ကပ်ရောဂါ၊ အာဏာသိမ်းမှုတို့နှင့် ယှဥ်တွဲနေထိုင်ခြင်း

မြန်မာနိုင်ငံအရေးဖြစ်ပေါ်ပြောင်းလဲမှုဆိုင်ရာဆွေးနွေးပွဲ- ၂၀၂၁

ဩစတေးလျအမျိုးသားတက္ကသိုလ်

ကပ်ရောဂါ၊ အာဏာသိမ်းမှုတို့နှင့် ယှဥ်တွဲနေထိုင်ခြင်း


ဒေါက်တာလျန်းမှုန်းဆာခေါင်းပြောကြားသည့် မိန့်ခွန်း

(၁၆-၇-၂၀၂၁)


ပထမဦးဆုံးအနေနဲ့ ယခုလိုအရေးပါလှတဲ့ ဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်း ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားလိုပါတယ်။ ဒီဆွေးနွေးပွဲဟာ ဩစတေးလျနိုင်ငံရောက် မြန်မာ့အရေးစိတ်ပါဝင်စားသူများက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲ လျက်ရှိတဲ့သတင်းနဲ့ ပြည်တွင်းအခြေအနေများကိုဆွေးနွေးရာမှာ အရေးပါလှတဲ့ ဆွေးနွေးပွဲ တစ်ခုဖြစ်ကြောင်းနဲ့ ဒီဆွေးနွေးပွဲကို ဩစတေးလျအမျိုးသားတက္ကသိုလ် (ANU) က နိုင်ငံတွင်း သုတေသီများအား အထောက်အကူပြုစေရန် စီစဉ်ပြီး သုတေသီများကို နိုင်ငံတကာ အသိုင်းအဝိုင်းများထံသို့ ၎င်းတို့ရဲ့ သုတေသနတွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးမျှဝေ နိုင်တဲ့ ဖိုရမ်တခုဖြစ်ကြောင်းကိုလည်း သိရှိထားပါတယ်။ ယနေ့ ဒီဖိုရမ်ကို တက်ရောက်လာသူ များအနေနဲ့ ယခင်ကလိုမဟုတ်ဘဲ မြန်မာပြည်တွင်းအခြေအနေ/ပြဿနာများကို လွတ်လွတ် လပ်လပ် ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြတဲ့ပုံစံမျိုးနဲ့ အနည်းငယ်ပြောင်းလဲပြီး ပြုလုပ်သွားနိုင် မယ်လို့ ယုံကြည်ပါတယ်။

