ဖက်ဒရယ်စာစောင်။ အမှတ် (၇)။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ကျင့်သုံးသင့်သည့် ဒီမိုကရေစီစနစ်


(၁) ဒီမိုကရေစီ အဓိပ္ပာယ်ဖွင့်ဆိုချက်

"ဒီမိုကရေစီ" ဟူသော စကားလုံးသည် "Demos" နှင့် "Kratos" ဟူသော ဂရိစကားလုံးနှစ်ခုမှ ဆင်းသက်လာ သည်။ "Demos" ဟူသော ဂရိစကားလုံးသည် "လူထု"(People) ဟု အဓိပ္ပာယ်ရှိပြီး၊ "Kratos"သည် "အုပ်ချုပ် ခြင်း" (Rule) ဟူ၍ အဓိပ္ပာယ်ရသည်။ ထိုစကားလုံးနှစ်ခုကို ပေါင်းစပ်သောအခါ ဒီမိုကရေစီကို   "လူထုအုပ်ချုပ် ခြင်းစနစ်"ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။

            ဒီမိုကရေစီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ - ပြည်သူလူထုသာလျှင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်ရှင်များဖြစ်သည်။ နိုင်ငံတော်အချုပ်အခြာအာဏာကို ပိုင်ဆိုင်ခြင်းဟုဆိုရာ၌ နိုင်ငံတော်အချုပ်အခြာအာဏာ ၏ ရေသောက်မြစ်သုံးသွယ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ ကို ပြည်သူလူထုက မိမိတို့ဆန္ဒအတိုင်း လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့် အခွင့်အာဏာများ ရရှိ ခြင်းကိုဆိုလိုသည်။ ထိုသို့ ကျင့်သုံးရာတွင်သော်လည်းကောင်း၊ စီမံခန့်ခွဲရာတွင်သော်လည်းကောင်း၊ လွတ်လပ် စွာ တာဝန်ယူပိုင်ခွင့်နှင့် တာဝန်ခံပိုင်ခွင့် အခွင့်အာဏာများကိုလည်း ပြည်သူလူထုက လက်ဝယ်ပိုင် ဆိုင်ထားကြ သည်။ ယင်းသည် "အုပ်ချုပ်ခြင်း"သာမက နိုင်ငံရေးအာဏာတရပ်လုံးကို လူထုက လက်ဝယ်ပိုင်ဆိုင်ထားသော ကြောင့် ဒီမိုကရေစီစနစ်ကို "လူထုထံတွင် အာဏာရှိသောစနစ်" (People’s Power) ဟုလည်း တချို့က အဓိပ္ပာယ် ဖွင့်ဆိုကြခြင်း ဖြစ်သည်။

            ယခုခေတ်တွင် နိုင်ငံရေးအာဏာများကို လက်ဝယ်ပိုင်ဆိုင်ကျင့်သုံးရာ၌ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများနှင့် မတူပေ။ လူထုက တိုက်ရိုက်အုပ်ချုပ်ခြင်းထက် ရွေးကောက်ပွဲများ ကျင်းပ၍ ကိုယ်စားလှယ်များကို ရွေးချယ် တင်မြှောက်ခြင်းစနစ်ကို ကျင့်သုံးကြသည်က ပိုများသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်ကို "လူထုအုပ်ချုပ်ခြင်း" ဆိုသော အဓိပ္ပာယ်ထက် "လူထုထံတွင် အာဏာရှိခြင်း" ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အများက ပို၍လက်ခံ လာသည်။ သို့ရာတွင် ထိုအဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်မျိုးစလုံးသည် အနက်အဓိပ္ပာယ်အားဖြင့် အတူတူပင်ဖြစ်သည်။

            ဒီမိုကရေစီစနစ်ကို လူထုအုပ်ချုပ်ခြင်းစနစ်ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်ဖြစ်စေ၊ လူထုထံတွင် အာဏာ အပြည့်အဝရှိသောစနစ်ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်ဖြစ်စေ၊ ပြည်သူလူထုက မိမိတို့၏ မွေးရာပါအခွင့်အရေး အဖြစ် ပိုင်ဆိုင်ထားသော "နိုင်ငံတော်အချုပ်အခြာအာဏာ"ကို ကိုင်တွယ်ကျင့်သုံးရာ၌ အောက်ပါအင်္ဂါရပ် များနှင့် ပြည့်စုံရမည် ဖြစ်သည်။

(၁)       ဒီမိုကရေစီစနစ်၏ အလေးနက်ဆုံးသော အနှစ်သာရသည် နိုင်ငံတော်အချုပ်အခြာအာဏာကို ပြည်သူ လူထုတရပ်လုံးက စုပေါင်းပိုင်ဆိုင်ခြင်းဖြစ်သည်။

(၂)        နိုင်ငံတော်အချုပ်အခြာအာဏာကို စုပေါင်းပိုင်ဆိုင်ထားသောပြည်သူလူထုကြီးကို  "နိုင်ငံသား" များဟု ခေါ်သည်။ ထို့ကြောင့် "နိုင်ငံသား" (Citizen) ၏အဓိပ္ပာယ်သည် နိုင်ငံတော်အချုပ်အခြာအာဏာကို စုပေါင်းပိုင်ဆိုင်ထားသော ပြည်သူလူထုဟု အဓိပ္ပာယ်ရသည်။ နိုင်ငံသားများသည် နိုင်ငံတော်အချုပ် အခြာအာဏာကို စုပေါင်းပိုင်ဆိုင်ခွင့်သာမက၊ စုပေါင်းကာကွယ်ခွင့်၊ တာဝန်ခံခွင့်နှင့်တာဝန်ယူခွင့်စသည့် အခွင့်အရေးများလည်း အပြည့်အဝ ရရှိထားကြသည်။

(၃)       နိုင်ငံတော်အချုပ်အခြာအာဏာကို စုပေါင်းပိုင်ဆိုင်ကြသော နိုင်ငံသားများသည် မိမိတို့၏ကံကြမ္မာကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ဖန်တီးခွင့်၊ တာဝန်ယူပိုင်ခွင့်နှင့် တာဝန်ခံပိုင်ခွင့်များဟူသည့် "ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်" အပြည့်အဝရှိကြသည်။ ထို့ကြောင့် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော တိုင်းပြည် တခု၏ နိုင်ငံသားများသည် "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်" ရှိသော ပြည်သူပြည်သားများလည်း ဖြစ်ကြသည်။

(၄)       ပြည်သူလူထုတရပ်လုံးက နိုင်ငံတော်အချုပ်အခြာအာဏာကို ပိုင်ဆိုင်နေပါသည်ဟု ဆိုရာ၌ ပြည်သူ လူထုက နိုင်ငံတော်အချုပ်အခြာအာဏာ၏ ရေသောက်မြစ်သုံးသွယ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို လက်ဝယ်ထားပြီး လွတ်လပ်စွာ ကျင့်သုံးနိုင်ခွင့် ကိုဆိုလိုသည်။ ထို့အပြင် ထိုနိုင်ငံရေးအာဏာ (၃) ရပ်ကို ခွဲခြား၍ကျင့်သုံးရမည်လည်း ဖြစ်သည်။

(၅)       ပြည်သူလူထုတရပ်လုံးက နိုင်ငံရေးအာဏာ (၃) ရပ်စလုံးကို လက်ဝယ်ထားကျင့်သုံးရာတွင် နည်းလမ်း များစွာရှိသည်။ လက်ရှိကာလတွင်အများဆုံးကျင့်သုံးလျက်ရှိသောနည်းလမ်းနှစ်ခုမှာ (၁) တိုက်ရိုက် ကျင့်သုံးခြင်းနှင့် (၂) မိမိတို့လက်ဝယ်ပိုင်ဆိုင်ထားသော နိုင်ငံရေးအာဏာများကို မိမိတို့ကရွေးချယ် တင်မြှောက်သောကိုယ်စားလှယ်များမှတဆင့် သွယ်ဝိုက်ကျင့်သုံးခြင်းတို့ ဖြစ်သည်။

 

(၆)       ပြည်သူလူထုက မိမိတို့ပိုင်ဆိုင်ထားသောနိုင်ငံရေးအာဏာများကိုတိုက်ရိုက်ကျင့်သုံးရာတွင် အများဆုံး ကျင့်သုံးသောနည်းလမ်းမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ အပါအဝင် လူထုဆန္ဒခံယူပွဲ အဆင့်ဆင့်တွင် တိုက်ရိုက်မဲပေးခြင်းဖြင့် မိမိတို့၏ လိုအင်ဆန္ဒအတိုင်း ဆုံးဖြတ်ပိုင်ခွင့်၊ တင်ပြခွင့်နှင့် မိမိတို့ရွေးချယ်တင် မြှောက်ထားပြီးသောကိုယ်စားလှယ်များကို "ပြန်လည်ရုပ်သိမ်းခွင့်" (The Right to Recall) တို့ ပါဝင် သည်။

(၇)       ဒီမိုကရေစီစနစ်တွင်"အစိုးရ"သည် ပြည်သူလူထုက မိမိတို့လက်ဝယ်ပိုင်ဆိုင်ထားသော နိုင်ငံရေးအာဏာ (၃) ရပ်အနက် အုပ်ချုပ်ရေးအာဏာကို ကိုင်စွဲကျင့်သုံးရန် တာဝန်ပေးအပ်ခြင်းခံရသော နိုင်ငံယန္တရား တခုမျှသာဖြစ်သည်။ တနည်းအားဖြင့်ဆိုပါက အစိုးရသည် ပြည်သူလူထုကို အလုပ်အကျွေးပြုရန် ဖန်တီးထားသော နိုင်ငံယန္တရားတခုသာဖြစ်သည်။ ထို့ကြောင့် အစိုးရသည် ပြည်သူလူထုအထက်တွင် မရှိအပ်ပေ။ ပြည်သူလူထုကသာလျှင် အစိုးရ၏အထက် (အပေါ်) တွင် ရှိနေရမည် ဖြစ်သည်။

(၈)       ဒီမိုကရေစီစနစ်တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ပြည်သူလူထုကပိုင်ဆိုင်ထားပြီး၊ အစိုးရသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ရေသောက်မြစ်သုံးသွယ်ထဲမှ အုပ်ချုပ်ရေးအာဏာကိုသာ ကိုင်တွယ် ကျင့်သုံးခွင့်ရှိသည့်အဖွဲ့ဖြစ်သောကြောင့် အစိုးရနှင့်နိုင်ငံတော်အချုပ်အခြာအာဏာကို ထပ်တူထပ်မျှ သဘောမထားသင့်ပေ။ အစိုးရသည် နိုင်ငံတော်အချုပ်အခြာအာဏာပိုင်ရှင်များမဟုတ်။ ပြည်သူလူထု သာလျှင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ပိုင်ရှင်များဖြစ်သည်။

