ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းအား အာဏာသိမ်းစစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်

ရက်စွဲ။  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ  ၁၁  ရက်

၁။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်တွင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီက  ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းအား လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး ကျဆုံးသွားခဲ့ရသည့် ချင်းအမျိုးသားတပ်ဖွဲ့ဝင် (၅) ဦး အတွက် ချင်းအမျိုးသားတပ်ဦး၊ ကျဆုံးသွားသူများ၏ မိသားစုများ၊ ချင်းတိုင်းရင်းသားပြည်သူ အားလုံးနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။  အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနေဖြင့် အမြန်ဆုံး ပြန်လည်သက်သာပျောက်ကင်းပါစေကြောင်း လေးနက်စွာ ဆန္ဒပြုဆုတောင်းလိုက်ပါသည်။ 

၂။ အာဏာသိမ်းစစ်ကောင်စီက လက်နက်အားကိုးဖြင့် တရားမဝင်အာဏာသိမ်းမှုနောက် နိုင်ငံတစ်ဝှမ်း လူမဆန်သော အကြမ်းဖက်မှုများကို စနစ်တကျ ကျူးလွန်လုပ်ဆောင်နေခြင်းကြောင့် ပြည်သူ (၂၇၀၀) ကျော် သေဆုံးခဲ့ရပြီး အရပ်သားပြည်သူများနှင့် ဒီမိုကရေစီအင်အားစုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် ထောင်ပေါင်း များစွာသော ပြည်သူများသည် အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရလျက် ရှိပါသည်။ ယနေ့အထိ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူ (၄၆၀) ဦးကျော်ရှိနေပြီ ဖြစ်ပြီး အများစုမှာ အရပ်သားပြည်သူများနှင့် ကလေးသူငယ်များ ဖြစ်ကြောင်း အချက်အလက် များအရ သိရှိရသည်။ 

၃။ အာဏာသိမ်းစစ်ကောင်စီ၏ နေ့စဉ်တိုးမြှင့်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများ သည် မကြာသေးမီက ချမှတ်ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့် အာဆီယံခေါင်းဆောင်များအစည်းအဝေးက ချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ခြင်းဖြစ်ပြီး မြန်မာ့အရေးကိစ္စကို ပြေလည်စေရန် ကူညီဆောင်ရွက်နေသည့် နိုင်ငံတကာအသိုက်အဝန်း၏ ကြိုးစားမှုများကို လျစ်လျူရှုနေခြင်းပင် ဖြစ်ပါသည်။  ထို့ပြင် ပြည်တွင်း တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို စနစ်တကျ ဖျက်ဆီးနေပြီး ဒေသတွင်းနှင့် နိုင်ငံတကာ တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုပါ ခြိမ်းခြောက်နေလျက်ရှိပါသည်။ 

၄။ ထို့ကြောင့် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူများအပေါ်၌ လူမဆန်သော အကြမ်းဖက်မှုများဖြင့် ဖိနှိပ်အုပ်ချုပ်ရန် ကြိုးပမ်းနေသည့် အာဏာသိမ်း စစ်တပ်နှင့် ၎င်း၏ စစ်ကောင်စီအမည်ခံ တရားမဝင်အဖွဲ့အစည်းအား စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ် လက်တွဲ တိုက်ထုတ်သွားရန် လေးလေးနက်နက် တိုက်တွန်းအပ်ပြီး ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများက အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများကို ကျူးလွန်လုပ်ဆောင်ခဲ့ကြသည့် အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် အားပေးပါဝင်လုပ်ဆောင်သူများအားလုံးကို နိုင်ငံတကာ ဥပဒေများနှင့်အညီ ထိရောက်လျင်မြန်စွာ အပြစ်ပေးအရေးယူနိုင်ရေးအတွက်  တော်လှန်ရေး အင်အားစုများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပေးရန် မိမိတို့အနေဖြင့် လေးလေးနက်နက် တိုက်တွန်း တောင်းဆို အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