အားလုံးသိရှိကြတဲ့အတိုင်း မြန်မာနိုင်ငံဟာ ၁-၂-၂၀၂၁ ရက်နေ့ စစ်တပ်အာဏာသိမ်းတဲ့ နေ့ကစလို့ ဖိနှိပ်အကြမ်းဖက်မှုပြုများဖြင့် အကြမ်းဖက်ဆောင်ရွက်နေတဲ့စစ်တပ်နဲ့ ပြည်သူလူထု အကြား ထိပ်တိုက်ရင်ဆိုင်ရတဲ့ စစ်သလင်းသဖွယ်ပြန်လည်ဖြစ်ခဲ့ရပါတယ်။ ဒီလို စစ်တပ် အာဏာသိမ်းယူခဲ့မှုဟာ တိုင်းပြည်ရဲ့ တိုးတက်ဖြစ်ပေါ်ကာစ ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဖျက်ဆီးလိုက်ရုံမျှမက ဒေသတွင်းမတည်ငြိမ်မှု၊ လူသားမျိုးနွယ် လုံခြုံမှု၊ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် လူ့အခွင့်အ‌ရေးကာကွယ်မှုစတဲ့ နယ်ပယ် တွေမှာ ဆိုးရွားတဲ့ ဒေသတွင်းရိုက်ခတ်မှုများစွာကိုပါ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံး သိကြတဲ့အတိုင်း မင်းအောင်လှိုင်ဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေဆဲအချိန်မှာ ဒီလို အာဏာသိမ်းမှုကို ကျူးလွန်ခဲ့တဲ့အတွက် တိုင်းပြည်မှာ စိန်ခေါ်မှုကြီးတရပ်ဖြစ်စေခဲ့ပြီး အာဏာ သိမ်းမှုဟာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာများကို ဆတိုးပွားများစေခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ဟာ ကပ်ရောဂါနှင့် အာဏာသိမ်းမှုဖြစ်ပွားနေဆဲကာလ ဖြစ်သဖြင့် ကိုဗစ်ရောဂါနှင့် မင်းအောင်လှိုင် စတဲ့ စစ်ပွဲ ၂ ခုနဲ့ရင်ဆိုင်တိုက်ပွဲဝင်နေရပါတယ်။ ကပ်ရောဂါနဲ့ အာဏာသိမ်းမှု ၂ ခုလုံးဟာ တိုင်းပြည်အတွက် ဆိုးရွှားလှတဲ့ ဘေးအန္တရာယ်များဖြစ်ကြပြီး ကိုဗစ် တတိယလှိုင်းဖြစ်ပွားမှုကြောင့် တစ်ရက်လျှင် အနည်းဆုံး လူပေါင်း ၅,၀၀၀ ခန့် ရောဂါကူးစက်ခံနေရပြီး တစ်နေ့တာအတွင်း ကပ်ရောဂါကြောင့် လူသေဆုံးမှုမှာလည်း အနည်းဆုံး ၁၀၀ ခန့်ရှိပါတယ်။ ဒီညွှန်းကိန်းတွေဟာ စစ်ကောင်စီက ဖော်ပြတဲ့ ပမာဏသာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့၏ ခန့်မှန်းချက်များအရ တစ်ရက်လျှင်ကူးစက်မှုနှုန်း ၂၀,၀၀၀ ခန့်နဲ့ သေဆုံးသူ ၄၀၀ ခန့် ရှိနိုင် ပါတယ်။ လက်ရှိအချိန်တွင် မင်းအောင်လှိုင်သည် လူပေါင်း ၉၁၁ ကျော်အား သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၆,၆၉၄ ခန့်အား အကျဉ်းချထားကာ လူပေါင်း ၁,၉၆၃ ကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။ အကြမ်းဖက်မှု တိုးမြှင့်လာသည်နှင့်အမျှ လူ‌ထောင်ပေါင်းများစွာတို့သည်လည်း ၎င်းတို့၏ အသက်‌ရှင်သန်လွတ်မြောက်ရေးအတွက် ၎င်းတို့၏နေရပ်များကိုစွန့်ခွာ၍ တောတောင်ထဲရှိ စခန်းများတွင် ပြောင်းရွှေ့နေထိုင်ရပါတယ်။ စစ်အာဏာမသိမ်းမီကတည်းက မြန်မာနိုင်ငံတွင် စစ်ဘေးရှောင်ပြည်သူမှာ သန်းဝက်ခန့်ရှိပြီး စစ်အာဏာပြီးနောက် လူပေါင်း ၂ သိန်းနီးပါး ထပ်မံ တိုးပွားလာခဲ့ပါတယ်။ အဆိုပါအခြေအနေတွေကြောင့် မြန်မာပြည်ရှိ လူပေါင်း ၆.၆ သန်းခန့်ဟာ စားနပ်ရိက္ခာမလုံလောက်တဲ့ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ထုတ်ဖော်ပြော ကြားချက်များရှိပါတယ်။ ဒါတွေသည်ပင်လျှင် ကျွန်တော်တို့လက်ရှိ မြန်မာပြည်တွင်းအခြေအနေ များကို ထင်ထင်ရှားရှား ဖော်ကျူးပြနေပါတယ်။

စစ်အာဏာရှင်များက ပြည်သူလူထုအပေါ်ကျူးလွန်လျက်ရှိတဲ့ မတရားမှုများကို စိန်ခေါ် ဖြေရှင်းနိုင်ရန် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်အမတ်များဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) ကို ဖွဲ့စည်းခဲ့ပါတယ်။ CRPH သည် အကြမ်းမဖက်အာဏာရှင်ဖီဆန်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွင်ပါဝင်ကြသော အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ များနှင့် ရွေးကောက်ခံလွှတ်တော်အမတ်များ စသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်၍ အမျိုးသားညွီညွတ်ရေးအစိုးရ (National Unity Government-NUG) ကို ဖွဲ့စည်းခဲ့ပါတယ်။ CRPHနှင့် NUG တို့အပြင် ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင် သော တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညီညွတ်စွာ ပါဝင်ဆွေးနွေးဆောင်ရွက်ကြတဲ့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council-NUCC) ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။

