၃၄/၂၀၂၃ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်

အခုချိန်မှာ ကျွန်တော်တို့အားလုံး သိတဲ့အတိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်များက “၁၀၂၇ စစ်ဆင်ရေးကြီး” ကို မဟာဗျူဟာကျကျ ဆင်နွှဲနေပါတယ်။ ရက်တိုကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကျွန်တော့်အနေနဲ့ အလေးအနက်ထား ဂုဏ်ယူပါကြောင်းပြောလိုပါတယ်။ တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တသားတည်းရပ်တည်နေပါကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်။ 

စွန့်လွှတ်ပေးဆပ်သွားကြတဲ့ သူရဲကောင်းများအားလုံးကို ကျွန်တော်တို့အားလုံး ထာဝရ အမှတ်ရစွာနဲ့ ဦးညွှတ်ဂုဏ်ပြုနေမှာဖြစ်ပါတယ်။ စွန့်လွှတ်ပေးဆပ်မှု တခုချင်းစီတိုင်း အလဟဿ ဖြစ်မသွားစေဘဲ ထိုက်တန်တဲ့ မျှော်ရည်ပန်းတိုင်ကို ရယူနိုင်ဖို့ ကျွန်တော်တို့အားလုံး အဆက်မပြတ် အားထုတ်နေကြရမှာ ဖြစ်ပါတယ်။ လူထုတရပ်လုံးအနေနဲ့လည်း တော်လှန်ရေးရဲဘော်တွေ ပိုမိုပြီး ခွန်အားတက်ကြွစေဖို့ ဆက်ပြီး အခိုင်အမာ အားပေးထောက်ခံသွားကြပါလို့ အထူးတိုက်တွန်း လိုပါတယ်။

တော်လှန်ရေးနဲ့ပတ်သက်ပြီး လူထုရဲ့မျှော်လင့်ချက်နဲ့ စိတ်အားတက်ကြွမှုတွေဟာ စစ်ရေး စွမ်းဆောင်မှုတွေအပေါ် အများကြီး မူတည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မဟာမိတ် ဆက်ဆံရေး ဒီ့ထက်ပိုပြီး အားကောင်း ခိုင်မာစေဖို့နဲ့ နိုင်ငံတဝန်းမှာ မဟာဗျူဟာကျကျ ဟန်ချက် ညီစွာ “တသံတည်းညီ တချီတည်းရုန်း” ကြဖို့ ဆထက်တံပိုး အားထုတ်သွားရမှာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်နဲ့ ကိုယ်ကျိုးရှာ အကြမ်းဖက်စစ်တပ်၏ ဖျားယောင်းမှုတွင် မှိုင်းမိရုန်းကန်နေရသော တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်ရှိသည့် ရဲဘော်ရဲဘက်များ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများအနေဖြင့် အချိန်မလင့်မှီ ချက်ချင်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်  PDFs များထံ လက်နက်ချလာရောက်ပူးပေါင်းကြဖို့ တိုက်တွန်းလိုပါတယ်။

နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေးကဏ္ဍမှာ ကာကွယ်ရေးဝန်ကြီးဌာနဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲက အဓိက ဝန်ကြီးဌာနဖြစ်ပါတယ်။ ဒါကြောင့်လည်း လုပ်ငန်း တာဝန်တွေ ကြီးမားများပြားလှပါတယ်။ ဒီနေရာမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စွမ်းဆောင် အောင်မြင်မှုတွေကို  ကျွန်တော့်အနေနဲ့ အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း မှတ်မှတ်ရရ ပြောလို ပါတယ်။ တာဝန်ရှိသူ အဆင့်ဆင့်အနေနဲ့လည်း Code of Conduct (CoC) ကို အထူးကြပ်မတ်ပြီး ကိုယ်တိုင်လည်း လိုက်နာဆောင်ရွက်ကြဖို့ သတိပေးလိုပါတယ်။ 

အခုဆိုရင် တော်လှန်ရေးရဲဘော်တွေ စစ်မြေပြင်မှာ ထိုးစစ်ဆင်တာတွေ/ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကနေ စစ်ရေးအောင်မြင်မှုအပေါ် အတော်လေး အထောက်အကူ ပြုလာနိုင်သလို ထုတ်လုပ်မှု အပိုင်းမှာလည်း အဆင့်မြင့်လာတာ တွေ့ရပါတယ်။ အားရဖို့လည်း ကောင်းပါတယ်။ ဒါပေမယ့်လည်း နည်းပညာဆိုတာက ရပ်တန့်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုပြီး အာရုံစိုက် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ လက်နက်ထုတ်လုပ်မှုနဲ့ နည်းပညာ မြှင့်တင်မှု အပိုင်းဟာ တော်လှန်ရေး အောင်မြင်မှုကို အရှိန်မြှင့်ပေးမယ့် စွမ်းအင်လောင်စာဖြစ်ပါတယ်။ ဒါကို ပြည်သူလူထုက သိမြင်ပြီး ထောက်ပံ့လာအောင် သတင်းစကားပါးရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တော်လှန်ရေးကို ဆင်နွှဲရာမှာ စဉ်ဆက်မပြတ် လက်ကိုင်ထားရမှာက ‘တော်လှန်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း တော်လှန်’ ဆိုတဲ့ ခံယူလုပ်ဆောင်ချက်ဖြစ်ပါတယ်။ တည်ဆောက် တယ်ဆိုတဲ့နေရာမှာ လူ အင်အား၊ လက်နက်အင်အား၊ နည်းပညာနဲ့ စွမ်းရည်အပြင် စိတ်ဓာတ်နဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း တည်ဆောက်ရပါမယ်။ တော်လှန်ရေးနဲ့ တည်ဆောက်ရေးကို ပိုပြီးတော့ ဟန်ချက်ညီညီ လုပ်ဆောင်ပြီး တော်လှန်ရေး အရှိန်ကို မြှင့်တင်ကြဖို့ တိုက်တွန်းပါတယ်။

အရေးတော်ပုံမုချအောင်ရမည်