ဖက်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) [FCDCC]

နိဒါန်း


            လွတ်လပ်မှု၊ တန်းတူမှု၊ တရားမျှတမှုတည်းဟူသော လောကပါလတရားကို ဦးထိပ်ထားလျက် ကျွနု်ပ်တို့ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတို့သည် ငြိမ်းချမ်းသာယာဝပြော၍ ထာဝစဉ်အဓွန့်ရှည်တည် တံ့ခိုင်မြဲမည့် ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းညီညာ တည်ဆောက်အံ့သောငှာ ဤဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းအပ်ပေသည်။

 

          ဤဖက်ဒရယ်ပြည်ထောင်စုနယ်မြေအတွင်း၌ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် ရှေးပဝေသဏီကပင် ကိုယ့်ထီးကိုယ်နန်း ကိုယ့်ကြငှန်းဖြင့် လွတ်လပ်စွာနေထိုင်ခဲ့ကြပေသည်။ တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့သည် သမိုင်းခေတ်အဆက်ဆက်တွင် သီးခြားလွတ်လပ်စွာ နေထိုင်ခဲ့ကြသော်လည်း ဗြိတိသျှကိုလိုနီနယ်ချဲ့၏ သိမ်းပိုက်မှုအောက်တွင် နှစ်ပေါင်းများစွာ အတူတကွ ကျွန်ပြုခြင်းခံခဲ့ကြရပါသည်။ ထို့ကြောင့် မိမိတို့ဆုံးရှုံး ခဲ့ကြသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတို့ကို အတူတကွ ပြန်လည်ရယူပြီး ပြည်ထောင်စုကြီးကိုပါ တပြိုင်နက် ထူထောင်ရန် ပင်လုံညီလာခံကြီးကို ၁၉၄၇ ခုနှစ်တွင် ခေါ်ယူကျင်းပခဲ့ကြသည်။

   

       ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို ဦးတည်ရည်မှန်း၍ ပင်လုံစာချုပ်ကြီးတွင် ညီညာဖျဖျ လက်မှတ်ရေးထိုးခဲ့ကြပြီး လွတ်လပ်ရေးကို လက်ဝယ်ပိုင်ပိုင် ပြန်လည် ရရှိစေ ကာမူ၊ သက်ဆိုင်ရာအာဏာပိုင်များက အကောင်အထည်ဖော် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြသည့်အတွက် ရာစုနှစ်ဝက်ကျော် ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ပြီး လူ့အသက်အိုးအိမ်စည်းစိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရလေ သည်။ ထို့အပြင် ၁၉၆၂ ခုနှစ်မှစ၍ အဆက်ဆက်သော အာဏာရှင်စနစ်ဆိုးတို့ကြောင့် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးတို့ ဆိတ်သုဉ်းခဲ့ရသည်သာမက ၁၉၄၇ ခုနှစ်တွင် တန်းတူရေးအခြေခံမူဖြင့် ပြည်ထောင်စုအဖွဲ့ဝင်များ ဖြစ်လာခဲ့ကြသော တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပါ ဆုံးရှုံးခဲ့ရလေသည်။ ထို့ကြောင့် ပြည်ထောင်စုသားအားလုံး ရင်နင့်ဖွယ်ကြုံတွေ့ခဲ့ရသော အတွေ့အကြုံနှင့် ခါးသီးစွာ ခံစားခဲ့ရသောအဖြစ်အပျက်များကို ကျွနု်ပ်တို့သည် မေ့လျော့ခြင်းငှာ မပြုအပ်ပေ။


         ထိုသို့သော အတိတ်ကာလ၏အမှားများကို ရှောင်လွှဲနိုင်ရန်၊ ကျွနု်ပ်တို့အားလုံး၏ အနာဂတ်ရည်မှန်း ချက်များကို ဖော်ဆောင်နိုင်ရန် အလို့ငှာ - တိုင်းရင်းသားလူမျိုးများအားလုံး နိုင်ငံရေးနှင့်လူမျိုးရေးအရ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ပြည်နယ်များဖြင့် ပြည်ထောင်စု ဖွဲ့စည်းရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ကျား-မ တန်းတူရေးအပေါ် အာမခံရေး၊ တိုင်းရင်းသားလူမျိုးစုလူနည်းစုများ၏ အခွင့်အရေးအတွက် အာမခံရေး၊ နိုင်ငံရေးနှင့်ဘာသာရေး ရောထွေးမှုကင်းစင်ရေးနှင့် စစ် အာဏာရှင်စနစ် ထပ်မံမပေါ်လာစေရေးအတွက် အရပ်သားအုပ်ချုပ်ရေးအောက်တွင် စစ်တပ်ကိုထားရှိရေး အစရှိသော အခြေခံမူကြီးများကို ကျောရိုးမဏ္ဍိုင်ပြု၍ ရေးဆွဲပြဋ္ဌာန်းသည့်  ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဖြစ်ပါ သည်။


            ထို့ကြောင့် ဤဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွတ်လပ်မှု၏အသီးအပွင့်များကို မိမိတို့အတွက်သာမက နောင်လာနောက်သား သားစဉ်မြေးဆက်များအထိ ရရှိခံစားစေပြီး၊ အမှောင်ကိုခွင်း၍ အလင်းကိုဆောင်ဘိသကဲ့သို့ အတိတ်၏ အနိဋ္ဌာရုံများကို လုံးဝပျက်ပြယ်ကွယ်ပျောက်စေလျက် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည်နိုင်သည့် လွတ်လပ်၍ အချုပ်အခြာအဏာပိုင်သော ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ အမြင့်ဆုံးဥပဒေအဖြစ် လိုက်နာကျင့်သုံးနိုင်ရန်အတွက် အခိုင်အမာ ပြဋ္ဌာန်းလိုက်သည်။