ဖက်ဒရယ်စာစောင်။ အတွဲ (၂)၊ အမှတ် (၁)။

မြန်မာ့ပင်လယ်တွင် ရေတစ်စတုရန်းကီလိုမီတာလျှင် (၅) မီလီမီတာအောက်သေးငယ်သော မိုက်ခရို ပလပ်စတစ် အမှုန်အစလေးများ (၂၈၀၀၀) ခန့်ရှိနေသည်ဟုဆိုလျှင် သင် ယုံပါမည်လား။ ကမ္ဘာပေါ် တွင် ပလက်စတစ်အမှိုက်အများဆုံးမြစ် (၂၀) တွင် ဧရာဝတီမြစ်ကြီးသည်လည်း အပါ အဝင်ဖြစ်သည် ဟု ဆိုလျှင် သင်ယုံပါမည်လား။ ၂၀၂ဝ-ခုနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်း(၁၀၆) နိုင်ငံကို ဂြိုလ်တုမှ လေ့လာ အကဲဖြတ်ချက်အရ မြန်မာနိုင်ငံလေထုတွင် ကျန်းမာရေးထိခိုက်စေသော မမြင်နိုင်သည့် အမှုန်အမွှား များ ပါဝင်မှုသည် အဆင့် (၁၉) တွင်ရှိပြီး အာဆီယံနိုင်ငံများအနက် အဆိုးရွားဆုံး ဖြစ်ခဲ့သည်ဟုဆို လျှင် သင် ယုံပါမည်လား။ မြန်မာနိုင်ငံသားအများစုအဖို့ လက်ခံယုံကြည်ရန် ခက်ခဲပါလိမ့်မည်။ ပြာမှိုင်း သောတောင်တန်းကြီးများရှိသည့် မိမိတို့နိုင်ငံ၊  အာဆီယံနိုင်ငံများအနက် သစ်တောဖုံးလွှမ်းမှုဧရိယာ ဒုတိယအများဆုံးနိုင်ငံ၊ နှစ်စဉ်ကမ္ဘာ့လေထုထဲသို့ အောက်ဆီဂျင်များစွာ ထုတ်လွှတ်ပေးနေသည့် သဘာဝသစ်တောကြီးများရှိသည့်နိုင်ငံ၊ မည်သည့်အတွက်ကြောင့် ဤမျှလောက် လေထုညစ်ညမ်းမှု မြင့်မားနေရပါသနည်း။  အလွယ်ကူဆုံးဖြေဆိုရလျှင် သဘာဝအရ အခြေအနေများ ပေးထားပါလျက် မိမိတို့နိုင်ငံသားအများစုသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိ အားနည်းနေခြင်း၊ နိုင်ငံအနှံ့ တွင် အမှိုက်သရိုက်များ စီမံခန့်ခွဲမှု များစွာအားနည်းခြင်း၊  သဘာဝသယံဇာတများကို နိုင်ငံအနှံ့ တူးဖော် ကြရာတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို လုံလောက်စွာ အလေးထားစောင့်ကြပ် ကြည့်ရှု၊ အရေး ယူမှု အားနည်းနေခြင်းတို့သည် အရေးပါသော အကြောင်းအရာများဖြစ်နေသည်ကို စိတ်မကောင်းစွာ ဖြင့် သုံးသပ်ရပါလိမ့်မည်။

            ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ၂၀၁၂-ခုနှစ်တွင်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဥပဒေကို  ပြဋ္ဌာန်းခဲ့သည်ဖြစ်ရာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နောက်အကျဆုံးဖြစ်ခဲ့သည်။ အိမ်နီးချင်း နိုင်ငံများဖြစ်သော မလေးရှားနိုင်ငံသည် ၁၉၇၄-ခုနှစ်တွင်လည်းကောင်း၊ တရုတ်နိုင်ငံသည် ၁၉၇၉-ခုနှစ် တွင်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၈၂-ခုနှစ်တွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတို့သည် ၁၉၈၆-ခုနှစ်တွင်လည်းကောင်း၊ ထိုင်းနိုင်ငံသည် ၁၉၉၂-ခုနှစ်တွင်လည်းကောင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသည် ၁၉၉၅-ခုနှစ်တွင်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၉၆-ခုနှစ်တွင်လည်း ကောင်း၊  နီပေါ နိုင်ငံသည် ၁၉၉၇-ခုနှစ်တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံသည် ၂၀၀၅-ခုနှစ်တွင်လည်း ကောင်း၊ လာအိုနိုင်ငံသည် ၂၀၀၉-ခုနှစ်တွင်လည်းကောင်း ယင်းတို့၏ ကနဦး ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာဥပဒေတို့ကို  ပြဋ္ဌာန်းခဲ့ကြသည်ကို တွေ့ရှိရပါသည်။

