(၇၅) နှစ်မြောက် အာဇာနည်နေ့မိန့်ခွန်း - ဒေါက်တာလျန်မှုန်းဆာခေါင်း

လေးစားအပ်တဲ့ နိုင်ငံတော် ယာယီသမ္မတကြီး

-       ပြည်ထောင်စုဝန်ကြီးချုပ်

-       ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ

-       အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်များ

-       တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ

-       ပြည်နယ်ဖက်ဒရယ်ယူနစ်အတိုင်ပင်ခံကောင်စီဝင်များ

-       ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ

-       လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ

-       အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်ကြီးများခင်ဗျား

အခုလို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ- အမျိုးသား ညီညွတ်ရေးအစိုးရတို့က ပူးတွဲကျင်းပတဲ့ (၇၅) နှစ်မြောက် အာဇာနည်နေ့အောက်မေ့ဖွယ် အခမ်းအနားမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကိုယ်စား အောက်မေ့ဖွယ် အမှတ်တရစကား ပြောကြားခွင့်ရရှိတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းသာမိပါတယ်။

            ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများကို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့မှာ မြန်မာပြည် ကြားဖြတ်အစိုးရရဲ့ ဝန်ကြီးများ အစည်းအဝေးကျင်းပနေတဲ့ အချိန်မှာ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ ကြရတာ ဖြစ်ပါတယ်။ အဲဒီ့နံနက်မှာ ကျင်းပခဲ့တဲ့ မြန်မာပြည် ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ဝန်ကြီးများအစည်းအဝေး အစီအစဉ်ကို ကျနော်တို့ မသိပါဘူး။ ဘာအကြောင်းတွေ ဆွေးနွေးခဲ့တယ်ဆိုတာလည်း ကျနော်တို့ မသိပါဘူး။ သို့သော် ကျနော် သိခွင့်ရတာက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့အချိန်ဟာ မြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးအကြီးဆုံးကာလ ဖြစ်ခဲ့တယ်ဆိုတာကိုပဲ ကျနော်တို့ သိရှိနိုင် ပါတယ်။

            တိုင်းရင်းသား လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်တဲ့ ပြည်ထောင်စုကြီးကို အတူတကွ ထူထောင်ဖို့ ၁၉၄၇၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပင်လုံစာချုပ်ကို အခြေခံပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ အမျိုးသား တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးနိုင်တဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ ကြိုုးပမ်းနေတဲ့ကာလ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက် ပေးနိုင်တဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းဖို့ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အပူတပြင်း ကြိုးပမ်းတဲ့ကာလ ဖြစ်ခဲ့ပါတယ်။

            ဒီလို ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ ၁၉၄၇ ဧပြီလမှာ တိုင်းပြု ပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပပြီး နောက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးက တိုင်းပြုပြည်ပြု လွှတ်တော်အတွက် အလွန်ကြီးမားတဲ့ ပြင်ဆင်မှုကြီး တခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ၁၉၄၇ မေလ (၂၃) ရက်နေ့မှာ စတင် ကျင်းပ ခဲ့တဲ့ ဖဆပလအဖွဲ့ချုပ်ရဲ့ ပြင်ဆင်မှု ပဏာမ ညီလာခံပဲဖြစ်ပါတယ်။ ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံကြီး ကို ရန်ကုန်မြို့ရှိ နေသူရိန်ခန်းမကြီးထဲမှာ ကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက အဲဒီ့ညီလာခံကြီးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတခုကို တင်သွင်းနိုင်ခဲ့ပါတယ်။

            ၁၉၄၇ ဇွန်လ (၉) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ပထမ အစည်း အဝေးမှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ရရှိရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို ဒီလွှတ်တော်ကြီးမှာ ရေးဆွဲပြဋ္ဌာန်းရမှာဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်း တင်ပြခဲ့ ပါတယ်။ ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံမှာ တင်ပြခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကိုလည်း တိုင်းပြု ပြည်ပြုလွှတ်တော်သို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

            ဒါပေမဲ့ ၁၉၄၇ ဇူလိုင်လ (၂၉) ရက်နေ့မှ ဩဂုတ်လ (၁၆) ရက်နေ့အထိ ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ဒုတိယ အစည်းအဝေးကို မကျင်းပမီ ၁၉၄၇ ဇူလိုင်လ (၁၉) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခြင်း ခံခဲ့ရပါတယ်။ အဲဒီ့ တိုင်းပြုပြည်ပြုလွှတ်တော် ဒုတိယအစည်း အဝေးမှာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကိစ္စနှင့် တိုင်းရင်းသားလူမျိုးများရဲ့ အနာဂတ်အရေးကို အကျိတ် အနယ် ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ့အစည်းအဝေးမှာ ဖဆပလခေါင်းဆောင်ကြီးများက ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ တိုင်းပြည်ကြီး ဝမ်းနည်းပူဆွေးနေတဲ့ အချိန်မှာ အချင်းချင်း အငြင်းအခုန်မလုပ်ဘဲ လွတ်လပ်ရေး ရရှိဖို့အတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းသွားရန် လိုအပ်ချက်အရ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း နယ်စပ်ဒေသ စုံစမ်းရေးကော်မတီ (FACE) ရဲ့ အကြံပေးချက်အတိုင်း ယာယီ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ရေးဆွဲပြီး လွတ်လပ်ရေး ရရှိပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တဖန် ရေးကြတာပေါ့လို့ ပြောခဲ့ကြတဲ့အတွက် တိုင်းရင်းသားခေါင်းဆောင်များ က အလျှော့ပေးလိုက်ရတယ်လို့ တောင်ကြီးဦးထွန်းမြင့်က ရေးသားခဲ့ပါတယ်။

