ဖက်ဒရယ်စနစ်တွင် တာဝန်ခံမှု အပြည့်အဝရှိသော ပြည်နယ်အစိုးရ

ဖက်ဒရယ်စနစ်

ဖက်ဒရယ်စနစ်သည် ပြည်ထောင်စုနှင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအကြား ကဏ္ဍအလိုက် လုပ်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ခွဲဝေအုပ်ချုပ်ရသောစနစ်ဖြစ်သည်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအနေဖြင့် ရရှိထားသော လုပ်ပိုင်ခွင့်အာဏာများကို အပြည့်အဝ ကျင့်သုံးနိုင်မှသာ စစ်မှန်သောဖက်ဒရယ်စနစ်ဖြစ်သည်။ ထိုသို့ လုပ်ပိုင်ခွင့်အာဏာများကို အပြည့်အဝကျင့်သုံးနိုင်ရန်အတွက် နိုင်ငံရေးမဏ္ဍိုင်များဖြစ်ကြသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့အပြင် စီမံခန့်ခွဲပိုင်ခွင့်များကို အပြည့်အဝ ပိုင်ဆိုင်ကျင့်သုံးရန် လိုအပ်သည်။

ဥပမာ - ပညာရေးကဏ္ဍကို ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာအဖြစ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည်ဆိုပါစို့။ သို့ရာတွင် မဏ္ဍိုင်(၄) ရပ်ထဲမှ တရားစီရင်ရေးကိုသာ ပြည်နယ်များက ကျင့်သုံးပိုင်ခွင့်ရှိလျှင် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းမည်။ ထိုဥပဒေများကို ပြည်ထောင်စုအစိုးရက အကောင်အထည်ဖော်မည်။ ပြည်ထောင်စုအစိုးရ၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ စီမံခန့်ခွဲမည်။ ပြည်နယ်များအနေဖြင့် အဆိုပါအကောင်အထည်ဖော်ဆောင်မှုများထဲမှ တက်လာသော အမှုများကိုသာ တရားစီရင်ပိုင်ခွင့်ရှိမည်။ ထိုသို့တရားစီရင်ရာတွင်လည်း ပြည်ထောင်စုက ပြဌာန်းထားသော ဥပဒေနှင့်အညီသာ လုပ်ဆောင်ပိုင်ခွင့်ရှိမည်ဖြစ်သောကြောင့် အင်မတန်မှ လုပ်ပိုင်ခွင့်မရှိသော၊ အားနည်းသော ပြည်နယ်အစိုးရသာဖြစ်ပေမည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်များ၏ ကဏ္ဍအလိုက်လုပ်ပိုင်ခွင့်အာဏာများကို သတ်မှတ်ထားသော်လည်း နိုင်ငံရေးမဏ္ဍိုင် (၄) ရပ်တွင် ဥပဒေပြုရေးသာရှိသည်။ ပြည်နယ်အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်ကို သမ္မတမှ ခန့်အပ်သည်။ ပြည်ထောင်စု၏ တရားစီရင်ရေးအောက်တွင် ပြည်နယ်တရားသူကြီးများနှင့် ပြည်နယ်တရားရုံးများကို ထားရှိသည်။ စီမံခန့်ခွဲရေးတွက် အထွေထွေအုပ်ချုပ်ရေးကို ပြည်ထောင်စုအစိုးရ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိသည်။

စစ်မှန်သောဖက်ဒရယ်စနစ်တွင်မူ ပြည်နယ်အစိုးရများသည် နိုင်ငံရေးမဏ္ဍိုင် (၄) ရပ်စလုံးကို ပိုင်ဆိုင်ကြသည်။ ဆိုလိုသည်မှာ ပြည်နယ်အစိုးရများသည် ပြည်နယ်သူပြည်နယ်သားများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိကြသည်။

အဘယ့်ကြောင့် ပြည်နယ်များတွင် နိုင်ငံရေးမဏ္ဍိုင် (၄) ရပ်စလုံး ရှိဖို့ လိုအပ်သလဲ?

ဥပဒေပြုရေးမဏ္ဍိုင်

ဖက်ဒရယ်စနစ်တွင် ပြည်နယ်များအနေဖြင့် ကဏ္ဍအလိုက်ခွဲဝေထားသော အာဏာများကို ဥပဒေပြုပိုင်ခွင့် ရှိရန်လိုအပ်သည်။ ယဉ်ကျေးဆိုင်ရာ မတူကွဲပြားမှုများကို အကာအကွယ်ပေးနိုင်ရန်၊ ပြည်ထောင်စုအစိုးရ၏ အာဏာစက်ကို ထိန်းညှိရန်၊ ပြည်နယ်အတွင်းရှိ ပြည်သူများ၏ ကိုယ်စားပြုပါဝင်မှုကို မြှင့်တင်ရန်၊ ဒေသခံပြည်သူများ၏ အသိပညာများကို အသုံးပြုနိုင်ရန်နှင့် မူဝါဒ၊ လုပ်ငန်းစဉ်များကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်နယ်ဥပဒေပြုရေး လွှတ်တော်များမှ ဥပဒေပြုပိုင်ခွင့်အာဏာ အပြည့်အဝရှိရန်လိုအပ်သည်။

