့် ပြည်သူများအား လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနိုင်ရေး နှင့် ဆေးဝါးအကူအညီပေးနိုင်ရေးအတွက် ကျွန်ုပ်တို့နှင့် အမြန်ဆုံးပူးပေါင်း ဆောင်ရွက်ပေးရန်။

၃။ စစ်အာဏာသိမ်း အုပ်စုကို ၎င်းတို့၏လက်နက်များ၊ ငွေကြေးများနှင့် ပြစ်ဒဏ်မဲ့ ကင်းလွတ်နေမှု များကို ခမ်းခြောက်သွားအောင် အကူအညီပေးရန်။ မြန်မာပြည်သူလူထု အပေါ် ကျူးလွန်သည့် ထိခိုက် ပျက်စီးမှုများသည် အာဆီယံ ပြည်သူအားလုံးအပေါ် သက်ရောက်သည့် ဒုက္ခဖြစ်ပါသည်။

ASEAN အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လိုက်နာရမည့် တာဝန်များနှင့် နိုင်ငံများ၏ ဘုံအကျိုးစီးပွားဖြစ်သည် တည်ငြိမ်အေးချမ်းရေးနှင့် တိုးတက်ဝပြောရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် NUG အနေဖြင့် အပြည့်အဝရပ်တည်သည်။ ယခုကျင်းပ ပြုလုပ်သည့် အာဆီယံ ထိပ်သီးအစည်းအဝေးသည် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းသစ်၏ တာထွက်ဖြစ်လာစေရန်လည်းမျှော်လင့်ပါသည်။ ကဏ္ဍပေါင်းစုံမှ စစ်အာဏာရှင်ကြောင့် ဖြစ်ပေါ်လာသည့် ကျွန်ုပ်တို့ပြည်သူများနှင့်ဒေသ၏ ပဋိပက္ခများကို ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ 


ကျေးဇူးတင်ပါသည်။ 

(ဒူဝါလရှီးလ)

ယာယီသမ္မတ

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုမြန်မာနိုင်ငံတော်