အထူးသဖြင့် မြန်မာပြည်သူလူထုရဲ့ စစ်အာဏာသိမ်းမှု တစ်ပြိုင်တည်း စုပေါင်း တော်လှန်မှုနှင့် ၎င်းတို့၏ ဒီမိုကရေစီပြန်လည်ရရှိရေး တောင်းဆိုချက်များကို တုံ့ပြန်ဆောင်ရွက် ပေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့်သာလျှင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ ထောက်ခံအားပေးမှုဟာ NUG အစိုးရအတွက် အဖိုးအထိုက်တန်ဆုံး ပိုင်ဆိုင်မှုပြယုဂ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ဟာ တရားဝင်အစိုးရ၊ တရားဝင်ကျင်းပသည့် ရွေးကောက်ပွဲတွင် နိုင်ငံသူနိုင်ငံသားများက တိုင်းပြည်အား စီမံအုပ်ချုပ်ရန် ရွေးကောက် တင်မြှောက်ထားတဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ မှန်ကန်စွာ ထုတ်ပြောနိုင်ပါတယ်။ ကျွန်တော် တို့ဟာ တရားဝင်အစိုးရဖြစ်သဖြင့် ပြည်တွင်းတော်လှန်မှုများကို ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြည်ပ နိုင်ငံတွေနဲ့ ဆွေးနွေးဆောင်ရွက်နိုင်တာပဲဖြစ်ပါတယ်။ ထို့အတွက်ကြောင့်ပဲ ကျွန်တော်တို့ အနေနဲ့ တရားဝင်အစိုးရဖြစ်မှုကို ကာကွယ်ရမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုအား ထိရောက်စွာ တော်လှန်ရေး၊ ဒီမိုကရေစီအင်အားစုအားလုံးပူပေါင်းဆောင်ရွက်နိုင်ရန် နိုင်ငံရေးပေါင်းစည်းရေး၊ နှင့် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များဖြည့်ဆည်းပေးရေးစသော ပေါင်းစည်းခိုင်မာတဲ့ လမ်းစဉ်အား အလေးထားထားရေးဆိုတဲ့ အချက်(၃)ချက်ကို လက်ကိုင်စွဲကာ ပြည်သူတွေ အတွက် မဆုစ်မနစ်သော ဇွဲလုံ့လနဲ့ ကြိုးပမ်းအားထုတ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ထိရောက်သော တော်လှန်မှုဖြစ်ပေါ်လာစေရန် ကျွန်တော်တို့ ပြည်တွင်းပြည်ပ ဖိအားများကို အသုံးပြုသွားမှာဖြစ်ပါတယ်။ တပ်မတော်အပေါ် ပြည်တွင်းဖိအားများ ရှိစေရေး အတွက် တပ်မတော်အနေဖြင့် ပြည်တွင်းတည်ငြိမ်မှုကိုဖော်ဆောင်နိုင်ပြီဟု ကြေညာနိုင်ခြင်းမရှိ စေရန် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသမှုများနှင့် အကြမ်းမဖက်အာဏာဖီဆန်သည့် လှုပ်ရှား မှုများ (CDM) ကို ဆက်လက်ထိန်းသိမ်းကာ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်သွားဖို့ လိုအပ် ပါတယ်။ ထိုသို့ပြုလုပ်ရာမှာ (က) အရပ်သား ပြည်သူများအပေါ် ထိခိုက်မှုများမဖြစ်စေဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များက ဆောင်ရွက်သည့် စစ်ရေးဖိအား၊ (ခ) ပြည်သူလူထု၏ အသက်မွေးမှုလုပ်ငန်းများအပေါ် ထိခိုက်မှုမဖြစ်စေဘဲ တပ်မတော်၏ ယန္တရားကို ဆက်လက်ဟန့်တားခြင်းဖြင့် စီးပွားရေးကဏ္ဍ အပေါ် ဖိအားပေးရေးနှင့်၊ (ဂ) တပ်မတော်ရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး မင်းအောင်လှိုင်၏ ဦးဆောင်မှုအမှားအနောက်မှလိုက်နေရသော အခြားစစ်ခေါင်းဆောင်များအား သွေးဆောင်စည်းရုံးကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့အား ပြိုကွဲစေရေးနှင့် တပ်မတော်၏ လုပ်ငန်းများအား တားဆီးပိတ်ပင်ရေးနှင့် ဆန္ဒဆက်လက်ဖော်ထုတ်ရေး စသည်တို့အားဖြင့် နိုင်ငံရေးဖိအားများ စသည်တို့ပါဝင်မည် ဖြစ်ပါတယ်။

