အပတ်စဉ်သတင်းထုတ်ပြန်ချက် (၇/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

    အမျိုးသားညီညွတ်ရေးအစိုးရ

     www.nugmyanmar.org

အပတ်စဉ်သတင်းထုတ်ပြန်ချက် (၇/၂၀၂၁)

၈ ဇူလိုင် ၂၀၂၁ခုနှစ်

၁။ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်လျက်ရှိသော နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့်  ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကာ ပိုမိုထိရောက်သော လူသားချင်းစာနာကူညီရေး နည်းလမ်းများအားဖော်ထုတ် အကောင်အထည်ဖော်နိုင်ရေးကို ဦးတည်လျက် မြန်မာနိုင်ငံရှိ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်ခဲ့သည်။ ၁

၂။ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သတင်းမီဒီယာအပေါ် ဖိနှိပ်မှုအခြေအနေ (၂၀၂၁ ဇူလိုင် ၃ နောက်ဆုံးရ အချက်အလက်) များကို ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် သတင်းမီဒီယာသမားများထဲမှ ဖမ်းဆီးခံထားရသူ (၃၉) ဦး၊ ထောင်ဒဏ်ကျခံနေရသူ(၆) ဦး၊  ဒဏ်ရာရရှိသူ (၃) ဦး၊ ပြန်လည်လွတ်မြောက်လာသူ (၄၉) ဦး၊ လိုင်စင်အသိမ်းခံရသည့် မီဒီယာ (၈) ခု၊ ဖမ်းဝရမ်းအထုတ်ခံရသူ (၂၆) ဦး ရှိကြောင်း ဖော်ပြပါရှိပါသည်။ 

၃။ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင်၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ပြီး  သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများ၊ လတ်တလော အာဏာရှင်ဘေးနှင့် ကိုဗစ်ဘေးအန္တရာယ်ကြုံတွေ့နေရသော ပြည်သူများအား ထိရောက်သော အကူအညီများ လျင်မြန်စွာ ပံ့ပိုးကူညီနိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းအစီအစဉ်များချမှတ်ခဲ့ကြသည်။ 

၄။ ၂၀၂၁ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထောင်စု ဝန်ကြီးများနှင့် ဂျပန်လွှတ်တော် အမတ်များသည် မြန်မာနိုင်ငံ၌ အရေးပေါ်လိုအပ်နေသော လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထိရောက်စွာရရှိရေး၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာရသော ဒုက္ခသည်များအား ကူညီနိုင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုရန် ဂျပန်နိုင်ငံ အစိုးရအား တိုက်တွန်းပေးရေးနှင့် တရားသော ကြိုးပမ်းမှုအောင်မြင်ပြီး မြန်မာနိုင်ငံသားများနှင့် ထိုက်တန်သော ဒီမိုကရေစီစနစ် ပြန်လည် ကျင့်သုံးနိုင်ရေး တို့ကို ဂျပန်နိုင်ငံက တတ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်အားပေး ထောက်ခံပေးရန် အတွက် အစည်းအဝေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ 

၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရက (၅၉) နှစ်မြောက် ၇ ဇူလိုင် အခမ်းအနားများသို့ သဝဏ်လွှာတစ်စောင်၂ ပေးပို့ခဲ့ပြီး အမှန်တရားနှင့် တရားမျှတ လွတ်လပ်ခြင်းအတွက်  ခေတ်အဆက်ဆက် ဘဝနှင့်အသက်ကိုပေးဆပ်ကာ လက်ဆင့်ကမ်း တိုက်ပွဲဝင်ခဲ့ကြသည့် ကျောင်းသားလူငယ် တော်လှန်ရေးရဲဘော်အပေါင်းအား အမျိုးသားညီညွတ်ရေးအစိုးရက လေးစားစွာ ဦးညွှတ်ဂုဏ်ပြုပါကြောင်း၊ စစ်အာဏာရှင်အဆက်ဆက်၏ နှစ်ပေါင်း ၆၀၊ မျိုးဆက် ၃ ခု ကြာမျှ လက်နက်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့်ကာ ဘဝနှင့် အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်းခံခဲ့ရသော်လည်း အတိတ်သမိုင်းမှ ကျောင်းသား လူငယ်များ၏ အမှန်တရားကို ချစ်မြတ်နိုးသည့်စိတ်ဓါတ်၊ မတရားမှုကို ဆန့်ကျင်တော်လှန် ရဲသည့် သတ္တိတို့သည် ယနေ့တိုင် ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး ယခုလက်ရှိ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုများကိုလည်း လက်ဆင့်ကမ်း ဆက်လက်စေ့ဆော်ပေးလျက်ရှိကြောင်းနှင့်  လူငယ်များ၏ တရားမျှတသော၊ တန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စိတ်ကူးအိပ်မက်အား ကျောင်းသားလူငယ် အားလုံး၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထု၏အင်အား၊ တိုင်းရင်းသား လူမျိုးပေါင်းစုံမှ ခေါင်းဆောင်အားလုံး၏ အတွေ့အကြုံနှင့် ပေါင်းစပ်ကာ အကောင်အထည်ဖော်ဆောင်သွားနိုင်မည်ဟု မုချယုံကြည်ကြောင်းတို့ပါဝင်သည်။ 

