ဖက်ဒရယ်စာစောင်။ အတွဲ (၁)၊ အမှတ် (၄)။

နိဒါန်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရခြင်း၏ ပထမရည်ရွယ်ချက်သည် ပြည်သူလူထုတရပ်လုံးက စုပေါင်း ပိုင်ဆိုင်ထားသောအချုပ်အခြာအာဏာကို လူကိုယ်စားကျင့်သုံးမည့် 'အစိုးရ' စနစ်တကျဖွဲ့စည်းထူထောင်ရေးပင် ဖြစ်ပါသည်။

နိုင်ငံရေးအာဏာသည် တန်ခိုးကြီးသည်။ ထိုကဲ့သို့ တန်ခိုးကြီးသည့် နိုင်ငံရေးအာဏာကို ကိုင်တွယ် ကျင့်သုံးမည့် အစိုးရက အာဏာအလွဲသုံးစားခြင်း မပြုရလေအောင် ထိုအစိုးရ၏လုပ်ပိုင်ခွင့်အာဏာများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ပြန်လည်ကန့်သတ်၍ ဘောင်ခတ်ထိန်းချုပ်ပေးရန် လိုအပ်ပါ သည်။  ထို့ကြောင့် လူထုကိုယ်စား အချုပ်အခြာအာဏာကို ကိုင်တွယ်ကျင့် သုံးသော အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများကို ကန့်သတ်ထိန်းချုပ်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အချုပ်အခြာအာဏာ၏ခက်မသုံးဖြာ ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာများကို ပိုင်းခြားကျင့်သုံးရေး (Separation of Power) ကို စနစ် တကျပြဋ္ဌာန်းရပေမည်။

ထို့အပြင် ဥပဒေပြုရေးအာဏာကိုပိုင်းခြား၍ သီးသန့်ကျင့်သုံးနိုင်ရေးအတွက် လွှတ်တော်၊ အုပ်ချုပ်ရေး အာဏာကိုပိုင်းခြား၍ သီးသန့်ကျင့်သုံးနိုင်ရေးအတွက် အစိုးရနှင့် တရားစီရင်ရေးအာဏာကို ပိုင်းခြား၍ သီးသန့်ကျင့်သုံးနိုင်ရေးအတွက် တရားရုံးဟူသော အစိုးရယန္တရားအသီးသီးကို ဖန်တီး၍ ထိုအစိုးရယန္တရား တခုနှင့် တခုအကြား အာဏာချိန်ခွင်လျှာညှိခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်း (Check and Balance) ကို ဆောင်ရွက်ရပေမည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် အချုပ်အခြာအာဏာကို ပိုင်းခြားကျင့်သုံးရုံမျှဖြင့် မလုံလောက်ပေ။ ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self-rule) နှင့် ပြည်ထောင်စုကြီးကို စုပေါင်းအုပ်ချုပ်ခြင်း (Shared-rule) တို့ကို ပေါင်းစပ်ထားသောစနစ်ဖြစ်သော ကြောင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခြင်းကို စနစ်တကျ အကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသော ပြည်နယ်အစိုးရ များနှင့် စုပေါင်းအုပ်ချုပ်ခြင်းကို စနစ်တကျ အကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသည့် 'ပြည်ထောင်စု အစိုးရ' တို့အကြားအာဏာခွဲဝေခြင်း (Division of Power) ရှိရပေမည်။ ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင် စုစနစ်တွင် ပြည်ထောင်စု၏အချုပ်အခြာအာဏာကို စနစ်တကျခွဲဝေကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရများဟူ၍ အနည်းဆုံး အစိုးရ (၂) ရပ်ကို ဖွဲ့စည်းထူထောင်ခြင်းဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရခြင်း၏ ဒုတိယရည်ရွယ်ချက်မှာ ပြည်သူလူထုတရပ်လုံးက မွေးရာပါ အခွင့်အရေးများအဖြစ် ပိုင်ဆိုင်ထားသော အခြေခံအခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် အသေအချာ ပြဋ္ဌာန်း၍ အကာအကွယ်ပေးရန်ပင် ဖြစ်ပါသည်။

