ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "တိုင်းရင်းသားမဟာမိတ်ဒေသတွေမှာ မြို့တွေ တစ်မြို့ ပြီးတစ်မြို့ အရှိန်ကောင်းကောင်းနဲ့ ဆက်တိုက် ထိန်းချုပ်လာနိုင်တာဟာ တော်လှန်ရေးအတွက် အင်မတန်အားရကျေနပ်ဖွယ်ဖြစ်ရသလို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း နယ်မြေထိန်းချုပ်နိုင်မှုတွေကို ဒီထက်ပိုမို အားကောင်းစွာနဲ့ မြို့သိမ်းတိုက်ပွဲ ဆက်လက် ဆင်နွှဲနိုင်ဖို့ လိုမှာဖြစ်ပါကြောင်း။  စစ်ရေးအရ ဖိအား များများပေးနိုင်လေလေ နယ်မြေ စိုးမိုးထိန်းချုပ်မှု ပိုရလေလေ ဖြစ်တယ်ဆိုတာတော့ အားလုံးသိပြီးသား ဖြစ်ပါကြောင်း။  စစ်ရေးဖိအားဆိုတဲ့ နေရာမှာလည်း တိုက်စစ်တွေ ဖော်ဆောင်ရတာမျိုးအပြင် စိတ်ဓာတ်ရေးရာ စစ်ဆင်မှုကိုလည်း ပေါင်းစပ်ကျင့်သုံးဖော်ဆောင်သွားကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း။ အခုဆိုရင် အကြမ်းဖက်စစ်တပ်ဟာ စိတ်ဓာတ်ရေးရာအရလဲ ပြိုနေပြီဆိုတာ ကျွန်တော်တို့ ကောင်းစွာ တွေ့မြင် ကြားသိနေရပြီ ဖြစ်ပါကြောင်း။ တိုက်ဖို့အသင့်ပြင်နေတဲ့ အနေအထားမဟုတ်ကြပဲ ပြေးဖို့ အသင့်ပြင်နေကြတဲ့ အနေအထား ဖြစ်ပါကြောင်း။ ဒီအခြေအနေမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစု တွေက စုစုစည်းစည်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေလည်း လုပ်ဆောင်သွားကြဖို့လိုမှာ ဖြစ်ပါကြောင်း။ မြို့တွေ အပြီးသတ် စိုးမိုးထိန်းချုပ်နိုင်ရေးအတွက်ကတော့ စစ်ရေးက ပထမအဆင့် လှုပ်ရှားပြီး၊ အုပ်ချုပ်ရေးက ဒုတိယအဆင့် စီမံကြရမှာဖြစ်ပါကြောင်း။ ဒီလုပ်ငန်းစဥ်တွေ လုပ်နိုင်ဖို့အတွက် အရင်ဆုံး သေချာစီမံရမှာကတော့ ဘဏ္ဍာငွေဖြစ်ပါကြောင်း။ ကျွန်တော် အပတ်စဥ်တိုင်းလည်း ပြောကြားသလို ဝန်ကြီးဌာန တွေအနေနဲ့ အဆင့်ဆင့်သော တာဝန်ရှိသူတွေကို တွေ့ဆုံနေကြတဲ့ အစည်းအဝေးတွေမှာ လက်တလော ဦးစားပေး စစ်ရေးကာလအတွက် ဘဏ္ဍာ‌ငွေတွေ စနစ်တကျ သုံးစွဲနိုင်‌အောင် တခြားသော ကဏ္ဍတွေမှာ တတ်နိုင်သလောက် စီစီစစ်စစ် သုံးပေးဖို့ တိုက်တွန်းကြရမှာဖြစ်သလို ရရှိလာတဲ့ အခွန်ဘဏ္ဍာတွေကိုလည်း တော်လှန်ရေးအတွက် ဦးတည်ပြီး အစိုးရရဲ့ လမ်းညွှန်မှုများအတိုင်း စီမံနိုင်အောင် အ‌လေးပေးပြောကြားဖို့လည်း လိုအပ်မှာဖြစ်ပါကြောင်း" ဟုပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၄၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။