အုပ်ချုပ်ရေးမဏ္ဍိုင်

ပြည်နယ်အစိုးရများအနေဖြင့် အုပ်ချုပ်ရေးအာဏာရှိရန်လိုအပ်ပြီး ပြည်နယ်၏ အုပ်ချုပ်ရေးအကြီးအကဲ (ဝါ) ပြည်နယ်ဝန်ချုပ်ကြီးချုပ်ကို ၎င်းပြည်နယ်အတွင်းနေထိုင်သော ပြည်သူများကိုယ်တိုင် ရွေးချယ် နိုင်ခွင့်သည် အင်မတန်မှ အရေးပါသောအချက်ဖြစ်သည်။ ထိုသို့ပြုလုပ်မှသာလျှင် ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းလိုက်သောဥပဒေများကို ပြည်နယ်ဝန်ကြီးချုပ်က အကောင်အထည်ဖော်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ပြည်နယ်အကြီးအကဲသည် ပြည်ထောင်စုအစိုးရက ခန့်အပ်ထားသူဖြစ်လျှင် ပြည်နယ်လွှတ်တော်ကအတည်ပြုလိုက်သော ဥပဒများတွင် ပြည်ထောင်စုအစိုးရက မနှစ်သက်သော ဥပဒေများရှိပါက အကောင်အထည်ဖော်ခြင်း မပြုပဲ လျစ်လျှူရှုခြင်းများ ရှိလာနိုင်ပါသည်။ ဆိုလိုသည်မှာ ပြည်နယ်အကြီးအကဲသည် သူ့ကိုခန့်အပ်သော ပြည်ထောင်စုအစိုးရကိုသာ တာဝန်ခံသောကြောင့် ဖြစ်သည်။

တစ်ဖက်တွင် ပြည်ထောင်စုအစိုးရကခန့်အပ်လိုက်သော ပြည်နယ်အကြီးအကဲအနေဖြင့် ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သောဥပဒများကို လက်တွေ့အကောင်အထည်ဖော်လို သော်လည်း ပြည်ထောင်စုအစိုးရကို တာဝန်ခံနေရသောကြောင့် အခက်တွေ့နိုင်သည်။ ပြည်နယ်လွှတ်တော်မှရေးဆွဲသော ဥပဒေများ၏ အဓိပ္ပါယ်နှင့် ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ရန် ပြည်နယ်လွှတ်တော်၏ ရည်ရွယ်ချက်ကို သိရှိရန်လိုအပ်သည်။ ထိုသို့သိရှိနိုင်ရန် ဒေသန္တရယဉ်ကျေးမှုများနှင့် စံတန်ဖိုးများကို နားလည်ရန်လိုအပ်ပြီး ပြည်နယ်အုပ်ချုပ်ရေးအကြီးအကဲ အနေဖြင့် ဒေသခံလူထုများနှင့် ကောင်းမွန်သော ချိတ်ဆက်မှုရှိရန် လိုအပ်သည်။ ဥပမာ - တူမီးသေနတ်ကို တချို့ဒေသများတွင်မူ အန္တရာယ်ပြုစေနိုင်သောလက်နက်အဖြစ် ရှုမြင်သော်လည်း ချင်းပြည်နယ်တွင်မူ ဒေသခံများအတွက် အမဲလိုက်ရာတွင်အသုံးပြုသည့် နေ့စဉ်လူနေမှုဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

သမ္မတစနစ်တွင် ပြည်နယ်အုပ်ချုပ်ရေးအကြီးအကဲကို ပြည်နယ်သူပြည်နယ်သားများက တိုက်ရိုက်ရွေးချယ်တင်မြှောက်ကြသည်။ ထို့ကြောင့် ပြည်နယ်အုပ်ချုပ်ရေးအကြီးအကဲသည် ပြည်နယ်သူပြည်နယ်သားများကို တိုက်ရိုက်တာဝန်ခံပါသည်။ ပါလီမန်စနစ်တွင်မူ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ခန့်အပ်ထားသောကြောင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်သူလူထုကို ပြည်နယ်လွှတ်တော်မှတဆင့် သွယ်ဝိုက်နည်းဖြင့်တာဝန်ခံသည်။ ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်ခန့်အပ်ခြင်းနှင့် ဖြုတ်ချခြင်းကို ပြည်နယ်လွှတ်တော်က ဆောင်ရွက်ရသည်။ တစ်ဖက်တွင်လည်း ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်ကို ဖျက်သိမ်းနိုင်သည်။ အများစုက ပါလီမန်စနစ်ကို ပိုမိုနှစ်သက်ကြသည်။ အကြောင်းမှာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်တို့သည် အပြန်အလှန်ထိန်းညှိခြင်းဖြင့် အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုအာဏာအကြားအငြင်းပွါးမှုကို လျော့နည်းစေသောကြောင့်ဖြစ်သည်။