(၉)       ဒီမိုကရေစီစနစ်တွင် တရားစီရင်ရေးအာဏာကို လွတ်လပ်သောတရားရုံးများက လွတ်လပ်စွာ ကျင့်သုံး ၍ လွတ်လပ်စွာတရားစီရင်ရမည်။ လွတ်လပ်သော တရားစီရင်ခြင်းဟုဆိုရာ၌ အစိုးရအာဏာ၊ ငွေကြေး ဓနနှင့် အခြားသော သြဇာလွှမ်းမိုးမှု မျိုးစုံမှ ကင်းလွတ်ရပေမည်။ တရားဥပဒေဟုဆိုရာ၌လည်း လူတဦး (သို့တည်းမဟုတ်) လူတစုက တဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားသော ဥပဒေ မဟုတ်ဘဲ၊ ပြည်သူလူထု တရပ်လုံး ၏ အများဆန္ဒနှင့်အညီ လူထုကိုယ်တိုင် ပါဝင်ရေးဆွဲသော ဥပဒေများသာလျှင်ဖြစ်ရမည်။ ထို့ ပြင် လူမျိုးတိုင်းက သမိုင်းအဆက်ဆက်ရိုးရာဓလေ့ထုံးတမ်းအဖြစ် ကျင့်သုံးလာခဲ့ပြီးနောက် ကျွမ်းကျင် သူဥပဒေပညာရှင်များနှင့် တရားရုံးများက ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်မွမ်းမံရေးသားထားပြီး ပြည်သူ လူထုက သူတို့ခေတ်တွင် ဆက်လက်ကျင့်သုံးအပ်သည်ဟု အတည်ပြုပြဋ္ဌာန်းထားသော ရိုးရာဓလေ့ ထုံးတမ်းဥပဒေများသာလျှင် ဖြစ်ရမည်။

(၁၀)     ဒီမိုကရေစီစနစ်သည် ပြည်သူလူထုက နိုင်ငံတော် အချုပ်အခြာအာဏာကို ပိုင်ဆိုင်ပြီး၊ နိုင်ငံရေးအာဏာ (၃) ရပ်စလုံးကိုလည်း လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့်ရှိသောစနစ်ပင်ဖြစ်သည်။ နိုင်ငံတော်အချုပ်အခြာ အာဏာကို ပိုင်ဆိုင်ပြီး နိုင်ငံရေးအာဏာ (၃) ရပ်စလုံးကို ကျင့်သုံးပိုင်ခွင့်ရှိသော ပြည်သူလူထုအတွက် အရေးကြီးဆုံးပိုင်ဆိုင်မှု၊ တနည်းအားဖြင့် ထိုပိုင်ဆိုင်မှုအားလုံး၏ အရင်းအမြစ်သည် လူသားတိုင်း၏ "အခြေခံလွတ်လပ်ခွင့်" (Fundamental Freedom) ပင် ဖြစ်သည်။ ထို့ကြောင့်  ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်သည် "လွတ်လပ်မှု"ပင် ဖြစ်သည်။ အခြေခံလွတ်လပ်ခွင့်မှမရှိလျှင် ပြည်သူလူထုက နိုင်ငံတော် အချုပ်အခြာအာဏာကို ပိုင်ဆိုင်ခြင်းဆိုသောအရာသည် အဓိပ္ပာယ်မရှိသောပိုင်ဆိုင်မှုသာဖြစ်သည်။ ထို အခြေအနေမျိုး နိုင်ငံရေးအာဏာ (၃) ရပ်ကိုလည်း လက်တွေ့ဘဝတွင် ကိုင်တွယ်ကျင့်သုံးပိုင်ခွင့်ရှိလိမ့် မည် မဟုတ်ပေ။

(၁၁)     ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်မှုကို ထိခိုက်စော်ကားပြီး အလွဲသုံးစားမှု မပြု နိုင်အောင် နိုင်ငံတော်ယန္တရားမျိုးစုံဖြင့် ကာကွယ်ရပေမည်။ အထူးသဖြင့် နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေ ဖြစ်သော "နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ" ဖြင့် အခိုင်အမာကာကွယ်ပြဋ္ဌာန်းပေးရမည်။ ထို့အပြင် ပြည်သူလူထုတရပ်လုံးက မိမိတို့၏ လက်တွေ့ဘဝတွင် လွတ်လပ်စွာ ကျင့်သုံးနိုင်ရေးအာမခံချက်ကို ဥပဒေရေးပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ (၃) ရပ်စလုံးဖြင့် ကာကွယ် စောင့်ရှောက်ရမည်။

(၁၂)      ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုတရပ်လုံးက ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရား စီရင်ရေးအာဏာတို့ကို မိမိတို့ကိုယ်စား ကျင့်သုံးခွင့်အပ်နှင်းထားသော ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ အစိုးရအဖွဲ့ဝင်များနှင့်တရားသူကြီးများကို လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့်ရှိသည်။ ထို့ ကြောင့် "ရွေးကောက်ပွဲ" သည် ဒီမိုကရေစီစနစ်တွင် မရှိမဖြစ်ကျင့်သုံးရမည့် ဒီမိုကရေစီအင်္ဂါရပ်တခု ဖြစ်သည်။

(၁၃)     ဒီမိုကရေစီစနစ်သည် လွတ်လပ်မှုကို အခြေခံသည့်စနစ်ဖြစ်သည်။ လွတ်လပ်သော လူသားတဦးချင်း စီ၏ဆန္ဒသဘောထားတူညီမှုအပေါ် အခြေခံ၍ အရာရာကိုအဆုံးအဖြတ်ပေးသောစနစ်လည်းဖြစ်သည်။ တဦးချင်းစီ၏တူညီသောဆန္ဒများ ပေါင်းစပ်မှုကို "အများဆန္ဒ"ဟူ၍ ခေါ်ဆိုလေ့ရှိသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်သည် "အများဆန္ဒ" ဖြင့် အဆုံးအဖြတ်ပေးသောစနစ်လည်းဖြစ်သည်။

(၁၄)     ဒီမိုကရေစီစနစ်သည် "အများဆန္ဒ"က အဆုံးအဖြတ်ပေးသည့်စနစ်ဟု ခေါ်ဆိုသော်လည်း  ထိုစနစ်သည် လူသားတဦးချင်းစီ၏ လွတ်လပ်မှု၊ လွတ်လပ်စွာ ခံယူထားသော ယုံကြည်မှုနှင့်ဆန္ဒတို့ကို အလေးအနက် ထားသောကြောင့် ဒီမိုကရေစီစနစ်တွင် အနည်းစု၏ သဘောဆန္ဒကိုလည်း လုံးဝဥပေက္ခာ မပြုသင့်ပေ။ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် လူနည်းစုအခွင့်အရေးများကို ဥပဒေဖြင့် ကာကွယ်ပြဋ္ဌာန်းပေးရမည်။

(၁၅)     ဒီမိုကရေစီစနစ်တွင်  ပြည်သူလူထုတရပ်လုံး  ရရှိခံစားထိုက်သော"လွတ်လပ်မှု" ရှိခြင်း၏ ကောင်းကျိုး တရပ်မှာ မိမိတို့ပိုင်ဆိုင်ထားသောနိုင်ငံတော်အချုပ်အခြာအာဏာများကို မိမိတို့ကိုယ်စား ကိုင်တွယ်ကျင့် သုံးမည့် ပြည်သူ့ကိုယ်စားလှယ်များကို  လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများအခါအား လျော်စွာ ကျင်းပပြီး ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ ထိုနည်းတူ ထိုနိုင်ငံရေးအာဏာများကို ရွေး ချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့ကိုယ်စားလှယ်များက အလွဲသုံးစားမပြုရလေအောင် တရား ဥပဒေဖြင့် ထိန်းချုပ်ကာကွယ်ပိုင်ခွင့်အာဏာကိုလည်း ပြည်သူ့ထံတွင် တဖန်ပြန်လည်အပ်နှင်းထားရ မည်။

(၁၆)     ဒီမိုကရေစီစနစ်တွင် အမြင်ချင်းမတူညီသော လူပုဂ္ဂိုလ်တဦးနှင့်တဦး၊ ဘာသာစကားနှင့် ယဉ်ကျေးမှု မတူညီကြသော လူမျိုးတမျိုးနှင့် တမျိုး၊ ကိုးကွယ်ယုံကြည်မှု မတူညီကြသော ဘာသာဝင်တစုနှင့်တစု အကြား မတူညီသောအမြင်၊  မတူညီသော ဘာသာစကား၊ မတူညီသောယဉ်ကျေးမှုဓလေ့ထုံးစံနှင့် မတူညီသောကိုးကွယ် ယုံကြည်မှုများကို လွတ်လပ်စွာ တင်ပြခွင့်နှင့် ပြောဆိုခွင့်၊ ကျင့်သုံးခွင့်တို့ကိုပေး ထားသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်သည် ထိုမတူညီသော အမြင်၊ ဝါဒ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် "သည်းခံခြင်းတရား" ဖြင့် တည်ဆောက်မှသာ ဒီမိုကရေစီစနစ် အောင်မြင်နိုင်ပေမည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်၏ အဓိက မောင်းနှင်အားတခုသည် "သည်းခံခြင်းတရား" ဖြစ်သည်။

 

(၂) ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအာဏာများ ကျင့်သုံးပုံကျင့်သုံးနည်း

ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအာဏာများကို ပြည်သူလူထုက လက်ဝယ်ပိုင်ဆိုင်ထားရုံသာမက တိုက်ရိုက်ကိုင် တွယ်ကျင့်သုံးခွင့်လည်းရှိသည်။ နိုင်ငံရေးအာဏာများ ဟုဆိုရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ရေ သောက်မြစ်သုံးသွယ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာကိုဆိုလို သည်။ ယခုခေတ်တွင် ပြည်သူလူထုတရပ်လုံးက မိမိတို့လက်ဝယ်ပိုင်ဆိုင်ထားသော နိုင်ငံရေးအာဏာများကို လွတ်လပ်စွာ ကျင့်သုံးရာ၌ လက်တွေ့အကျဆုံးနှင့် အများဆုံးကျင့်သုံးသော နည်းလမ်းတခုမှာ ပြည်သူလူထုက မိမိတို့၏ကိုယ်စားလှယ်များကို တရားမျှတ၍ လွတ်လပ်သန့်ရှင်းပြီး အခါအားလျော်စွာ ကျင်းပလေ့ရှိသော ရွေးကောက်ပွဲမှတဆင့် ရွေးချယ်တင်မြှောက်ခြင်းပင် ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် မရှိ မဖြစ်လိုအပ်သောအင်္ဂါရပ်တခုဖြစ်သည်။

            ထိုသို့ အခါအားလျော်စွာ ရွေးကောက်ပွဲကျင်းပခြင်းသည် -

(၁)       ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတည်း ဟူသည့် နိုင်ငံရေး            အာဏာ သုံးရပ်စလုံး ပြည်သူ့လက်ဝယ်တွင် ထားရှိကြောင်း ပြသသည်။

(၂)        အရေးကြီးသောဆုံးဖြတ်ချက်များကိုဆုံးဖြတ်ရာတွင် ပြည်သူလူထုဆန္ဒအတိုင်းသာလျှင် ဆုံးဖြတ်သင့်   ကြောင်း၊ ထိုသို့ဆုံးဖြတ်ရာတွင်လည်း အဆင့်ဆင့်သော ဆုံးဖြတ်ချက်များတွင် ပြည်သူလူထု ပါဝင်သင့်    ကြောင်းကိုဖော်ပြသည်။ တနည်းအားဖြင့်ဆိုပါက တိုင်းပြည်ကံကြမ္မာအားလုံးကို ပြည်သူလူထု            ကသာလျှင် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိကြောင်း "ရွေးကောက်ပွဲ"က သက်သေထူရပေမည်။ တိုင်းပြည်         အတွက်  အရေးကြီးဆုံးသောဆုံးဖြတ်ချက်အဆင့်ဆင့် (Decision Making Process) တိုင်းတွင် ပြည်သူ          လူထုပါ၀င်ခွင့် အပြည့်အဝပေးထားကြောင်းကိုလည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ    ဖြင့်  ပြသရမည်။