ကမ္ဘာ့သမိုင်းအဆက်ဆက်တွင် ပြည်သူလူထုတရပ်လုံး၏ မွေးရာပါအခွင့်အရေးများကို တိုက်ရိုက်ချိုး ဖောက်နိုင်သည့်အင်အားစုသည် အချုပ်အခြာအာဏာကို ကိုင်တွယ်ကျင့်သုံးသောအစိုးရပင်ဖြစ်ကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အစိုးရ၏လုပ်ပိုင်ခွင့်အာဏာများကို စနစ် တကျ ကန့်သတ်ထိန်းချုပ်နိုင်ရေးအတွက် အချုပ်အခြာအာဏာကို ပိုင်းခြားကျင့်သုံးခြင်းနှင့် ခွဲဝေကျင့်သုံး ခြင်းတို့သာမက၊ ထိုဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများအပါအဝင်၊ ထိုတိုင်းပြည်တွင် နေထိုင်ကြကုန် သော လူထုတရပ်လုံး၏ မွေးရာပါအခွင့်အရေးများနှင့် ရပိုင်ခွင့်များကို စနစ်တကျရေးသားပြဋ္ဌာန်းရန် လိုအပ်ပါသည်။

ပြည်သူလူထုတို့၏ အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် "လွတ်လပ်ခွင့်" ဟူသော ဒီမိုကရေစီအခွင့်အရေးများနှင့် တိုက်ရိုက်ပတ်သက်နေပါသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စု ပေါင်းနေထိုင်သောတိုင်းပြည်ကို ပြည်ထောင်စုစနစ်ဖြင့်ထူထောင်ရာ၌ ဖက်ဒရယ်စနစ်သာမက ဒီမိုကရေစီ စနစ်ကိုပါ အပြည့်အဝပူးတွဲကျင့်သုံးရန် လိုအပ်ပါသည်။ ဥပမာ ဆိုဗီယက်ယူနီယံသည် ဖက်ဒရယ်စနစ်ကို အပြည့်အဝကျင့်သုံးခဲ့သော်လည်း ဒီမိုကရေစီစနစ်ကို ပူးတွဲကျင့်သုံးခြင်းမရှိခဲ့သောကြောင့် ဆိုဗီယက်ပြည် ထောင်စုကြီးတွင် နေထိုင်ခဲ့ကြသော ပြည်သူလူထုတရပ်လုံး "လွတ်လပ်ခွင့်" မရှိခဲ့ကြချေ။ လွတ်လပ်ခွင့် မရှိသောကြောင့် အခြေခံလူ့အခွင့်အရေးများ ခံစားခွင့်မရှိခဲ့ကြချေ။ ထို့ကြောင့် မိမိတို့တွင် မကြာတော့ သည့်အနာဂတ်တွင် ထူထောင်မည့် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု"စနစ်တွင် ဖက်ဒရယ်စနစ်နှင့် ဒီမို ကရေစီစနစ်ကို အပြည့်အဝကျင့်သုံးသွားရပေမည်။ ထိုသို့ကျင့်သုံးရာတွင် အောက်ပါ "လွတ်လပ်မှုအခြေခံ သဘောတရားများ" အပြည့်အဝကျင့်သုံးရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။


လွတ်လပ်မှု၏ အခြေခံသဘောတရားများ

ဒီမိုကရေစီစနစ်သည် ပြည်သူလူထုထံတွင် အာဏာရှိ၍ ပြည်သူလူထုက တိုင်းပြည်ကို အုပ်ချုပ် သောစနစ်ဖြစ်သည်။ တိုင်းပြည်၏အချုပ်အခြာအာဏာကို ပိုင်ဆိုင်၍ တိုင်းပြည်ကို အုပ်ချုပ် ကွပ်ကဲပိုင် ခွင့်ရှိသော ပြည်သူလူထုသည် "လွတ်လပ်သော" ပြည်သူလူထုသာ ဖြစ်ကြရမည်။ "လွတ်လပ်သော ပြည်သူ"သာလျှင် မိမိတို့၏ကံကြမ္မာကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ဖန်တီးခွင့်ရှိ၍ မိမိတို့၏ဘဝ အရေးကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်၊ တာဝန်ယူပိုင်ခွင့်နှင့် တာဝန်ခံပိုင်ခွင့်ရှိကြ၏။ ထို့ ကြောင့် "လွတ်လပ်မှု"သည် ဒီမိုကရေစီကျင့်စဉ်တရားအားလုံး၏ အခြေခံအကျဆုံးသောအင်္ဂါရပ်တခု ဖြစ်သည်။ 

