ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၂၄)ကျင်းပပြုလုပ်
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၂၄)ကျင်းပပြုလုပ်
၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အုပ်ချုပ်ရေးဖော်ဆောင်မှုကဏ္ဍကို စတင်အကောင်အထည် ဖော်ခဲ့ကြတဲ့ (၂၀၂၁) ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလ ကစလို့ ယနေ့အချိန်အထိ ဖွဲ့စည်းခဲ့ကြတဲ့ မြို့နယ် အသီးသီးရဲ့လိုအပ်ချက်တွေဖြည့်ဆည်ရင်း၊ အုပ်ချုပ်ရေးဆိုင်ရာပြဿနာတွေ၊ တော်လှန်ရေးဆိုင်ရာ ပြဿနာတွေဖြေရှင်းကြရင်း ဖြတ်သန်းခဲ့ကြတာ ယခုဆိုရင် (၃)နှစ်နီးပါးကို ရောက်ရှိလာပြီ ဖြစ်ပါကြောင်း။ အခုဆိုရင်တော့ မြို့နယ်တမြို့နယ်ချင်းစီကိုပါ သေချာတွေ့ဆုံပြီး အုပ်ချုပ်ရေးကဏ္ဍ ပိုမိုအားကောင်းဖို့ တော်လှန်ရေးအတွက် ပိုမိုထိရောက်မှုရှိဖို့ လုပ်ဆောင်နေကြတာမို့ မြို့နယ် တမြို့နယ်ချင်းစီရဲ့ အခြေအနေတွေလည်း အတော်လေးသိရှိလာရကြပြီဖြစ်ပါကြောင်း။ လိုအပ်ချက်တွေ ပြဿနာတွေကို သိရှိပြီးပြီဆိုရင်တော့ ဝန်ကြီးဌာနတွေအနေနဲ့ ထိထိရောက်ရောက် အလုပ် ဆက်လုပ်ကြရမှာဖြစ်ပါကြောင်း။ ကျွန်တော်တို့ရည်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်သစ်ကို ထူထောင်နိုင်ဖို့အတွက် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရမှာဖြစ်ပါကြောင်း။ ဒီလိုဖြေလျှော့တဲ့အခါမှာ မြေပြင်ရဲ့အားကောင်းတဲ့ ယန္တရားစနစ်တွေနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေက ခိုင်မာနေဖို့၊ ထိုက်သင့်တဲ့ အတွေ့အကြုံတွေရနေဖို့က အင်မတန် အရေးကြီး လှပါကြောင်း။ အုပ်ချုပ်ရေးဆိုင်ရာပြဿနာတွေကို တစ်ဌာနချင်းစီဖြေရှင်းနိုင်တာကို တစ်ဌာနချင်းစီဖြေရှင်းရမှာ ဖြစ်ပြီး တစ်ဌာနတည်းအားနဲ့မရရင် ဝန်ကြီးဌာနများရဲ့စုပေါင်းအားနဲ့ ညီညီညွတ်ညွတ် ဝိုင်းဝန်း ဖြေရှင်းမှသာ ပြေလည်မှာဖြစ်ကြောင်း ပြောကြားရင်း" နိဂုံးချုပ်ခဲ့ပါသည်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၉/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၁၅)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။