(၇၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် အဖွင့်အမှာစကားကို ထုတ်ပြန်ခြင်း

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၁၀) ရက် 

ယနေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ကျွန်တော့်အနေနဲ့ အဖွင့်အမှာ စကား ပြောကြားခွင့်ရလို့ ဝမ်းသာမိပါတယ်။ ယနေ့ အခမ်းအနားမှာ အတိတ်သမိုင်းတစ်လျှောက်လုံး – လူ့အခွင့်အရေးအတွက် နယ်ပယ်အသီးသီး ကဏ္ဍအသီးသီးမှာ ပုံစံမျိုးစုံနဲ့ တိုက်ပွဲဝင်လာတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအားလုံးနဲ့ လူ့အခွင့်အရေးအတွက် တော်လှန်တောင်းဆိုခဲ့ကြသူအားလုံးကို လေးစားဦးညွှတ် ကြောင်း ပဏာမအနေနဲ့ ပြောကြားလိုပါတယ်။ 

ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ – စစ်အာဏာရှင်စနစ်ကို တော်လှန်ပြီး ဒီမိုကရေစီလူ့ဘောင်သစ် ပေါ်ထွန်းအောင် ဦးဆောင်နေတဲ့ တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်ပါတယ်။ ဒီမိုကရေစီလို့ ပြောရင် လူ့အခွင့်အရေးဟာ တွဲဖက်ပါဝင်လာပြီး ဖြစ်ပါတယ်။ လစ်ဘရယ်ဒီမိုကရေစီကျင့်ထုံးတွေနဲ့အတူ လူ့အဖွဲ့အစည်း အတွင်းမှာ လူအချင်းချင်း တန်ဖိုးထားသော လူသားဖြစ်တည်မှုကို တန်ဖိုးထား လေးစားသော ကျင့်ထုံးတွေ ဓလေ့တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ အဲသည့်အတွက် လူ့အခွင့်အရေးဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လွတ်လွတ်လပ်လပ် အသက်ဝင် ခိုင်မာနေရမှာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းဇာတ်ကြောင်းကို ကြည့်ရင် အာဏာရှင်ဓလေ့ ထွန်းကားတာကို တွေ့ရပါတယ်။ လက်နက်အားကိုးတဲ့သူက လက်နက်နဲ့ အာဏာရှင်လုပ်တယ်။ လူအုပ်စုကြီးတဲ့သူက လူအုပ်ကို အမှီပြုပြီး အာဏာရှင်လုပ်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို စည်းနဲ့ ဘောင်နဲ့ ဥပဒေနဲ့ အသုံးပြုတဲ့ဓလေ့လည်း နည်းပါးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ရထားတဲ့ အာဏာကို လက်လွှတ်စပယ် အသုံးချပြီး လူအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေ၊ နှိမ့်ချစော်ကားခြင်းအမှုတွေကို အကန့်အသတ်မရှိ ကျူးလွန်ကြတာတွေ့ရပါတယ်။ အာဏာဟာ လူကို ဖောက်ပြန်စေတတ်ပါတယ်။ အာဏာရှိထားတဲ့သူ / လုပ်ပိုင်ခွင့်ရှိထားတဲ့သူနဲ့ လက်နက်ရှိထားတဲ့သူ‌တွေ ပေါင်းပြီး ပြည်သူလူထုအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များစွာ ရှိခဲ့ပါတယ်။ ဒီလို လက်နက် / အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိထားတဲ့ အစိုးရတွေ / အစုအဖွဲ့ တွေဟာ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို ရဲရဲတင်းတင်း ကျူးလွန်ဖောက်ပြန်ကြတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေဟာ အတိတ်တုန်းကလည်း ရှိခဲ့တယ်။ ယခု ပစ္စုပ္ပန်မှာလည်း ရှိနေပါတယ်။ 