လူသားတိုင်း၏ အခြေခံလွတ်လပ်မှုသည် ဖန်ဆင်းရှင်ဘုရားသခင် (သို့မဟုတ်) သဘာဝတရားက လူသားတဦးချင်းစီကို မျှတစွာပေးအပ်ထားသော အခြေခံအခွင့်အရေး ဖြစ်သည်။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အစိုးရကမျှ ပေးအပ်နိုင်သောအရာမဟုတ်။ လူသားတိုင်း၏ မွေးရာပါ အခွင့်အရေး ဖြစ်သည်။ ဥပမာ - လွတ်လပ်စွာ "စကား" ပြောဆိုခွင့်ကို မွေးကင်းစကလေးငယ်တဦးထံ မည်သူပေးပိုင်ခွင့်ရှိသနည်း။ သဘာဝတရားက မွေးကင်းစကလေးငယ်အားလုံးအား ပေးအပ်ထားသော အခွင့်အရေးဖြစ်၏။ သဘာဝတရားက အချိန်တန်အရွယ်ရောက်လာသောအခါ ကလေးငယ်ကို တီတီ တာတာဖြင့် စကားလုံးလေးများ ပြောဆိုတတ်အောင် သင်ပေး၏။ သင်ကြားခြင်း တစုံတရာ မရှိဘဲ  သဘာဝတရားနှင့် မိမိမွေးဖွားရာ ပတ်ဝန်းကျင်အခြေအနေများက မိခင်ဘာသာစကားကို သင်ကြားတတ် မြောက်စေ၏။ ထို့ကြောင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ စဉ်းစားတွေးတော ကြံဆခွင့်နှင့် ရေးသားတင်ပြခွင့် တို့သည် လူသားတဦးက အခြားလူသားတဦးကို ပေးအပ်နိုင်သော အခွင့်အရေးမျိုး မဟုတ်ပေ။ လူ့လောက တွင် လူ့သဘာဝတရားအရ လူသားတိုင်း ရရှိခံစားပိုင်ခွင့်ရှိသော အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့် များသာ ဖြစ်ကြသည်။

ဒီမိုကရေစီစနစ်သည် လူ့သဘာဝနှင့်လူ့လောကကို လေးစားလိုက်နာသည်။ ထို့ကြောင့် ဒီမိုကရေစီ စနစ်တွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စဉ်းစားတွေးခေါပြီး ရေးသားတင်ပြခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ စည်းရုံးပိုင်ခွင့်၊ စုစည်းပိုင်ခွင့်နှင့် မိမိတို့၏လိုအင်ဆန္ဒများကို တဦး ချင်းအလိုက်သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း တင်ပြပိုင်ခွင့်၊ စီတန်းလှည့်လည် ဆန္ဒပြ ပိုင်ခွင့်နှင့် မိမိတို့မလိုလားသော အရာများကို ဆန့်ကျင်ကန့်ကွက်ပိုင်ခွင့် စသည့်အခွင့်အရေးများကို အပြည့် အဝ ရရှိခံစားကြရမည်ဖြစ်သည်။ ထိုမျှသာမက မိမိတို့၏ ကာယ၊ ဉာဏစွမ်းအားနှင့်အညီ လွတ်လပ်စွာ ပညာရှာမှီးခွင့်၊ ဥစ္စာရှာဖွေလုပ်ကိုင်စုဆောင်းခွင့်နှင့် အသက်မွေးဝမ်းကျောင်းပြုပိုင်ခွင့်တို့ကို ရရှိထားရမည် ဖြစ်သည်။ ထိုအခွင့်အရေးများသည် လူသားတိုင်းက မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသောအခွင့် အရေးများ ဖြစ်သည်။

လူသားတိုင်း၏ မွေးရာပါအခွင့်အရေးများကို လူသားအချင်း ချင်း တဦးကိုတဦး မည်သူမျှပေးအပ်နိုင်ခြင်း မရှိသော်လည်း၊ ထိုအခွင့် အရေးများ အပြည့်အဝ ရရှိခံစားနိုင်ခြင်း မရှိရလေအောင် တားဆီးဟန့် တားနိုင်သည်။ အနှောင့်အယှက်ပေးနိုင်သည်။ တပါးသူ၏ လွတ်လပ်ခွင့် ကို အခြားတဦးက ထိပါးစော်ကားနိုင်သည်။ အချင်းချင်း ဖိနှိပ်၍  တပါး သူ၏ လွတ်လပ်မှုကို ဖျက်ဆီးချေမှုန်းနိုင်သည်။ ထိုကဲ့သို့ အခြားသူ တဦးက မိမိ၏မွေးရာပါအခွင့်အရေးများကို ထိပါးစော်ကားခြင်း၊ ဟန့် တားနှောင့်ယှက်ခြင်းနှင့်  ဖိနှိပ်ချုပ်ချယ်၍ ဖျက်ဆီးချေမှုန်းခြင်း မပြုရ လေအောင် နည်းမျိုးစုံဖြင့် ထိန်းသိမ်းကာကွယ်ရမည်။

