ဖက်ဒရယ်စာစောင်။ အတွဲ (၁)၊ အမှတ် (၅)။

ဖက်ဒရယ်ဒီမိုကရေဒီ ပြည်ထောင်စု တည်ဆောက်ရေးစီမံချက်

လွတ်လပ်ရေး ရရှိသည့်အချိန်မှစ၍ ယနေ့တိုင်ဖြစ်ပွားနေသော အနှစ် (၇၀) ကျော်ပြည်တွင်းစစ် အပါအဝင် ပြည်ထောင်စု၏ အရင်းခံနိုင်ငံရေးပြဿနာများသည် ဤတိုင်းပြည်အား အမျိုး၊ ဘာသာ၊ သာသနာကို အခြေခံသော အမျိုးသားနိုင်ငံတော်အဖြစ် တပြည်ထောင်စနစ်ဖြင့် တည်ဆောက်မည်လော၊ သို့တည်းမဟုတ် တိုင်းရင်းသားလူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်သော ဖက်ဒရယ်ပြည် ထောင်စုကြီးကို တည်ဆောက်မည်လောဟူသော ပြဿနာပင်ဖြစ်ပါသည်။

            ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးသည့်အချိန်မှစ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများက ဤတိုင်းပြည်ကြီးကို ပြည်ထောင်စုစနစ်ဖြင့် ထူထောင်ရန် သဘောတူခဲ့ကြပါသည်။ သို့ရာတွင် ပြည်ထောင်စုကြီးကို အမည်ခံဖြင့်တည်ဆောက်ခဲ့သော်လည်း တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတို့ကို အာမခံချက်ပေးနိုင်သော ပြည်ထောင်စု စနစ်ကို ယခုထိတိုင် ထူထောင်နိုင်ခြင်း မရှိသေးပေ။ ယင်းသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းများစွာအနက် အရေးကြီးသောအချက်များမှာ-

 ၁။        နိုင်ငံတော်ဖွဲ့စည်းမှုပုံသဏ္ဌာန် (Form of State) မပီပြင်ခြင်း

၂။         အစိုးရဖွဲ့စည်းမှုပုံသဏ္ဌာန် (Form of Government) မပီပြင်ခြင်း

၃။         ပြည်ထောင်စုနှင့် ပြည်နယ်အကြား အာဏာခွဲဝေခြင်း (Division power between Federal and State) မပီပြင်ခြင်း

၄။         ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းမှုပုံစံမှ လမ်းကြောင်းလွဲသွားခြင်း စသည့်အကြောင်းအရာများ အပေါ် တွင် မူတည်ပါသည်။

            ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည် ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ လိုလားသော ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်တို့၏ အခြေခံမူများကို ၂၀၂၁ မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သော "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" တွင် ပါရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်မူ (၅) ရပ်နှင့် အခြေခံမူဝါဒ (၃၇) ချက်တွင် ဖော်ြပထားပြီးဖြစ်ပါသည်။

            ဒီမိုကရေစီစနစ်သည် များသောအားဖြင့် အစိုးရဖွဲ့စည်းမှုပုံသဏ္ဌာန်နှင့် ဆက်စပ်လျက်ရှိပြီး ဖက် ဒရယ်စနစ်သည် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ- အထူးသဖြင့် ပြည်ထောင်စု ဖွဲ့စည်းမှုပုံသဏ္ဌာန်နှင့် ဆက်စပ်နေသောပြဿနာဖြစ်ပါသည်။ ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်မှုဆိုရာ၌အဓိကဆိုလိုသည့်အချက်မှာ-

၁။         ပြည်ထောင်စုနှင့် ပြည်နယ်များ ဖွဲ့စည်းမှုပုံသဏ္ဌာန်၊

၂။         ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ပြည်နယ်အစိုးရများ ဖွဲ့စည်းမှုပုံသဏ္ဌာန်၊

၃။         ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေသုံးစွဲခြင်းတို့ပင် ဖြစ်ပါသည်။

            ထို့ကြောင့်  ဤစာတမ်းတွင် ထိုအချက်သုံးချက်ကို ဦးစားပေးတင်ပြသွားမည်ဖြစ်ပါသည်။

            ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self-rule) နှင့် စုပေါင်းအုပ်ချုပ်ခြင်း (Shared-rule) တို့ကို ပေါင်းစပ်ထားသောစနစ်ဖြစ်ပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခြင်းသည် ပြည်နယ်များနှင့် တိုက်ရိုက်သက်ဆိုင်၍ စုပေါင်းအုပ်ချုပ်ခြင်းသည် ပြည်ထောင်စုနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။ ထိုနှစ်ခု အကြားတွင် ပြည်ထောင်စုနှင့် ပြည်နယ်များ ပူးတွဲကျင့်သုံးရမည့်အာဏာ (Concurrent Power) နှင့် ကြွင်း ကျန်အာဏာ (Residual Power) ကိစ္စရပ်များကိုလည်း ချန်လှပ်မထားဘဲ ထည့်သွင်းဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။

(၁)       ပြည်ထောင်စုအဖွဲ့ဝင်နှင့် အဖွဲ့ဝင်ပြည်နယ်များ ဖွဲ့စည်းမှုပုံသဏ္ဌာန်

            (Form of Member States of the Union)

            နိုင်ငံတော်ဖွဲ့စည်းမှုပုံသဏ္ဌာန်သည် တိုင်းပြည်တခုကို မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ဖြင့် ဖွဲ့စည်းရမည်နည်းဟူသော ပြဿနာပင်ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံအားဖြင့် နှစ်မျိုး နှစ်စားခွဲခြားနိုင်သည်။ ယင်းတို့မှာ- အမျိုးသားနိုင်ငံတော်တည်ဆောက်ခြင်းကို အခြေခံသော တပြည်ထောင် စနစ်နှင့် လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထူထောင်အပ်သော ပြည်ထောင်စုစနစ်တို့ပင်ဖြစ်ပါသည်။ ယင်းနှစ်ခု အကြားတွင် တပြည်ထောင်စနစ်ကိုယိမ်းသော ပြည်ထောင်စုနှင့်ပြည်ထောင်စုစနစ်ဘက်ကိုယိမ်းပြီး ဗဟို ဦးစီးစနစ်ကိုဖြေလျှော့၍ အာဏာများကို အောက်ခြေအထိ ဖြန့်ကျက်ထားသော (Decentralization) တပြည် ထောင်စနစ်ဟူ၍လည်း ထပ်ဆင့်ခွဲခြမ်းစိတ်ဖြာနိုင်ပါသေးသည်။

            ပြည်ထောင်စုစနစ်တွင် နိုင်ငံတော်ဖွဲ့စည်းမှုပုံသဏ္ဌာန်သည်အခြေခံအားဖြင့် ပြည်ထောင်များကို စု စည်းထားသည်ဆိုသော အခြေခံမူပင် ဖြစ်ပါသည်။ ပြည်ထောင်များကို စုစည်းထားသဖြင့် ပြည်ထောင်စုဟု ခေါ်ဆိုခြင်းပင်ဖြစ်ပါသည်။ ဤနေရာတွင် အဓိကအကျဆုံးသောအချက်သည် ပြည်ထောင်စု၏ဖွဲ့စည်းမှု အခြေခံသဘောတရားပင်ဖြစ်ပါသည်။ ပြည်ထောင်များကို စုစည်းထားသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာ နိုင်ရေးအတွက် အခြေခံစုစည်းမှုပုံသဏ္ဌာန်နှင့် အင်္ဂါရပ်များဖြစ်သည့် "ပြည်ထောင်များ" သည် ပြည်ထောင် စုကြီး ဖြစ်ပေါ်လာရေးအတွက် အရေးအကြီးဆုံးသောအင်္ဂါရပ်များဖြစ်ပါသည်။ ထိုအခြေခံအင်္ဂါရပ်များဖြစ် သော "ပြည်ထောင်များ"သည် ဖက်ဒရယ်စနစ်အရ ကိုယ်ပိုင်အုပ်ချုပ်ခြင်းကို အခြေခံသော ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ ဖြစ်ကြပါသည်။

            ပြည်ထောင်စု၏ ဖွဲ့စည်းမှုအင်္ဂါရပ်ဖြစ်သော "ပြည်ထောင်များ" ကို ပြည်ထောင်ဟု ခေါ်မည်လော၊ ပြည်ဟု ခေါ်မည်လော၊ ပြည်နယ် ဟု ခေါ်မည်လော၊ တိုင်းဟု ခေါ်မည်လော၊ တိုင်းဒေသကြီးဟု ခေါ်မည် လော ဟူသောပြဿနာသည် နိုင်ငံရေးရွေးချယ်မှုသာ ဖြစ်ပါသည်။ မည်သည့်အမည်ဖြင့် ခေါ်တွင်ပါစေ၊ အခြေခံလိုအပ်ချက်မှာ ပြည်ထောင်စုကြီး၏အခြေခံဖွဲ့စည်းမှုအင်္ဂါရပ်သည် ပုံစံတခုတည်းသာဖြစ်သင့် သည်။ ထို့ကြောင့် ထိုအခြေခံအင်္ဂါရပ်၏ အမည်နာမသည်လည်း ပုံစံတခုတည်းသာဖြစ်သင့်သည်။ ပြည် ထောင်စုမြန်မာနိုင်ငံတွင် ထိုအမည်နာမရွေးချယ်မှုသည် ကြီးကျယ်သောနိုင်ငံရေးပြဿနာဖြစ်ရုံသာမက အနှစ်ခုနစ်ဆယ်ကျော် ပြည်တွင်းစစ်ကို ဖန်တီးသော လက်နက်ကိုင်ပဋိပက္ခအရင်းအမြစ်များထဲတွင် တခု အပါအဝင်ဖြစ်သည်။ အကြောင်းမှာ- ထိုပြည်ထောင်စု၏အခြေခံဖွဲ့စည်းမှုကို တန်းတူရေးတွင် အခြေမခံဘဲ "ပြည်နယ်- ပြည်မ" အခြေခံဖြင့် ခွဲခြား၍ ဖွဲ့ စည်းခဲ့သောကြောင့် တန်းတူရေးမူမှ သွေဖည်ခဲ့ပါသည်။ ၁၉၄၇ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ပြည်မတွင်သာ ပြည်ထောင်စုကြီးတခုလုံး၏အာဏာအားလုံး စုပြုံထားပြီး ပြည်နယ်များတွင် လုံလောက်သောအာဏာများ မရှိခဲ့ပါ။ ထို့ကြောင့် ပြည်ထောင်စု ဟုခေါ်သော်လည်း ပြည်ထောင်စုအနှစ်သာရဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်းတို့ အဓိပ္ပာယ်မဲ့သွားခဲ့ပါ သည်။ ထို့ကြောင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေက ဖန်တီးလိုက်သော အဓိကပြဿနာမှာ ပြည်နယ်များ တွင် နိုင်ငံရေးအာဏာ အလုံအလောက်မရှိသောကြောင့် ဖြစ်ပေါ်ခဲ့သော ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အနှစ်သာရကင်းမဲ့ခြင်းတို့အပြင် ပြည်ထောင်စု၏ အာဏာအားလုံးကို ပြည်မတွင် စုပြုံချုပ်ကိုင် ထားသောကြောင့် ဖြစ်ပေါ်လာခဲ့သော စုပေါင်းအုပ်ချုပ်ခြင်း အနှစ်သာရကင်းမဲ့ခြင်းတို့ပင် ဖြစ်ပါသည်။

            ၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နှင့်တိုင်းတို့ကို အာဏာတူများပေးခဲ့ကြသည်။ ယင်းကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဆက်လက်ကျင့်သုံးနေပါသည်။ သို့ရာတွင် တိုင်းအစား တိုင်းဒေသကြီးဟူသော နိုင်ငံရေးအရ အဓိပ္ပာယ်ကင်းမဲ့သည့်အမည်နာမကို သုံးစွဲလာ ပါသည်။ ထိုသို့ ပြည်နယ်နှင့်တိုင်းတို့ကို အာဏာတူများပေးထားသောကြောင့် ပြည်ထောင်စုအာဏာ တခုလုံး ကို ပြည်မက ချုပ်ကိုင်လွှမ်းမိုးထားသည် ဟူသောအယူအဆ လျော့ကျသွားပြီး ပြည်ထောင်စုနှင့် ပြည်နယ်-တိုင်းများ အာဏာခွဲဝေကျင့်သုံးခြင်းက စတင်၍ လမ်းစပေါ်လာပြီ ဟု ဆိုနိုင်သည်။

            သို့ရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများကို အာဏာတူပေး၍ ပြည်ထောင်စုနှင့် ပြည်နယ်၊  တိုင်း ဒေသကြီးများအကြား အာဏာခွဲဝေကျင့်သုံးခြင်းက စတင်၍ လမ်းစပေါ်နေပါသော်လည်း ပြည်ထောင်စုစနစ် ၏ နိုင်ငံတော်ဖွဲ့စည်းမှု ပုံသဏ္ဌာန်ပီပြင်မှု မရှိသေးရုံမက ပြည်ထောင်စုနှင့်ပြည်နယ်များအကြား အာဏာခွဲဝေ ကျင့်သုံးခြင်းကိုလည်း ပီပြင်စွာဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။ ထို့အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးဟု အမည်နာမနှစ်မျိုးကို ပြည်ထောင်စုအခြေခံဖွဲ့စည်းမှုတွင် သုံးစွဲထားသောကြောင့် ပြည်နယ်နှင့်ပြည်မဟူသော အယူအဆ၊ မြန်မာ/ဗမာနှင့် အခြားတိုင်းရင်းသားများကို ခွဲခြားဆက်ဆံခြင်းဟူသောအယူအဆများ မပျောက် ကင်းနိုင်သေးပါ။ ထို့ကြောင့် ပထမအဆင့်အနေဖြင့် ပြည်ထောင်စုစနစ်၏အင်္ဂါရပ် ပီပြင်ထင်ရှားစေရန် ပြည်ထောင်စု၏ အခြေခံဖွဲ့စည်းမှုပုံသဏ္ဌာန်ဖြစ်သော ပြည်ထောင်များကို ပြည်ထောင်ဟုခေါ်မည်လော၊ ပြည်ဟု ခေါ်မည်လော၊ တိုင်းဟုခေါ်မည်လော၊ တခုခုကို ပြည်ထောင်စုတဝှမ်းလုံးအတွက် ပုံစံတူရွေးချယ် သင့်ပါသည်။

            ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို ပြန်လည်၍ ပြင်ဆင်ဖွဲ့စည်းရာတွင် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများက ၂၀၀၅ ခုနှစ်တွင် သဘောတူခဲ့သော "ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ" (Federal Constitution Drafting Coordination Committee-FCDCC) မူအတိုင်း အခြေခံအားဖြင့် မူ နှစ်ရပ်ချမှတ်သင့်ပါသည်။

            ယင်းတို့မှာ-

(၁)       သမိုင်းကြောင်းအရ တည်ရှိပြီးသော ရှိရင်းစွဲအမျိုးသားပြည်နယ်များနှင့် ဗမာအမျိုးသားပြည်နယ်၊

(၂)        လူမျိုးပေါင်းစုံ ရောနှောနေထိုင်သော အမျိုးသားများပြည်နယ်များ [ဥပမာ- အထက်ချင်းတွင်း ပြည် နယ်၊ ဧရာဝတီပြည်နယ်၊ တနင်္သာရီပြည်နယ် စသည်ဖြင့်] ထိုမူ ၂- ရပ်ကို အခြေခံ၍ လိုအပ်ပါက ပြည်နယ်သစ်များ ဖွဲ့စည်းနိုင်ရေးကိစ္စကိုလည်း နောင်တွင်လိုအပ်လျှင်လိုအပ်သလို ဆောင်ရွက်နိုင် ရန် လမ်းဖွင့်ထားပါသည်။

 

(၂)        ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ ဖွဲ့စည်းမှုပုံသဏ္ဌာန်

            (Form of Federal and State Governments)

            ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်းတို့ကို ပေါင်းစပ် ထားသောစနစ်ဖြစ်သောကြောင့် အစိုးရဖွဲ့စည်းမှုပုံသဏ္ဌာန်ကို စဉ်းစားသောအခါ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စပ်ဆိုင်သော ပြည်နယ်အစိုးရဖွဲ့စည်းခြင်း၊  စုပေါင်းအုပ်ချုပ်ခြင်းနှင့်စပ်ဆိုင်သော ပြည်ထောင်စုအစိုးရ ဖွဲ့ စည်းခြင်း နှစ်ခုစလုံးကို ပြိုင်တူစဉ်းစားရပေမည်။

            အစိုးရဖွဲ့စည်းမှုပုံသဏ္ဌာန်သည် အုပ်ချုပ်ရေးစနစ်နှင့်တိုက်ရိုက်ဆက်စပ်နေသောကြောင့် မိမိတို့ရွေး ချယ်မှုအရ ဒီမိုကရေစီစနစ်တွင် ရှိသင့်ရှိထိုက်သော အစိုးရဖွဲ့စည်းမှုပုံသဏ္ဌာန်ကို အခြေခံ၍ စဉ်းစားရပေ မည်။ ဒီမိုကရေစီစနစ်အရ အစိုးရဖွဲ့စည်းမှုပုံသဏ္ဌာန်ကို စဉ်းစားရွေးချယ်သောအခါ ပထမရွေးချယ်ရမည့် အချက်မှာ သမ္မတစနစ်ကို ကျင့်သုံးမည်လား (သို့မဟုတ်) ပါလီမန်စနစ်ကို ကျင့်သုံးမည်လား (သို့မဟုတ်) သမ္မတနှင့် ပါလီမန်စနစ်ကို ရောစပ်ထားသည့် Semi Presidential System ကို ကျင့်သုံးမည်လား ဟူသော ရွေးချယ်မှုပင်ဖြစ်ပါသည်။

            ဒုတိယအနေဖြင့် မိမိတို့ရွေးချယ်ထားသောစနစ်ကို အခြေခံ၍ အုပ်ချုပ်မည့်အစိုးရကို မည်သို့မည်ပုံ ရွေးချယ်ရမည်ဟူသော အစိုးရရွေးချယ်မှုစနစ်ပင်ဖြစ်ပါသည်။ ဥပမာ- သမ္မတစနစ်ကို ရွေးချယ်ပါက သမ္မတ ကို တိုက်ရိုက်မဲပေး၍ ရွေးချယ်သည့်စနစ်ကို ကျင့်သုံးမည်လား၊ ပါလီမန်စနစ်ကို ရွေးချယ်ပါက ပါလီမန် အမတ်ဟုခေါ်သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များကို မည်သို့မည်ပုံရွေးချယ်မည်နည်း။ အကယ်၍ သမ္မတစနစ်နှင့် ပါလီမန်စနစ်တို့ကို ရောစပ်သည့်စနစ်ကို ကျင့်သုံးပါက လူထုကိုယ်စားလှယ် ရွေးချယ်ပုံနှင့် သမ္မတရွေးချယ်ပုံစနစ်တို့ကို သေချာစွာ သတ်မှတ်ကာ ရွေးချယ်ရပေမည်။

            ထိုနည်းတူ ဖက်ဒရယ်စနစ်အရ ပြည်နယ်နှင့်တိုင်းဒေသကြီးကို ကိုယ်စားပြုသော အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ပုံရွေးချယ်နည်းနှင့် ၎င်းတို့၏လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်များ၊ ဒီမိုကရေစီစနစ်အရ လူထုကို ကိုယ်စားပြုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ပုံရွေး ချယ်နည်းနှင့် ၎င်းလုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်များကို ဥပဒေဖြင့် သေချာစွာ သတ်မှတ်ပြဋ္ဌာန်း သင့်ပါသည်။

            ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်နယ်များမရှိဘဲ ပြည်ထောင်စုကြီး ရပ်တည်၍မရပါ။ ထိုနည်း တူ ပြည်နယ်အစိုးရများ မရှိဘဲ၊ ပြည်ထောင်စုအစိုးရ ရပ်တည်၍မရပါ။ ထို့ကြောင့် ပြည်ထောင်စုအစိုးရ ရွေးချယ်ပုံရွေးချယ်နည်းကို ဥပဒေဖြင့် တိကျစွာ သတ်မှတ်ပြဋ္ဌာန်းရန် လိုအပ်သလို ပြည်နယ်အစိုးရများ ရွေးချယ်တင်မြှောက်ပုံကိုလည်း ဥပဒေဖြင့်သီးခြားသတ်မှတ်၍ ပြဋ္ဌာန်းပေးရမည်။ ဖက်ဒရယ်စနစ်တွင် ပြည်နယ်အစိုးရများသည် ပြည်ထောင်စုအစိုးရ၏ လက်အောက်ခံအစိုးရများမဟုတ်ကြပါ။ ပြည်ထောင်စု အစိုးရကို ပြည်ထောင်စုတဝှမ်းလုံးရှိ လူထုကရွေးချယ်တင်မြှောက်သလို ပြည်နယ်အစိုးရကိုလည်း ပြည်နယ် အတွင်းရှိ လူထုတရပ်လုံးက ရွေးချယ်တင်မြှောက်သောကြောင့် ဒီမိုကရေစီစနစ်အရ အနှစ်သာရချင်း အတူ တူပင်ဖြစ်၍ တန်းတူကြပါသည်။

            ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်များကို ပြည်ထောင်စုသမ္မတက ခန့်ထား ရပါသည်။ ယင်းသည် ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်းတို့ကို ပေါင်းစပ်ထားသည့် ဖက်ဒရယ် သဘောတရားကို ချိုးဖောက်ရုံသာမက ပြည်နယ်များကို ပြည်ထောင်စု၏ သြဇာခံဘဝသို့ ကျဆင်းသွားစေ ပါသည်။ (ယင်းကိစ္စကို ပြည်ထောင်စုနှင့် ပြည်နယ်အာဏာ ခွဲဝေကျင့်သုံးရေးတွင် အသေးစိတ်ထပ်မံဆွေး နွေးပါမည်။)

            ဒီမိုကရေစီစနစ်အရ လွှတ်တော်အဆင့်ဆင့်၏ ကိုယ်စားလှယ်များကို လူထုက ဆန္ဒမဲပေး ရွေးချယ် တင်မြှောက်သော ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရပေမည်။ ထိုနည်းတူ အဆင့်ဆင့်သောအစိုးရ အဖွဲ့များ ကိုလည်း လူထုကိုယ်စားလှယ်များဖြင့် အခြေခံ၍ ဖွဲ့စည်းရပေမည်။ (သမ္မတစနစ်တွင် ဝန်ကြီးများကို လူထု ရွေးကောက်တင်မြှောက်သောသမ္မတက ခန့်အပ်တာ၀န်ပေးခြင်းကို ပါလီမန်စနစ်နှင့်မရောဘဲ သီးခြား စဉ်းစားရန် လိုအပ်ပါသည်။)

            ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကိုယ်စားလှယ်များကို လွှတ်တော်အဆင့်ဆင့်တွင် ၂၅ ရာခိုင်နှုန်းနေရာပေးခြင်းနှင့် အဆင့်ဆင့်သော အစိုးရအဖွဲ့၏ အရေးကြီးသည့်ဝန်ကြီးဌာနများ လျာထားပေး ခြင်းကို ဒီမိုကရေစီစနစ်နှင့် လုံးဝဆန့်ကျင်သောလုပ်ရပ်သာဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်အရ အစိုးရဖွဲ့စည်းမှုပုံသဏ္ဌာန်အောက်တွင် ထည့်သွင်းစဉ်းစားလေ့ရှိသော ပြည်ထောင်စု၏ လက်နက်ကိုင်အဖွဲ့ အစည်းများ (တပ်မတော်၊ ပြည်သူ့ရဲနှင့်အခြား) ကို အရပ်သားအစိုးရလက်အောက်တွင် ထားရှိရမည်ဆို သော Civilian Supremacy ကိစ္စကို လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် ထည့်သွင်းဆွေးနွေးရ မည် ဖြစ်သည်။

            တိုင်းရင်းသားလူမျိုးပေါင်းစုံ လိုလားသော အစိုးရဖွဲ့စည်းမှုပုံသဏ္ဌာန်မှာ-

(က)      ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရများကို ဖွဲ့စည်းရာတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို အခြေခံရမည်။

(ခ)       နိုင်ငံတော်၏ ဦးသျှောင်ဖြစ်သော သမ္မတကို အမျိုးသားလွှတ်တော်က ရွေးချယ်တင်မြှောက်ရမည်။

(ဂ)       နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ဦးသျှောင်ဖြစ်၍ ပြည်ထောင်စုတပ်မတော်၏စစ်သေနာပတိချုပ် လည်းဖြစ်ရပါမည်။ သို့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏အုပ်ချုပ်ရေးတာဝန်ကို ပူးတွဲထမ်းဆောင်ခြင်း မရှိစေရ။

(ဃ)      ပြည်ထောင်စုအစိုးရအဖွဲ့၏အကြီးအကဲဖြစ်သော ပြည်ထောင်စုဝန်ကြီးချုပ်ကို ပြည်သူ့လွှတ်‌တော်က ရွေးချယ်တင်မြှောက်ရမည်။

(င)           ပြည်နယ်အစိုးရများ၏အစိုးရအဖွဲ့အကြီးအကဲဖြစ်သော ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ရွေးချယ်တင်မြှောက်ရမည်။

(၃) ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေ ကျင့်သုံးခြင်း

            အနှစ် (၇၀) ကျော်ပြည်တွင်းစစ်အပါအ၀င် ဤတိုင်းပြည်တွင် ရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာ အားလုံး၏ အရင်းအမြစ်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဿနာ (Constitutional Crisis) ဖြစ်သည်ဟု ဥပဒေရှုထောင့်မှ သုံးသပ်နိုင်ပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံပြဿနာဟုဆိုရာ၌ အဓိက အကျဆုံးသောပြဿနာ (၂) ရပ်မှာ-

(၁)       ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို လုံလောက်သောအာဏာမပေးခြင်းနှင့်

(၂)        ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေရေးကို ပီပြင်စွာ မဆောင်ရွက်နိုင်ခြင်းတို့ ဖြစ်ပါ သည်။ ထိုပြဿနာ (၂) ခုမှာ ခွဲခြားမရအောင် ဆက်စပ်နေပါသည်။ ပြည်နယ်များကို လုံလောက်သော အာဏာမပေးသောကြောင့် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား ခွဲဝေပိုင်းခြား၍ သီးခြားစီ ကျင့် သုံးရမည့်အာဏာလည်း မရှိခဲ့ပေ။ ထို့ကြောင့် ပင်လုံစာချုပ်အရ ဖွဲ့စည်းထူထောင်ခဲ့သော ပြည် ထောင်စုကြီးသည် ပြည်ထောင်စုစနစ်မှ သွေဖည်၍ အမျိုးသားနိုင်ငံတော်အသွင်ဆောင်သော တပြည်ထောင်စနစ်သာ ဖြစ်သွားခဲ့ပါသည်။

            အနှစ် (၇၀) ကျော် ပြည်တွင်းစစ်ကို ရပ်စဲ၍ ပြည်ထောင်စုကြီးကို ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စုကြီးအဖြစ် ပြန်လည်တည်ဆောက်ရာတွင်  အထက်ဖော်ပြပါ ပြဿနာ (၂) ရပ်ကို ပထမဦးဆုံးဖြေရှင်းရန် လိုအပ်မည် ဖြစ်ပါသည်။

            ပြည်ထောင်စုနှင့်ပြည်နယ်များ အာဏာခွဲဝေကျင့်သုံးရေးကိစ္စကိုစဉ်းစားသောအခါ ပထမဦးစားပေး ထားရမည့်အခြေခံလိုအပ်ချက်မှာ- ပြည်ထောင်စုကြီးသည် နိုင်ငံတနိုင်ငံဖြစ်၍ ပြည်ထောင်စုအဖွဲ့ဝင်ပြည် နယ်များသည် အဆိုပါနိုင်ငံ၏ အစိတ်အပိုင်းများဖြစ်သည်ဟူသောစဉ်းစားချက်ပင်ဖြစ်ပါသည်။ ထိုသို့စဉ်း စားပါမှ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်းသည် မည်သည့်ဘက်မှ နစ်နာ ချက်မရှိဘဲ ပြည်ထောင်စုရော ပြည်နယ်များအတွက်ပါ အတူတကွ အကျိုးစီးပွားဖြစ်ထွန်းခံစားနိုင်ရေးသို့ ဦးတည်ကြောင်း နားလည်နိုင်ရပေမည်။ ထိုသို့စဉ်းစားပါမှ ပြည်ထောင်စုနှင့်ပြည်နယ်များအကြား အာဏာခွဲ ဝေကျင့်သုံးခြင်းအားဖြင့် ပြည်ထောင်စုကြီးအတွက် နစ်နာချက်မရှိသလို ပြည်နယ်များ ခွဲထွက်ခြင်းကိုပါ ဟန့်တားနိုင်ကြောင်း သိမြင်နိုင်မည်ဖြစ်သည်။

            ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဖက်ဒရယ်စနစ်အရ နိုင်ငံရေးအာဏာများကို နိုင်ငံတော်၏ အချုပ်အခြာအာဏာ မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထုလက်ဝယ်သို့ ပြန်လည်သက်ရောက်စေရေးနှင့် ပြည်သူလူထုနှင့် နီးနိုင်သမျှ နီးစပ်အောင် ဆောင် ရွက်လိုသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုနှင့် ပြည်နယ်အကြား အာဏာခွဲဝေကျင့်သုံးရေး သတ်မှတ်ရာတွင် ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရတို့ကို မည်သည့်အာဏာများပေးအပ်ထားကြောင်း ခိုင်လုံတိကျပြီး ကျိုးကြောင်းဆီလျော်သော အခြေခံအကြောင်းရင်းများရှိရန် လိုအပ်ပါသည်။