(၃)       ထိုသို့ ပြည်သူလူထုက မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဆုံးဖြတ်ပြီး မိမိတို့၏အရေးအရာကိစ္စ အား   လုံးတွင် ပါဝင်နိုင်ရေးအတွက် ကျေးရွာနှင့်ဒေသန္တရအုပ်ချုပ်ရေး အဆင့်မှစပြီး ပြည်နယ်နှင့် တိုင်းဒေသ အုပ်ချုပ်ရေးအပါအဝင် ပြည်ထောင်စုအတိုင်းအတာဖြင့် အုပ်ချုပ်စီမံရေးအဆင့်အထိ ရွေးကောက်ပွဲ များကို အခါအားလျော်စွာ ကျင်းပ၍ ပြည်သူလူထုကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရမည်။       ထိုသို့ ဆောင်ရွက်ရာတွင် ပုံမှန်ကျင်းပလျက်ရှိသော ရွေးကောက်ပွဲများသာမက တတိုင်းပြည်လုံး           အတိုင်းအတာဖြင့် လူထုဆန္ဒသဘောထားများကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်နှင့် လူထု၏ အဆုံး   အဖြတ်ကို ခံယူနိုင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကိုပါ အခါအားလျော်စွာ ကျင်းပပေးရ      မည် ဖြစ်သည်။

(၄)       ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုက ပိုင်ဆိုင်သော နိုင်ငံရေးအာဏာများကို တရားဥပဒေနှင့်အညီ             ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံရေးအာဏာများကို ခွဲခြားပြီး ကျင့်သုံးရမည်။ ထိုသို့ နိုင်ငံရေး     အာဏာများကို ခွဲခြား၍ ကျင့်သုံးခြင်း (Separation of Power) သည် ပြည်သူလူထုမှ ရွေးချယ်တင်        မြှောက်ထားသောကိုယ်စားလှယ်များက နိုင်ငံရေးအာဏာများကို အလွဲသုံးစားမှုမပြုနိုင်ရန်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအာဏာသုံးရပ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး           အာဏာနှင့် တရားစီရင်ရေးအာဏာများကို ခွဲခြား၍ ကျင့်သုံးရမည်။

(၅)       ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအာဏာများကို စနစ်တကျကျင့်သုံးနိုင်ရေးအတွက်သော်လည်းကောင်း၊     စနစ်တကျ ပုံမှန်လည်ပတ်နိုင်ရေးအတွက်သော်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံရေးအဆောက်အအုံ        (Political Institutions) များကိုလည်း တည်ဆောက်ထားရမည်။ ဥပဒေပြုရေးအာဏာကို စနစ်တကျ ကျင့်သုံးနိုင်ရေးအတွက် လွှတ်တော်များကိုသော်လည်းကောင်း၊ အုပ်ချုပ်ရေးအာဏာကို စနစ်တကျ    ကျင့်သုံးနိုင်ရေးအတွက် အစိုးရများကိုသော်လည်းကောင်း၊ တရားစီရင်ရေးအာဏာကို စနစ်တကျကျင့်            သုံးနိုင်ရေးအတွက် တရားရုံးများကိုသော်လည်းကောင်း စနစ်တကျ တည်ဆောက်ထားရမည်။ ထိုသို့         ပြည်သူလူထုက ဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်များ၊ အစိုးရများနှင့်         တရားရုံးများကို ကျေးရွာနှင့် ဒေသန္တရအဆင့်မှ ပြည်နယ်နှင့်ပြည်ထောင်စုအဆင့်အထိ ပြည်သူ့အုပ်ချုပ်       ရေးယန္တရားနှင့် နိုင်ငံတော်အဆောက်အအုံအဖြစ်  အဆင့်ဆင့်တည်ဆောက်ထားရမည်။

(၆)       ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအာဏာများ ကျင့်သုံးပုံကျင့်သုံးနည်းနှင့်တကွ နိုင်ငံရေး အဆောက်အအုံ    (Political Institutions) များကို တရားဥပဒေဖြင့် အခိုင်အမာကာကွယ်ပေးရမည်။ နိုင်ငံရေးကျင့်စဉ်          တရားများနှင့် နိုင်ငံရေးအဆောက်အအုံများကို  တရားဥပဒေဖြင့် ကာကွယ်ပြဋ္ဌာန်းခြင်းမရှိပါက အနိုင်           ရပါတီတချို့နှင့် အာဏာရပုဂ္ဂိုလ်တချို့က ယင်းတို့ အာဏာတည်မြဲရေးအတွက် နိုင်ငံရေးဖြစ်စဉ်များကို            လွယ်ကူစွာ ခြယ်လှယ်သွားပေလိမ့်မည်။ ထိုသို့အာဏာအလွဲသုံးစားမှု မပေါ်ပေါက်နိုင်ရေးအတွက် တရားဥပဒေဖြင့် ကာကွယ်ပေးရမည်။

(၇)       တရားဥပဒေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားများနှင့် နိုင်ငံရေးကျင့်စဉ်တရားများကို ကာကွယ်ရာ၌    ထိုဥပဒေသည် လူတစု (သို့မဟုတ်) နိုင်ငံရေးပါတီတရပ် (သို့မဟုတ်) နိုင်ငံရေးဝါဒတခုကို အခြေခံ၍   ရေးဆွဲပြဋ္ဌာန်းသောဥပဒေမျိုး မဖြစ်စေရ။ ပြည်သူလူထုတရပ်လုံးက မိမိတို့အကျိုးစီးပွားအတွက် မိမိ          တို့ကိုယ်တိုင် ပါဝင်ရေးဆွဲထားသော ဥပဒေများသာဖြစ်စေရမည်။

(၈)       ပြည်သူလူထုတရပ်လုံး၏ အကျိုးစီးပွားအတွက် ကျင့်သုံးအပ်သော နိုင်ငံရေးကျင့်စဉ်တရားများနှင့် ထို             နိုင်ငံရေးကျင့်စဉ်တရားများကို အကာအကွယ်ပေးရန် တည်ဆောက်ထားသည့် အဆင့်ဆင့်သော  နိုင်ငံ             ရေးအဆောက်အအုံများ၊ အဆင့်ဆင့်သော လွှတ်တော်များ၊ အဆင့်ဆင့်သောအစိုးရများနှင့် အဆင့်ဆင့်             သောတရားရုံးများကို ပြည်သူလူထုကိုယ်တိုင် ပါဝင်ရေးဆွဲသော ဥပဒေများဖြင့် ကာကွယ်ပြဋ္ဌာန်းပေးရ မည်။ ကာကွယ်ပြဋ္ဌာန်းရာတွင်လည်း နိုင်ငံတော်တွင် ကျင့်သုံးသော အမြင့်ဆုံးဥပဒေဖြစ်သည့် နိုင်ငံ    တော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများဖြင့် ကာကွယ်ပြဋ္ဌာန်းရမည်။

 

(၃) နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ

လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်ထားသော တိုင်းပြည်တခု၏အမြင့်ဆုံးသောဥပဒေမှာ "နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ" ဖြစ်သည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များစွာရှိသည့်အနက် အဓိကအကျဆုံးသော ရည်ရွယ်ချက်မှာ ပြည်သူလူထုတရပ်လုံးက စု ပေါင်းပိုင်ဆိုင်ထားသော နိုင်ငံတော်အချုပ်အခြာအာဏာကို မည်သို့မည်ပုံ ကာကွယ်စောင့်ရှောက်ထိန်း သိမ်း၍၊ လူထုဘ၀ကောင်းစားရေးအတွက် ထိုအာဏာများကို မည်သို့မည်ပုံ ခွဲဝေကျင့်သုံးရမည်ဟူသော အချက်ပင် ဖြစ်သည်။

            နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်း၍ ကျင့်သုံးရန် တည်ဆောက်ထားသော နိုင်ငံ တော်ယန္တရားဟုဆိုရာ၌ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို လက်တွေ့ကျင့်သုံးရန် တည်ဆောက်ထားသည့် နိုင်ငံတော်အတွင်းရှိ အဆင့်ဆင့်သော ဥပဒေပြုလွှတ်တော် များ၊ အဆင့်ဆင့်သောအစိုးရများ၊ အဆင့်ဆင့်သောတရားရုံးများ အပါအဝင် နိုင်ငံတော်၏ လုံခြုံရေးကိစ္စ အရပ်ရပ်ကို တာဝန်ယူထိန်းသိမ်းရသော ပြည်သူ့ရဲနှင့်တပ်မတော်၊ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားများ ပုံမှန် လည်ပတ်နိုင်ရေးအတွက် တာဝန်ပေးဖွဲ့စည်းထားသည့် ပြည်သူ့ဝန်ထမ်းတို့ပါ၀င်သည်။

            ထို့အပြင် ဒီမိုကရေစီစနစ်ကျင့်သုံးသော တိုင်းပြည်များတွင် မရှိမဖြစ် လိုအပ်သော လူမှုအခြေပြု အဖွဲ့ အစည်းများ (Civil Society) များ၊ စီးပွားရေးလောကမှ စီးပွားရေး လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် တောင်သူလယ်သမားများသည်လည်း နိုင်ငံတော်ယန္တရားများအဖြစ် ပါဝင်ကြသည်။ တနည်းအားဖြင့် ဆိုပါက တိုင်းပြည်တခုအတွင်းရှိ လူ့အဖွဲ့အစည်းအသီးသီး၊ လူထုလူတန်းစား အလွှာအသီးသီး၊ အားလုံး ပါဝင်ပူးပေါင်း၍ နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းရေးကို တာဝန်ယူကြရသည်။  တာဝန်လည်း ခံကြရသည်။

            ဒီမိုကရေစီစနစ်နှင့် အာဏာရှင်စနစ်တို့၏ ကွာခြားချက်မှာ အာဏာရှင်စနစ်တွင် အာဏာရှင်အစိုးရက နိုင်ငံတော်အချုပ်အခြာအာဏာတည်မြဲရေး၊ ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကို အကြောင်းပြ ပြီး ပြည်သူလူထု၏ အခြေခံလွတ်လပ်ခွင့် (Basic Freedom) များကို ပိတ်ပင်တားဆီး၍ အခြေခံလူ့အခွင့် အရေး (Fundamental Human Rights) များကိုလည်း ချိုးဖောက်နေတတ်ကြသည်။ ထိုသို့ ပြည်သူလူထု၏ လွတ်လပ်ခွင့်များကို ပိတ်ပင်ပြီး၊ လူ့အခွင့်အရေးများကို ချိုးဖောက်နိုင်ရန် နိုင်ငံတော် အချုပ်အခြာအာဏာ အား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးဟူသော အကြောင်းပြချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါ အဝင် ဥပဒေအမျိုးမျိုးကို ပြဋ္ဌာန်း၍ အာဏာရှင်စနစ်သက်ဆိုးရှည်ရေးကို လုပ်ဆောင်တတ်ကြသည်။

            ဒီမိုကရေစီစနစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်အချုပ်အခြာအာဏာအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးဟူသော ရည်ရွယ်ချက်တခု တည်းသာ မဟုတ်ပေ။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရေးဟူသော အကြောင်းပြချက်ဖြင့် အစိုးရက ပြည်သူလူထုတရပ်လုံးကို ဖိနှိပ်ချုပ်ချယ်ခြင်း မရှိရလေအောင် အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြန်လည်ကန့်သတ်ထိန်းချုပ်ရေးဟူသော ရည်ရွယ်ချက်လည်း ပါဝင်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တဖက်တွင် ပြည်သူလူထုတရပ်လုံး၏ အခြေခံရပိုင်ခွင့်များ၊ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အစွမ်းကုန်ပြဋ္ဌာန်းကာကွယ်ပြီး အခြားတဖက်တွင် အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်၏ ထိန်းချုပ် ပေးသော နိုင်ငံတော်၏ အဓိကယန္တရားကြီးတခု ဖြစ်သည်။

            နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရ၏လုပ်ပိုင်ခွင့်အာဏာများကို ကန့်သတ်ပေးရုံသာမက နိုင်ငံတော်အချုပ်အခြာအာဏာကို ပြည်သူလူထုဘဝကောင်းစားရေးအတွက် မည်သို့မည်ပုံအဆင့်ဆင့်ခွဲ ဝေကျင့်သုံးရမည် ဟူသော လမ်းညွှန်ဥပဒေကြီးလည်း ဖြစ်သည်။ ထိုလမ်းညွှန်ချက်တွင် နိုင်ငံသားအချင်း ချင်း မည်သို့မည်ပုံဆက်ဆံ၍ ကျင့်ကြံနေထိုင်သင့်ကြောင်းကို နိုင်ငံသားများ၏အခြေခံအခွင့်အရေးများ၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များကို ကာကွယ်ပြဋ္ဌာန်းပေးခြင်းအားဖြင့်သော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုး အချင်းချင်း ပြည်ထောင်စုကြီးအတွင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးများအားလုံးလူမျိုးအလိုက် ခံစားသင့်ခံစားထိုက်သောအခွင့်အရေးများကို ကာကွယ်ပြဋ္ဌာန်းပေးခြင်း အားဖြင့်သော်လည်းကောင်း၊ ပြည်ထောင်စုကြီးအတွင်း တန်းတူညီမျှရေးနှင့် တရားမျှတရေးတို့ ရှင်သန် ကြီးထွားနိုင်ရေးအတွက် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို မည်သို့မည်ပုံဖွဲ့စည်းသင့်ကြောင်းကိုပါ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အတိအကျ ပြဋ္ဌာန်းပေးရမည်။

            ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထုက မိမိတို့ပိုင်ဆိုင်ထားသော နိုင်ငံတော်အချုပ်အခြာအာဏာ ကို အသုံးပြု၍ မိမိတို့ကြိုက်နှစ်သက်သော နိုင်ငံရေးစနစ်ကို ရွေးချယ်ပြဋ္ဌာန်းခြင်း ပြယုဂ်လည်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အောက်ပါအင်္ဂါရပ်များ ပါဝင်ရမည် ဖြစ်သည်။

(၁)       နိုင်ငံတော်၏အချုပ်အခြာအာဏာကို ပြည်သူလူထုတရပ်လုံးကစုပေါင်းပိုင်ဆိုင်ထားကြောင်း နိုင်ငံ                     တော် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တိကျရှင်းလင်းစွာ ပြဋ္ဌာန်းရမည်။

(၂)        နိုင်ငံသားတို့၏ မွေးရာပါအခွင့်အရေးများဖြစ်သည့် အခြေခံလွတ်လပ်ခွင့်များနှင့် အခြေခံ လူ့အခွင့်                    အရေးများကို တိကျရှင်းလင်းစွာ ကာကွယ်ပြဋ္ဌာန်းပေးရမည်။

(၃)       တိုင်းရင်းသားလူမျိုးပေါင်းစုံ ရောနှောနေထိုင်သော တိုင်းပြည်များတွင် တိုင်းရင်းသားလူမျိုးများ                        အားလုံး လူမျိုးအလိုက် ခံစားသင့်ခံစားထိုက်သော စုပေါင်းအခွင့်အရေးများ (ဘာသာစကား၊ စာ                        ပေ၊             ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများနှင့် ကိုးကွယ်ယုံကြည်မှုများအပါအဝင်) ကို တိကျရှင်း                      လင်းစွာ ပြဋ္ဌာန်းကာကွယ်ပေးရမည်။ တိုင်းရင်းသားလူမျိုးများ လူမျိုးအလိုက်ခံစားသင့်ခံစားထိုက်                    သောစုပေါင်းအခွင့်အရေးကို တိုင်းရင်းသားလူမျိုးများ၏ "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်"ဟု ခေါ် ဆိုသည်။

(၄)       "နိုင်ငံသား" ဖြစ်ခြင်းကို ပြဋ္ဌာန်း၍ နိုင်ငံသားများ၏" ဆန္ဒမဲပေးပိုင်ခွင့်" အခွင့်အရေးကိုလည်း ကာ                      ကွယ်ပြဋ္ဌာန်းပေးရမည်။ ဆန္ဒမဲပေးပိုင်ခွင့်ဟူသော အခွင့်အရေးသည် နိုင်ငံသားတိုင်းအတွက် မိမိ                       တို့၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော နိုင်ငံတော်အချုပ်အခြာအာဏာများကို ကာ                  ကွယ်ထိန်းသိမ်းပိုင်ခွင့် အပါအဝင်၊ ထိုအာဏာများကို မိမိတို့ကိုယ်စား လက်တွေ့ကျင့်သုံးခွင့် အပ်                  နှင်းခြင်းခံရသည့် မိမိတို့၏ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ပိုင်ခွင့်နှင့် မိမိတို့ကိုယ်တိုင်                      ပါဝင် ရွေးချယ်တင်မြှောက်ပိုင်ခွင့်ဟူသော "အခွင့်အရေး" (Right) လည်း ဖြစ်သည်။

(၅)       နိုင်ငံတော်အချုပ်အခြာအာဏာ၏ ရေသောက်မြစ်သုံးသွယ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်                       ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ခွဲခြားကျင့်သုံးရေး (Separation of Power) ကို                        တိကျရှင်းလင်းစွာပြဋ္ဌာန်းထားရမည်။ ထိုသို့နိုင်ငံရေးအာဏာများကို ခွဲခြားကျင့်သုံးနိုင်ရေးအတွက်                    လိုအပ်သော နိုင်ငံရေးယန္တရားများနှင့်နိုင်ငံရေးအဆောက်အအုံ (Political Institutions) များကို နိုင်ငံ                    တော်အတွင်း တည်ဆောက် ဖန်တီးခွင့်ပေးရမည်။ ဥပဒေပြုရေးအာဏာများကို ကျင့်သုံးနိုင်ရေး                        အတွက် အဆင့်ဆင့်သော လွှတ်တော်များ၊ အုပ်ချုပ်ရေးအာဏာများကို ကျင့်သုံးနိုင်ရေးအတွက်                       ဒေသန္တရအဆင့်မှပြည်ထောင်စုအဆင့်အထိ အဆင့်ဆင့်သော အစိုးရများ၊ တရားစီရင်ရေးအာဏာ                    များကို ကျင့်သုံးနိုင်ရေးအတွက် အဆင့်ဆင့်သော တရားရုံးများကို မည်သို့မည်ပုံ ဖန်တီးထူထောင်                     ၍ ထိုအာဏာများကို ကိုင်တွယ်မည့် လူပုဂ္ဂိုလ်များ၏ အရည်အချင်း၊ ရွေးချယ်ပုံရွေးချယ်နည်းနှင့်             တာဝန်ထမ်းဆောင်မည့်သက်တမ်းများကိုပါ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းလမ်းညွှန်                    ရမည်။

(၆)       လူမျိုးပေါင်းစုံ ရောနှောနေထိုင်၍ ပြည်ထောင်စုစနစ်ကို ကျင့်သုံးသော တိုင်းပြည်များတွင် ပြည်                        ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေရေး (Division of Power) နှင့် ပြည်                       ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရများဆက်ဆံရေး(Federal and States Relation) တို့ကို နိုင်ငံတော်                    ဖွဲ့စည်းပုံစနစ် (Form of State) ဖြင့် တိကျရှင်းလင်းစွာ ပြဋ္ဌာန်းရမည်။

(၇)       ဒီမိုကရေစီကျင့်စဉ်တရားများနှင့်အညီ လွတ်လပ်သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲများမှ                    ရွေးချယ် တင်မြှောက်လိုက်သည့် အစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာများ၊ လုပ်ထုံးလုပ်နည်းများ၊                         အစိုးရ ဖွဲ့စည်းမှုပုံသဏ္ဌာန်နှင့် ဖွဲ့စည်းပုံစနစ် (Form of Government) တို့ကို တိကျရှင်းလင်းစွာ ကာ                    ကွယ်ပြဋ္ဌာန်း၍ အစိုးရကို ဥပဒေဖြင့် ထိန်းကျောင်းလမ်းညွှန်ပေးရမည်။

(၈)       အစိုးရတရပ်၏ လုပ်ပိုင်ခွင့်အာဏာများကို ဥပဒေနှင့်အညီ ကန့်သတ်ထိန်းချုပ်ပြီး၊ အုပ်ချုပ်ရေး                         ယန္တရားများကို ကိုင်တွယ်ကျင့်သုံးရာတွင် လမ်းညွှန်ချမှတ်ပေးရုံသာမက ဥပဒေများနှင့်နည်းဥပဒေ                    အသစ်များကို လွှတ်တော်မှတဆင့် အတည်ပြုပြဋ္ဌာန်းရာတွင်လည်း လိုက်နာကျင့်သုံးရမည့် လွှတ်                     တော်လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေပြုအာဏာတရပ်လုံး၏မူဘောင်နှင့်စည်းမျဉ်းစည်းကမ်းများ                      ကို တိကျရှင်းလင်းစွာ ပြဋ္ဌာန်းပေးရမည်။

(၉)       တရားဥပဒေစိုးမိုးရေးကိုဦးထိပ်ထား၍ ဒီမိုကရေစီကျင့်စဉ်တရားများကို လိုက်နာစောင့်ထိန်းသော                     တိုင်းပြည်များတွင် နိုင်ငံတော်အတွင်းကျင့်သုံးမည့်ဥပဒေများနှင့် နည်းဥပဒေအားလုံးကို နိုင်ငံတော်                    ဖွဲ့စည်းပုံအခြေခံဥပဒေ၏ခွင့်ပြုချက်ဘောင်အတွင်းသာ ရေးဆွဲပြဋ္ဌာန်းကြရသည်။ ဒီမိုကရေစီစနစ်                    တွင် လွတ်လပ်သောတရားရုံးများကို ထူထောင်ခွင့်ပေးထားသောကြောင့် နိုင်ငံသားတိုင်းက တရား               ရုံးများ၏ တရားစီရင်ဆုံးဖြတ်ချက်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်း၊              ဆန့်ကျင်ခြင်းရှိ-မရှိ စုံစမ်းစစ်ဆေးပိုင်ခွင့် အပါအဝင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ                 တရားရုံးတရပ်ရပ်က တရားစီရင်ဆုံးဖြတ်ခြင်းမရှိဟုယူဆပါက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ                ဆိုင်ရာတရားရုံး (Constitutional Tribunal Court) တွင်အယူခံပိုင်ခွင့် "အခွင့်အရေး" များကိုပါပေး                   ရမည်။