တပ်မတော်အပေါ် ပြည်ပဖိအားများသက်ရောက်ရေးအပိုင်းမှာ နိုင်ငံတကာနှင့် ဒေသတွင်းအစိုးရများအား ၎င်းတို့အနေဖြင့် စစ်အာဏာရှင်များအား ဖယ်ကျဉ်ပြီး အာဏာရှင် များ၏ အရင်းအမြစ်နှင့် ရန်ပုံငွေများကို ဖြတ်တောက်ကာ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာဥပဒေချိုးဖောက်မှုအတွက် အရေးယူမှုများပြုရန် စည်းရုံးတိုက်တွန်းသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တားမြစ်ပိတ်ဆို့ကန့်သတ်သည့် နည်းလမ်းများအပါအဝင် ICC နှင့် ICJ တို့တွင် တရားစွဲဆိုသည့်နည်းလမ်းများနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်ပြတောင်းဆိုခြင်းစသဖြင့် သံတမန်မဟာဗျူဟာနည်းလမ်းများ ကိုလည်း အသုံးပြုသွားပါမယ်။ ထိုရည်မှန်းချက်များအား ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက် ပေးကြဖို့ ပြည်ပရောက်မြန်မာများ၏ ကူညီပံ့ပိုးမှုများကိုလည်း ရယူသွားပါမယ်။ ထို့အပြင် ကျွန်တော်တို့သည် မိတ်ဆွေတို့နှင့် ကမ္ဘာ့တဝှမ်းရှိ ပြည်သူပြည်သားမိတ်ဆွေအပေါင်းရဲ့ ထောက်ခံအားပေးမှုကိုလည်း လိုအပ်ပါတယ်။

မင်းအောင်လှိုင်နဲ့ ၎င်း၏ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ကျွန်တော်တို့ အများဆုံး လုပ်ဖို့လိုတာက ကျွန်တော်တို့အချင်းချင်းကြားမှာ ယုံကြည်မှု တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းကြောင်းမှာ နှစ်ပေါင်းရှည်ကြာစွာဖြစတည်ခဲ့တဲ့ ပြည်တွင်း ပဋိပက္ခနဲ့ စိတ်ဝမ်းကွဲပြားမှုတွေကိုအခြေခံပြီး ဒီမိုကရေစီအင်အားစုများ၏ ညီညွတ်မှုကို စနစ် တကျ ခိုင်ခိုင်မာမာ တည်ဆောက်မြှင့်တင်ဖို့လိုပါလိမ့်မယ်။ တပ်မတော်ဟာ နည်းလမ်းဟောင်း တခုဖြစ်တဲ့ သွေးခွဲအုပ်ချုပ်ခြင်း မူဝါဒကို တဖန်ပြန်လည်အသုံးပြုနေကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဗမာလူမျိုးအုပ်စုများအပါအဝင် တိုင်းရင်းသား ပါတီများကို ပြိုကွဲစေဖို့ ကြိုးပမ်းနေကြောင်း ကျွန်တော်တို့အားလုံး ကောင်းစွာ သိရှိထားကြ ပါတယ်။ ဒီလိုမဖြစ်စေဖို့ အားသွန်ခွန်စိုက်တောင့်ခံတွန်လှန်းရပါမယ်။ ဒါကြောင့်သာလျှင် ကျွန်တော်တို့က အမျိုးသားညီညွတ်ရေးအကြံပေးကောင်စီ (NUCC) လို့ ခေါ်တဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရက်တစ်ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ရခြင်းဖြစ်ပါတယ်။ အခုချိန်မှာတော့ NUCC မှာ အကြမ်းမဖက်အာဏာရှင်ဖီဆန်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွင်ပါဝင်ကြသော အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ခံ လွှတ်တော်အမတ်များစသဖြင့် သက်ဆိုင်ရာတာဝန်ခံပုဂ္ဂိုလ်များအားလုံးပါဝင် ဆောင်ရွက်နေ ကြပြီးဖြစ်ပါတယ်။ NUCC အနေဖြင့် ဒီမိုကရက်တစ်ညွှန်ပေါင်းအဖွဲ့အတွင်းရှိ အဖွဲ့ငယ် အသီးသီးကြား၌ ဆွေးနွေးမှုပြုလုပ်နိုင်ဖို့ လုံခြုံစိတ်ချရပြီး အပြုသ‌ဘောဆောင်တဲ့ ရပ်ဝန်းတစ်ရပ်ကိုလည်း ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုရေးရာ ပြည်ထောင်စုဝန်ကြီးတစ်ဦးအနေဖြင့် မြန်မာပြည်သူ ပြည်သားအားလုံးအတွက် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်း စဉ်အသစ်ကို တညီတညွှတ်တည်းစုပေါင်းပါဝင်သော အင်အားစုတစ်ရပ်အဖြစ် အသုံးချသင့်တယ် လို့ ကျွန်တော်ပြောကြားလိုပါတယ်။ ဒါ့ကြောင့် မတူညီသော တိုင်းရင်းသားလူမျိုးများ၊ ဘာသာရေးအုပ်စုများနှင့် လူနည်းစုလူမျိုးများစသဖြင့် မြန်မာပြည်သူပြည်သားအားလုံး၏ ထင်မြင်ချက်များကို ပေါင်းစပ်ထင်ဟပ်စေနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ရန် အားထုတ်ကြဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးတွင် အားလုံးပါဝင်လုပ်ဆောင်ခြင်း၊ စုပေါင်းခေါင်းဆောင်မှုနှင့် ဒီမိုကရေစီနဲ့အညီ အများဆန္ဒဖြင့် ဆုံးဖြတ်ချက်ချခြင်းစတဲ့ စနစ်များနှင့် ကိုက်ညီမှုရှိစေရန် ကျွန်တော်တို့ရဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်ဟာ အားလုံးပါဝင်မှု၊ ပြုပြင် ပြောင်းလဲမှုနှင့် ပွင့်လင်းမြင်သာမှုစတဲ့ အင်္ဂါရပ်များနှင့်ပြည့်စုံသွားမှာဖြစ်ပါတယ်။ ကျွန်တော် တို့ရဲ့ နိုင်ငံရေးအနာဂါတ်ကို အခိုင်အမာ အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ်ကို ရေးဆွဲနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ထားကြပါတယ်။