            ထိုသို့ ပြည်ထောင်စုနှင့်ပြည်နယ်ကြား အာဏာခွဲဝေကျင့်သုံးရာတွင် ပြည်နယ်များက စုပေါင်းဆောင် ရွက်ရန် ပြည်ထောင်စုအစိုးရထံသို့ အပ်နှင်းသောအာဏာများ၊ တနည်းအားဖြင့်  ပြည်ထောင်စုအစိုးရက မဖြစ်မနေကျင့်သုံးရန် လိုအပ်သည့် လုပ်ပိုင်ခွင့်အာဏာတချို့မှအပ ကျန်လုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ် အစိုးရများက လက်ခံကျင့်သုံးသင့်သည်။ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံး ခြင်းကို အောက်ပါအတိုင်း လေးပိုင်းပိုင်း၍ တင်ပြအပ်ပါသည်။

ယင်းတို့မှာ-

            (က)      ပြည်ထောင်စုအစိုးရကို သီးသန့်ကျင့်သုံးရန် အပ်နှင်းရမည့်လုပ်ပိုင်ခွင့်အာဏာများ၊

            (ခ)       ပြည်နယ်အစိုးရက သီးသန့်ကျင့်သုံးရမည့်အာဏာများ (သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ ဝင် ပြည်နယ်များကို လုံလောက်သော နိုင်ငံရေးအာဏာများ အပ်နှင်းခြင်း

            (ဂ)       ပြည်ထောင်စုနှင့်ပြည်နယ်များအကြား ပူးတွဲကျင့်သုံးရမည့်အာဏာများ၊

            (ဃ)      ကြွင်းကျန်သောအာဏာများ ဟူ၍ဖြစ်ပါသည်။

 

(က) ပြည်ထောင်စုအစိုးရကို သီးသန့်ကျင့်သုံးရန်

အပ်နှင်းရမည့်လုပ်ပိုင်ခွင့်အာဏာများ

            ပြည်ထောင်စုစနစ်တွင် ပြည်ထောင်စုကြီးကို ပြည်ထောင်စုအဖွဲ့၀င် ပြည်နယ်အားလုံးနှင့်တကွ ထို ပြည်နယ်များအတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူတရပ်လုံးက စုပေါင်း ပိုင်ဆိုင်ထားပါသည်။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များက စုပေါင်းပိုင်ဆိုင်ထားသော ပြည်ထောင်စုကြီးကို "စုပေါင်းအုပ်ချုပ်"ရန်လည်း ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အားလုံးတွင် တာဝန်ရှိပါသည်။ ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ အခြေခံအင်္ဂါရပ်ကြီးတခုဖြစ်သော "စုပေါင်းအုပ်ချုပ်ခြင်း"စနစ်အရ၊ ပြည် ထောင်စုကြီးကို စုပေါင်းအုပ်ချုပ်နိုင်ရေးအတွက် သီးသန့်အာဏာများကို ပြည်ထောင်စုထံသို့ ပြည်နယ်များ က အာဏာအပ်နှင်းထားရန် လိုအပ်ပါသည်။ သို့မှသာ ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ပြည်ထောင်စုက ပြည်နယ်များကို လိုအပ်သောအာဏာများ လိုအပ်သလို ခွဲဝေပေးခြင်းနှင့် အခြားတဘက်တွင် ပြည်နယ် များက စုပေါင်း၍ ပြည်ထောင်စုကို လိုအပ်သောအာဏာ အပ်နှင်းခြင်းဆိုသော စနစ်နှစ်ခုကို မျှတစွာ ပေါင်း စပ်ကျင့်သုံးသည့်စနစ်ဖြစ်ကြောင်း အဓိပ္ပာယ်ပေါ်လွင်ထင်ရှားနိုင်မည် ဖြစ်ပါသည်။

            ယေဘုယျအားဖြင့် အောက်တွင်ဖော်ပြထားသောအကြောင်းအရာများနှင့် သက်ဆိုင်သည့်ကိစ္စများ တွင်သာလျှင် ပြည်ထောင်စုအစိုးရ၌ လုပ်ပိုင်ခွင့်အာဏာများ ရှိသင့်သည်။

(က)      ပြည်နယ်များက သီးခြားစီမဟုတ်ဘဲ ပြည်ထောင်စုအတိုင်းအတာဖြင့် စုပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ။ (သို့မဟုတ်)

(ခ)       ပြည်ထောင်စုတခုလုံးအတွင်း တူညီစွာ (တပြေးညီ) ကျင့်သုံးရမည့်ကိစ္စရပ်များ။

            ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက ပြည်ထောင်စုကြီးကို စုပေါင်းအုပ်ချုပ်နိုင်ရန် မရှိမဖြစ် အပ်နှင်း မည့်အာဏာများမှာ-

            (၁)       ပြည်ထောင်စုကာကွယ်ရေး၊

            (၂)        နိုင်ငံခြားရေး၊

            (၃)       ငွေဒင်္ဂါးနှင့် ငွေစက္ကူထုတ်လုပ်ခြင်း၊

            (၄)       ပြည်ထောင်စုတဝှန်းလုံးတွင် ကျင့်သုံးရမည့်အလေးချိန်နှင့် ချိန်ခွင်တိုင်းတာရေး စနစ်များ၊

            (၅)       စာတိုက်၊ ကြေးနန်းနှင့် အခြားဆက်သွယ်ရေးစနစ်များ၊

            (၆)       ပြည်ထောင်စုအတိုင်းအတာဖြင့် ကောက်ယူရမည့် အကောက်ခွန်စနစ်၊

            (၇)       လူဝင်မှုကြီးကြပ်ရေးနှင့် သန်းခေါင်စာရင်း စသည့်ကိစ္စရပ်များ ပါဝင်သည်။

 

(ခ)       ပြည်နယ်အစိုးရက သီးသန့်ကျင့်သုံးရမည့်အာဏာများ (သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို လုံလောက်သော နိုင်ငံရေးအာဏာများ အပ်နှင်းခြင်း

            ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်းစနစ်တို့ကို ရောစပ် ထားသောစနစ်ဖြစ်သောကြောင့် ခိုင်မာတောင့်တင်းသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေး အတွက် ပြည်ထောင်စုကြီး၏ အခြေခံအုတ်မြစ်ဖြစ်သော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ (လက်ရှိ အခြေအနေအရ တိုင်းဒေသကြီးများလည်း ပါ၀င်သည်။ သို့ရာတွင် ဤနေရာ၌ ပြည်နယ်နှင့် တိုင်းဒေသကြီး ခွဲခြားခြင်းမရှိဘဲ ပြည်ထောင်စုကို ပုံစံတခုတည်းအဖြစ် ဖွဲ့စည်းရန် အဆိုပြုထားသောကြောင့် ပြည်နယ် များဟု ဖော်ပြခြင်းဖြစ်ပါသည်)ကို လုံလောက်သော နိုင်ငံရေးအာဏာများ အပ်နှင်းရန် လိုအပ်ပါသည်။ ထိုလိုအပ်ချက်များကို အောက်ပါအတိုင်း တဆင့်ပြီးတဆင့် တင်ပြသွားမည် ဖြစ်ပါသည်။

 

၁။         ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းခွင့်

            ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို နိုင်ငံရေးအာဏာသုံးရပ်ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို အပ်နှင်းရမည်။ ထိုသို့အပ်နှင်းရာတွင် ဥပဒေပြု ရေးအာဏာကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်၊ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်ရေးအတွက် ပြည်နယ်အစိုးရ၊ တရားစီရင်ရေးအာဏာကို ကျင့်သုံးနိုင်ရေးအတွက် ပြည်နယ် တရားရုံးတို့ကို ဖွဲ့စည်းထူထောင်ခွင့်ပေးရပါမည်။

            ပြည်နယ်လွှတ်တော်များက ပြည်နယ်အတွင်း ကျင့်သုံးရမည့်ဥပဒေများကို လွတ်လပ် စွာရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက်သော်လည်းကောင်း၊ ပြည်နယ်အစိုးရများက မိမိတို့ပြည်နယ်ကို လွတ်လပ်စွာ စီမံ အုပ်ချုပ်နိုင်ရေးအတွက်သော်လည်းကောင်း၊ ပြည်နယ်တရားရုံးများက မိမိတို့ပြည်နယ်အတွင်းရှိ တိုင်းရင်း သားလူမျိုးများ၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာအတိုင်း လွတ်လပ်စွာ တရားစီရင် နိုင်ရေးအတွက်သော်လည်းကောင်း၊ ပြည်နယ်အသီးသီး၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကို မိမိတို့ပြည်နယ်၏ သမိုင်းကြောင်း၊ အမျိုးသားလက္ခဏာ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို အခြေခံ၍ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်းမရှိဘဲ သီးခြားလွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်း ပိုင်ခွင့်ရှိရမည်။

 ၂။        ပြည်နယ်လွှတ်တော်များ၏ ဥပဒေပြုပိုင်ခွင့်အာဏာများ

            ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ၍ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ သီးခြားပြဋ္ဌာန်းပိုင်ခွင့်ရှိသော ပြည်နယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်သောကြောင့် ပြည်နယ်လွှတ်တော်များ သည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကစုပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အပ်နှင်း ထားသော ဥပဒေပြုရေးအာဏာများမှအပ ကျန်ရှိသောကိစ္စရပ်များအားလုံးတွင် ဥပဒေပြုပိုင်ခွင့်အာဏာ များ ရှိရမည် ဖြစ်ပါသည်။

            ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ဥပဒေပြုပိုင်ခွင့်အာဏာများကို အကြမ်းအားဖြင့် နှစ်မျိုး နှစ်စား ခွဲခြားနိုင်ပါသည်။

            ယင်းတို့မှာ-

(၁)       လူမျိုးကိုအခြေခံသော အမျိုးသားပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးများအလိုက် ခံစားသင့် ခံစားထိုက်သော လူမျိုးရေးဆိုင်ရာစုပေါင်းအခွင့်အရေးနှင့် သက်ဆိုင်သောကိစ္စရပ်များအတွက် ပြဋ္ဌာန်းရန် လိုအပ်သောဥပဒေများ၊

(၂)        လူမျိုးကိုအခြေခံသော အမျိုးသားပြည်နယ်များတွင်ဖြစ်စေ၊ လူမျိုးပေါင်းစုံရောနှောနေထိုင်သည့် အမျိုးသားများပြည်နယ်များတွင်ဖြစ်စေ၊ ထိုပြည်နယ်များအတွင်းရှိ ပြည်သူလူထုတရပ်လုံး၏ ဘဝ လုံခြုံရေး၊ ငြိမ်းချမ်းသာယာရေးနှင့်တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်များနှင့် သက် ဆိုင်သောကိစ္စရပ်များအတွက် ပြဋ္ဌာန်းရန် လိုအပ်သောဥပဒေများ၊

            ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ (တိုင်းဒေသကြီးအပါအဝင်) ၏ ပြည်နယ်လွှတ်တော်များက ပြဋ္ဌာန်း ကျင့်သုံးနိုင်သော ဥပဒေများသည် အကြမ်းအားဖြင့် အောက်ပါကိစ္စရပ်များ ဖြစ်ပါသည်။

(က)      တိုင်းရင်းသားလူမျိုးများက မိမိတို့၏ ဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှု စသည်တို့ ကို အခြေခံ၍ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်ရရှိရေးအတွက် ပြဋ္ဌာန်းရန် လိုအပ်သောဥပဒေများ၊

(ခ)       တိုင်းရင်းသားလူမျိုးများက မိမိတို့၏စာပေ၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာများကို ကာကွယ်ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက်လိုအပ်သောစာသင်ကျောင်းများဖွင့်လှစ်သင်ကြားခွင့်၊ ယဉ်ကျေးမှုပြတိုက်နှင့်အမွေအနှစ်ထိန်းသိမ်းခွင့်၊ ရိုးရာဓလေ့ထုံးစံနှင့်စပ်ဆိုင်သည့် အဆို၊ အတီး၊ အကပညာသင်ကျောင်းများ ဖွင့်လှစ်ခွင့် စသည်တို့အတွက် ပြဋ္ဌာန်းရန် လိုအပ်သောဥပဒေများ၊

(ဂ)       တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် အမျိုးသားလက္ခဏာများ ထိန်းသိမ်းမြှင့်တင်ရေးနယ်ပယ်တွင် လွတ်လပ်စွာ ဖန်တီးဆောင်ရွက်နိုင်ရန်အတွက် သတင်းစာ၊ ဂျာနယ်နှင့် စာအုပ်စာတမ်းများ လွတ်လပ်စွာ ထုတ်ဝေခွင့်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များလွတ်လပ် စွာ လွှင့်ထုတ်ခွင့် စသည်တို့နှင့် စပ်လျဉ်း၍ ကာကွယ်ပြဋ္ဌာန်းရန် လိုအပ်သောဥပဒေများ၊

(ဃ)        ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်များ၏ ဘဝလုံခြုံရေးနှင့်ငြိမ်းချမ်းသာယာရေးအတွက်အခြေခံလိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ သဘာဝရင်းမြစ်များနှင့် ဓာတ်သတ္တုများတူးဖော် ထုတ်လုပ်ရေး စသည့်ကိစ္စရပ်များအတွက် ပြဋ္ဌာန်းရန်လိုအပ်သောဥပဒေများ ဟူ၍ဖြစ်ပါသည်။

            ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက မိမိတို့၏ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း သည် ဖက်ဒရယ်စနစ်ကိုကျင့်သုံးသည့် တိုင်းပြည်များတွင် ပုံမှန်ဖြစ်စဉ်တခုဖြစ်ပြီး ခွဲထွက်ရေးအခြေအနေ သို့ ဦးတည်ခြင်းမရှိပါ။ ၎င်းတို့နှစ်သက်သည့် အစိုးရပုံစံကို လွတ်လပ်စွာ ပုံဖော်ကျင့်သုံးခွင့် အခွင့်အရေးအား ပေးအပ်ခြင်းသည် ၎င်းပြည်နယ်များကို ပြည်ထောင်စုအတွင်း ပိုမိုပူးပေါင်းပါဝင်ရေးအတွက်ပင် အထောက် အကူပြုမည့်အချက် (၂) ချက်ရှိပါသေးသည်။ ပထမအချက်အနေဖြင့် ပြည်နယ်အစိုးရများသည် ပြည်နယ် သားများအတွက် ပိုမိုသင့်လျော်စေမည့်အပြင် ပိုမို၍အလုပ်လုပ်ပေးနိုင်မည်ဖြစ်သဖြင့် ပြည်ထောင်စုအတွင်း နေထိုင်ရခြင်းကိုပိုမိုကျေနပ်စေနိုင်သည်။ ဒုတိယအချက်မှာ ပြည်နယ်သားများအနေဖြင့် ပြည်ထောင်စုအစိုးရ က ၎င်းတို့အပေါ် ယုံကြည်မှုရှိသည်ဟု ခံစားနားလည်လာပြီး ပြည်ထောင်စုအတွင်း နေထိုင်ရခြင်းအတွက် ပိုမိုပျော်ရွှင်စေပါလိမ့်မည်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်စီရှိသော ဖက်ဒရယ်စနစ်သည် ခွဲထွက်ရေး ကြိုးပမ်းမှုကိုပင် လျော့ပါးကျဆင်းစေမည့် အထိရောက်ဆုံးသောနည်းလမ်းတခုလည်း ဖြစ်ပါသည်။

 

၃။         ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာများ

            ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်းစနစ်ကို ပေါင်းစပ်ထားသော ဖက်ဒရယ်ပြည်ထောင် စုစနစ်တွင် ပြည်နယ်အစိုးရများသည်  ပြည်ထောင်စုအစိုးရ၏ သြဇာခံအစိုးရများ မဟုတ်ကြပေ။ ပြည် ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသောဘောင်အတွင်း ဖွဲ့စည်းပြဋ္ဌာန်းသည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ဖွဲ့စည်းထူထောင်ထားသော သီးသန့်အစိုးရများသာ ဖြစ်ကြပါ သည်။

            ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့်တိုင်းပြည်အများစုတွင် ပြည်နယ်အစိုးရအဖွဲ့၏အကြီးအကဲအား မဲ ဆန္ဒရှင်များမှ ရွေးချယ်ကြသည်။ ပြည်နယ်အစိုးရအကြီးအကဲအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍လည်း ဖြစ်စေ သက်ဆိုင်ရာပြည်နယ်အသီးသီးရှိ မဲဆန္ဒရှင်များက ရွေးချယ်ရမည်။ ပြည်နယ်အစိုးရအဖွဲ့၏ အကြီး အကဲအား တိုက်ရိုက်ရွေးချယ်ခြင်းတွင်သော်လည်းကောင်း၊ သွယ်ဝိုက်ရွေးချယ်ခြင်းတွင်သော်လည်းကောင်း အားနည်းချက်နှင့် အားသာချက် ကိုယ်စီရှိကြသည်။ မည်သည့်စနစ်အား ကျင့်သုံးရန်ကိုမူ ပြည်သူများမှ ရွေးချယ်ရမည် ဖြစ်သည်။

            အချို့သောစနစ်များတွင် မဲဆန္ဒရှင်များမှ ပြည်နယ်အကြီးအကဲများကို တိုက်ရိုက်မဲပေးရွေးချယ်ကြ သည်။ ၎င်းစနစ်တွင် ပြည်နယ် အကြီးအကဲအား အုပ်ချုပ်ရေးမှူး Governor or Chief Minister ဟု ခေါ်ဆိုကြ သည်။ ပြည်သူများမှ တိုက်ရိုက်ရွေးချယ်ခြင်းခံရသောကြောင့် ထိုပြည်နယ်အုပ်ချုပ်ရေးမှူးများသည် ပြည်သူ လူထုနှင့် တိုက်ရိုက်ဆက်ဆံမှုရှိကြသည်။

            အခြားသောဖက်ဒရယ်စနစ်များတွင် ပြည်သူများမှ ပြည်နယ်အကြီးအကဲအား သွယ်ဝိုက်၍ ရွေးချယ် ကြသည်။ ပြည်သူများမှ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ကြပြီးနောက် လွှတ်တော်ကိုယ်စား လှယ်များအတွင်း၌ ပြည်နယ်အစိုးရအဖွဲ့၏အကြီးအကဲကို ရွေးချယ်ကြသည်။ ဤစနစ်မျိုးတွင် ပြည်နယ် အကြီးအကဲကို ပြည်နယ်ဝန်ကြီးချုပ်ဟု ခေါ်ဆိုကြသည်။

            ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်အစိုးရအကြီးအကဲများအား မည်သို့မည်ပုံရွေးချယ်ရ မည်ဟူသည့်ပုံစံကို အသေးစိတ်ထည့်သွင်းရေးဆွဲထားရမည် ဖြစ်သည်။

            ပြည်ထောင်စုစနစ်တွင် ပြည်နယ်အစိုးရများသည် တပြည်ထောင်စနစ်တွင် ဖွဲ့စည်းအပ်သော ဒေသန္တရအစိုးရကဲ့သို့ ဗဟိုအစိုးရလက်အောက်ခံအစိုးရများ မဟုတ်သောကြောင့်၊ ပြည်နယ်အစိုးရ၏ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖွဲ့ဝင်များကို တပြည်ထောင်စနစ်တွင် ဗဟိုအစိုးရက ခန့်အပ်ထားသလို၊ ပြည် ထောင်စုအစိုးရက ခန့်အပ်၍မရပေ။ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများကို ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဒီမိုကရေစီနည်းကျကျ ပြည်သူလူထုက လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ကြရမည်။

            ပြည်နယ်အစိုးရသည် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ ပူးတွဲကျင့်သုံးရန် ပြဋ္ဌာန်းထားသောဥပဒေများနှင့် ပြည်နယ်လွှတ်တော်က သက်ဆိုင်ရာပြည်နယ်အတွင်း ကျင့်သုံးရန် ပြဋ္ဌာန်းထားသောဥပဒေနှင့်အညီ မိမိတို့ပြည်နယ်များအတွင်း တရားဥပဒေစိုးမိုးရေးကို ဦးထိပ် ထား၍ အုပ်ချုပ်စီမံရမည်။

            ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ ပြည်နယ်အစိုးရများကို အပ်နှင်းရမည့် အာဏာများအနက် လက်ရှိနိုင်ငံရေးလိုအပ်ချက်အရ အောက်ပါလုပ်ပိုင်ခွင့်အာဏာများကို အနိမ့်ဆုံးအနေ ဖြင့် ဦးစားပေးဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါသည်။