            ၁၉၄၇ စက်တင်ဘာလ (၁၅) ရက်နေ့မှ (၂၄) ရက်နေ့အထိ ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြု လွှတ်တော် တတိယအစည်းအဝေးမှာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ့ အတိုင်း တိုင်းပြုပြည်ပြုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပင်လုံစာချုပ်ကနေ လမ်းလွဲ သွေဖည်သွားရုံတင်မကဘူး၊ ၁၉၄၇ မေလမှာ ကျင်းပခဲ့တဲ့ ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့တဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မိုးနဲ့ မြေပမာ အများကြီး ကွာခြားသွားခဲ့တာကို တွေ့ရပါတယ်။ ဘာဖြစ်လို့ ဒါတွေ ဒီလိုဖြစ်သွားခဲ့ရသလဲ။ ဘာကြောင့် ဘာတွေမှားခဲ့ တယ်ဆိုတာ ကျနော်တို့ ယနေ့အထိ အချင်းချင်း ငြင်းခုန်နေကြဆဲပဲ ဖြစ်ပါတယ်။ နှုတ်စကားနဲ့ လွှတ်တော် ထဲမှာ ငြင်းခုန်တာ မပြီးခင် စစ်အာဏာသိမ်းမှုနဲ့လည်း ကြုံခဲ့ရပြီ။ နှစ်ပေါင်း (၇၀) ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ် နဲ့လည်း ကြုံခဲ့ရပါပြီ။

            သမိုင်းမှာ ဘယ်လိုအမှားတွေပဲ ရှိပါစေ၊ ဘာတွေ ဘယ်လိုဖြစ်ခဲ့ပါစေ၊ ယနေ့ နွေဦးတော်လှန်ရေး ကနေ စပြီး မှားယွင်းမှု အားလုံးကို ကျနော်တို့ ပြင်ဆင်သွားကြရမယ်။ ပြင်ဆင်မယ်၊ ပြုပြင်မယ်။ သမိုင်းကို အကောင်းဆုံး အသစ် ဖန်တီးကြရမယ်။ ဒါကြောင့် ဒီနှစ် ကျင်းပတဲ့ အာဇာနည်နေ့ဟာ ပိုပြီးတော့ လေးနက် တယ်။ ပိုပြီး ထူးခြားတယ်။ တန်ဖိုးလည်း ကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခြင်းခံခဲ့ရလို့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ အပြီးအစီး မဆောင်ရွက် နိုင်ခဲ့တဲ့ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းတွေကို ဒီနွေဦးတော်လှန်ရေးမှာ ကျနော်တို့တတွေ ဆက် လက် ဆောင်ရွက်ခွင့် ရရှိတဲ့အတွက်ပဲ ဖြစ်ပါတယ်။

            နွေဦးတော်လှန်ရေးမှာ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို ကို အခြေခံပြီး ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်တို့ကို ပြန်လည်ဖော်ထုတ်ပြီး အကောင်အထည် ဖော်ဖို့ ကြိုးပမ်းနေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လုပ်ကြံခြင်းခံခဲ့ရလို့ သူကိုယ်တိုင် အဆုံးအထိ မတက် ရောက်နိုင်ခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကဲ့သို့သော တိုင်းပြုပြည်ပြုညီလာခံကြီးတရပ်ကို ပြန်လည်ခေါ်ယူ ကျင်းပပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်ကို အကောင်းဆုံး ရေးဆွဲ ပြဋ္ဌာန်းဖို့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်မှာပါတဲ့ လမ်းပြမြေပုံအတိုင်း ကျနော်တို့ ပြင်ဆင်နေပါတယ်။

            ဒါတင်မကဘူး၊ CRPH၊ NUG နှင့် NUCC တို့ ပူးပေါင်းပြီး အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်ကိုလည်း အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းဖို့ ကော်မတီတရပ် ဖွဲ့စည်းပြီး ပြင်ဆင်မှု အမျိုးမျိုး ပြုလုပ်နေ ပါတယ်။ ဒါတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရလို့ သူတို့ကိုယ်တိုင် ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းကို သမိုင်းပေး တာဝန် အဖြစ် ဒီနွေဦးတော်လှန်ရေးမှာ ကျနော်တို့ ဆက်လက် တာဝန်ယူ ထမ်းဆောင်နေခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာက ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများကို အမြင့်မြတ်ဆုံးသော နည်းလမ်းဖြင့် အောက်မေ့ သတိရခြင်းဟာ သူတို့ စတင်ဆောင်ရွက်ပြီး ယနေ့ အထိ မပြီးစီးသေးတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းကို အပြီးအစီး ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြည်ထောင်စုကြီးကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော် မှန်းခဲ့တဲ့အတိုင်း စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုစနစ်ဖြင့် အမြန်ဆုံး တည်ဆောက်ကြဖို့ (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ သန္နိဋ္ဌာန်အသစ် ပြုကြရအောင်လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

-       အရေးတော်ပုံ အောင်ရမည်။

-       အရေးတော်ပုံ အောင်နေပြီ။

 

ဒေါက်တာလျန်မှုန်းဆာခေါင်း

ပြည်ထောင်စုဝန်ကြီး

ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

နှင့်

သဘာပတိအဖွဲ့ဝင်

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