၆။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့က ဗြိတိန် အစိုးရ နိုင်ငံခြားရေး၊ ဓနသဟာရ နှင့် နိုင်ငံတကာဖွံ့ဖြိုးရေး ဝန်ကြီး Mr. Nigel Adams နှင့် မြန်မာပြည် အတွင်းလက်ရှိ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး အခြေအနေများ၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများ နှင့် ပိုမိုဆိုးရွားလာသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားချင်း စာနာမှု အခြေအနေများနှင့် ပက်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၇။ မြန်မာနိုင်ငံအနှံ့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကူးစက်ပြန့်ပွါးမှုနှုန်းသည် အလွန်မြင့်မားလျက်ရှိပြီး စစ်ကောင်စီထိမ်းချုပ်နယ်မြေများတွင် ထိရောက်သော ကာကွယ်မှု၊ကုသမှုမပေးနိုင်၍ သေနှုန်းမြင့်မားလျက် ရှိပါသည်။ အမျိုးသားညီညွှတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန လူမှုကွန်ယက်စာမျက်နှာများမှ လူတိုင်း မိမိကိုယ်ကို ထိရောက်စွာ ကာကွယ်နိုင်မည့် လမ်းညွှန်ချက်၊ ရောဂါရှိသူနှင့် ထိစပ်သူ (သို့) သံသယလူနာများ မိမိ အိမ်တွင် သီးခြားခွဲနေလျှင် လိုက်နာရမည့် လမ်းညွှန်ချက်များ၊ ရောဂါဖြစ်လာလျှင် စောင့်ကြည့်နေရမည့် ရောဂါလက္ခဏာ များနှင့် ရောဂါပြင်းထန်မှုပေါ်မူတည်ပြီး လုပ်ဆောင်ရန် လမ်းညွှန်ချက်များကို နေ့စဉ်မျှဝေပေးလျက်ရှိပါသည်။ 

ဤအခြေအနေကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ရည်ရွယ်လျက် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွှင် Corona Virus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ကော်မရှင်ကို        ယာယီသမ္မတ 

ဒူဝါ လရှီးလက ဦးဆောင်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဝန်ကြီးများ၊ ဒေသ အသီးသီးမှ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့်ပညာရှင်များ နှင့် ဖွဲ့စည်းခဲ့ပါသည်။ ဤကော်မရှင်သည် ပြည်သူလူထု လိုအပ်နေသော ကိုဗစ်ကာကွယ်ဆေး၊ အကာအကွယ် ပစ္စည်းများ၊ စစ်ဆေးရန် လိုအပ်သော ဓါတ်ခွဲခန်းသုံး ပစ္စည်းများရရှိနိုင်ရန် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာမှ မိတ်ဘက်ကိုယ်စားလှယ်များ နှင့် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု အသိပေးအပ်ပါသည်။ ထို့သို့ ကြိုးစားလုပ်ဆောင်နေချိန်တွင် ဤရောဂါပိုးပြန့်ပွားမှုကျဆင်းပြီး အမြန်ဆုံး ထိမ်းချုပ်နိုင်စေရန် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီမှ ပါဝင်ကူညီဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ တိုက်တွန်းနှိုးဆော်ပါသည်။ ကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်သော လက်မှန်မှန် ဆေးခြင်း၊ ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း၊ ခပ်ခွါခွါနေခြင်း၊ အိမ်ထဲမှာနေခြင်းတို့ကို သတိအထူးဖြင့် လုပ်ဆောင်ပါက ဤရောဂါကပ်ဘေးဆိုးကို အတူတကွအောင်အောင်မြင်မြင်နှင့် ကျော်ဖြတ်နိုင်မည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက လေ့လာရန် လင့်ခ်များ

၁။ https://www.facebook.com/NUGmyanmar/posts/141641504723156

၂။ https://www.facebook.com/NUGmyanmar/posts/143767904510516