(၁)       မူလတန်းမှစ၍ အထက်တန်းကျောင်းအဆင့်အထိ ပညာရေးစနစ် (ယင်းတို့တွင် တိုင်းရင်းသားစာပေများ သင်ကြားပို့ချခွင့် ပါဝင်ရမည်။)၊

(၂)        ပြည်နယ်တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားခွင့်၊

(၃)       ကျန်းမာရေး (ဆေးရုံများ တည်ဆောက်ခွင့်သာမက၊ သူနာပြုကျောင်းများပါ သင်ကြားဖွင့်လှစ်ခွင့်)၊

(၄)       ပြည်နယ်ရဲတပ်ဖွဲ့များ ဖွဲ့စည်းထူထောင်ခွင့်နှင့် ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး တို့ကို စီမံဆောင်ရွက်ခွင့်၊

(၅)       သက်ဆိုင်ရာပြည်နယ်အတွင်း တိုင်းရင်းသားဘာသာစကားဖြင့် သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံ ကြား နှင့် အခြားစာအုပ်စာပေထုတ်ဝေရေးလုပ်ငန်းကို ပြည်နယ်အတွင်း လိုင်စင်ထုတ်ပေးခွင့်၊

(၆)       သက်ဆိုင်ရာပြည်နယ်များအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ ထုံးစံများကို ထိန်းသိမ်းမြှင့်တင်ရေးအတွက် ယဉ်ကျေးမှုကျောင်းများဖွင့်လှစ်ခွင့်၊ အဆိုအကအတီး သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားခွင့်၊

(၇)       လူမျိုးကိုအခြေခံ၍ ဖွဲ့စည်းထားသောအမျိုးသားပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးများက မိမိတို့၏ ဘိုးဘွားပိုင်နယ်မြေနှင့် လူမျိုးပိုင်နယ်နိမိတ်အတွင်းရှိ သဘာဝပတ်ဝန်းကျင်နှင့် မြေပေါ်မြေ အောက်သယံဇာတပစ္စည်းများကို ထိန်းသိမ်းကာကွယ်ထုတ်ယူသုံးစွဲခွင့်၊ ရောင်းဝယ်ဖောက်ကားခွင့်၊ အခွန်ကောက်ယူခွင့်များကို ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခွင့်- စသည့်အခွင့်အရေးများ ကို ပြည်နယ်အစိုးရများအား အပ်နှင်းထားရမည်။

 

၄။         ပြည်နယ်တရားစီရင်ရေးအာဏာ

(၁)       ပြည်နယ်တရားစီရင်ရေးစနစ်သည် ပြည်ထောင်စုတရားစီရင်ရေးစနစ်နှင့်ထပ်တူ လွတ်လပ်၍ အမှီ အခို ကင်းသော တရားစီရင်ရေးစနစ်ကို ကျင့်သုံးရမည်။

(၂)        ပြည်နယ်နယ်နိမိတ်အတွင်း တရားစီရင်ရေးအာဏာကို ကျင့်သုံးနိုင်ရန် ပြည်နယ်တရားရုံးများကို အဆင့်အလိုက် ဖွဲ့စည်းထားရှိရမည်။

            ၎င်းတို့တွင်-

            မြို့နယ်ရုံး၊ ခရိုင်ရုံး၊ ဟိုက်ကုတ် (High Court) ရုံးများ ပါဝင်သည်။ ပြည်နယ်တရားရုံးများတွင် မူလရုံးနှင့် အယူခံရုံးအဆင့်အတန်းများလည်း ပါရှိစေရမည်။

(၃)       တရားရုံးများတွင် တရားစီရင်ဆောင်ရွက်နိုင်ရန် ပြည်နယ်အတွင်း မြို့နယ်၊ ခရိုင်နှင့် ဟိုက်ကုတ် (High Court) တရားသူကြီးများကို ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြည်နယ်ဝန်ကြီး ချုပ်က ခန့်အပ်တာဝန်ပေးရမည်။

(၄)       ပြည်နယ်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာသည် ပြည်ထောင်စုလွှတ်တော်၏ ပြဋ္ဌာန်းဥပဒေများ၊ သက်ဆိုင်ရာပြည်နယ်လွှတ်တော်၏ ပြဋ္ဌာန်းဥပဒေများနှင့်အညီဖြစ်ရမည်။

 

(ဂ)       ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများအကြား ပူးတွဲကျင့်သုံးရမည့်အာဏာများ

            ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်းတို့ ပေါင်းစပ် ထားသောကြောင့် ထိုစနစ်တွင် အနည်းဆုံး အစိုးရ (၂) ရပ်ရှိပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခြင်းကို စီမံခန့်ခွဲမည့် ပြည်နယ်အစိုးရများနှင့် စုပေါင်းအုပ်ချုပ်ခြင်းကို စီမံခန့်ခွဲမည့် ပြည်ထောင်စုအစိုးရတို့ပင် ဖြစ်ပါသည်။

            ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့သည် မိမိတို့နှင့်သက်ဆိုင်သည့် အစိုးရလုပ်ပိုင်ခွင့်နှင့် အာဏာများတွင် တာဝန်အရှိဆုံးအစိုးရများဖြစ်ကြပါသော်လည်း၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ များသည် ပြည်ထောင်စုနိုင်ငံတော်တခုအတွင်းရှိ ပူးတွဲရပ်တည်သောအစိုးရများသာဖြစ်သောကြောင့် ပြည် ထောင်စုတဝှန်းလုံးနှင့်သော်လည်းကောင်း၊ ပြည်နယ်အသီးသီးနှင့်သော်လည်းကောင်း တနိုင်ငံလုံးကို လွှမ်း ခြုံသည့် အရေးအရာကိစ္စရပ်များကို ပူးတွဲတာဝန်ယူထမ်းဆောင်ကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည် ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ ပူးတွဲကျင့်သုံးမည့်အာဏာများသတ်မှတ်ထားခြင်းသည် ဖက်ဒရယ် စနစ်၏အရေးကြီးသောအင်္ဂါရပ်တခု ဖြစ်ပါသည်။

            ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရများပူးတွဲကျင့်သုံးရမည့်အာဏာများအနက် အောက်ပါတို့ကို ဥပမာအားဖြင့် ဖော်ပြအပ်ပါသည်။

(၁)       ပညာရေး- တက္ကသိုလ်နှင့်ဘွဲ့လွန်အဆင့်ပညာရေးဆိုင်ရာကိစ္စရပ်များ၊

(၂)        ကျန်းမာရေး- ပြည်နယ်တခုချင်းစီအနေဖြင့် သီးခြားဆောင်ရွက်၍မရသော အဆင်မြင့်ဆေးရုံများ၊ ဆေးဘက်ဆိုင်ရာသုတေသနလုပ်ငန်းများနှင့် ကူးစက်ပြန့်ပွားတတ်သောရောဂါများ တနိုင်ငံလုံး အတိုင်း အတာဖြင့် ကာကွယ်ရမည့်ကိစ္စရပ်များ၊

(၃)       လူမှုရေး- ပြည်ထောင်စုအဖွဲ့၀င် ပြည်နယ်များ၏  ပြည်နယ်တခုနှင့်တခုအကြား  လူနေမှုအဆင့်အတန်းကွာခြားချက်နည်းပါးစေရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်များ ညှိနှိုင်း၍ ဆောင်ရွက်ရ မည့်ကိစ္စရပ်များ၊

(၄)       ပြည်ထောင်စုလမ်းမကြီးများ- ပြည်နယ်တခုနှင့်တခုအကြားသော်လည်းကောင်း၊ ပြည်နယ်များစွာ ကို လည်းကောင်း ဖြတ်သန်း၍ ပြည်နယ်တခုချင်းစီအနေဖြင့် ဆောင်ရွက်၍မရသော ကုန်းလမ်း၊ ရေလမ်းအပါအဝင် ပြည်ထောင်စုလမ်းမကြီးများကိစ္စ၊

(၅)       ပြည်သူ့ရဲတပ်ဖွဲ့နှင့် ပြည်ထောင်စုရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး- ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်နယ်အသီးသီးက မိမိတို့ပြည်နယ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့များကို ဖွဲ့စည်းပိုင်ခွင့်ရှိရ မည်ဖြစ်သော်လည်း ပြည်နယ်တခု၏ နယ်နိမိတ်ဘောင်ကိုကျော်၍ ဖြစ်ပွားသောမှုခင်းများ၊ ပြည် နယ်တခုမှ တခုထဲသို့ ထွက်ပြေးတိမ်းရှောင်သော ရာဇဝတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူများ ကိစ္စကို ပြည်ထောင်စုရဲတပ်ဖွဲ့များ၊ ပြည်နယ်ရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်၍ ပြည်ထောင်စု တရားရုံးမှ တရားစီရင်ချက်ချမှတ်ရမည့်ကိစ္စရပ်များ၊

(၆)       သဘာဝဘေးဒဏ်များဖြစ်သည့် ရေကြီးခြင်း၊ တောင်ပြိုခြင်း၊ မီးလောင်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်းစသည်တို့ကြောင့် ကြီးမားစွာသက်ရောက်မှုရှိသော ဘေးဒဏ်ကိစ္စရပ် များ၊

(၇)       နိုင်ငံတကာအကူအညီရယူခြင်း- ပြည်နယ်တခုချင်းစီ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ထိုပြည်နယ်မှ လိုအပ်သောအရင်းအနှီးများကို ကမ္ဘာ့ငွေကြေးအဖွဲ့အစည်း (ဥပမာ- ကမ္ဘာ့ဘဏ်၊ IMFနှင့် ADB) ထံမှ အကူအညီရယူရာတွင် ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရ ပူးပေါင်း၍ ဆောင်ရွက်ရမည့် ကိစ္စရပ်များ

(၈)       သဘာဝအရင်းအမြစ်များကို ခွဲဝေခြင်းနှင့်အကောက်အခွန် ကောက်ယူခြင်းဆိုင်ရာကိစ္စရပ်များ စသည် တို့ ဖြစ်သည်။

