ဖက်ဒရယ်စနစ်အတွင်းရှိ ဒေသန္တရအစိုးရများ၏ အခန်းကဏ္ဍ - ဖက်ဒရယ်မှတ်စုများ အပိုင်း (၄)


ဒေသန္တရအစိုးရဟူသည် လူထုနှင့်အနီးဆုံးအစိုးရအလွှာဖြစ်သည့်အတွက် ပြည်သူလူထုနှင့် အစိုးရအကြားဝန်ဆောင်မှုရယူခြင်းဆိုင်ရာကိစ္စတွင် မည်သည့် ကြားခံမျှမလိုဘဲ
တိုက်ရိုက်ရယူနိုင်သည့် အစိုးရအလွှာလည်း ဖြစ်ပါသည်။ ပြည်သူလူထု၏ သဘောထားနှင့် လိုလားချက်များကို အနီးစပ်ဆုံးသိနိုင်ပြီး ပြည်သူလူထုကိုယ်တိုင် ပါဝင်ပတ်သက်နိုင်မှု အမြင့်ဆုံးအစိုးရအလွှာဖြစ်ကာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် စွမ်းဆောင်ရည်တို့ကို လူထုက တိုက်ရိုက်အကဲဖြတ်နိုင်သည်။ ဒေသန္တရလိုအပ်ချက်များသာမက ဘာသာစကားနှင့် ယဥ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ ဓလေ့ထုံးတမ်းများနှင့် လူနည်းစုများထဲမှ လူနည်းစုဆိုင်ရာ အရေးကိစ္စရပ်များအပါအဝင် ဂျန်ဒါတန်းတူညီမျှမှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကိုပါ အလေးထားဆောင်ရွက်နိုင်သည့် အစိုးရအလွှာလည်းဖြစ်သည်။

ဤစာတမ်းတွင် ဒေသန္တရအစိုးရ ရေပန်းစားလာရခြင်းအကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒေသန္တရအစိုးရ၊ ဒေသန္တရအစိုးရများ၏ လုပ်ငန်းတာဝန်များ၊ ဒေသန္တရအစိုးရနှင့် အမျိုးသမီးများကဏ္ဍ စသည်ဖြင့် ဒေသန္တရအစိုးရနှင့်ဆက်နွယ်သည့်အကြောင်းအရာများကို ဆွေးနွေးတင်ပြထားပါသည်။ စာတမ်းပါ အချက်အလက်များသည် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနှင့် နိုင်ငံတကာပညာရှင်များ ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများမှ ဆွေးနွေးချက်များကို အခြေခံ၍ စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။ သီအိုရီများ၊ သီအိုရီများဆိုင်ရာမူဘောင်များ မဟုတ်သလို ပညာရပ်ဆိုင်ရာ စာတမ်းလည်း မဟုတ်ပါ။

ဆွေးနွေးပွဲများဖြစ်မြောက်ရန်နှင့် ယခုကဲ့သို့ အနှစ်ချုပ်မှတ်စုများပြုစုနိုင်ရန် ကူညီထောက်ပံ့သော S.F.I.G ကိုလည်း ကျေးဇူးတင်ပါသည်။ ဤစာတမ်းပါအချက်အလက်များသည် ဝန်ကြီးဌာနနှင့် S.F.I.G ၏ သဘောထားမဟုတ်ကြောင်း ရှင်းလင်းစွာ အသိပေးအပ်ပါသည်။