            အနာဂတ်ဖက်ဒရယ်နိုင်ငံတော် ပေါ်ပေါက်လာချိန်တွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် စိန်ခေါ်မှုများ၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်း၏ ဆိုးကျိုးများ၊  သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှုကို ကုစားရန်၊ တားဆီးကာကွယ်ရန် တာဝန်တို့ကို ဖက်ဒရယ်အစိုးရ၊ ပြည်နယ် အစိုးရ၊ ဒေသအဆင့်အစိုးရအသီးသီးက ရင်ဆိုင်ကြုံတွေ့ဖြေရှင်းရပါဦးမည်။ မိမိတို့နိုင်ငံသာမက ကမ္ဘာ့ နိုင်ငံအားလုံးသည်လည်း ထိုစိန်ခေါ်မှုများကို မည်သို့ကောင်းစွာဖြေရှင်းရမည်ကို အဖြေရှာနေကြသည်။  သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ပိုမိုကောင်းစွာ ထိန်းသိမ်းပြီး ပျက်စီးထိခိုက်မှုများကို မည်သို့လျှော့ ချနိုင်မည်နည်း။ အစိုးရဌာနဆိုင်ရာ အသီးသီးကသာ စောင့်ကြပ်ကြည့်ရှုခြင်းထက် ပြည်သူများကိုယ် တိုင်က မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုများကို စောင့် ကြည့်ပြီး အများအကျိုးငှာ တရားစွဲဆိုလျှင် ပိုမိုထိရောက်စွာ ထိန်းသိမ်းကာကွယ်နိုင်လိမ့်မည်ဟူသော အယူအဆကြောင့် အမေရိကန်ပြည်ထောင်စုတွင် ၁၉၇၀-ခုနှစ်က ထိုသို့ဆောင်ရွက်နိုင်ရန် ဥပဒေ များကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။ ယခုအခါ အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများသာမက၊ မိမိတို့အိမ်နီးချင်းနိုင်ငံများတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ အများပြည်သူအကျိုးငှာ တရားစွဲဆိုခြင်း (Environmental Public Interest Litigation - EPIL) ကို အများအပြား ကျင့်သုံးလာ ကြသည်ကို တွေ့ရှိရပါသည်။ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့မှ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက် ၍ အများ ပြည်သူအကျိုးငှာ တရားစွဲဆိုခြင်းထားသည့် ထင်ရှားသောအမှုအချို့ကို တင်ပြလိုပါသည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဥဒေါင်းတို့၏ အောင်ပွဲ

            တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်  ၁၉၉၀-စုနှစ်များအတွင်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက် ၍ အများပြည်သူအကျိုးငှာ တရားစွဲဆိုခြင်း (EPIL) ကျင့်သုံးမှု စတင်ခေတ်စားလာခဲ့သည်ကို တွေ့ရှိရ ပါသည်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများကို အစိုးရ ဥပဒေအရာရှိများနှင့် တရုတ်အစိုးရအနေဖြင့် စမ်းသပ်ဆောင်ရွက်နေသည့် ဂေဟဗေဒနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအတွက် လျော်ကြေးရရှိရေးဌာန (Ecological and Environmental Damages Compensation  -EECD)တို့က တရားစွဲဆိုနိုင်သည့်အပြင်၊ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်နေသည့် လူထုအဖွဲ့အစည်းများ (CSOs)၊  အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) တို့သည်လည်း တရားမကြောင်းအရ တရားစွဲဆိုခွင့်ရှိပါသည်။ သို့သော် ထိုတရားစွဲဆိုခွင့်ရရှိ နိုင်ရန် မှတ်ပုံတင်ထားသော CSO၊ NGO ဖြစ်ရန် လိုအပ်ပြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အနည်းဆုံး (၅) နှစ်မျှ အစဉ်တစိုက် လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ရန်လိုကြောင်း သတ်မှတ်ထားပါသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအမှုများကို ကိုင်တွယ်သည့် အထူးတရားရုံးများ ရှိနေခြင်းကလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှု (Environmental Justice) ရရှိစေရန် အထောက်အကူ များစွာ ဖြစ်စေပါသည်။