(၁၀)     နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားများကို ကိုင်တွယ်ကျင့်သုံးသည့်အစိုးရအား နိုင်ငံသားများထံမှ                       အခွန်တော်ကောက်ယူပိုင်ခွင့်အာဏာပေးရမည်။ ထို့အပြင်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ                   ရေးကို ကာကွယ်စောင့်ရှောက်မည့် တပ်မတော်နှင့်ပြည်သူ့ရဲတပ်ဖွဲ့များဖွဲ့စည်းထူထောင်ခွင့်အာဏာ                   ကိုလည်း  အစိုးရထံ အပ်နှင်းရမည်။

(၁၁)     နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြေခံအားဖြင့် အခွင့်အရေးနှစ်မျိုးကိုပြဋ္ဌာန်းသည်။ ပထမ                    တမျိုးမှာ - အစိုးရကို ကန့်သတ်သည့်အခွင့်အရေးဖြစ်၍ ယင်းကို အနုတ်လက္ခဏာ ဆောင်သော                       အခွင့်အရေး (Negative Right) ဟုခေါ်သည်။ ယင်းကဲ့သို့သော အခွင့်အရေးသည် အစိုးရက ပြည်သူ                   လူထု၏အခွင့်အရေးများကို နှောက်ယှက်ဟန့်တားခြင်း မရှိရလေအောင် အစိုးရကို တရားဥပဒေ                       ဖြင့် ကန့်သတ်ထားသော "အခွင့်အရေး"များဖြစ်သည်။ ဥပမာ - ပြည်သူလူထု၏ လွတ်လပ်စွာ ရေး              သားပြောဆိုခွင့်နှင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်တို့ကို အစိုးရက ပိတ်ပင်တားဆီးခြင်း မပြု                         ရ၊ တရားဥပဒေနှင့်ဆန့်ကျင်၍ မည်သူ့ကိုမျှ ဖမ်းဆီးချုပ်နှောင်ခြင်းမပြုရ . စသည့်  အခွင့်အရေး                   များဖြစ်သည်။

(၁၂)      နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူလူထုကိုပေးအပ်ထားသော အခြားအခွင့်အရေး တမျိုး                    မှာ အစိုးရကို မလုပ်မနေလုပ်ရမည်ဟု အမိန့်သဖွယ် ပေးအပ်ထားသော အခွင့်အရေးဖြစ်သည်။                 ယင်းကို "Affirmative Right" ဟုခေါ်သည်။ Affirmative Right တွင် တိုင်းရင်းသားလူမျိုးများ၏ စာ               ပေ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားတို့ကို ကာကွယ် ထိန်းသိမ်းမြှင့်တင်ပေးရမည် ဟူသော အခွင့်အ                 ရေး၊ လူ့အဖွဲ့အစည်းများ တခုခုတွင်သော်လည်းကောင်း၊ အလွှာတရပ်ရပ်တွင်သော်လည်းကောင်း၊               လူနည်းစုများနှင့် ခေတ်နောက်ကျကျန်ရစ်သည့် အစုအဖွဲ့များကို အထူးဦးစားပေး၍ဆောင်ရွက်ရ                မည့်အစိုးရ၏ တာဝန်ဝတ္တရားနှင့် ထိုသူများ၏အခွင့်အရေးများကို ဆိုလိုသည်။

(၁၃)     နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အချုပ်အခြာအာဏာ တည်မြဲရေးနှင့် ကာကွယ်                      စောင့်ရှောက်ရေးအတွက်သာမက ပြည်သူလူထုတရပ်လုံး၏ဘဝ ကောင်းစားရေးကို ဦးထိပ်ထား                      ၍ရေးဆွဲပြဋ္ဌာန်းအပ်သော နိုင်ငံတော်၏အမြင့်ဆုံးဥပဒေဖြစ်သည်။ သို့ရာတွင် ခေတ်ကာလအခြေ                     အနေအကြောင်းအမျိုးမျိုးကြောင့် ထိုဥပဒေကို လိုအပ်လာလျှင်လိုအပ်သလို ပြင်ဆင်ပြဋ္ဌာန်းပိုင်                       ခွင့်မှာ နိုင်ငံသားတို့ထံတွင် ရှိကိုရှိသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းတွင် ထိုဥပဒေကို                     မည်သို့မည်ပုံ ပြင်ဆင်ပြောင်းလဲ ပြဋ္ဌာန်းနိုင်ကြောင်းကိုဖော်ပြသည့် "နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ                 ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းခြင်း" ဆိုင်ရာပုဒ်မ (သို့မဟုတ်) အခန်းကို အမြဲတမ်းထည့်သွင်းဖော်ပြလေ့               ရှိသည်။

 

(၄) ပြည်ထောင်စုစနစ်တွင် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အာဏာခွဲဝေခြင်း

တိုင်းရင်းသားလူမျိုးပေါင်းစုံ ပူးပေါင်းနေထိုင်သော တိုင်းပြည်တွင် လူမျိုးရေးအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း၊ ယုံကြည်မှုအရသော်လည်း ကောင်း၊ သမိုင်းကြောင်းအရသော်လည်းကောင်း မတူကွဲပြားသောလူမျိုးများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးကို အထူးဦးစားပေးဆောင်ရွက်ရန် လိုအပ်သည်။ လူမျိုးပေါင်းစုံရောနှောနေထိုင်သော တိုင်းပြည်တခုကို လူမျိုး တမျိုးတည်းသာ နေထိုင်သော တိုင်းပြည်ကဲ့သို့ "အမျိုးသား= နိုင်ငံတော်" တခုအဖြစ် ထူထောင်၍ရမည် မဟုတ် ပေ။ အမျိုးသားနိုင်ငံတော်သည် လူမျိုးတမျိုး၊ ဘာသာစကားတခုနှင့် ကိုးကွယ် ယုံကြည်မှုတခုတည်းသာရှိသော တိုင်းပြည်များကို ထူထောင်ရာတွင် ကျင့်သုံးသောစနစ်ဖြစ်သောကြောင့် ဖြစ်သည်။

            လူမျိုးပေါင်းစုံ ရောနှောနေထိုင်သော တိုင်းပြည်တခုကို အမျိုးသားနိုင်ငံတော်အဖြစ် ထူထောင်သွားပါ က လူမျိုးတမျိုး (ဝါ) အုပ်ချုပ်သူလူမျိုးများက တခြားအုပ်ချုပ်ခံလူမျိုးများ၏ လူမျိုးဖြစ်ခြင်းလက္ခဏာ၊ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှုများနှင့် ကိုးကွယ်ယုံကြည်မှုများကို တနည်းမဟုတ်တနည်း ထိပါးနှောင့်ယှက်ခြင်း၊ ပိတ်ပင်ဟန့်တားခြင်းနှင့် ဖျက်ဆီးဝါးမျိုခြင်းတို့ကို အစဉ်အမြဲလုပ်ဆောင်တတ်သည်။ ထို့ကြောင့် လူမျိုးပေါင်းစုံ ရောနှောနေထိုင်သောတိုင်းပြည်တခုကို "အမျိုးသားနိုင်ငံတော်" အဖြစ် ထူထောင်ပါက မလွဲမသွေရင်ဆိုင်ရမည့် နိုင်ငံရေးဝါဒဆိုးတရပ်မှာ"မဟာလူမျိုးကြီးဝါဒ"ပင်ဖြစ်သည်။

            ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ "ပြည်ထောင်"များကို စုစည်းထားသည့် "ပြည်ထောင်စု" နိုင်ငံတခု ဖြစ်သည်။ ထို့ကြောင့် ဤပြည်ထောင်စုကြီးကို မဟာလူမျိုးကြီးဝါဒက လွှမ်းမိုးသွား မည့် အမျိုးသားနိုင်ငံတော်အဖြစ် ထူထောင်၍ရမည်မဟုတ်ပေ။ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ၊ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် တခုတည်းသောနည်းလမ်းမှာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြင့် ဤပြည်ထောင်စုကြီးကို အသစ်တဖန် ပြန်လည်ထူထောင်ရေးသာဖြစ်သည်။

            ပြည်ထောင်စုကို စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ပြန်လည်ထူထောင်ရာတွင် အောက်ပါ အခြေခံအင်္ဂါရပ်များနှင့် ပြည့်စုံရမည်ဖြစ်သည်။

(၁)       ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိ၍ တန်းတူသော နိုင်ငံရေးအာဏာများ             အပ်နှင်းခြင်းခံရသည့်ပြည်နယ်များဖြင့် အခြေခံ၍ ဖွဲ့စည်းရမည်။

(၂)        ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး             အာဏာတည်းဟူသော နိုင်ငံရေးအာဏာ (၃)ရပ် စလုံးကို အပြည့်အဝအပ်နှင်းစေရမည့်အပြင်၊ ထိုနိုင်ငံ   ရေးအာဏာ (၃) ရပ်စလုံးကို တရားဥပဒေနှင့်အညီ လွတ်လပ်စွာ ကျင့်သုံးနိုင်ရေးအတွက် ပြည်နယ် လွှတ်တော်၊ ပြည်နယ်အစိုးရနှင့် ပြည်နယ်တရားရုံးချုပ်များကို လွတ်လပ်စွာ ထူထောင်ပိုင်ခွင့် ရှိစေ    ရမည်။

(၃)       ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်စေဘဲ        လွတ်လပ်စွာ ရေးသားပြဋ္ဌာန်းခွင့်ရှိစေရမည်။

(၄)       ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self-rule) နှင့် ထိုအဖွဲ့ဝင်ပြည်နယ်များပူးပေါင်း၍ ဖွဲ့စည်းသည့် ပြည်ထောင်စုကို စုပေါင်းအုပ်ချုပ်ခွင့် (Shared-rule) တို့ကို ပေါင်းစပ်ထားသည့်စနစ်ဖြစ်သောကြောင့် ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အစိုးရများအကြားတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ အာဏာများ ကို ခွဲဝေကျင့်သုံးခြင်း (Division of Powers) ရှိစေရမည်။

(၅)       တန်းတူသောပြည်နယ်များပူးပေါင်း၍ ပြည်ထောင်စုကို ဖွဲ့စည်းသောအခါ ပြည်ထောင်စုလွှတ်တော်       တွင် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နှင့်ပြည်သူ့ လွှတ်တော် (အောက်လွှတ်တော်) များကို          ထားရှိရမည်။ ပြည်သူ့လွှတ်တော်သည် ဒီမိုကရေစီစနစ်အရ လူထု (ဝါ) လူဦးရေကို ကိုယ်စားပြု        သောလွှတ်တော်ဖြစ်၍ အမျိုးသားလွှတ်တော်သည် ပြည်ထောင်စုစနစ်အရ ပြည်ထောင်စုအဖွဲ့ဝင် ပြည်          နယ်များကို ကိုယ်စားပြုသောလွှတ်တော်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားလွှတ်တော်တွင် ပြည်နယ်          များက ဦးရေတူညီသော ပြည်နယ်ကိုယ်စားလှယ်များကို စေလွှတ်ခွင့် ရှိစေရမည်။

