သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၁)

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်

  အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီအား ခုခံတွန်းလှန်မည့် ပြည်သူ့တော်လှန်ရေး စတင်ကြောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့စွဲဖြင့် ကြေညာခဲ့သည်။ တိုင်းပြည်အား အရေးပေါ် အခြေအနေ ကြေညာ၍ အစိုးရရုံးများအား ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်ကို ပြည်သူများက တခဲနက် ကြိုဆိုထောက်ခံခဲ့ကြသည်။  

  မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် ခုနှစ်လအတွင်း ပြည်သူလူထုအား ဖိနှိပ်ရက်စက်မှုများစွာ ကျူးလွန်ခဲ့သည့်အပြင် မတည်ငြိမ်မှုများနှင့်အတူ စီးပွားရေး၊ လူသားချင်းစာနာမှုနှင့် ကျန်းမာရေးဆိုင်ရာ အကြပ်အတည်း ပေါင်းများစွာ ကြုံတွေ့စေခဲ့သည်။ အာဏာသိမ်းရန်ကြိုးပမ်းမှု ပေါ်ပေါက်ပြီး မကြာခင်မှာပင် သန်းပေါင်းများစွာသော ပြည်သူလူထုသည် အကြမ်းမဖက် ခုခံလှုပ်ရှားမှုများနှင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပွဲများတွင်  ပါဝင်ခဲ့ကြသည်။ စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့များက လက်နက်မဲ့ဆန္ဒထုတ်ဖေါ်နေသည့် လူပေါင်း ထောင်ကျော်သတ်ဖြတ်ခြင်း၊ လူပေါင်း (၇၀၀၀) ကျော် မတရားဖမ်းဆီးခြင်း၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း အစရှိသော အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြပြီး တိုင်းရင်းသားဒေသများတွင် စစ်ဆင်ရေးများ ပြုလုပ်ကာ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဥပဒေများကို ချိုးဖောက်ခဲ့ကြသည်။ တရားမဝင်၊ မအောင်မြင်သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုက ရှစ်လအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သော်လည်း စစ်ကောင်စီသည် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းမှုကို လုံးဝ စိတ်မဝင်စားပဲ အာဏာဆက်လက်တည်မြဲရေးအတွက် အကြမ်းဖက်မှုများကို ဆက်လက် ကျူးလွန်သွားမည်မှာ သေချာလျက်ရှိသည်။ 

  အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံမှုတို့ကို အကာအကွယ်ပေးရန်နှင့် တိုင်းပြည်အား တည်ငြိမ်မှုကို ဆောင်ကျဉ်းပေးရန် အလေးအနက် တာဝန်ရှိသည်။ ပြီးခဲ့သည့် ခုနှစ်လအတွင်း နိုင်ငံရေးနှင့် သံတမန်ရေး ကြိုးပမ်းမှုသက်သက်ဖြင့် ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း သေချာခဲ့သည့်နောက်တွင် မိမိတို့ဒေသ ရပ်ရွာများကို စစ်ကောင်စီတပ်များ၏ ဖိနှိပ် ရက်စက်မှုများမှ ကာကွယ်ရန် အဆိုပါ ရပ်ရွာဒေသမှ ပြည်သူများက ကာကွယ်ရေးအဖွဲ့များကို မလွှဲမရှောင်သာ ဖွဲ့စည်းခဲ့ရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် နိုင်ငံတကာ              လူ့အခွင့်အရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာဥပဒေများ၊ ဂျီနီဗာသဘောတူညီချက်တို့နှင့် လိုက်လျောညီထွေဖြစ်သော                ကျင့်ဝတ် စည်းကမ်းများကို လေးစားလိုက်နာရန် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုပါသည်။ အမျိုးသား ညီညွတ်ရေးအစိုးရသည် နိုင်ငံတကာ ရာဇဝတ်တရားရုံး၏ တရားစီရင်ပိုင်ခွင့် အာဏာကို လက်ခံထားပြီး မြန်မာပြည်တွင်းရှိ သက်ဆိုင်သူအားလုံး မိမိတို့လုပ်ရပ်များအတွက် ရောမသဘောတူညီချက် နှင့်အညီ တာဝန်ခံရမည်ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်တွင်းစစ်နှင့် လက်ရှိအကြပ်အတည်းများ၏ အခြေခံ အကြောင်းတရားဖြစ်သော စစ်ကောင်စီကို ဖယ်ရှားရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် အနာဂတ်တွင်အကောင်အထည်ဖေါ်မည့် လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးနှင့် နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာသော၊ ပြည်သူလူထုကို ကာကွယ်သော ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးတွင် အရေးကြီးသည့် အခန်း ကဏ္ဍမှ ပါဝင်မည်ဖြစ်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အရပ်သားအုပ်ချုပ်မှုအောက်တွင် အမှုထမ်းမည် ဖြစ်သည်။ 

  တချိန်တည်းမှာပင် စစ်ကောင်စီ၏ တပ်ဖွဲ့များအနေဖြင့် မိမိတို့တာဝန်များကို စွန့်ခွာ၍ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းရန် အခွင့်အရေး ရှိကြောင်း အသိပေးလိုသည်။ အမျိုးသားညီညွတ်ရေး အစိုးရက တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင် များအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ များအား ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်သည်။ ထိုသို့ ပူးပေါင်းလာသူများနှင့် ၎င်းတို့ မိသားစုများ၏ လုံခြုံရေးကို အာမခံပြီး တာဝန်ဆက်လက် ထမ်းဆောင်လို ပါကလည်း စီမံဆောင်ရွက်ပေးမည် ဖြစ်သည်။  