            ယူနန်ပြည်နယ်တွင် မြစ်ဖျားခံသော ကျားဆားမြစ်(Jiasa River) သည် ယူနန်ကို ဖြတ်သန်း စီးဆင်းပြီး၊  ဗီယက်နမ်နိုင်ငံတွင်းသို့ ဆက်လက်စီးဆင်းသည့်အခါ ဗီယက်နမ်နိုင်ငံ၏ အထင်ကရမြစ် ဖြစ်သော  မြစ်နီ (Hong Ha River) ၏ မြစ်လက်တက်တစ်ခုဖြစ်သွားပါသည်။ ထိုကျားဆားမြစ်ပေါ် တွင် မဂ္ဂါဝပ် (၂၇၀) ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းတရပ်ကို ၂၀၁၆-ခုနှစ်၊ မတ်လတွင်  China Hydropower Engineering Consulting Group ကစတင်တည်ဆောက်ခဲ့ပြီး၊ ယင်းကုမ္ပဏီအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် (EIA) ကို Kunming Engineering လုပ်ငန်းက ဆောင် ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ထိုစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ဥဒေါင်း (Pavo muticusတို့၏ အဓိကနေရင်းဒေသကို ရေလွှမ်းစေမည်ဖြစ်သည်။ ဥဒေါင်းငှက်တို့သည် တရုတ်နိုင်ငံတွင် ရှားပါး ရုံသာမက၊ ကမ္ဘာတဝှမ်းတွင်လည်း လွန်စွာရှားပါးနေသဖြင့်  IUCN က ၂၀၀၉-ခုနှစ်ကပင် မျိုးဆက် ပျက်သုဉ်းလုဆဲအန္တရာယ် ကျရောက်နေသည့် မျိုးစိတ် (Critically Endangered Species) အဖြစ် သတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ဥဒေါင်းသည် ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်စာရင်းတွင် ပါဝင်ပါသည်။ ကျားဆားမြစ်စီမံကိန်းကြောင့် ဥဒေါင်းများ တရုတ်နိုင်ငံ တွင် လုံးဝပျောက်ကွယ်သွားလိမ့်မည်ဖြစ်ကြောင်း မီးမောင်းထိုးပြလျက် စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများကိုတားမြစ်ပေးရန် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး NGO တခု ဖြစ်သော သဘာဝ၏ မိတ်ဆွေများ (Friends of Nature) နှင့်အတူ အခြား NGO နှစ်ခုဖြစ်သော Shan Shui  နှင့် Wild China Film တို့က ပူးတွဲလျက် စီမံကိန်းတည်ဆောက် သောကုမ္ပဏီနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် (EIA) ကို ဆောင်ရွက်ခဲ့သောကုမ္ပဏီတို့ ကိုပါ ၂၀၁၇-ခုနှစ်၊ မတ်လတွင် ကူမင်းမူလတရားရုံး၌ တရားစွဲဆိုခဲ့ကြပါသည်။ အများပြည်သူ အကျိုး ငှာ တရားစွဲဆိုခြင်း (EPIL)ဖြစ်၍ လျော်ကြေးရရန် တရားစွဲဆိုခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင် ထိခိုက်စေ ရန် ဆောင်ရွက်နေမှုကို ရပ်တန့်သွားစေရန်  တရားစွဲဆိုခြင်းဖြစ်ပါသည်။

            ၂ဝ-ရာစုအတွင်းက ဥဒေါင်းများကို ယူနန်ပြည်နယ်တွင်သာမက၊ တရုတ်နိုင်ငံ၏ အခြား ပြည် နယ် (၃) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၁) ခုတို့တွင် တွေ့ရှိခဲ့ရသော်လည်း အမှုဖြစ်ပွားချိန် ၂၀၁၈ -ခုနှစ်တွင် ယူနန်ပြည်နယ်တခုတည်းတွင်သာ ကျန်ရှိတော့ကြောင်း IUCN ကထုတ်ပြန်ခဲ့ပါသည်။ ဥဒေါင်းများရှားပါးသွားရခြင်း၏ အဓိကအကြောင်းရင်းများမှာ နေရင်းဒေသ ပျက်စီးမှု၊ သစ်တော ပြုန်းတီးမှု၊ အလွန်အကျွံအမဲလိုက်မှုနှင့် စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတွင်ပါဝင်သော အဆိပ်အတောက် များကြောင့်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံတနိုင်ငံလုံးတွင် ဥဒေါင်းအကောင်ရေ (၅၀၀) ခန့်သာ ကျန်ရှိတော့ကြောင်း ယူနန်တက္ကသိုလ်မှ ပညာရှင်များ၏ သုတေသနတွေ့ရှိချက်ကိုလည်း ၂၀၁၈-ခုနှစ် တွင်ပင် ထုတ်ပြန်ခဲ့ပါသည်။ IUCN နှင့် တရုတ်ပညာရှင်များ၏သုတေသနတွေ့ရှိချက်များကို ၂၀၁၈- ခုနှစ်တွင် ထုတ်ပြန်ခဲ့ခြင်းသည်လည်း ဤအမှုအတွက် အထောက်အကူဖြစ်စေခဲ့ပါသည်။