တရားစီရင်ရေးမဏ္ဍိုင်

ဥပဒေကို ရှုထောင့် နှစ်ခုဖြင့် ကြည့်နိုင်သည်။ တစ်ခုမှာ ဥပဒေကို ဓမ္မဓိဌာန်ကျသော သိပ္ပံဘာသာရပ် (Law as an Objective Science) အဖြစ် ရှုမြင်ခြင်းဖြစ်သည်။ ဥပဒေကို ဓမ္မဓိဌာန်ကျသော သိပ္ပံဘာသာရပ် ရှုထောင့်မှကြည့်လျှင် ကောင်းမွန်စွာသင်ကြားလေ့ကျင့်ထားသော ဥပဒေပညာရှင်များက ပြည်ထောင်စုနှင့် ပြည်နယ်ဥပဒေနှစ်ရပ်စလုံးကို တူညီစွာအနက်အဓိပ္ပါယ် ပြန်နိုင်သောကြောင့် တချို့သောဖက်ဒရယ်နိုင်ငံများတွင် ပြည်ထောင်စုနှင့် ပြည်နယ်ဥပဒေနှစ်ရပ်လုံးကို ကိုင်တွယ်ရန် တရားစီရင်ရေးမဏ္ဍိုင်ကို ပြည်ထောင်စုအစိုးရတွင်သာ ထားရှိကြသည်။ အခြားတစ်ခုမှာ အစိုးရက ပြည်သူများ၏လူနေမှုဘဝသာယာဝပြောအောင် ဖန်တီးနိုင်ရန်အတွက် ဥပဒေကိုအသုံးပြုခြင်း (Law as a Social Engineering) ဟူသော ရှုထောင့်ဖြစ်သည်။ လူနေမှုဘဝသာယာရေးဟု ဆိုရာတွင် ဒေသတစ်ခုနှင့် အခြားဒေသတစ်ခုတွင် သီးခြားစံသတ်မှတ်ထားချက်များ၊ တန်ဖိုးများနှင့် သဘောထားအမြင်များရှိသည်။

ပြည်နယ်တစ်ခုနှင့် အခြားပြည်နယ်တစ်ခုတွင် စံတန်ဖိုးများအပေါ် မတူညီသော အမြင်အမျိုးမျိုး ရှိကြမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းကို ဦးစားပေးမည်လော၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးမည်လော။ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးမည်လော၊ လူတစ်ဦးစီတိုင်း၏ အခွင့်အရေးကို ဦးစားပေးမည်လော။ လူ့ကိုယ်ကျင့်တရားကို ဦးစားပေးမည်လော၊ လူတိုင်း၏ သီးသန့်ဘဝဖြစ်တည်မှုကို အကာအကွယ်ပေးမည်လော။ မတူကွဲပြားမှုကို ဦးစားပေးမည်လော၊ ညီညွတ်ရေးကို ဦးစားပေးမည်လော။ အကယ်၍ ပြည်နယ်တရားစီရေးမဏ္ဍိုင်ရှိ တရားသူကြီးများကို ပြည်ထောင်စုအစိုးရက ခန့်အပ်မည် ဆိုပါက ပြည်ထောင်စုအစိုးရကရှုမြင်သည့် စံတန်ဖိုးများနှင့်အညီသာ တရားစီရင်သွားမည်ဖြစ်သည်။ ထို့ကြောင့် တရားစီရင်ရေးကဏ္ဍတွင် ဒေသခံလူထုများ၏ ဓလေ့ထုံးထမ်းနှင့်အညီ စီရင်ဆောင်ရွက်နိုင်ရေးအတွက် ဒေသန္တရဗဟုသုတများ သိရှိနားလည်သော တရားသူကြီးများကို ပြည်သူလူထုကရွေးကောက် တင်မြှောက်ထားသည့် ပြည်နယ်အစိုးရက ရွေးချယ်ခန့်အပ်ထားရန် လိုအပ်သည်။