လူ့သမိုင်းတလျှောက်လုံးတွင် လူသားတိုင်း၏အခြေခံလွတ်လပ် မှုကို အများဆုံး ထိပါးနှောင့်ယှက်၍ ဖိနှိပ်ချုပ်ချယ်သောအရာသည် "အစိုးရ"  ဖြစ်သည်။ လူကိုလူချင်း အုပ်ချုပ်ရန် ဖန်တီးထားသော "အစိုးရ" ဆိုသည့် အုပ်ချုပ်ရေးယန္တရားသည် လွတ်လပ်မှုကို  အများဆုံး ဟန့်တား၍ လူသားတိုင်း၏ အခြေခံအခွင့်အရေးများကို အများဆုံးချိုး ဖောက်သောအရာဖြစ်၏။ ထို့ကြောင့် လူ့သမိုင်းတလျှောက်လုံးတွင် ဆင်နွှဲခဲ့၊ ဆင်နွှဲဆဲ၊ ဆင်နွှဲရဦးမည့် "အတွေးအခေါ်တော်လှန်ရေး"မှစ၍ "လက်နက်ကိုင်တော်လှန်ရေး" အဆုံး၊ အမျိုးမျိုးသော လူမှုတော်လှန် ရေးသည် လူထု၏ လွတ်လပ်မှုကို ဖိနှိပ်ချုပ်ချယ်သည့် အမျိုးမျိုးသော အစိုးရကို တော်လှန်ပုန်ကန်၍  အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲရန် ဆင်နွှဲ သည့် တော်လှန်ရေးများဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရှိနိုင်သည်။ ပဒေသရာဇ်စနစ်၊ ကိုလိုနီစနစ်နှင့် အမျိုးမျိုးသော အာဏာရှင်စနစ်များ ကိုတော်လှန်ပြောင်းလဲရန် ဆင်နွှဲခဲ့ကြသောတိုက်ပွဲများလည်းဖြစ်ကြ၏။

ဒီမိုကရေစီ၏ ထူးခြား လေးနက်သော အနှစ်သာရတခုမှာ- အုပ်ချုပ်သူအစိုးရက အုပ်ချုပ်ခံပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ခြင်းမှ ကင်းလွတ်သွားအောင် စီမံအုပ်ချုပ်ခြင်းပင်ဖြစ်သည်။ ဒီမိုကရေစီ ကျင့်စဉ်တရားများအနက် အချုပ်အခြာအာဏာကို ပြည်သူလူထုလက် ဝယ်တွင်ထားရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အစိုးရ၏လုပ်ပိုင်ခွင့် အာဏာများကို တဘက်မှ ကန့်သတ်ချုပ်ချယ်၍ အခြားတဘက်တွင် ပြည်သူလူထု၏ အခြေခံအခွင့်အရေး များနှင့်လွတ်လပ်မှုများကို ကာကွယ်ပြဋ္ဌာန်း၍  အာမခံချက်ပေးခြင်း၊ နိုင်ငံရေးအာဏာများကို ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာဟူ၍ ခွဲဝေသုံးစွဲခြင်း (Separation of Power)၊ ပြည်ထောင်စုစနစ်တွင် ပြည်ထောင်စု(ဗဟို)အစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေသုံးစွဲခြင်း (Division of Power between Federal and States)၊ ဗဟိုဦးစီးစနစ် နည်းနိုင်သမျှနည်းအောင် နိုင်ငံတော်အာဏာကို ပြည်သူလူထုလက်ဝယ်သို့ ဖြန့်ဝေခြင်း (Decentralization) နှင့် တရားဥပဒေ စိုးမိုး ရေး စသည်တို့သည် အစိုးရက ပြည်သူလူထု၏ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်မှုများကို ထိပါး နှောင့်ယှက်ခြင်း မရှိရလေအောင် "ဖိနှိပ်ခြင်းနှင့် ထိပါးစော်ကားခြင်းမှ ကင်းလွတ်ရေး" အတွက် ဖန်တီး ထားသော တိုင်းပြည်၏ယန္တရားများ ဖြစ်ကြသည်။

ဤသို့ဖြင့် ဒီမိုကရေစီစနစ်တွင် သဘာဝတရားက ပေးအပ်ထားသော လူသားတိုင်း၏ အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို နဂိုပကတိအတိုင်း ထားရှိပြီး၊ လက်တွေ့ဘဝတွင်ပါ ကျင့်သုံးနိုင် အောင် ထိန်းသိမ်းကာကွယ်ထားသည်။ ထို့အပြင် လူသားအချင်းချင်း သဘာဝတရားက ပေးအပ်ထားသော အခြေခံအခွင့်အရေးများနှင့် လွတ်လပ်မှုများကို ထိပါးနှောင့်ယှက်ခြင်းမှ ကင်းဝေးစေရန်အတွက်လည်း ထိန်းသိမ်းကာကွယ်ရမည်။ ဒီမိုကရေစီစနစ်တွင် ကျင့်သုံးသော "လွတ်လပ်မှု"ကို အခြေခံအားဖြင့် နှစ်မျိုး နှစ်စားအဖြစ် ပိုင်းခြား၍ ခွဲခြမ်းစိတ်ဖြာနိုင်သည်။

