ဖက်ဒရယ်ပညာပေးစာစဉ် အမှတ် (၆)

✥ ဖက်ဒရယ် ပညာပေးစာစဉ်၊ အမှတ် (၆) ✥


အာဏာခွဲဝေကျင့်သုံးခြင်း

(သဘောတရားလေ့လာခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်း)


Division of Powers 

(Theory & Practice)



ပြည်ထောင်စုနှင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်းသည် ဖက်ဒရယ်စနစ်၏ အရေးကြီးသောအင်္ဂါရပ်တခုဖြစ်ပါသည်။

ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ရာတွင် ကျင့်သုံးရမည့်ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့် သုံးခြင်းအခြေခံ မူ () ချက်ကို ပြီးခဲ့သည့်စာစဉ်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ဤစာတမ်းတွင် ယခင်ဖော်ပြထားပြီးဖြစ်သော အခြေခံမူများအပြင်၊ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာ ခွဲဝေကျင့်သုံးခြင်းသည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ် များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးထားခြင်းဖြစ်ကြောင်းကို လည်း ဖော်ပြသွားမည် ဖြစ်ပါသည်။ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်းကို ဖော်ဆောင်နိုင်မှသာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နှစ်ပေါင်း (၇၅) နှစ်ကျော် တိုက်ပွဲဝင်တောင်းဆိုနေသော ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်မည်ဖြစ် ပါသည်။ ထို့အပြင် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်းကို အကောင်အထည်ဖော်နိုင်မှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့တွင် မရှိမဖြစ်လိုအပ်သည့်အကန့်အသတ်ရှိသော အစိုးရ” (Limited Government) ကိုလည်း ဖွဲ့စည်းထူထောင်နိုင်ပါလိမ့်မည်။

ပြည်ထောင်စုနှင့်ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်းရှိသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်ခြင်းမရှိပါက ပြည်ထောင်စုမြန်မာနိုင်ငံသည် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများဖြင့် ဖွဲ့စည်း ထူထောင်ခဲ့သော အတုအယောင် ပြည်ထောင်စုစနစ်ကိုသာ ပြန်လည်ပါလိမ့်ဦးမည်။ အကယ်၍ စစ်မှန်သော ဖက်ဒရယ် ပြည် ထောင်စုစနစ်နှင့်အညီ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေ ကျင့်သုံးခြင်းကို ဖော်ဆောင်နိုင်ခြင်း မရှိပါက အတု အယောင်ပြည်ထောင်စုစနစ်အောက်တွင် စစ်အာဏာရှင် စနစ်နှင့် အမျိုးမျိုးသောအာဏာရှင်စနစ်တို့၏ ကြီးစိုးလွှမ်းမိုးမှုကို ပြန်လည် ခါးစည်းခံသွားကြရ ပေလိမ့်မည်။ ထို့ကြောင့် နွေဦးတော်လှန်ရေးအရှိန်အဟုန်ဖြင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ တောင်းတ၍ တိုက်ပွဲဝင်တောင်းဆိုနေသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်သောပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးရေးကို လေ့လာနိုင်ရန် တင်ပြအပ်ပါသည်။