အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၁/၂၀၂၁) ကိုကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၁/၂၀၂၁) ကိုကျင်းပပြုလုပ် 

၂၂ ဇွန် ၂၀၂၁

------------------------------

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၁/၂၀၂၁) ကို ယနေ့ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ရာ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ဒုတိယသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများအသီးသီးပြောကြားကြရာ

ဒုတိယသမ္မတကြီးက cabinet အစည်းအဝေးကြီးဟာ နိုင်ငံတော်ရဲ့စီမံခန့်ခွဲသည့် အဖွဲ့အစည်းတွင် အမြင့်ဆုံးဖြစ်ကြောင်း၊ ဝန်ကြီးများသည်လည်း မိမိဌာနတွင် စီမံခန့်ခွဲမှုအရ အမြင့်ဆုံးတာဝန်ထမ်းဆောင်နေသော ပုဂ္ဂိုလ်များဖြစ်ကြောင်း၊အစိုးရအဖွဲ့တွင်တာဝန်ထမ်းဆောင်နေသူများအားလုံးသည် ဖိနှိပ်ရမ်းကားနေသည့် စစ်ကောင်စီကို ဖြိုဖျက်ပြီး ပြည်သူလူထုအာဏာပိုင်စိုးသော အစိုးရတစ်ရပ်အဖြစ် ပြန်လည်တည်ဆောက်ရန် နောက်ခံအတွေ့အကြုံမျိုးစုံမှ စုရုံးရောက်ရှိလာသူများဖြစ်သည်ဟုနားလည်ယုံကြည်ကြောင်း၊ များပြားသည့် လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲရာတွင် တိကျ မှန်ကန် မြန်ဆန်သွက်လက်ဖို့ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး….

ပြည်ထောင်စု ဝန်ကြီးချုပ်က ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံအခြေ အနေနှင့် ပတ်သက်သော resolution ကို မဲခွဲဆုံးဖြတ်ရာ resolution ပါ အကြောင်းအရာများသည် အလုံးစုံကျေနပ်စရာမဟုတ်သော်လည်း၊ ကန့်ကွက်မဲ ၁ မဲသာရှိပြီး အမြဲကန့်ကွက်နေကျနိုင်ငံများဖြစ်သော တရုတ် နှင့် ရုရှား နိုင်ငံများသည်ပင် ကြားနေအဖြစ်ရပ်တည်လာတာကိုတွေ့ရ၍ တိုးတက်မှုရှိလာသည်ဟု ပြောဆို၍ရကြောင်း၊ သို့သော် အိမ်နီးချင်း ၅ နိုင်ငံလုံး ကြားနေအဖြစ်သာရပ်တည်ခဲ့သည်ကို တွေ့ရကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတကာရေးရာနှင့် ပတ်သတ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင် NUG အစိုးရအနေနှင့် ခိုင်မာသောမူဝါဒများစနစ်တကျ ထားရှိရန်လိုအပ်ကြောင်း၊ နိုင်ငံတကာအနေနှင့်လည်း ပြည်သူ၏ အပြည့်အဝအာဏာအပ်နှင်းခြင်းခံထားရသော အမျိုးသား ညီညွတ်ရေးအစိုးရကို အပြည့်အဝထောက်ခံမှု ပေးရန်လိုအပ်သလို၊ လက်နက်အားကိုးဖြင့် တရားမဝင် အာဏာလုယူထားသော အကြမ်းဖက်စစ်ကောင်စီကို လုံး၀ အသိအမှတ်မပြုရန်လိုအပ်ပါကြောင်း၊ အသက်မပြည့်သေးသောကလေးငယ်များ အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံနေရခြင်း၊ ည ဖမ်းပြီး မနက်အလောင်းလာထုတ်ခိုင်းသောကိစ္စများ ကြားသိရခြင်းအတွက် အလွန် စိတ်ထိခိုက်ရကြောင်း၊ ပြည်သူများနေ့စဉ် မလုံမခြုံဖြစ်နေရသော၊ တရားမဲ့ပြုကျင့်ခြင်းများခံနေရသော ကိစ္စများအတွက် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကိုဖြုတ်ချနိုင်ရေးအတွက် ပိုမိုကြိုးစားရမည်ဖြစ်ကြောင်း၊ အရင်တပတ် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ထားသောကိစ္စများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြီးစီးမှုအခြေအနေများတင်ပြပေးရန်များ ပြောကြားခဲ့ပြီး ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်ပညာဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှတင်ပြထားသော မူဝါဒ လုပ်ငန်းစဉ်နှင့် ဝန်ကြီးဌာန Logo များကို အတည်ပြုပေးခဲ့ပါတယ်။

ဆက်လက်ပြီး ဝန်ကြီးများ ၊ဒုဝန်ကြီးများမှ မိမိတို့သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပါတ်သတ်၍  ဆွေးနွေးတင်ပြကြရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနမှ စာရင်းစစ်ချုပ်ခန့်အပ်ရန် နာမည်စာရင်းတင်သွင်းခြင်း၊ ဖက်ဒရယ်ရေးရာ ဝန်ကြီးဌာနမှ NUCC လုပ်ဆောင်နေမှုများနှင့် ပတ်သတ်၍ ရှင်းလင်းခြင်း၊ လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဝန်ကြီးဌာနမှ နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများရရန်ကိစ္စများဆွေးနွေးတင်ပြသွားကြပါတယ်။