            ကျားဆားရေအားလျှပ်စစ်စီမံကိန်းအမှုနှင့်ပတ်သက်၍ မူလတရားရုံးက စီမံကိန်းတည်ဆောက် ခြင်းကို ယာယီတားမိန့် ချမှတ်ခဲ့ပြီးနောက်၊  အယူခံတရားရုံးကလည်း  ၂၀၂ဝ -ခုနှစ်တွင် ထိုယာယီတား မိန့်ကို ထပ်မံအတည်ပြုခဲ့ပါသည်။ သို့သော် စီမံကိန်းလုံးဝရပ်ဆိုင်းရန်မူ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း မရှိ ဘဲ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် (EIA) ကို ထပ်မံပြုလုပ်စေခဲ့ကြောင်း သိရှိရသည်။ တရားရုံး နှစ်ဆင့်၏ ဆုံးဖြတ်ချက်များသည် ဥဒေါင်းတို့အတွက်  အောင်ပွဲဟုဆိုနိုင်ပါသည်။ စီမံကိန်းလုံး၀ရပ်တန့် သွားစေရန် သဘာဝ၏မိတ်ဆွေများ NGO နှင့် ယင်း၏မိတ်ဖက် NGO နှစ်ဖွဲ့မှ ဆက်လက်တိုက်ပွဲဝင် လျက်ရှိပါသည်။ အပြီးသတ်အောင်ပွဲ မရသေးသည့်တိုင် ဤအမှုသည် တရုတ်နိုင်ငံတွင် NGO တခုက တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ရန်အတွက် တရားစွဲဆိုသော ပထမဆုံးသဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ အများပြည်သူအကျိုးငှာတရားစွဲဆိုခြင်း (EPIL) အမှုဖြစ်၍ အထင်ကရအမှုတခုဖြစ်သည့် အပြင်၊  ဤအမှု၏အပြီးသတ်ရလဒ်သည် ကမ္ဘာအနှံ့တွင် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက် နေသည့် တရုတ်ကုမ္ပဏီများအပေါ် တစုံတခုသော  သက်ရောက်မှုများရှိလိမ့်မည်ဟုလည်း စောင့်ကြည့် သူများက ခန့်မှန်းကြသဖြင့် နိုင်ငံတကာကလည်း စိတ်ဝင်တစား စောင့်ကြည့်နေသည့်အမှုဟု ဆိုရ ပါမည်။


လာအိုနိုင်ငံမှ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးကို တားမြစ်ရန် ကြိုးပမ်းခဲ့သည့် ထိုင်းလယ်သမားများ

            မိုင် (၂၇၀၀) ရှည်လျားသည့် မဲခေါင်မြစ်သည် နိုင်ငံ (၆) နိုင်ငံကို ဖြတ်ကျော်စီးဆင်းလျက်ရှိပြီး သက်ဆိုင်ရာနိုင်ငံများ၏ စိုက်ပျိုးရေးနှင့်သောက်သုံးရေအတွက်လည်းကောင်း၊  ငါးနှင့် အခြားရေထွက် ပစ္စည်းရရှိရေးအတွက်လည်းကောင်း၊  သယ်ယူပို့ဆောင်ရေးနှင့်  ရေအားလျှပ်စစ် ထုတ်လုပ်ရေးတို့ အတွက်လည်းကောင်း အဖိုးတန်ရေအရင်းအမြစ်ဖြစ်ပါသည်။ ထိုင်းနိုင်ငံသို့ ဖြတ်သန်းစီးဆင်းခြင်းမပြု မီ လာအိုနိုင်ငံကို ဖြတ်သန်းစီးဆင်းနေသော မဲခေါင်မြစ်အပိုင်းတွင် ရှာရာဘူရိရေကာတာ (Xiayaburi Dam) ကို တည်ဆောက်၍ ရေအားလျှပ်စစ်ထုတ်လုပ်ရန် စီမံကိန်းလုပ်ငန်းများကို ၂၀၁၂-ခုနှစ်တွင် စတင်ခဲ့သည်။ အရှေ့တောင်အာရှအတွက် လျှပ်စစ်ထုတ်ပေးသည့် “ဘက္ကထရီအိုး” ဖြစ်ရန် ရည်ရွယ် ထားသည့် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်သောစီမံကိန်းဖြစ်သည်။ ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ (Electricity Generating Authority of Thailand- EGAT )သည်  ရှာရာဘူရိရေအားလျှပ်စစ်စီမံကိန်းမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား ၉၅% ကို လာအိုနိုင်ငံထံမှ ဝယ်ယူရန် စာချုပ်ချုပ်ဆို သဘောတူညီခဲ့သည်။ ထိုင်းနိုင်ငံအတွင်း မဟုတ်သော်လည်း လာအိုတွင် တည်ဆောက်နေသော ရှာရာဘူရိရေအားလျှပ်စစ်စီမံကိန်း၏ အကျိုးဆက်များကြောင့် ထိုင်းနိုင်ငံ စိုက်ပျိုးရေရရှိမှုကို ထိခိုက်စေမည်ဖြစ်ကြောင်းနှင့် စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်ကို ကောင်းစွာဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း မီးမောင်းထိုးပြလျက် ထိုင်းနိုင်ငံ၊ ချန်ရိုင်းနယ် မှ လယ်သမား (၃၀) ဦးက ရှာရာဘူရိရေအားလျှပ်စစ်တည်ဆောက်ရေးစီမံကိန်း ရပ်တံ့စေရန်အတွက် ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့၊ ထိုင်းနိုင်ငံ အမျိုးသားစွမ်းအင်မူဝါဒ ကောင်စီနှင့် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ကို  ၂၀၁၃-ခုနှစ်၊ ဖေဖော် ဝါရီလတွင် တရားစွဲဆိုရန် ဦးတိုက်လျှောက်ထားခဲ့ပါသည်။ သို့သော် မူလတရားရုံးဖြစ်သော ထိုင်းစီမံ ခန့်ခွဲရေးတရားရုံးက ထိုအမှုကို လက်ခံကြားနာခြင်းမရှိဘဲ ပလပ်လိုက်သဖြင့် ထိုင်းလယ်သမားများက အယူခံဝင်ခဲ့ကြပါသည်။ ၂၀၁၄-ခုနှစ်၊ ဇွန်လတွင်မူ ထိုင်းစီမံခန့်ခွဲရေးတရားလွှတ်တော်ချုပ်က အမှုကို လက်ခံခဲ့ပါသည်။ ဌာနဆိုင်ရာများသည် ပြည်သူ့အသံကို ကောင်းစွာ နားထောင်ရန်ပျက်ကွက်ခဲ့ကြောင်း ယူဆနိုင်ဖွယ်သက်သေ အထောက်အထားများရှိသဖြင့် အမှုကိုကြားနာရန် လက်ခံခဲ့ခြင်းဖြစ်သည်ဟု ထိုင်းစီမံခန့်ခွဲရေး တရားလွှတ်တော်ချုပ်က ဆိုပါသည်။  သို့သော် အမှုကို ကြားနာခဲ့ပြီးနောက် ၂၀၁၅ -ခုနှစ်၊ ဒီဇင်ဘာလတွင် ဌာနဆိုင်ရာများအနေဖြင့် ပြည်သူ့အသံကို နားထောင်ရန် တာဝန်ကို ပျက်ကွက် ခြင်း မရှိကြောင်း စီရင်ဆုံးဖြတ်ခဲ့ပါသည်။

            ရှာရာဘူရိရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရေးကို တားမြစ်ရန် ထိုင်းလယ်သမားကြီးများ ၏ ကြိုးပမ်းအားထုတ်မှုသည် အောင်မြင်ခြင်းမရရှိခဲ့ဘဲ ရှာရာဘူရိရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၉ -ခုနှစ်၊ အောက်တိုဘာလတွင် တည်ဆောက်ပြီးစီး၍ စတင်လည်ပတ်ဆောင်ရွက်ခဲ့ပါသည်။  ရှာရာဘူရိ အမှုသည် ကျွန်ုပ်တို့ အရှေ့တောင်အာရှဒေသတွင် နယ်စပ်ဖြတ်ကျော်၍ အခြားနိုင်ငံအတွင်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုဖြစ်စေခြင်းအတွက် ပထမဆုံးစွဲဆိုသည့်အမှုဖြစ်၍ ဒေသတွင်းသာမက နိုင်ငံ တကာကလည်း များစွာသတိပြုမိသည့်အမှုဖြစ်သည်။ NGO များနှင့် ပြည်သူများ၏ ဆန္ဒပြမှု၊ ဖိအား ပေးမှုတို့ကြောင့် ရှာရာဘူရိစီမံကိန်း၏ပုံရိပ်ကို ထိခိုက်စေခဲ့ပြီး စီမံကိန်းသည် နိုင်ငံတကာဖွံ့ဖြိုးရေး ဘဏ်များ၏ ငွေကြေးထောက်ပံ့မှုကိုလည်း ရရှိနိုင်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ထိုင်းနိုင်ငံအတွင်း ဘဏ်များ၏ ငွေကြေးအထောက်အပံ့ဖြင့်သာ တည်ဆောက်ခဲ့ရပါသည်။ ထိုင်းနိုင်ငံ အတွင်း၌ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရေးကို ဆန့်ကျင်ဆန္ဒပြမှုများ များပြားသဖြင့် ထိုင်းအာဏာပိုင်များသည် ဥပဒေပိုင်း ပိုမိုအားနည်းသော လာအို၊ ကမ္ဘောဒီးယား၊ မြန်မာကဲ့သို့သော နိုင်ငံများကို အခွင့်အရေးယူလျက် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန် ဦးတည်ခြင်းအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ထိုင်း NGO များက အမှုဖြစ်ပွားစဉ်အချိန်က ထုတ်ဖော်ပြောဆိုခဲ့ကြပါသည်။

