(၆၁) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ဖွဲ့စည်းတည်ထောင်ခြင်းအထိမ်းအမှတ်နေ့သို့ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်

၁။ ယနေ့သည် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO)  ဖွဲ့စည်းတည်ထောင် ခြင်း (၆၁) နှစ်မြောက် နေ့ထူးနေ့မြတ်ဖြစ်သည်။ ထို့အတူ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးကြိုးပမ်းမှု၏ အမှတ်သညာတစ်ခုလည်းဖြစ်သည်။ 

၂။ ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ကချင်လွတ်လပ်ရေး အဖွဲ့သည် စတင်တည်ထောင်စဉ်က ကချင်လူမျိုးနှင့် ကချင်ဒေသလွတ်မြောက်ရေးအတွက် ရည်ရွယ်ခဲ့သော်လည်း၊ ယခုအခါ စစ်အာဏာရှင်လက်အောက် ကျရောက်နစ်မွန်းပြီး ဒုက္ခမျိုးစုံရင်ဆိုင်တွေ့ကြုံနေရလျက်ရှိသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက်၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရှေ့မှ၊ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်နေပြီဖြစ်သည်။

၃။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သည့် ကချင်တောင်တန်းဒေသသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိလာသည့်အခါ ပြည်ထောင်စုအဖွဲ့ဝင် ကချင်ပြည် နယ်အဖြစ် ပါဝင်လာခဲ့သည်။ သို့ရာတွင် ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရပေါ်ပေါက်လာခြင်း၊ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို မြန်မာ့တပ်မတော်မှသိမ်းပိုက်ရယူလိုက်ခြင်းတို့နှင့်အတူ ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးရည်မှန်းချက်သည်လည်း မှေးမှိန်ပျောက်ကွယ် သွားခဲ့ရသည်။

၄။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်မှနိုင်ငံတော်အာဏာကို ထပ်မံသိမ်းပိုက်ရယူလိုက် သည်သာမက စစ်အာဏာသိမ်းယူမှုကို အကြမ်းမဖက်ဆန့်ကျင်ကြသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်း သားပြည်သူများအား အကြမ်းဖက်နှိမ်နင်းခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူများ၏အသက်အိုးအိမ် စည်းစိမ်ကိုလုယူဖျက်ဆီးခြင်း၊ လူ့အခွင့်အရေးများချိုးဖောက်ခြင်းစသည်တို့ကို ပြုလုပ်လျက်ရှိရာ                       ကချင်လွတ်လပ်ရေးအဖွဲ့သည် ပြည်သူနှင့်အတူရပ်တည်လျက် ပြည်သူ့တပ်ဦးရှေ့မှ အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်ခြင်းတွင် ပါဝင်ဦးဆောင်လျက်ရှိသည်ကို တိုင်းရင်းသားပြည်သူများကိုယ်စား များစွာကျေးဇူးတင် ဂုဏ်ယူလျက်ရှိကြောင်း ဖော်ပြလိုသည်။

၅။ ဤ (၆၁) နှစ်တာကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့အား ခေါင်းဆောင်မှုပေးခဲ့ကြသည့် အဆက်ဆက် သောခေါင်းဆောင်များနှင့်တကွ (၆၁) နှစ်တာကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့၏ဦးဆောင်မှုအောက်တွင် ကိုယ်ကျိုးစွန့်အသက်ပေးတာဝန်ထမ်းဆောင်ခဲ့ကြသည့်အမျိုးသမီး၊ အမျိုးသားများအားလုံးကို ဂုဏ်ယူစွာ ဦးညွတ်အလေးအမြတ်ပြုပါကြောင်း ဖော်ပြရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ 


အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့