အထူးသဖြင့် လက်နက်၊ အာဏာနဲ့ အကျိုးစီးပွားကိုပဲ ဗဟိုပြု တည်ဆောက်ထားတဲ့ မြန်မာစစ်တပ်လို စစ်အုပ်စုဟာ ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ယူမှု/ တာဝန်ခံမှု မဲ့စွာ ကျူးလွန်နေပါတယ်။ ပြည်သူလူထုအပါအဝင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအစုအဖွဲ့အသီးသီးဟာ — စစ်အာဏာရှင်စရိုက်ဆိုးကနေ မွေးထုတ်ပေးလိုက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အမြစ်ပြတ် တော်လှန်ဖို့အတွက် စုဖွဲ့ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးကို လေးစားလိုက်နာသော / လူချင်းတူတူ သူချင်းမျှမျှ လွတ်လပ်စွာ ရှင်သန်ရပ်တည်နိုင်သော လူ့ဘောင်သစ်ကို တည်ထောင်ဖို့ တူညီသော ပန်းတိုင်တွေ ရှိထားပါတယ်။ 

တိုင်းပြည်နဲ့ ပြည်သူလူထုဟာ နိုင်ငံရေးပဋိပက္ခနဲ့ လက်နက်ကိုင်ပဋိပက္ခကာလတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမြင့်ဆုံးမှာ ကျရောက်နေပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ လျင်လျင်မြန်မြန်နဲ့ အောင်ပွဲခံနိုင်ပြီး လက်ရှိတည်ဆဲ စစ်ရေးပဋိပက္ခတွေကို ချုပ်ငြိမ်းနိုင်အောင် လုပ်မှသာ ပြည်သူလူထုဟာ လူ့အခွင့်အရေးရဲ့ အနှစ်သာရကို ခံစားကြရမှာ ဖြစ်ပါတယ်။ ပဋိပက္ခသက်တမ်း ရှည်ကြာလေလေ၊ လူ့အခွင့်အရေးတွေဟာ တဖြည်းဖြည်း ယုတ်လျော့ကျဆင်း လာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့ အားလုံး သတိချပ်ရပါလိမ့်မယ်။ ကျွန်တော်တို့ တော်လှန်ရေးအစိုးရဟာ — လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အစိုးရတစ်ရပ်လည်းဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အုတ်မြစ်ချ တည်ဆောက်ဖို့ အတွက် တည်ဆောက်ရေးအင်အားစုအသီးသီးကို စုဖွဲ့ထားတဲ့ အစိုးရတစ်ရပ်လည်းဖြစ်ပါတယ်။ 

ကုလသမဂ္ဂဟာ လူသားတိုင်း အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ ရရှိရေးအတွက် လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ် ဒီရက်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သော်လည်း ကျွန်ပ်တို့ တိုင်းပြည်ဟာ ယနေ့တိုင် အာဏာရှင်များ/ အကြမ်းဖက်စစ်အုပ်စုများ၏ အုပ်စိုးမှုကြောင့် ပြည်သူတရပ်လုံး အကျည်းကျနေသဖွယ် ခံစားနေကြသည်မှာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ဟာ အနာဂတ်ကာလမှာ လူ့အဖွဲ့အစည်းအတွက် လူ့အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရရှိဖို့ အစဉ်တစိုက် ကြိုးစားနေရ ပါမယ်။

ဒါ့အပြင် ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့ညမပြတ် ကျူးလွန်နေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် သုတ်သင်ချေမှုန်းတဲ့ တော်လှန်ရေးလည်း ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ သတိပေးလိုပါတယ်။ လူသားဂုဏ်သိက္ခာအပြည့်အဝရှိပြီး လူသားတန်ဖိုးတွေကို အရှိ ပကတိအတိုင်း ကြည့်မြင် လေးစားနိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ယုံကြည်ချက်နဲ့လည်း ကြိုးစားရမှာ ဖြစ်သလို၊ ဉာဏ်ပညာအားဖြင့် လည်း ကြိုးစားကြရမယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ ဒီလို ခိုင်မာသော ယုံကြည်မှုနဲ့ နက်နဲတဲ့ ဉာဏ်ပညာတွေကို အသုံးပြုပြီး ဇွဲနပဲရှိရှိ ဆက်လက်တိုက်ပွဲဝင်မယ်ဆိုရင် လူ့အခွင့်အရေးပြည့်ပြည့်ဝဝ ရရှိတဲ့ လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ် ပါတယ် ခင်ဗျား….။

အရေးတော်ပုံမုချအောင်ရမည်....