အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၈/၂၀၂၁) ပြုလုပ်

၁၉ အောက်တိုဘာလ ၂၀၂၁

ယနေ့  အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၂၈/၂၀၂၁) ကိုကျင်းပခဲ့ပြီး အစည်းအဝေးမှာ ယာယီသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။ ယာယီသမ္မတကြီးက အာဆီယံရဲ့ဆုံးဖြတ်ချက်များနှင့် စစ်ကောင်စီအပေါ်ကျရောက်နေသည့် ဖိအားများ ဟာ ဝမ်းနည်းပူဆွေးနေကြသည့် ပြည်သူ့များအတွက် ဝမ်းမြောက်ဖွယ်နေ့ရက်ဖြစ်ခဲ့ကြောင်း၊ စီးပွားရေးပိတ်ဆို့မှု များနှင့်ပါတ်သတ်ပြီး ချမှတ်ဖို့တိုက်တွန်းသည့် မူဝါဒများအနေဖြင့် မိမိတို့အခြေခံပြည်သူလူထုကို ကြီးမားစွာ ထိခိုက်စေမည့်အရာများကို သတိထားရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် စစ်ဗိုလ်များ မတရားကြီးပွားနေသည့် စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့၏ ဝင်ငွေလမ်းကြောင်းကို ထိထိရောက်ရောက်ပိတ်ဆို့နိုင်ဖို့အရေးကြီးကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အစိုးရသက်တမ်းကာလအားဖြင့် (၆) လသို့ ပြည့်မြောက်ပြီ ဖြစ်သောကြောင့်  (၆) လတာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၏တော်လှန်ရေးခရီးအောင်မြင်မှုနှင့် ကျရှုံးမှုများ၊ စိန်ခေါ်မှုများကို သုံးသပ်ပြီး တော်လှန်ရေးအမြန်အောင်မြင်ဖို့ကြိုးပမ်းပြင်ဆင်သွားဖို့လိုကြောင်း များပြောကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်က ဒီတစ်ပတ်အတွင်းမှာတော့ တော်လှန်ရေးအတွက် အားတက်စရာ သတင်းတွေ ကြားရတာများကြောင်း၊  မနေ့ကဆိုရင် အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့ ပြည်သူ (၁၃၁၆)ဦး ၊ မတရားသဖြင့် တရားစွဲဆိုခံနေရသူ (၄၃၂၀) ဦးတို့ ပြန်လည်လွတ်မြောက်လာတယ် ကြားသိရလို့  ကာယကံရှင်များအတွက် အင်မတန်ဝမ်းသာမိပါကြောင်း၊ ဒါတွေဟာ ပြည်တွင်းပြည်ပက ကျတော်တို့ ပြည်သူတွေ ကြိုးစားရုန်းကန်မှုရဲ့ရလဒ်ပဲဖြစ်ကြောင်း၊ ဆက်လက်ပြီး  ကျတော်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတကြီးဦးဝင်းမြင့်အပါအဝင် ကျန်ရှိနေသေးတဲ့ အပြစ်မဲ့အကျဉ်းချခံထား ရသူတွေအားလုံးလည်း အမြန်ဆုံးလွှတ်မြောက်နိုင်ဖို့ကြိုးစားအားထုတ်ကြရမှာဖြစ်ကြောင်း၊ အခုဆိုရင် ပြည်သူတွေနဲ့အတူ့ ဝန်ကြီးဌာနတွေနဲ့ သံအမတ်ကြီးရဲ့ဘက်ပေါင်းစုံက ကြိုးပမ်း အားထုတ်မှုတွေကြောင့် နိုင်ငံတကာအခြေအနေတွေကလည်း တဖြေးဖြေးချင်း အားတက်စရာတွေရှိလာတာ တွေ့ရကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆိုရင်လည်း ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ရဲ့လက်ရှိအခြေအနေတွေ ကမ္ဘာကသိအောင် တောက်လျှောက်ပြောကြားနေပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနတို့ရဲ့ အားထုတ်မှုတွေ ကလည်း အားရစရာကောင်းကြောင်း၊ တစ်ဘက်က ပြည်တွင်းအခြေအနေမှာလည်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြတဲ့တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေက ပိုပိုများလာတယ်လို့ကြားသိရကြောင်း၊  ပြည်သူ့ခုံခံကာကွယ်စစ်ကြေညာပြီး တစ်လအတွင်းမှာ တပ်မတော်သား ၄၂၉ ယောက်၊ ပြည်သူ့ရဲ ၃၃၄ ယောက် ပြည်သူ့ဘက်ကို ပူးပေါင်းလာကြတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားတာတွေ့ရကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့လည်း ပြီးခဲ့တဲ့တစ်ပတ်က  CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဒီတစ်ပတ်မှာတော့ မီးသတ်ဝန်ထမ်းများကိုယ်စားပြုကော်မတီ နဲ့အထွေထွေအုပ်ချုပ်ရေးဌာန CDM ဝန်ထမ်းများအုပ်ချုပ်ရေး ကော်မတီတို့ကို ထပ်မံဖွဲ့စည်းဆောင်ရွက်နိုင်တာလည်း တွေ့ရတာမို့ ကျတော်တို့အစိုးရရဲ့လုပ်ငန်းစဉ်တွေဟာ ပိုမိုပြီး စနစ်တကျတွေဖြစ်လာကြောင်း၊ အခုဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ယူလာခဲ့ကြတာ (၆)လရှိသွားပြီမို့ မိမိတို့ဝန်ကြီး ဌာနများရဲ့ လုပ်နိုင်စွမ်းတွေကို ပြန်လည်သုံးသပ်ကြပြီး လိုအပ်ချက်ရှိတဲ့အပိုင်းတွေပြင်ဆင်ကြဖို့လိုကြောင်း၊ နောက် (၃) လအတွင်း ဘာတွေအောင်မြင်အောင်လုပ်ကြမလဲ ပြင်ဆင်ကြဖို့လိုအပ်ကြောင်း၊ နောက် (၆) လဆိုရင် ကျတော်တို့အောင်မြင်မှုတွေနဲ့ ဒီတော်လှန်ရေးကို ဘယ်လိုအဆုံးသတ်ကြမလဲ ဝိုင်းဝန်းကြိုတင်စဉ်းစား ထားကြရတော့မှာဖြစ်ကြောင်း၊ အခက်အခဲတွေကို တောင့်ခံပေးနေကြတဲ့ပြည်သူတွေအတွက် စဉ်စားပြီး ပိုအားစိုက်ကြိုးပမ်းကြဖို့ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအားလုံးကို တိုက်တွန်းချင်ကြောင်း၊ဆက်လက်၍ တော်လှန်ရေးရဲ့ ပထမဆုံးနဲ့အရေးအကြီးဆုံးထောက်တိုင်တွေဖြစ်သော CDM များနှင့်ပါတ်သတ်၍  တော်လှန်ရေးစကတည်းက အခက်အခဲမျိုးစုံနဲ့တောင့်ခံပေးနေကြသော CDM များဟာ အင်မတန် လေးစားစရာကောင်းကြောင်း၊ ကျတော်တို့ဘက်က ပြည်စုံအောင် မဖြည့်ဆည်းပေးနိုင်မှုတွေ အတွက်လည်း အားနာပြီးစိတ်မကောင်းဖြစ်ရကြောင်း၊ သူတို့တွေအတွက် စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ၊ ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနလက်ကိုင်မရှိတဲ့ CDM ဝန်ထမ်းတွေလည်း ဝန်ကြီးချုပ်ရုံးက စနစ်တကျတာဝန်ယူ ကူညီပံ့ပို့ဆောင်ရွက်နိုင်ဖို့လည်း စီစဉ်ပြီးဖြစ်ကြောင်းများ ပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနမှ အမျိုးသားညီညွတ်ရေးအစိုးရ၏ တော်လှန်ရေးကာလအထူး ငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချသွားရန်ကိစ္စကိုတင်ပြဆွေးနွေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ Covid-19 ကာကွယ်ဆေးနှင့်ပါတ်သတ်၍ လက်ရှိဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခြင်း၊ အလုပ်သမားဝန်ကြီးဌာနမှ စီးပွားရေးပိတ်ဆို့မှုနှင့် ပါတ်သတ်၍ မူဝါဒတင်ပြခြင်းများ ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂) နာရီ ၁၅  မိနစ်တွင် ရုတ်သိမ်းခဲ့သည်ဟု သိရသည်။