ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၅/၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့

ကျန်းမာရေးဝန်ကြီးဌာန

ထုတ်ပြန်ကြေညာချက်အမှတ် (၅/၂၀၂၄)

၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်

၁။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့၊ နံနက် (၁၂း၀၆) နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ မြို့ကုန်းဆေးရုံကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့ပါသည်။ အသက် (၉) နှစ်ကျော်အရွယ် လူနာစောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများ၊ လူနာစောင့်များနှင့် ပြည်သူများ စုစုပေါင်း (၁၇) ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အနက် (၃) ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပါသည်။ ပြင်းထန်ဒဏ်ရာရရှိသူ (၃) ဦးထဲတွင် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပါသည်။

၂။ ယနေ့ (၄-၆-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၄၀) နာရီအချိန်ခန့်ကလည်း မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ ခင်ရှည်ကျေးရွာ ဆေးခန်းကို လေကြောင်းဖြင့်လည်းကောင်း၊ လက်နက်ကြီးများဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆေးခန်းမှာ များစွာ ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသားကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

၃။ အကြမ်းဖက်စစ်ကောင်စီက ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ခိုင်မာစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ 

၅။ ဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။ လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် အလေးအနက် တိုက်တွန်းသည်။

၆။ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေပါသည်။

၇။ ဝန်ကြီးဌာနသည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