နောက်ဆုံးအနေဖြင့် ကျွန်တော် အထူးပြောလိုတာက အမျိုးသားညီညွတ်ရေးအစိုးရ သည် ပြည်သူများက ရွေးချယ်ထားပြီး ပြည်သူလူထု၏ (သို့) ပြည်သူ့အကျိုးထမ်းဆောင်တဲ့ အစိုးရတစ်ရပ်ဖြစ်သည်နှင့်အညီ မြန်မာပြည်သူများအား ကာကွယ်ခြင်း၊ CDM လှုပ်ရှားမှု တည်မြဲ စေရန် အသက်အိုးအိမ်စွန့်လွှတ်အနစ်နာခံ ပါဝင်ကြသူများအား ငွေကြေးဖြင့် ထောက်ပံ့ပေးခြင်း၊ စစ်တပ်၏ လွဲမှားသောစီမံခန့်ခွဲမှုများကြောင့် ပြိုလဲကျနေသောကျန်းမာရေးစနစ်တွင် ပိုမိုဆိုးရွား လျက်ရှိသည့် ကိုဗစ်ကပ်ရောဂါဆိုးမှ ပြည်သူများကို ကယ်တင်ခြင်းနှင့် အကြမ်းဖက် စစ်တပ် ကြောင့် နေရပ်ရှောင်ခွာထွက်ပြေးနေရသည့် ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခြင်း စတာတွေကို လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ သို့သော် လည်း ကျွန်တော်တို့ရဲ့ ပင်မ ဦးတည်ရာကတော့ မလိုအပ်တဲ့ ဗျူရိုကရေစီယန္တရားများ ဖန်တီးရန်မဟုတ်ဘဲ စစ်ကောင်စီပြုတ်ကျရေးသာဖြစ်ပါတယ်။ မင်းအောင်လှိုင်နဲ့ ၎င်း၏ အာဏာရှင်စနစ်ကို အမြန်ဆုံးဖြုတ်ချခြင်းဖြင့် ကျွန်တော်တို့ ပြည်သူလူထုက ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ပါတယ်။ ထို့ကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ၏ အရေးကြီးဆုံး လုပ်ငန်း ၂ ရပ်မှာ မင်းအောင်လှိုင်နဲ့ ၎င်း၏ အကြမ်းဖက်စစ်ကောင်စီအား ဖယ်ရှားခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ခြင်းတို့ပင်ဖြစ်ကြောင်း ပြောကြားရင်း ကျွန်တော်ရဲ့မိန့်ခွန်းကို နိဂုံးချုပ်ပါရစေ။ ယခုလို ကြိုးပမ်းအားထုတ်မှုမှာ လွတ်လပ်မှုကို ချစ်မြတ်နိုးကြပြီး လူသားဂုဏ်သိက္ခာကို လေးစားကြတဲ့ ကမ္ဘာတစ်ဝှမ်းက မိတ်ဆွေများကလည်း ကျွန်တော်တို့နဲ့အတူ လက်တွဲညီညီ ပါဝင်ထောက်ခံအားပေးကြမယ်လို့ အထူးမျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။