(၆)       ပြည်နယ်များက စုပေါင်းကျင့်သုံးရန် ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းထားသည့် နိုင်ငံခြားဆက်      သွယ်ရေး၊ ပြည်ထောင်စုကာကွယ်ရေး၊ ငွေစက္ကူနှင့်ငွေဒင်္ဂါး ထုတ်လုပ်ရေးနှင့် ပြည်ထောင်စုလမ်းပန်း       ဆက်သွယ်ရေးစသော အာဏာများမှအပ ကြွင်းကျန်သောအာဏာ (Residual Powers)များကို ပြည်နယ်          များ၌ အပ်နှင်းထားစေရမည်။

(၇)       ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် (Self-rule) နှင့် စုပေါင်း အုပ်ချုပ်ရေး        စနစ် (Shared-rule) တို့ကို ပေါင်းစပ်ထားသောစနစ်ဖြစ်သောကြောင့် ပြည်ထောင်စုထဲတွင် အနည်းဆုံး           အစိုးရ (၂) ရပ် ဖွဲ့စည်းထူထောင်ရပေမည်။ ယင်းတို့မှာ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ   ဖြစ်ကြသည်။

(၈)       ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများသာမက ဒေသန္တရ             အစိုးရများကိုလည်း ဖွဲ့စည်းထူထောင်ရမည်။ ထိုဒေသန္တရအစိုးရများကိုလည်း သင့်လျော်သော လုပ်             ပိုင်ခွင့်အာဏာများ အပြည့်အဝပေးထားရမည်။ အထူးသဖြင့် ဒေသန္တရအစိုးရနှင့် ပြည်နယ်အစိုးရများ    ကို သက်ဆိုင်ရာဒေသစီမံအုပ်ချုပ်ရေးအတွက် အခွန်တော်ကောက်ခံခွင့်အာဏာများကို ပေးအပ်ထားရ       မည် ဖြစ်သည်။

 

(၅) တရားဥပဒေစိုးမိုးရေး

တရားဥပဒေစိုးမိုးရေးသည် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းဟူသော လောကပါလ တရားများပေါ်တွင် အခြေတည်သည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးသည် လူသားတိုင်း၏ မွေးရာပါ အခွင့် အရေးအဖြစ် ရရှိပိုင်ဆိုင်ထားသော အခြေခံလွတ်လပ်ခွင့်များကို လေးစားအသိအမှတ်ပြုပြီး ကာကွယ် ထိန်းသိမ်းသည်။ တရားဥပဒေရှေ့မှောက်တွင် နိုင်ငံသား (လူသား) တိုင်း တန်းတူရည်တူအခွင့် အရေးရရှိကြ သည်ဟူသော လူသားချင်း တန်းတူညီမျှရေးကို လေးစားအသိအမှတ်ပြုပြီး ထိန်းသိမ်းကာကွယ်သည်။ ထို့အပြင် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်သည့်သာသနာ၊ ယဉ်ကျေးမှုနှင့် အသားအရောင်ကွဲပြားမှုတို့ကြောင့် ခွဲခြား ဆက်ဆံခြင်းမရှိစေဘဲ လူမျိုးတိုင်း တန်းတူရည်တူအခွင့်အရေး ရှိကြသည်ဟူသော လူမျိုးရေးတန်းတူညီမျှခွင့် ကိုလည်း လေးစားအသိအမှတ်ပြုပြီး ကာကွယ်စောင့်ရှောက်သည်။ လွတ်လပ်မှုကို အခြေခံ၍ လူသားချင်းတန်း တူညီမျှခွင့်နှင့် လူမျိုးရေးတန်းတူညီမျှခွင့်တို့ကို တရားဥပဒေဖြင့် အခိုင်အမာကာကွယ်ပြဋ္ဌာန်းနိုင်မှသာလျှင် လူ့အဖွဲ့အစည်းတွင် တရားမျှတမှု ထွန်းကားပြီး လူ့လောကကြီးလည်း ငြိမ်းချမ်းသာယာပေလိမ့်မည်။

            အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ် နှစ်ခုအကြား မတူကွဲပြားမှုများနှင့် ခြားနားချက်ပေါင်းများစွာ ရှိ သည်။ ထိုခြားနားချက်ပေါင်း မြောက်မြားစွာရှိသည့်အနက် အရေးကြီးဆုံးသောခြားနားချက်တခုမှာ တရား ဥပဒေ စိုးမိုးရေး ရှိ-မရှိ ဟူသောအချက်ဖြစ်သည်။ အာဏာရှင်စနစ်တွင် တရားဥပဒေဆိုသောအရာသည် အာဏာရှင်များ၏အာဏာတည်မြဲရေးအတွက် အသုံးချသည့် နိုင်ငံရေးကိရိယာတခုမျှသာဖြစ်သည်။ တရား ဥပဒေက ပြည်သူလူထု၏အကျိုးစီးပွားကို ကာကွယ်ပြဋ္ဌာန်းခြင်းမရှိဘဲ အုပ်စိုးသူအာဏာရှင်များ၏အကျိုး စီးပွားကိုသာ ကာကွယ်ပေးလေ့ရှိသည်။ ထို့ကြောင့် အာဏာရှင်စနစ်တွင် အာဏာရှင်များသည် တရား ဥပဒေအထက် (Above the Law) တွင် ရှိနေကြသည်။ သူတို့အာဏာတည်မြဲရေးအတွက် ဥပဒေကို အမျိုး မျိုးပြဋ္ဌာန်းကာ ပြည်သူလူထုကို ထိုဥပဒေများဖြင့် ဖိနှိပ်ချုပ်ချယ်လေ့ရှိသည်။ ယင်းကိုပင် တရားဥပဒေဖြင့် အုပ်ချုပ်ခြင်း (The Rule by Law) ဟု ခေါ်ဆိုတတ်ကြသေးသည်။ ဥပဒေဖြင့် အုပ်ချုပ်ရုံမျှဖြင့် တရားဥပဒေ စိုးမိုးရေး မရှိနိုင်ပေ။ အကြောင်းမှာ မတရားသောဥပဒေသည် တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်နေသော ကြောင့် ဖြစ်သည်။

            တရားဥပဒေစိုးမိုးရေးဟူသော တရားရေးဆိုင်ရာ နိုင်ငံရေးစကားကို သက္ကရာဇ် ၁၂၁၅ ခုနှစ်ကာလတွင် လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သော မက္ကနာကာတာ (Magna Carta) နှင့်အတူ ပေါ်လာခဲ့သောခေတ်သစ်နိုင်ငံရေး အတွေးအခေါ်တခုဖြစ်ပါသည်။ မူရင်းဆိုလိုချက်မှာ ရှင်ဘုရင်အပါအဝင် အုပ်ချုပ်သူအစိုးရက အပြစ်မဲ့နိုင်ငံသား များကို တရားဥပဒေနှင့် ဆန့်ကျင်၍ (တရားဥပဒေဘောင်ကို ကျော်၍) ဖမ်းဆီးချုပ်နှောင် အပြစ်ပေးခြင်း မပြုရ။ တရားဥပဒေနှင့်အညီ  ပြစ်မှုကျူးလွန်သည်ဟု တရားရုံးက တရားသဖြင့်စီရင်ခြင်း၊ ဒဏ်ခတ်ခြင်းခံရသူမှအပ၊ မည်သူတဦးတယောက်ကိုမျှ ဖမ်းဆီးချုပ်နှောင်ဒဏ်ခတ်ခြင်းမပြုရဟု ရှင်ဘုရင်၏ အကြွင်းမဲ့အာဏာကို ကန့်သတ် ချုပ်ချယ်ခြင်းဖြင့် အစပြုခဲ့ပါသည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးသည် ရှင်ဘုရင်အပါအ၀င် အုပ်ချုပ်သူအစိုးရ၏ ထင်ရာလုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ချုပ်ချယ်ထားပါသည်။ နိုင်ငံသားတိုင်း ပြစ်မှုကျူး လွန်သည်ဟု တရားရုံးက စီရင်ခြင်း မချမှတ်ဘဲ၊ ဖမ်းဆီးချုပ်နှောင်ခြင်း မပြုရဟူသော လွတ်လပ်မျှတသည့် တရားစီရင်ခြင်းနှင့် တရားဥပဒေရှေ့မှောက်တွင် အုပ်ချုပ်သူအစိုးရနှင့် အုပ်ချုပ်ခံပြည်သူလူထုတို့သည် တန်းတူ ရည်တူအခွင့်အရေးရှိကြကြောင်းကို ဖော်ပြသည်။ မည်သူမဆို တရားဥပဒေချိုးဖောက်ပါက တရားဥပဒေနှင့် အညီ တရားစီရင်ခြင်းခံကြရမည်ဖြစ်ကြောင်း၊ ပြစ်မှုထင်ရှားသည်ဟု တရားစီရင်ခြင်းခံရပါ တရားဥပဒေနှင့် အညီ ပြစ်ဒဏ်ခံကြရမည်ဖြစ်ကြောင်း၊ မည်သူတဦးတယောက်မျှ တရားဥပဒေအပေါ် (Above the Law)တွင် မရှိနိုင်ကြောင်းကို တရားဥပဒေစိုးမိုးရေးက ထင်ရှားစေပါသည်။

            ဒီမိုကရေစီစနစ်တွင်မူ နိုင်ငံသားတိုင်းသည် တရားဥပဒေရှေ့မှောက်တွင် တန်းတူရည်တူ အခွင့်အရေး ရရှိကြသည်။ မည်သူကမျှ တရားဥပဒေအထက်တွင် မရှိသကဲ့သို့ တရားဥပဒေဘောင်၏ အပြင်ဘက် တွင်လည်း မလှုပ်ရှားနိုင်ကြပေ။ လူမျိုးမရွေး၊ ဘာသာမရွေး၊ လိင်ခွဲခြားမှု မရှိ၊ လူတန်းစား နိမ့်မြင့်ခွဲခြားမှု မရှိ၊ အားလုံးတန်းတူသည်။ တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို တန်းတူရည်တူ ခံစားနိုင်သကဲ့သို့ ပြစ်မှုကျူးလွန်ပါက မည်သူမဆို ပြဋ္ဌာန်းထားသော တရားဥပဒေအတိုင်း ပြစ်ဒဏ်စီရင်ခြင်းခံကြရမည်သာ ဖြစ်သည်။

            ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် တရားဥပဒေစိုးမိုးနိုင်ရေးအတွက် အောက်ပါအင်္ဂါရပ် များနှင့်ပြည့်စုံ သောလူ့အဖွဲ့အစည်းကို တည်ဆောက်ရမည်။

(၁)       တရားဥပဒေရှေ့မှောက်တွင် နိုင်ငံသားတိုင်း တန်းတူရည်တူ အခွင့်အရေးရှိကြသည်။