            ရှာရာဘူရိရေအားလျှပ်စစ်စီမံကိန်း လည်ပတ်ခဲ့ပြီး ၂၀၁၉-ခုနှစ်နှင့် ၂၀၂ဝ-ခုနှစ်များတွင် ထိုင်း နိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့တွင် ရေရရှိမှု၊ ငါးရရှိမှုနှင့်စိုက်ပျိုးရေးအတွက် အကျိုးဖြစ်ထွန်းသည့် မြစ် မှ နုံးပို့ချမှုတို့ ပြောင်းလဲလာပြီး မြစ်ရေအရောင် ပြောင်းလဲခြင်းမှအစ ဖြစ်ပွားလျက်ရှိရာ ထိုသဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမှုတို့ကြောင့် ထိုင်းနိုင်ငံ၊ ပြည်နယ် (၈) ခုမှ ပြည်သူများသည် ကွန်ရက်တည် ထောင်ပြီး၊  ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား ချုပ်ဆိုထားသော လျှပ်စစ်ဓါတ်အားပေးရေး စာချုပ် များကို ပြန်လည်သုံးသပ်၊ ပြင်ဆင်ရန် ထိုင်းစီမံခန့်ခွဲရေး တရားလွှတ်တော်ချုပ်သို့ သက်သေခံ အထောက်အထားများ တင်သွင်းကာ  ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပါသည်။ ထိုင်းတရားရုံးများတွင် နယ်စပ်ဖြတ်ကျော် သက်ရောက်မှုရှိသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာအမှုများကို ကြားနာခြင်း သည် ထိုင်းနိုင်ငံ၏ တရားရေးမဏ္ဍိုင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGOများ အား ကောင်းနေကြောင်းကို ညွှန်ပြနေပါသည်။ ထိုင်းနိုင်ငံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များအတွက်  အထူးတရားရုံးများ သီးခြားမထားဘဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် ထိုင်းတရားလွှတ်တော်ချုပ် အောက်တွင် သီးခြားဌာနတခု ဖွင့်လှစ်ထားကြောင်းသိရပြီး၊ ယင်းဌာန၏လုပ်ငန်းများကို ပံ့ပိုးရန် သီးခြားသုတေသနယူနစ်လည်း ပါဝင်ဖွဲ့စည်းထားကြောင်းသိရှိရသည်။ သဘာဝပတ်ဝန်းကျင်နှင့်ပတ် သက်၍ အထူးပြုလေ့လာသင်ယူထားသော ထိုင်းတရားသူကြီး (၂၀၀) ကျော်ခန့် ရှိကြောင်းလည်း လေ့လာသိရှိရပါသည်။