စီမံခန့်ခွဲရေးမဏ္ဍိုင်

စီမံခန့်ခွဲရေးကဏ္ဍတွင် စီမံခန့်ခွဲမှုသည် အုပ်ချုပ်ရေး၏ အစိတ်ပိုင်းဖြစ်သည်ဟူသော အမြင်နှင့် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကို သီးခြားစီထားသင့်သည်ဆိုသော မတူညီသည့်အမြင် နှစ်မျိုးရှိသည်။ စီမံခန့်ခွဲရေးဆိုင်ရာမူဝါဒချမှတ်ရေးတွင် အုပ်ချုပ်ရေး၏ နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် သဟဇာတဖြစ်နိုင်ရန်အတွက် ပြည်နယ်စီမံခန့်ခွဲရေးဌာန အကြီးအကဲများကို ပြည်နယ်ဝန်ကြီးချုပ်က ခန့်အပ်တာဝန်ပေးရန် လိုအပ်သည်။ သို့သော်လည်း ဝန်ထမ်းများသည် နိုင်ငံရေးဘက်လိုက်မှု ကင်းစင်သော ပြည်သူ့ဝန်ထမ်းများဖြစ်ရန် လိုအပ်သည်။ ဆိုလိုသည်မှာ ဝန်ထမ်းများအနေဖြင့် ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင်ခွဲခြားမှု မပြုပဲ စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ပြည်သူ့ဝန်ကို ထမ်းဆောင်ပေးရန်ဖြစ်သည်။ ထိုသို့ထမ်းဆောင်ရာတွင် ဥပဒေပြုတစ်ခု၏ စံတန်ဖိုး၊ သဘောသဘာဝ၊ နိုင်ငံရေးအမြင်များကို နားလည်သဘောပေါက်မှသာလျှင် ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ဝန်ထမ်းများသည် လွှတ်တော်၏လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံရေးအစွဲမပါပဲ လွှတ်တော်၏ နိုင်ငံရေးဦးတည်ချက်များကို နိုင်ငံရေးဘက်လိုက်မှုကင်းရှင်းစွာဖြင့် ဆောင်ရွက်ရန်လိုအပ်သည်သာမက တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ၏ သဘောထားများကိုလည်း နားလည်ရန်လိုအပ်သည်။

ဂျာမန်ပုံစံ

တချို့သောဖက်ဒရယ်နိုင်ငံ(ဂျာမဏီ၊ အိန္ဒိယ၊ မလေးရှား၊ ဆွစ်ဇာလန်၊ ဩစတြီးယား) များတွင် ပြည်နယ်စီမံကိန်းများအပြင် ပြည်ထောင်စုစီမံကိန်းများကိုလည်း ပြည်နယ်ကသာ အကောင်အထည်ဖော်ပြီး ပြည်ထောင်စုအစိုးရတွင် စီမံခန့်ခွဲရေးအာဏာမရှိပေ။ ပြည်နယ်များက ပြည်ထောင်စုအစိုးရ၏ ချုပ်ကိုင်မှုနည်းစွာဖြင့် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအနေဖြင့် မူဝါဒရေးရာ ဥပဒေမူဘောင်ကိုသာ ချမှတ်ပေးသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ

- ပြည်နယ်အစိုးရများတွင် နိုင်ငံရေးမဏ္ဍိုင် (၄) ရပ်စလုံးမရှိပါ။
- လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ (၇၅) ရာခိုင်နှုန်းကိုသာ ပြည်နယ်သူပြည်နယ်သားများက ရွေးကောက်တင်မြှောက်နိုင်သည်။
- ကျန်ရှိသည့် ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေးဦးစီးချုပ်ကသာခန့်အပ်သည်။
- ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက ခန့်အပ်သည်။
- ပြည်နယ်တရားသူကြီးများကိုလည်း သမ္မတကသာ ခန့်အပ်ပြီး
- ပြည်နယ်စီမံကိန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စီမံခန့်ခွဲသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်အတုအယောင်ဖြစ်ပြီး ပြည်နယ်များကို တချို့သော ကဏ္ဍအလိုက် အနည်းငယ် လုပ်ပိုင်ခွင့်ပြုထားသော်လည်း မဏ္ဍိုင်ကြီ (၄) ရပ်တွင် ဥပဒေပြုရေးအာဏာ တစ်စိတ်တစ်ပိုင်းသာရှိသည်။ ထို့ကြောင့် အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရာတွင် စစ်မှန်သော ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ရေးအတွက် ပြည်နယ်များအနေဖြင့် ကဏ္ဍအလိုက် လုပ်ပိုင်ခွင့်အာဏာများ ရှိရမည့်အပြင် ထိုကဏ္ဍများကို မဏ္ဍိုင် (၄) ရပ်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စီမံခန်ခွဲပိုင်ခွင့် အပြည့်အဝဖြင့် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးလိုအပ်မည်ဖြစ်ပါသည်။



မှတ်ချက်။

ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပလျှက်ရှိသည့် Federal Dialogue Series တွင် Prof. David Williams ၏ ဆွေးနွေးတင်ပြမှုကို မြန်မာဘာသာဖြင့် ဆီလျော်အောင် ပြန်ဆိုထားခြင်း ဖြစ်ပါသည်။