(၂)        နိုင်ငံတော်၏အမြင့်ဆုံးတာဝန်ကို ထမ်းဆောင်နေရသောသမ္မတ၊ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများအပါအဝင်             အစိုးရတရပ်လုံးသော်လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးအတွက် တာဝန်ယူထမ်းဆောင်နေသော တပ်             မတော်၏အမြင့်ဆုံးသော စစ်သေနာပတိချုပ်မှ အနိမ့်ဆုံးစစ်သားအထိသော်လည်းကောင်း၊ နိုင်ငံတော်   အတွင်း တရားဥပဒေထိန်းသိမ်းရေးနှင့် ငြိမ်းချမ်းရေးတာဝန်များကို ထမ်းဆောင်နေကြသော ပြည်သူ့             စစ်များသည်သော်လည်းကောင်း မည်သူမျှ တရားဥပဒေ၏အထက်တွင် မရှိကြ။ တရားဥပဒေအတိုင်း             ပေးအပ်ထားသည့်တာဝန်များကို ထမ်းဆောင်ကြပြီး ပြစ်မှုတစုံတရာ ကျူးလွန်ပါက တရားဥပဒေ         အတိုင်း တရားစီရင်ခြင်းခံကြရမည်ဖြစ်၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက တရားဥပဒေဖြင့်         အရေးယူအပြစ်ပေးခံကြရမည် ဖြစ်သည်။

(၃)       လူမျိုးပေါင်းစုံ ရောနှောနေထိုင်သောတိုင်းပြည်တွင် ကျင့်သုံးမည့် အမြင့်ဆုံးသော နိုင်ငံတော် ဖွဲ့စည်းပုံ             အခြေခံဥပဒေမှစ၍ ပြစ်မှုဆိုင်ရာဥပဒေများအပါအဝင် အခြား အခြားသောဥပဒေများအားလုံးတို့သည်             တိုင်းရင်းသားလူမျိုးအားလုံး၏အရေး၊ ပြည်သူလူထုတရပ်လုံး၏အရေးနှင့် အကျိုးစီးပွားတို့ကို ကာ             ကွယ်စောင့်ရှောက်ရမည်။ လူတစုအရေး၊ အာဏာရှင်တချို့အရေး၊ စစ်တပ် (သို့မဟုတ်) ဝန်ထမ်း           တချို့၏ အရေး၊ လူမျိုးတမျိုးအရေးနှင့် ဘာသာရေးတခုခု၏အရေးကိုသာ ဦးစားပေး၍ မည်သည့်         ဥပဒေကိုမျှ သတ်မှတ်ပြဋ္ဌာန်းခြင်း မပြုအပ်ပေ။

(၄)       ပြည်သူလူထုတရပ်လုံးက တရားဥပဒေကို လေးစားလိုက်နာရမည်။ ထိုသို့ ဥပဒေကို လေးစားလိုက်နာ    ရေးအတွက် အကောင်းဆုံးနည်းလမ်းမှာ ပြည်သူလူထုတရပ်လုံးက မိမိတို့၏ အကျိုးစီးပွားအတွက်             မိမိတို့၏ ဆန္ဒအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတင်ပြ၍ မိမိတို့ကိုယ်တိုင် ပါ၀င်ရေးဆွဲပြဋ္ဌာန်းထား      သောဥပဒေကို ကျင့်သုံးခြင်းပင် ဖြစ်သည်။ သို့မှသာ ပြည်သူလူထုတရပ်လုံးသည် ထိုဥပဒေကို မိမိတို့     ၏ပိုင်ဆိုင်မှုအဖြစ် လေးစားလိုက်နာကြမည် ဖြစ်သည်။

(၅)       တရားဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်း ထူထောင်နိုင်ရေးအတွက် ဥပဒေကျွမ်းကျင်သူများကို             တက္ကသိုလ်များမှသော်လည်းကောင်း၊ အခြားသင်တန်းများမှသော်လည်းကောင်း မွေးထုတ်ပေးရမည့်    အပြင် ပြည်သူလူထုတရပ်လုံး နားလည်သဘောပေါက်နိုင်ရေးအတွက် ဆောင်ရွက်ရမည်။ ရက်တို      သင်တန်းများ၊ ရှင်းလင်းဟောပြောပွဲများ၊ စာအုပ်စာစောင်များထုတ်ဝေခြင်းများအပြင် ရေဒီယို၊ ရုပ်မြင်          သံကြားနှင့် သတင်းစာ၊ ဂျာနယ်မျိုးစုံကိုအသုံးပြုပြီး လူထုပညာပေးလုပ်ငန်းများကို လုပ်ဆောင်ရမည်။

(၆)       ဒီမိုကရေစီစနစ်တွင် လွတ်လပ်သော တရားရုံးများကို ထားရှိရမည့်အပြင် ဥပဒေပညာ ကျွမ်းကျင်သော             တရားသူကြီးများလည်း ခန့်ထားရမည်။ ထို့အပြင် ပြစ်မှုတစုံတရာ ကျူးလွန်သည်ဟု စွပ်စွဲခံရသော             အမှုသည်များအား တရားမျှတစွာ တရားစီရင်နိုင်ရေးအတွက် ရှေ့နေများငှားရမ်းခွင့်၊ အမှုသည်က             ရှေ့နေငှားရမ်းနိုင်သော ငွေအင်အား မရှိပါက အစိုးရတရားရုံးများက အကုန်အကျခံပြီး ငှားရမ်းပေးခွင့်   စသည့် အခွင့်အရေးများကို ထားရှိရမည်။

(၆) ဥပဒေပြုရေးအာဏာ

နိုင်ငံရေးသည် အာဏာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရသောအလုပ်ဖြစ်သည်။ နိုင်ငံရေးအာဏာသည် တန်ခိုးကြီး၏။ တန်ခိုးကြီးသဖြင့်လည်း ဖောက်ပြန်တတ်ကြသည်။ ထို့ကြောင့် တန်ခိုးကြီးပြီး ဖောက်ပြန် တတ်သော နိုင်ငံရေးအာဏာကို ကိုင်တွယ်သုံးစွဲရာတွင် အလွဲသုံးစားမှု အလွယ်တကူ ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် "Power corrupts, and absolute power corrupts absolutely" ဟူသော စကားရပ်ပေါ် လာခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအာဏာများ အလွဲသုံးစားခြင်းမရှိရလေအောင် နိုင်ငံရေး အာဏာ (၃) ရပ်ကို ခွဲခြား၍ သုံးစွဲရကြောင်း "Seperation of Power" အကြောင်းတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

            နိုင်ငံရေးအာဏာ (၃) ရပ်စလုံးတွင် အရေးကြီးဆုံးသောအာဏာမှာ ဥပဒေပြုရေးအာဏာဖြစ်သည်။ ကောင်းမွန်မှန်ကန်၍ တရားမျှတသောဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်မှသာလျှင် နိုင်ငံတော်ကို တည်ငြိမ် အေးချမ်းစွာ အုပ်ချုပ်နိုင်မည်ဖြစ်သည်။ တရားမျှတသောဥပဒေကို လက်တွေ့ပြုကျင့်နိုင်မှသာ လွတ်လပ် ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားပြီး လူ့အဖွဲ့ အစည်းကြီးလည်း တည်ငြိမ်အေးချမ်းမည်။ ထို့ကြောင့် တရားဥပဒေစိုးမိုး၍ ငြိမ်းချမ်းသာယာပြီး တိုးတက် ဖွံ့ဖြိုးသော နိုင်ငံတော်တခု ထူထောင်နိုင်ရန်အတွက် တရားမျှတသည့် "တရားဥပဒေများ"ကို ရေးသား ပြဋ္ဌာန်းရန် အထူးလိုအပ်သည်။

            ပြည်သူလူထုတရပ်လုံးက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တကွ တိုင်းပြည်၏ အသက်သွေး ကြောတမျှ အရေးကြီးသောဥပဒေများကို မိမိတို့ကိုယ်စား ရေးသားပြုစုအတည်ပြုနိုင်ခြင်းငှာသော်လည်း ကောင်း၊ ကာကွယ်စောင့်ရှောက်ခြင်းငှာသော်လည်းကောင်း ဥပဒေပြုလွှတ်တော်ကို နိုင်ငံတော်တွင် တည် ဆောက်ထားရမည်။ တပြည်ထောင်စနစ် ကျင့်သုံးသော တိုင်းပြည်များတွင် လွှတ်တော်တရပ်သာ လိုအပ် သော်လည်း လူမျိုးပေါင်းစုံ ရောနှောနေထိုင်သော ပြည်ထောင်စုစနစ်ကိုကျင့်သုံးသော တိုင်းပြည်များတွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဟူ၍ လွှတ်တော် (၂) ရပ် ထားရှိပြီး၊ ပြည်နယ်လွှတ်တော်ကို လည်း ဖွဲ့စည်းထူထောင်ရပေမည်။

            ဥပဒေပြုရေးအာဏာကို ကိုင်စွဲကျင့်သုံးသော လွှတ်တော်များ၏ အရေးကြီးသောအခန်းကဏ္ဍမှာ-

(၁)       တိုင်းပြည်တွင် ကျင့်သုံးမည့် "ဥပဒေကြမ်း" များကို အကျေအလည်ဆွေးနွေးခြင်း၊ ဝေဖန်သုံးသပ်           ချက်များ ပြုလုပ်ပြီး တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးရှိသည်ဟု ပြည်သူ့လွှတ်တော်၏           ကိုယ်စားလှယ်အများစုက ထောက်ခံဆန္ဒမဲပေးပါက လွှတ်တော်တွင် တင်သွင်းသော ဥပဒေကြမ်းများ     ကို ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းခြင်း။

(၂)        အစိုးရကတင်သွင်းသော နိုင်ငံတော်၏ နှစ်စဉ်ရသုံးခန့်မှန်းခြေ ငွေဥပဒေကြမ်းများကို အတည်ပြုခြင်း။

(၃)       နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာဝန်ထမ်းများအပါအဝင် တိုင်းပြည်တွင် တာဝန်ထမ်း             ဆောင်နေကြသည့် ပြည်သူ့ဝန်ထမ်းအားလုံးနှင့် အစိုးရယန္တရားအားလုံးကို တရားဥပဒေနှင့်အညီ             တာဝန်ထမ်းဆောင်ခြင်း ရှိ-မရှိ ဥပဒေရှုထောင့်မှ ကြည့်ရှုစောင့်ထိန်းခြင်း။

(၄)       အုပ်ချုပ်ရေးအာဏာကို ကိုင်စွဲကျင့်သုံးနေကြသော နိုင်ငံတော်အစိုးရနှင့်တကွ ဝန်ကြီးဌာနအားလုံးအား             တရားဥပဒေဘောင်အတွင်း တာဝန်ထမ်းဆောင်ခြင်း ရှိ/မရှိကို  ဥပဒေပြုလွှတ်တော်က ကြီးကြပ်          ရမည်။ အထူးသဖြင့် သမ္မတစနစ်ကို ကျင့်သုံးသော တိုင်းပြည်များတွင် ဥပဒေပြုရေးအာဏာနှင့်           အုပ်ချုပ်ရေးအာဏာကို လုံးလုံးလျားလျား ခွဲခြားထားသောကြောင့် ပို၍အရေးကြီးသည်။

(၅)       ဒီမိုကရေစီစနစ်တွင် ဥပဒေပြုရေးအာဏာဖြင့် အုပ်ချုပ်ရေးအာဏာကို ထိန်းကျောင်းထားသည်။

 

(၇) အုပ်ချုပ်ရေးအာဏာ

ဒီမိုကရေစီစနစ်တွင် နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကိုကျင့်သုံးပြီး အုပ်ချုပ်ရေးယန္တရားတခုလုံးကို စီမံ ခန့်ခွဲသည့်"အစိုးရ"ကို ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်သည်။

            ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသောအစိုးရဟုဆိုရာတွင် ပါလီမန်ဒီမိုကရေစီစနစ်တွင် ကျင့် သုံးသော အစိုးရတရပ်ကို ရွေးချယ်တင်မြှောက်ပုံစနစ်နှင့် သမ္မတစနစ်ကိုကျင့်သုံးသော တိုင်းပြည်များတွင် ရွေးချယ်ပုံစနစ်တို့ မတူညီကြပေ။ ပါလီမန်ဒီမိုကရေစီစနစ်တွင် ဝန်ကြီးချုပ်မှစ၍ ဝန်ကြီးအဖွဲ့ အားလုံးကို ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ် (ပါလီမန်အမတ်) များ ဖြင့် ဖွဲ့စည်းထားသည်။ ထို့ကြောင့် ပါလီမန်စနစ်တွင် အထွေထွေရွေးကောက်ပွဲ (General Elections) များ ကိုလည်း ကျင်းပရသည်။ သမ္မတစနစ် (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု) တွင် သမ္မတ တဦးတည်း ကို ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်သည်။ ထို့ကြောင့် သမ္မတရွေးကောက်ပွဲကို တိုက်ရိုက်ကျင်းပ ရသည်။ ပြည်သူလူထုက သမ္မတကို ရွေးချယ်တင်မြှောက်ပြီးနောက် သမ္မတက သူ၏အစိုးရတွင် တာဝန် ထမ်းဆောင်ကြရမည့် ဝန်ကြီးအဖွဲ့များကို သူ့စိတ်တိုင်းကျရွေးချယ်ပြီး တာဝန်များကို ပေးအပ်ရသည်။ သို့ သော် သမ္မတက ဝန်ကြီးအဖြစ် အဆိုပြုထားသောပုဂ္ဂိုလ်များကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုပေးရသည်။ ထို့ကြောင့် မည်သည့်ဝန်ကြီးတဦးတယောက်ကိုမျှ  ပြည်သူ့ လွှတ်တော်၏ အတည်ပြုထောက်ခံခြင်းမရှိဘဲ ခန့်အပ်ပိုင်ခွင့် မရှိပေ။

            နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို တိုက်ရိုက်ကိုင်တွယ် ကျင့်သုံးခွင့်ရှိသော နိုင်ငံတော်အစိုးရသည် တိုင်းပြည်ကို စီမံအုပ်ချုပ်ရာ၌ တာဝန်အရှိဆုံးသောအဖွဲ့ ဖြစ်သည်။ ထိုတာဝန်များတွင် -

(၁)       နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားအားလုံး ချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ဝန်ကြီးဌာန အသီးသီး     ကို ဖွဲ့စည်း၍ တာဝန်ပေးအပ်ခြင်း၊ တာဝန်ထမ်းဆောင်ခြင်း။

(၂)        နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာဝန်ထမ်းများဖြစ်ကြသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)   နှင့် ပြည်သူ့ရဲတပ်ဖွဲ့များ၊ အခြားစစ်ဝန်ထမ်းများဆိုင်ရာ တပ်ဖွဲ့ များကို ကြီးကြပ်ခြင်း၊ တာဝန်ယူခြင်းနှင့်       တာဝန်ခံခြင်း။

(၃)       နိုင်ငံတော်၏ နှစ်စဉ် ရသုံးခန့်မှန်းခြေငွေစာရင်းကို ပြုစုခြင်း။

(၄)       နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဌာနအသီးသီးကို ကမကထလုပ်၍ အကောင်အထည်      ဖော် ဆောင်ရွက်ခြင်း။

(၅)       နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ရေးအရသော်လည်းကောင်း၊ စီးပွားရေး၊ လုံခြုံရေးနှင့် ယဉ်ကျေးမှု   စသည့် ကဏ္ဍပေါင်းစုံမှသော်လည်းကောင်း ဆက်သွယ်ဆက်ဆံရေးကို တာဝန်ယူခြင်းနှင့်တာဝန်ခံခြင်း။

(၆)       နိုင်ငံတော်၏တရားစီရင်ရေးကို တာဝန်ယူ၊ တာဝန်ခံမည့် တရားသူကြီးချုပ်မှစ၍ တရားရေးဆိုင်ရာ             ဝန်ထမ်းများကို ခန့်အပ်ခြင်း။

(၇)       ဒီမိုကရေစီစနစ်တွင် အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ်သည့်အစိုးရက တရားရေးဌာနကို ကိုင်တွယ်      သည့် နိုင်ငံတော်ရှေ့နေချုပ်မှစ၍ တရားလွှတ်တော်တရားသူကြီးများ အပါအဝင် တရားရေးဝန်ထမ်း များကို ခန့်အပ်ပြီး၊ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်ကို ခံယူရသည်။ ဤနည်းဖြင့် ဥပဒေပြုရေး       အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ အချင်းချင်း ထိန်းညှိခြင်း၊ ထိန်းကျောင်းခြင်း         (Check and balance) ပြုလုပ်နိုင်သည်။

 

(၈) တရားစီရင်ရေးအာဏာ

တရားဥပဒေစိုးမိုး၍ လောကပါလတရားများ ထွန်းကားသော လူ့ဘောင်အဖွဲ့အစည်းတရပ် ထူထောင်နိုင် ရေးအတွက် လွတ်လပ်သော တရားစီရင်ရေးကို ကျင့်သုံးရပါမည်။ လွတ်လပ်သောတရားစီရင်ရေးကို ကျင့် သုံးနိုင်ရေးအတွက် နိုင်ငံတော်၏ တရားစီရင်ရေးအာဏာကို သီးခြားလွတ်လပ်ခွင့်ပေးထားရမည်ဖြစ်ပြီး နိုင်ငံတော်၏ အခြားအာဏာရပ်များ ဖြစ်ကြသော ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာတို့၏ သြဇာသက်ရောက်လွှမ်းမိုးခြင်း မရှိအပ်ပေ။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တကွ တရားသဖြင့် ပြဋ္ဌာန်းထားသော အခြားဥပဒေများနှင့်အညီ လွတ်လပ်စွာ တရားစီရင်ဆုံးဖြတ်ခြင်းများကို ပြုလုပ်ရမည်။ ထို့အပြင် လွတ်လပ်သောတရားစီရင်ခြင်း၏ အရေးကြီးသောအခြားအင်္ဂါရပ်တခုမှာ နိုင်ငံရေးအာဏာ ကြောင့် သြဇာကြီးမားသူများ၊ ပစ္စည်းဥစ္စာနှင့် ငွေကြေးသြဇာကြီးမားသူများ၊ ဘာသာရေးနှင့် လူမှုရေး အခြေအနေမျိုးစုံကြောင့် သြဇာအာဏာကြီးသူများ၏  သြဇာစွက်ဖက်လွှမ်းမိုးမှုတို့မှ ကင်းလွတ်ရေး ဖြစ်သည်။

            လွတ်လပ်သောတရားစီရင်ခြင်း၏ အနှစ်သာရသည် တရားဥပဒေရှေ့မှောက်တွင် နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရှိသည်။ မည်သူမျှ ဥပဒေအထက် (Above the Law) တွင် မရှိနိုင်ဟူသောအချက် ဖြစ် သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် လွတ်လပ်သော တရားစီရင်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အောက်ပါအချက်များ လိုအပ်သည်။

(၁)       လွတ်လပ်သော တရားစီရင်ရေးတွင် တရားသူကြီးများသည် လွတ်လပ်စွာဖြင့် တရားဥပဒေနှင့်အညီ တရားစီရင်ခွင့်ရှိရမည်။ လွတ်လပ်စွာဟုဆိုရာတွင် တရားသူကြီးတဦးက မိမိဆန္ဒသဘောအတိုင်း တဖက် သတ်စီရင်ဆုံးဖြတ်ချက်ချမှတ်ခြင်းများ မဟုတ်ပါ။ နိုင်ငံတော်က ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ တရားစီရင် ဆုံးဖြတ်ခြင်းများကိုသာ ဆိုလိုသည်။

(၂)        လွတ်လပ်သော တရားစီရင်ခြင်းဟုဆိုရာ၌ တရားစီရင်ရေးကိစ္စအဝဝတွင် အုပ်ချုပ်ရေးအာဏာကို             ကိုင်စွဲကျင့်သုံးနေသောအစိုးရ၊ ဥပဒေရေးပြုအာဏာကို ကိုင်စွဲကျင့်သုံးနေသောလွှတ်တော်၊ နိုင်ငံ             တော်လုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကို တာဝန်ယူ ထမ်းဆောင်နေကြသော တပ်မတော်နှင့်             ပြည်သူ့ရဲတပ်ဖွဲ့၊ နိုင်ငံတော်၏အဆင့်ဆင့်သောတာဝန်များကို ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့်             အရာရှိကြီးများ၏ သြဇာစွက်ဖက်လွှမ်းမိုးမှုမှ ကင်းရှင်းစေရမည်ဟုဆိုလိုခြင်းဖြစ်သည်။

(၃)       လွတ်လပ်သောတရားစီရင်ရေးက နိုင်ငံသားတိုင်း တရားဥပဒေရှေ့မှောက်တွင် တန်းတူရည်တူ အခွင့်     အရေး အာမခံချက်ပေးကြောင်း၊ မည်သည့်တရားစီရင်ရေးကိုမျှ နိုင်ငံရေးသြဇာလွှမ်းမိုးမှု၊ ဘာသာရေး သြဇာလွှမ်းမိုးမှုနှင့် အခြားသော သြဇာလွှမ်းမိုးမှု တစုံတရာမရှိကြောင်း ပြသရမည်။

(၄)       နိုင်ငံတော်၏ တရားစီရင်ရေးအာဏာကို ကိုင်စွဲနေကြသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှစ၍             အဆင့်ဆင့်သော တရားရုံးများ၊ ပြည်ထောင်စုရှေ့နေချုပ်မှစ၍ အဆင့်ဆင့်သော ဥပဒေဝန်ထမ်းများ၊      နိုင်ငံရေးအရ ခန့်အပ်ထားသည့် တရားရေးဝန်ကြီးနှင့် တရားသူကြီးများသည် နိုင်ငံတော်ဥပဒေပြုအဖွဲ့           က တရားဥပဒေများ ရေးဆွဲပြဋ္ဌာန်းသောအခါ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်း ရှိ-           မရှိကို အဆုံးအဖြတ်ပေးရမည့်အပြင် အုပ်ချုပ်ရေးအာဏာပိုင်များ၏လုပ်ဆောင်ချက်များက တရား           ဥပဒေနှင့်ကိုက်ညီခြင်း ရှိ-မရှိ၊ မရှိပါက လိုအပ်လျှင် လိုအပ်သလို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍           ဥပဒေဆိုင်ရာအဆုံးအဖြတ်များကို ပေးရမည်။ (ဆက်လက်ဖော်ပြပါမည်။)

 

ဤစာတမ်းသည် “တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း” (CDES) မှ ၂၀၁၂ တွင် ထုတ်ဝေ ခဲ့သော “ဒီမိုကရေစီကျင့်စဉ်တရား” စာအုပ် အပိုင်း (၁) ကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။