မြို့တော်ဂျကာတာ လေထုညစ်ညမ်းမှုအတွက် အင်ဒိုနီးရှားအစိုးရကို တရားစွဲဆိုခြင်း

            အရှေ့တောင်အာရှတွင် သစ်တောဖုံးလွှမ်းမှုအများဆုံးနိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် စက္ကူ ထုတ်လုပ်ခြင်းလုပ်ငန်း၊ စားအုန်းဆီစိုက်ခင်းလုပ်ငန်း တိုးချဲ့ခြင်းတို့ကြောင့် နှစ်စဉ်သစ်တောမြေများစွာ  ဆုံးရှုံးလျက်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်ဂျကာတာသည် ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးမြို့ များအနက် နံပါတ် (၉) နေရာတွင် ရှိနေပြီး၊ ဂျကာတာတွင် တနှစ်လျှင် လူ (၇၀၀၀) ခန့်သည် လေထု ညစ်ညမ်းမှုကြောင့် သေဆုံးလျက်ရှိကြောင်းနှင့် နှစ်စဉ်မွေးကင်းစ ကလေးသူငယ် (၂၀၀၀) သည် ပေါင် ချိန်မပြည့်ဘဲ မွေးဖွားနေခြင်းမှာလည်း လေထုညစ်ညမ်းမှုကြောင့်ဖြစ်သည်ဟုဆိုပါသည်။ ဂျကာတာ မြို့သူမြို့သားအားလုံး၏သက်တမ်းကို ၅.၅-နှစ်ခန့် ပိုမိုတိုစေသည်ဟုလည်း သိရှိရသည်။ ဂျကာတာ မြို့ တော်၏ လေထုညစ်ညမ်းမှုပြဿနာကို တာဝန်ယူဆောင်ရွက်ရန် ပေါ့လျော့မှု (negligence) အတွက် အင်ဒိုနီးရှားနိုင်ငံသမ္မတ၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးအပြင် ဂျကာတာမြို့တော်ဝန်နှင့်ဂျာကာတာနှင့် နယ်နိမိတ်ထိစပ်နေသော အနောက် ဂျာဗား ပြည်နယ်မှူးနှင့် ဘန်တန်ပြည်နယ်မှူး စုစုပေါင်း (၇) ဦးကို ဂျာကာတာမြို့တော်ပြည်သူများ ကိုယ်စား ပြည်သူ (၃၂) ဦးက ၂၀၁၉-ခုနှစ်တွင်  ဂျာကာတာဗဟိုခရိုင် ခရိုင်တရားရုံးတွင် တရားစွဲ ဆိုခဲ့ပါသည်။ တရားစွဲဆိုသူတို့၏ တောင်းဆိုချက်မှာ ၎င်းတို့အတွက် လျော်ကြေးတစုံတရာရရန် တောင်းဆိုခြင်း မဟုတ်ဘဲ ဂျာကာတာမြို့တော်၏ လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အမှုစစ်ဆေးစဉ် ဂျကာတာမြို့တော်၏လေထုညစ်ညမ်းရသည့် အဓိက အကြောင်းရင်းများမှာ မော်တော်ယာဉ်များမှထုတ်လွှတ်သော အိပ်ဇောမီးခိုးများနှင့် ကျောက်မီးသွေး သုံးဓာတ်အားပေးစက်ရုံမှ ထုတ်လွှတ်သော မီးခိုးများကြောင့်ဖြစ်သည်ဟုသိရသည်။ ယင်းအနက် ဂျကာတာအတွင်းရှိ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများမှထုတ်လွှတ်မှုသည် ၁၄% မျှသာရှိ ပြီး၊ ကျန်မီးခိုးများသည် အနောက်ဂျာဗားနှင့် ဘန်တန်ပြည်နယ်တို့မှ ထုတ်လွှင့်သောမီးခိုးတို့ဖြစ်ပြီး၊  ဂျာကာတာပေါ်သို့ ပျံ့နှံ့ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။ တရားရုံး၏စီရင်ချက်တွင် သမ္မတကြီး အပါအဝင်တာဝန်ရှိသူများသည် ဂျကာတာလေထုညစ်ညမ်းမှုပြဿနာကိုသိပါလျက် တာဝန်ပေါ့လျော့ ခဲ့ကြောင်း ဖော်ပြပါရှိခဲ့ပြီး၊ ယင်းပြဿနာကို ဖြေရှင်းရန်အတွက် သမ္မတကြီးသည် သိပ္ပံနှင့်နည်းပညာ ကိုအခြေခံပြီး ပြည်သူလူထု ကျန်းမာရေးအတွက် လုံလောက်သည့် လေထုအရည်အသွေး စံချိန်စံ ညွှန်းများ ပြင်ဆင်သတ်မှတ်ပေးရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးသည် ဂျာကာတာ မြို့တော်ဝန်၊ အနောက်ဂျာဗားပြည်နယ်မှူးနှင့် ဘန်တန်ပြည်နယ်မှူးတို့ပြုစုသည့်  လေထုတွင်းသို့ထုတ် လွှတ်သည့် မီးခိုးထုတ်လွှင့်မှုစာရင်းဇယားများကို စောင့်ကြပ်ကြည့်ရှုရန်၊ ဂျာကာတာမြို့တော်ဝန်၏ လေထုညစ်ညမ်းမှုစီမံခန့်ခွဲရေးအစီအစဉ်ကို ပြည်ထဲရေးဝန်ကြီးမှ စောင့်ကြပ်ကြည့်ရှုရန် တရားရုံးက စီရင်ချက်ချမှတ်ခဲ့ပါသည်။ အင်ဒိုနီးရှားတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအမှုများကို ကိုင်တွယ် ဖြေရှင်းရန် တရားသူကြီးများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအထူးသင်တန်းကို တက်ရောက် ရန်လိုပြီး ထိုသင်တန်းဆင်းတရားသူကြီးများကသာလျှင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအမှုများ ကို ကိုင်တွယ်ရပါသည်။ ယင်းအထူးသင်တန်းများကို ၂၀၁၁-ခုနှစ်ကပင် စတင်ခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံ၏ တရားသူကြီးပေါင်း (၈၀၀၀) ကျော်အနက် ၅%မှ ၁၀% ခန့်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အထူးသင်တန်းဆင်းပြီးဖြစ်ကြောင်း သိရသည်။ လေထုညစ်ညမ်းမှုအတွက် အင်ဒိုနီးရှားနိုင်ငံသမ္မတနှင့် တာဝန်ရှိဝန်ကြီးများ၊ မြို့တော်ဝန်၊ ပြည်နယ်မှူးတို့အား အများပြည်သူအကျိုးအတွက် ပြည်သူ (၃၂) ဦး က တရားစွဲဆိုမှုတွင် အင်ဒိုနီးရှားမှတရားသူကြီးများသည်  မှန်ကန်ရဲဝံ့စွာ ဆုံးဖြတ်ခဲ့ခြင်းကိုကြည့်ခြင်း ဖြင့် အင်ဒိုနီးရှားနိုင်ငံတရားရေးမဏ္ဍိုင်၏ အရည်အသွေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် အလေးထားမှုအတိုင်းအတာကို တွေ့ရှိနိုင်ပါသည်။