  အမျိုးသားညီညွတ်ရေးအစိုးရသည် တရားဝင်အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက်မှု များစွာကို အသိအမှတ်ပြုပြီး ဆက်လက်၍ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားကာ မိမိတို့ ရည်မှန်းချက်အောင်မြင်ရေးအတွက် နိုင်ငံတကာဥပဒေများကို ဆက်လက်လေးစားလိုက်နာသွားမည်ဖြစ်သည်။ သို့သော်လည်း တဖက်တွင် နိုင်ငံအချို့၏ တရားဝင် ဖိတ်ကြားမှုဖြင့် စစ်ကောင်စီက အချို့သော နိုင်ငံတကာ အစည်းအဝေး များတွင် တက်ရောက်ခွင့်ရနေရပြီး အချို့နိုင်ငံများနှင့် စစ်ရေး၊ စီးပွားရေး သဘောတူညီချက်များပင် ရရှိနေကြောင်း တွေ့ရသောကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်မှုကို ထိခိုက်မှုများရှိလာကြောင်း တွေ့ရသည်။ ထို့ပြင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အေဂျင်စီ များ၏ ပြည်သူ လူထုအတွက် ကျန်းမာရေး အကူအညီများ ပေးအပ်ရန် ကြိုးပမ်းချက်များကို စစ်ကောင်စီက ငြင်းပယ်ခဲ့ သောကြောင့် ကိုဗစ်-၁၉ ရောဂါဖြင့် မသေသင့်ပဲ လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး ဒေသတွင်း၌လည်း မတည်ငြိမ်မှုနှင့် ကျန်းမာရေးဆိုင်ရာ အကြပ်အတည်းများ ပေါ်ပေါက်ခဲ့ရသည်။ ဒီမိုကရေစီ လှုပ်ရှားမှုကိုယ်စား ကြားဝင် ဆောင်ရွက်ပေးနိုင်ရန်နှင့် ရက်စက်ကြမ်းကြုတ်လှသော စစ်ကောင်စီ၏ တိုက်ခိုက်မှုများမှ မြန်မာပြည်သူလူထုအား ကူညီကာကွယ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို အားကိုး၍မရတော့ပါ။ ပြီးခဲ့သည့် ခုနှစ်လတာ ကာလကို ပြန်လည်ဆန်းစစ်ကြည့်ပါက တမျိုးသားလုံး စုစည်းညီညွတ်မှု၊ စုပေါင်းဆောင်ရွက်မှု တို့ဖြင့်သာလျှင် စစ်ကောင်စီကြောင့် ပေါ်ပေါက်ခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် မတည်ငြိမ်မှုများကို အဆုံးသတ်နိုင် လိမ့်မည် ဖြစ်ကြောင်း သိသာထင်ရှား နေပြီဖြစ်သည်။  

  ပြည်သူလူထုက စစ်ကောင်စီအား ဆက်လက်ခုခံတွန်းလှန်နေချိန်တွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ပိုမို မြင့်တက်လာနိုင်ခြင်းကို ရှောင်လွှဲ၍ရမည် မဟုတ်ပါ။ ငြိမ်းချမ်းစွာဆန္ဒပြမှုများကို သေစေနိုင်သော လက်နက်များဖြင့် အလွန်အမင်း အင်အားသုံးဖြိုခွဲခဲ့မှုများက လူငယ်များကို ရရာအင်အားသုံး၍ မိမိကိုယ်ကိုခုခံရန် တွန်းပို့ခဲ့သည်။ ပြည်သူများ က နိုင်ငံတစ်ဝှမ်းလုံးတွင် ခုခံရေးအဖွဲ့များ ဖွဲ့စည်းပြီး ခုခံ တွန်းလှန်မှုများကို စတင်နေကြပြီဖြစ်သည်။ တချိန်တည်းမှာပင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက မိမိတို့နယ်မြေအတွင်း ကျုးကျော် ထိုးဖောက်ဝင်ရောက်ပြီး ရပ်ရွာများကို တိုက်ခိုက်လာ တော့မည့် စစ်ကောင်စီတပ်ဖွဲ့များအား ခုခံကာကွယ်ရန် ပြင်ဆင် နေကြပြီဖြစ်သည်။ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုများနှင့် သက်ဆိုင်ရာ ဒေသများ အတွင်း အတူပူးပေါင်းလက်တွဲ၍ ခုခံတွန်းလှန်သွားရန် ပြင်ဆင်နေကြပြီဖြစ်သည်။  

  အကြမ်းဖက်မှုများ၏ တရားခံဖြစ်သော အာဏာရှင် စစ်ကောင်စီအား အမြစ်ပြတ် ခုခံတွန်းလှန် သွားရန်နှင့် ပြည်သူလူထုအားလုံး၏ ညီမျှမှု၊ လွတ်လပ်မှု၊ အားလုံးပါဝင်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးများအား အပြည့်အဝ ကာကွယ် စောင့်ရှောက်မည့် ငြိမ်းချမ်းသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် အတွက် ပြည်သူ တရပ်လုံးက စည်းလုံးညီညွတ်စွာဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက် ကြပါရန် တိုက်တွန်း အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခဲ့သော တရားဝင်အစိုးရတစ်ရပ် အနေဖြင့် အသိအမှတ်ပြုပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ထပ်မံတိုက်တွန်းပါသည်။ သို့မှသာ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် မြန်မာပြည်သူလူထု၏ တောင်းဆိုမှုကို လေးစားလိုက်နာပြီး စစ်ကောင်စီ၏ အကြမ်းဖက်မှုများမှ အကာအကွယ်ပေးရမည့် လိုအပ်ချက်ကို တုန့်ပြန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရသည် ပြည်သူများကို အကာအကွယ်ပေးရမည့် တာဝန်ဝတ္တရားနှင့် အခွင့်အရေးအား ကောင်းစွာ အသိအမှတ်ပြု လက်ခံထားပါသည်။