(ဃ)     ကြွင်းကျန်သောအာဏာများ

            ကြွင်းကျန်သောအာဏာများဆိုသည်မှာ- လက်ရှိအချိန်အခါတွင် ဥပဒေပြဋ္ဌာန်းရန် မလိုအပ်သေး သော်လည်း အနာဂတ်လိုအပ်ချက်အရ ရေးသားပြဋ္ဌာန်းရမည့်ဥပဒေနှင့် လုပ်ပိုင်ခွင့်အာဏာများပင်ဖြစ် ပါသည်။ လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုအညွှန်းတွင်သော်လည်းကောင်း၊ ပြည်နယ် လွှတ်တော်များ ဥပဒေပြုအညွှန်းတွင်သော်လည်းကောင်း၊ ပြည်ထောင်စုနှင့်ပြည်နယ်များ ပူးတွဲကျင့်သုံးရ မည့်ဥပဒေပြုအညွှန်းတွင်သော်လည်းကောင်း ဖော်ပြခြင်းမရှိသေးသော ဥပဒေပြုခြင်းဆိုင်ရာကိစ္စရပ်များ ဖြစ်ပါသည်။

            အရပ်စကားဖြင့်ဆိုပါက- မမြင်ရမသိရသေးသော၊ နောက်နောင်တွင် ဖြစ်ပေါ်လာလတ္တံ့သော ကိစ္စ ရပ်များပင် ဖြစ်ပါသည်။ ထို့ကြောင့် ကြွင်းကျန်သောအာဏာကို ပြည်ထောင်စုထံသို့ အပ်နှင်းမည်လော၊ ပြည် နယ်များထံသို့ အပ်နှင်းမည်လောဆိုသည့်ကိစ္စသည် လူမျိုးတမျိုး၏အနာဂတ်ကံကြမ္မာနှင့် ထိုလူမျိုးများနှင့် သက်ဆိုင်သည့် ပထဝီနယ်မြေ၊ ဘိုးဘွားပိုင်နယ်နှင့်လူမျိုးပိုင်နယ်မြေတို့၏အရေးကိစ္စကို မည်သူ့ထံအပ်နှင်း မည်နည်းဟူသော ပြဿနာပင် ဖြစ်ပါသည်။

            ပြည်ထောင်စုစနစ်တွင် ပြည်ထောင်စုက ပိုင်ဆိုင်သောနယ်မြေနှင့်လူမျိုးဟူ၍ မရှိပေ။ ပြည်ထောင်စု သည် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များဖြင့် ပူးပေါင်းဖွဲ့စည်းထားသောကြောင့်၊ ပြည်ထောင်စုက ပိုင်ဆိုင် သောအရာသည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသာဖြစ်ကြသည်။ ပြည်ထောင်စုက တိုက်ရိုက်ပိုင်ဆိုင် သောနယ်မြေဆို၍ ပြည်နယ်အားလုံးက သဘောတူလွှဲအပ်ထားသော ပြည်ထောင်စုမြို့တော်နယ်နိမိတ် တခု သာ ရှိနိုင်သည်။ ပြည်ထောင်စုအတွင်းရှိ အခြားနယ်မြေများသည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက တိုက်ရိုက်ပိုင်ဆိုင်ထားကြပါသည်။

            ထိုနည်းတူ ပြည်ထောင်စုတွင် သီးခြားလူမျိုးလည်းမရှိ၊ သီးခြားယဉ်ကျေးမှုလည်းမရှိ၊ သီးခြား ဘာသာစကားလည်း မရှိပေ။ ယင်းတို့သည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက စုပေါင်းပိုင်ဆိုင်ထားသော ဘုံပိုင်ပစ္စည်းများသာဖြစ်ကြသည်။

            ထို့ကြောင့် လူမျိုးတမျိုး၏အနာဂတ်ကံကြမ္မာနှင့် ပြည်နယ်တခုချင်းစီအတွင်း နောက်နောင်တွင် ဖြစ် ပေါ်လာမည့် စီမံခန့်ခွဲရေးဆိုသောကိစ္စဖြစ်သည့် ကြွင်းကျန်သောအာဏာများကို ပြည်ထောင်စုတွင်မထားဘဲ၊ ပြည်နယ်များတွင်သာ အပ်နှင်းထားသင့်ကြောင်း တင်ပြအပ်ပါသည်။ ကြွင်းကျန်သောအာဏာများကို အပ်နှင်းခြင်းဖြင့် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အသိအမှတ်ပြုရာလည်း ရောက်နိုင် ပါသည်။

 

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ

ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်ခြင်း

            တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် "ဒီမိုကရေစီရေး၊ အမျိုးသားတန်း တူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးအပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံ သည့် ပြည်ထောင်စု" ကို နိုင်ငံရေးဆွေးနွေးမှုရလဒ်များနှင့်အညီ တည်ဆောက်သွားကြရမည် ဟု အချင်းချင်း ကတိပြု၍ သစ္စာဆိုခဲ့ကြပါသည်။

            ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေး နိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအား ပြည် နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ပေးထားခြင်းသည် မရှိမဖြစ်လိုအပ်သော လိုအပ်ချက်ကြီး တရပ် ဖြစ်ပါသည်။ အကြောင်းမှာ- ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေတခုတည်းကသာ အာမခံချက်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။

            ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းခွင့် အခွင့်အရေးကိုအပ်နှင်းခြင်းသည် ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ ထိုနည်းတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံရေးအာဏာသုံးရပ်နှင့် တိုက်ရိုက်ဆက်စပ် နေပါသည်။

            ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတည်း ဟူသော နိုင်ငံရေး အာဏာသုံးရပ်အနက် ဥပဒေပြုရေးအာဏာသည် အခြေခံအကျဆုံးသော နိုင်ငံရေးအာဏာဖြစ်ပေသည်။ ပြည်သူလူထုတရပ်လုံးက မိမိတို့ကိုယ်တိုင် လိုက်နာကျင့်သုံးမည့်ဥပဒေကို မိမိတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်း နိုင်မှ ထိုပြည်သူများကို "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်" ရှိသောပြည်သူများ ဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် လူမျိုးတမျိုး၊ ပြည်သူတရပ်ထံတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ-မရှိဟူသောပြဿနာသည် ထိုလူမျိုးများထံတွင် မိမိတို့ကိုယ်တိုင်ကျင့်သုံးမည့်ဥပဒေကို မိမိတို့လူမျိုး၏ သမိုင်းကြောင်း၊ အမျိုးသားလက္ခဏာ၊ စာပေယဉ် ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာအရ လွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်းခွင့်ရှိ၊ မရှိဟူသော ပြဿနာပင် ဖြစ်ပါ သည်။

            ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ရောနှောနေထိုင်သော တိုင်းပြည်ဖြစ်ပါ သည်။ ထိုလူမျိုးများသည် သမိုင်းကြောင်းအရသော်လည်းကောင်း၊ အမျိုးသားလက္ခဏာအရသော်လည်း ကောင်း၊ စာပေယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ မတူညီကြပေ။ ထိုမတူကွဲပြားမှုကို လက်ခံခြင်း မရှိဘဲ လူမျိုးတမျိုးက အခြားလူမျိုးများအပေါ် သူတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ် ယုံကြည်မှုနှင့်ဓလေ့ထုံးတမ်းများကို အတင်းအဓမ္မလက်ခံကျင့်သုံးစေပါက တရားမျှတမှုရှိမည် မဟုတ်ပေ။ ဥပမာ- ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူများကို အစ္စလာမ်ဘာသာအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် တရားစီရင်ပါက တရားမည်မဟုတ်ပေ။ ထိုနည်းတူ ခရစ်ယာန်ဘာသာကိုးကွယ်ယုံကြည်သော သူများကို ဗုဒ္ဓဘာသာအခြေခံ၍ ပြဋ္ဌာန်းထားသောဥပဒေဖြင့် တရားစီရင်ပါက တရားမျှတမည်မဟုတ်ပေ။ လူမျိုးတမျိုး၏ ဓလေ့ထုံးတမ်းဥပဒေဖြင့် ပြဋ္ဌာန်းထားသောဥပဒေဖြင့် အခြားလူမျိုးများကို တရားစီရင်ပါက ဘာသာရေးကို အခြေခံသောဥပဒေများနည်းတူ တရားမျှတမှု ရှိနိုင်မည် မဟုတ်ပေ။

            ထိုသို့ မတူကွဲပြားမှုများကို လက်ခံအသိအမှတ်ပြုပြီး ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်းရှိ လူမျိုးများ၏ သီးခြားဖြစ်တည်နေသော အမျိုးသားလက္ခဏာများ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း စဉ်လာများကို လေးစားအသိအမှတ်ပြုရန် လိုအပ်ပါသည်။ ထို့အပြင် သမိုင်းကြောင်းအရ တည်ရှိပြီးသား ဖြစ်သည့် လူမျိုးများနှင့် ပြည်နယ်များကို လေးစားအသိအမှတ်ပြုပြီး ထိုလူမျိုးများ၏ပြည်နယ်များအတွက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်ကွဲလွဲမှုမရှိစေဘဲ သီးခြား လွတ်လပ်စွာ ရေးသားပြဋ္ဌာန်းပိုင်ခွင့်ပေးထားရမည်။ သို့မှသာ ထိုပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် များကို "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝပေးသည်"ဟု ခေါ်ဆိုနိုင်ပေမည်။

            ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ သီးခြားလွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်းခြင်းသည် သမိုင်းကြောင်းအရ တည်ရှိပြီးသား လူမျိုးများကိုအခြေခံသည့် အမျိုးသားပြည်နယ်များအတွက်သာမက၊ လူမျိုးပေါင်းစုံ ရော နှောနေထိုင်သည့် အမျိုးသားများပြည်နယ်များ (တိုင်းဒေသကြီးများ) အတွက်လည်း လွန်စွာအရေးကြီးပါ သည်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရှိမှသာ မိမိတို့ပြည်နယ်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့်ယဉ်ကျေးမှုနယ်ပယ်ပေါင်းစုံတိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သောဥပဒေများကို လွတ်လပ်စွာပြဋ္ဌာန်း နိုင်မည်ဖြစ်သည်။ ထို့အပြင် မိမိတို့ကိုယ်တိုင်ပြဋ္ဌာန်းထားသောဥပဒေအတိုင်း တိကျစွာ စီမံအုပ်ချုပ်နိုင်မည် ဖြစ်ပါသည်။ အကယ်၍  မိမိတို့ကိုယ်တိုင်ပြဋ္ဌာန်းထားသော ဥပဒေအတိုင်း အုပ်ချုပ်စီမံခြင်းမရှိပါက မိမိတို့ ပြဋ္ဌာန်းထားသောဥပဒေအတိုင်း မိမိတို့ကိုယ်တိုင်ထူထောင်ထားသော တရားရုံးများက ပြစ်ဒဏ်စီရင်ချမှတ် နိုင်မည်ဖြစ်ပါသည်။

            ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့် အခွင့် အရေး ပေးထားသင့်ကြောင်း နိုင်ငံရေးနှင့်ဥပဒေရှုထောင့်တို့မှ အောက်ပါအချက် (၃) ချက်ဖြင့် တင်ပြလို ပါသည်။

(က)      ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအား ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ပေးခြင်းအားဖြင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အားလုံးကို မိမိတို့၏ဘဝကံကြမ္မာကို မိမိတို့ကိုယ်တိုင် အဆုံးအဖြတ်ပေးနိုင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည်ဟူသောအချက် ပေါ်လွင်ထင်ရှားနိုင်ပါသည်။ ပြည် ထောင်စုအဖွဲ့ဝင် ပြည်နယ်အားလုံးရှိ ပြည်နယ်သူပြည်နယ်သားများက မိမိတို့ဘဝကောင်းစားရေးအတွက် မိမိတို့နှင့်လက်တွဲ၍ အနီးစပ်ဆုံးစီမံခန့်ခွဲမည့်ပြည်နယ်အစိုးရကို ထူထောင်ဖွဲ့စည်းခွင့်နှင့် ရွေးချယ်တင် မြှောက်ခွင့်ရရှိကြမည်ဖြစ်ပါသည်။ ပြည်နယ်များသည် ပြည်ထောင်စုအစိတ်အပိုင်းများဖြစ်ကြပါသော် လည်း၊ ဖက်ဒရယ်စနစ်တွင် ပြည်နယ်အစိုးရများသည် ပြည်ထောင်စုအစိုးရ၏ အစိတ်အပိုင်းများ မဟုတ် ကြပါ။ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ ခွင့်ပြုချက်ဘောင် အတွင်း သက်ဆိုင်ရာပြည်နယ်များကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်ရန် ပြည်နယ်သူပြည်နယ်သားများက ရွေးချယ်တင်မြှောက်ထားသော အစိုးရများသာဖြစ်ကြပါသည်။

(ခ)       ပြည်ထောင်စုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် သမိုင်းကြောင်းအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ စာပေ၊ ယဉ်ကျေးမှု   နှင့် ဘာသာစကားအရသော်လည်းကောင်း၊ ပထဝီအနေအထားနှင့်ပြည်နယ်အကျယ်အဝန်းသာမက လူဦးရေထူထပ်မှုချင်းလည်း မတူညီကြပါ။ ထို့ကြောင့် ထိုပြည်နယ်အားလုံးကို လုံးဝဥဿုံတူညီသော နိုင်ငံရေးပုံစံခွက်ထဲထည့်၍မရပေ။ ထိုလူမျိုးများနှင့်ပြည်နယ်များ၏ မတူကွဲပြားမှုများကို လေးစားအသိ အမှတ်ပြုရန် လိုအပ်ပါသည်။ ထိုမတူကွဲပြားမှုများကို တဖက်မှာ လေးစားလိုက်နာပြီး အခြားတဖက်တွင် ပြည်ထောင်စုတခုလုံး သွေးစည်းညီညွတ်ရေးကို တပြိုင်နက်တည်းဆောင်ရွက်နိုင်ရေးအတွက် အကောင်းဆုံး နည်းလမ်းမှာ ပြည်နယ်များကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲပြဋ္ဌာန်းခွင့်ပေးခြင်းသာ ဖြစ် ပါသည်။

            ဖက်ဒရယ်စနစ်အရ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို သီးခြားလွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်းပိုင် ခွင့်ရှိသောကြောင့် လူဦးရေပိုမိုထူထပ်၍ လူမျိုးပေါင်းစုံ ရောနှောနေထိုင်သောပြည်နယ်များ၊ ဥပမာ-ရှမ်း ပြည်နယ်တွင် လွှတ်တော် (၂) ရပ်ထားရှိရေးကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကခွင့်ပြုပြီး၊ လူဦးရေ နည်း ပါး၍ လူမျိုးတမျိုးတည်းရှိသောပြည်နယ်၊ ဥပမာ- ချင်းပြည်နယ်တွင် ပြည်နယ်လွှတ်တော်တရပ်သာ ထားရှိ ရေး စသည်တို့ကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ပါသည်။

            အဓိကလိုအပ်ချက်မှာ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများ၏ အသွင်မတူကွဲပြားမှုကို လေးစား အသိအမှတ်ပြုပြီး ပြည်ထောင်စုကြီးတခုလုံး စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ရေး ဟူသည့် "မတူကွဲပြားမှုကို အသိအမှတ်ပြု၍ ညီညွတ်ရေးတည်ဆောက်ခြင်း" (Unity of Diversityမူကို ကျင့်သုံး နိုင်ခြင်းပင် ဖြစ်ပါသည်။

(ဂ)       ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ပေးခြင်းအားဖြင့် ပြည်ထောင်စုအတွင်းမှ ပြည်နယ်များနှင့် တိုင်းရင်းသားလူမျိုးများ "ခွဲထွက်ခြင်း" ဆိုသော ခွဲထွက်ခွင့်ကို ဟန့်တားနိုင်ပါသည်။

            ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖက်ဒရယ်စနစ် ကျင့်သုံးပုံကျင့်သုံးနည်း မတူကြပေ။ တချို့သော ဖက်ဒရယ်စနစ်ကိုကျင့်သုံးသည့်တိုင်းပြည်များတွင် ပြည်နယ်များအား ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲပြဋ္ဌာန်းခွင့်ကို ပေးအပ်ထားပါသည်။ ဥပမာ- အမေရိကန်ပြည်ထောင်စု၊ ဂျာမဏီ၊ သြစတြေးလျ၊ ဆွစ်ဇလန်နှင့် မလေးရှားစသည့်နိုင်ငံများ။ ထိုနိုင်ငံများ၏သမိုင်းကြောင်းကို လေ့လာသုံးသပ်ပါက ပြည် ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းခွင့်ပေးထားပြီး၊ ပြည်နယ် များကို မိမိတို့၏ပြည်နယ်အတွင်း ကျင့်သုံးအပ်သည့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးထားသောကြောင့် ခွဲထွက်ရေး ကို ဦးတည်သည့် လက်နက်ကိုင်လှုပ်ရှားမှုနှင့် နိုင်ငံရေးပဋိပက္ခများ မရှိကြောင်းကို တွေ့ ရှိနိုင်ပါသည်။

            တချို့သော ဖက်ဒရယ်ကျင့်သုံးသည့် ပြည်ထောင်စုနိုင်ငံများတွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ကို ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းခွင့် မပေးချေ။ ဥပမာ- အိန္ဒိယနိုင်ငံ။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးပါသော်လည်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်မရှိသည့် တိုင်းပြည်များတွင် ခွဲထွက်ရေးကို ဦးတည်သော လက်နက်ကိုင်လှုပ်ရှားမှုများနှင့် နိုင်ငံရေး၊ လူမျိုးရေးပဋိပက္ခ များစွာရှိကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။

            ထို့ကြောင့် အနှစ် (၇၀) ကျော်နေပြီဖြစ်သော ပြည်တွင်းစစ်ကို ချုပ်ငြိမ်း၍ ငြိမ်းချမ်းသာယာပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူလက်တွဲနေထိုင်နိုင်သော ပြည်ထောင်စုကြီးကို တည် ဆောက်လိုပါက ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲပြဋ္ဌာန်း နိုင်ခွင့်ပေးထားသင့်ကြောင်း တင်ပြအပ်ပါသည်။

            တိုင်းရင်းသားလူမျိုးများ နှစ် (၇၀) ကျော် လက်နက်ကိုင်တိုက်ပွဲဝင်တောင်းဆိုထားသော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို ဖက်ဒရယ်စနစ်အရ အာမခံချက်ပေးနိုင်သည့် တခုတည်းသောနည်းလမ်းမှာ ပြည်နယ်ဖွဲ့စည်း ပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ရရှိရေးပင် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေး ဆွဲခွင့်သည် နှစ် (၇၀) ကျော် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် မရှိမဖြစ်လိုအပ်သော မဟာလိုအပ်ချက် ကြီးပင် ဖြစ်ပါသည်။

            ခြုံ၍သုံးသပ်ပါက ပြည်ထောင်စုအဖွဲ့၀င်ပြည်နယ်များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ၊ မရှိ ဆိုသောအချက် သည် ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေများကို လွတ်လပ်စွာရေးဆွဲ ပြဋ္ဌာန်းခွင့် ရှိ၊ မရှိဟူသော ပြဿနာပင် ဖြစ်ပါသည်။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝပေး၍  ပြည်နယ်ဖွဲ့စည်း ပုံအခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကြီးက ခွင့်ပြုသတ်မှတ်သည့်ဘောင်အတွင်း ရေးဆွဲပြဋ္ဌာန်းနိုင်မှသာ မိမိတို့၏ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနှင့် အမျိုးသား လက္ခဏာများကို လွတ်လပ်စွာ ကာကွယ်ထိန်းသိမ်းခွင့်၊ ခေတ်မီတိုးတက်အောင် ဆောင်ရွက်ပိုင်ခွင့် စသည့် အခွင့်အရေးများကိုရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် မိမိတို့၏လူမျိုးဘက်ပေါင်းစုံမှ တိုးတက်ဖွံ့ဖြိုးရေး အတွက် လုပ်ငန်းပေါင်းစုံကို လွတ်လပ်စွာ တာဝန်ယူ တာဝန်ခံ၍ ဆောင်ရွက်ပိုင်ခွင့် အခွင့်အရေးများကို လည်းမွေးရာပါအခွင့်အရေးများအဖြစ်လက်ဝယ်ပိုင်ဆိုင်ထားရမည်ဖြစ်ကြောင်း အဆိုပြုတင်ပြအပ်ပါသည်