ဖက်ဒရယ်စနစ်အတွင်းရှိ အစိုးရအလွှာများအကြား ဆက်ဆံရေး - ဖက်ဒရယ်မှတ်စုများ အပိုင်း (၃)

ဖက်ဒရယ်စနစ်တွင် Self-rule ဟုခေါ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် Shared-rule ဟုခေါ်သည့် စုပေါင်းအုပ်ချုပ်ခြင်းဟူ၍ နှစ်ရပ်ရှိသည်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် အရေးပါလှပြီး ပြည်နယ်များသည် ၎င်းတို့၏ ယဥ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့၊ သမိုင်းနှင့်ပတ်သက်၍ ကိုယ်ပိုင်အုပ်ချုပ်စီမံကြသည်။ သို့သော် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို စုစည်းပေးမည့် စုပေါင်းအုပ်ချုပ်ခြင်းဖြင့် မယှဥ်တွဲခဲ့သော် ဖက်ဒရယ်စနစ်၏ အနှစ်သာရကို ရရန်ခဲယဥ်းလှသည်။ ထို့ကြောင့် ဖက်ဒရယ်စနစ်ကောင်းမွန်စွာလည်ပတ်နိုင်ရန် အုပ်ချုပ်ခြင်း (၂) မျိုးမှာ ဆတူအရေးပါလှပါသည်။ တစ်ဖက်စောင်းနင်းဖြစ်ခဲ့သည်ရှိသော် ဖက်ဒရယ်စနစ်၏ အနှစ်သာရပျက်ယွင်းတတ်ပါသည်။

ဤစာတမ်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခြင်း၊ စုပေါင်းအုပ်ချုပ်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခြင်း၊ စုပေါင်းအုပ်ချုပ်ခြင်းအတွက် တည်ဆောက်ထားသည့် အစိုးရအလွှာများ၊ အစိုးရအင်စတီကျူးရှင်းများအကြား ဆက်ဆံရေးများကို ဆွေးနွေးတင်ပြထားပါသည်။ စာတမ်းပါ အချက်အလက်များသည် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနှင့် နိုင်ငံတကာပညာရှင်များ ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများမှ ဆွေးနွေးချက်များကို အခြေခံ၍ စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။ သီအိုရီများ၊ သီအိုရီများဆိုင်ရာမူဘောင်များ မဟုတ်သလို ပညာရပ်ဆိုင်ရာ စာတမ်းလည်း မဟုတ်ပါ။

ဆွေးနွေးပွဲများဖြစ်မြောက်ရန်နှင့် ယခုကဲ့သို့ အနှစ်ချုပ်မှတ်စုများပြုစုနိုင်ရန် ကူညီထောက်ပံ့သော S.F.I.G ကိုလည်း ကျေးဇူးတင်ပါသည်။ ဤစာတမ်းပါအချက်အလက်များသည် ဝန်ကြီးဌာနနှင့် S.F.I.G ၏ သဘောထားမဟုတ်ကြောင်း ရှင်းလင်းစွာ အသိပေးအပ်ပါသည်။