            အထက်တွင်ဖော်ပြခဲ့သော တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့၏အမှုများသာမက၊ ကျွန်ုပ်တို့၏ အိမ်နီးချင်းနိုင်ငံများစွာတွင် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ အများအကျိုးအတွက် ရဲဝံ့စွာရပ် တည်ရင်ဆိုင်ခဲ့သောထင်ရှားသည့်အမှုများစွာရှိခဲ့ကြောင်း အားကျအတုယူဖွယ် သိရှိရသည်။  အိန္ဒိယ နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်စေသည့်  ခဲဓာတ်ပါသော လောင်စာဆီ (leaded petroleum) အသုံးပြုခြင်းကို ရပ်စဲစေရန် အိန္ဒိယအစိုးရကို တရားစွဲဆိုခဲ့သောရှေ့နေ M.C. Mehta၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို တားဆီးကာကွယ်ရေးမူဝါဒများကို လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်ပေးရန်အတွက် ပါကစ္စတန်အစိုးရကို တရားစွဲ၍ တောင်းဆိုခဲ့သည့် လယ်သမားကြီး Leghari  အပါအဝင် သဘာဝပတ်ဝန်းကျင်အတွက် ရပ်တည်ဝံ့သူများစွာရှိပါသည်။ ကျွန်ုပ်တို့နိုင်ငံ တွင်မူ တစ်သီးပုဂ္ဂလများ နစ်နာမှုအတွက် တရားမနစ်နာမှု (Torts) စွဲဆိုခြင်းများရှိသော်လည်း၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုအတွက် အများပြည်သူအကျိုးငှာ တရားစွဲဆိုခြင်း(EPIL) များ ပေါ်ပေါက်ခြင်း မရှိ သေးပါ။  ထိုသို့ပေါ်ပေါက်လာနိုင်စေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂) နှင့် အခြားဆက်စပ် သောဥပဒေများကို ပြန်လည်ပြင်ဆင်ရန် လိုပါဦးမည်။ ဥပဒေများကို ပြင်ဆင်ခြင်းသာမက၊ သဘာဝ ပတ်ဝန်းကျင်အတွက် ရပ်တည်ပေးမည့် ပြည်သူ့သူရဲကောင်းများ၊ ရှေ့နေများ၊ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားပြီး ပြည်သူကိုမျက်နှာမူမည့် ပြည်သူ့တရားရှင်တရားသူကြီးများစွာလည်း လိုအပ်ပါ လိမ့်မည်။

            မြန်မာနိုင်ငံသာမက ကမ္ဘာကြီးသည် ကြီးမားသောရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၏ ဆိုးကျိုး များကို ခံစားနေကြရသည်။ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ အများပြည်သူအကျိုးငှာ တရားစွဲဆို ခြင်း (EPIL) များ ဆောင်ရွက်ရုံမျှဖြင့် သဘာဝပတ်ဝန်းကျင်ကို ကယ်တင်နိုင်ပါမည်လားဟု မေးရန်ရှိပါ လိမ့်မည်။  ထိုသို့ဆောင်ရွက်ရုံမျှဖြင့် မလုံလောက်ပါ။ နည်းလမ်းတခုတည်းကို ဆောင်ရွက်ရုံမျှဖြင့် လည်း မလုံလောက်နိုင်ပါ။ သို့သော် ရှေးမြန်မာဆိုရိုးစကားရှိသည့်အတိုင်း “တစ်ဦးဆောင်သော် မရ၊ တစ်သောင်းဆောင်သော် ရ၏” ဟု ဆိုထားရာ၊ တဦး၊ တဌာန၊ တဖွဲ့၊ အစိုးရတရပ်တည်းမှ စောင့်ကြပ် ကြည့်ရှုခြင်းထက်၊ မြန်မာပြည်သူတို့၏မျက်လုံးအစုံ သန်း (၅၀) ကျော်ဖြင့် စောင့်ကြပ်ကြည့်ရှုပြီး ဝိုင်း ဝန်းဆင်ခြင်၊ ထိန်းသိမ်းကာကွယ်မည်ဆိုပါက မြန်မာပြည်သည်လည်း ကမ္ဘာတည်သရွေ့ စိမ်းလန်းနေ ဦးမည်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့အားလုံးချစ်သော ဧရာဝတီသည်လည်း ပလပ်စတစ်အမှိုက် ကင်းရှင်းစွာ ဖြင့် ကမ္ဘာတည်သရွေ့ ကြည်လင်သန့်ရှင်းစွာ တသွင်သွင် စီးဆင်းနေမည် ဖြစ်ပေသည်။

Red Panda

ဤစာစောင်ကို ပြုစုရေးသား ပေးပို့သော Red Panda (Ministry of Natural Resources and Environmental Conservation- MoNREC) အား ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။