ဒီမိုကရေစီစနစ်တွင် လက်တွေ့ကျင့်သုံးနိုင်သည့် လွတ်လပ်ခွင့်နှစ်မျိုးနှစ်စားကို အတွေးအခေါ် ပညာရှင်ကြီး Isaiah Berlin "အပေါင်းလက္ခဏာဆောင်သော လွတ်လပ်မှု" (Positive Freedom; e.g., Freedom of...) နှင့် "အနုတ်လက္ခဏာဆောင်သော လွတ်လပ်မှု" (Negative Freedom; e.g., Freedom from..,) ဟူ၍ ခွဲခြားသုံးစွဲထားသည်။ အပေါင်းလက္ခဏာဆောင်သော လွတ်လပ်မှု (Positive Freedom) သည် လူသားတိုင်းအတွက် မွေးရာပါအခွင့်အရေးအဖြစ် သဘာဝတရားက ပေးအပ်ထားသော လွတ်လပ် ခွင့် "ရှိစေရမည်" (Freedom of...) ဟူသောလွတ်လပ်ခွင့်များပါဝင်သည်။ ထို့ကြောင့် အပေါင်းလက္ခဏာ ဆောင်သော (Positive Freedom) တွင် လူသားတိုင်း မွေးရာပါလွတ်လပ်ခွင့်ရှိစေရမည် ဟူသော လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားတင်ပြခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် (freedom of speech, freedom of expression, freedom of belief, etc.)  စသည်တို့ ပါဝင်သည်။

"အနုတ်လက္ခဏာဆောင်သော လွတ်လပ်မှု" (Negative Freedom)သည် ပြည်သူလူထုက မိမိတို့၏မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော အခြေခံလွတ်လပ်မှုများကို ထိပါးခြင်း၊ နှောင့်ယှက် ခြင်း၊ စော်ကားခြင်းနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းများ "မရှိစေရေး" ဆိုသည့် "ဖိနှိပ်ခြင်းနှင့် ထိပါးနှောင့်ယှက် စော်ကားခြင်းမှ ကင်းလွတ်ရေး" ဟူသောအမြင်နှင့် ထိုသို့ ထိပါးနှောင့်ယှက်ခြင်း၊ စော်ကားခြင်းနှင့် ဖိနှိပ် ခြင်းတို့မှ ကင်းလွတ်ရမည်ဖြစ်သောကြောင့် လူ့ဘဝတွင် အကြောက် တရားမှ ကင်းရှင်းစွာ နေထိုင်ရမည်ဆိုသည့် "အကြောက်တရားမှ ကင်း လွတ်ရေး" (Freedom from Fear) ဟူသောအမြင်နှစ်မျိုးကို ပေါင်းစပ် ထားသည်။

အနုတ်လက္ခဏာဆောင်သောလွတ်လပ်မှုတွင် ဖိနှိပ်ခြင်းနှင့် ထိပါး နှောင့်ယှက်စော်ကားခြင်း "မရှိစေရေး" နှင့် "အကြောက်တရားမှ ကင်း လွတ်ရေး" တို့အပြင် လူသားတိုင်း လူ့ဘဝ၏လိုအင်ဆန္ဒများကိုဖြည့်ဆည်း ပိုင်ခွင့်ရှိ၍ လူသားပီသစွာ အသက်ရှင်နေထိုင်ခွင့်ရှိရမည်။ ထိုအခွင့်အရေး ကို မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အစိုးရကမျှ ရုပ်သိမ်းခြင်း မပြုရဆိုသည့် "လွတ်လပ်စွာ လိုအင်ဆန္ဒ ဖြည့်ဆည်းခွင့်ကို ထိပါးနှောင့်ယှက်ခြင်းနှင့်ဖိနှိပ်ချုပ်ချယ်ခြင်းမှကင်းလွတ်ရမည်"(Freedom from Want) ဟူသော လွတ်လပ်မှုလည်း ပါရှိသည်။ 

ဒီမိုကရေစီစနစ် ပွင့်လန်းရှင်သန်နိုင်ရေးအတွက် "ဖိနှိပ်ခြင်းနှင့် ထိပါးနှောင့်ယှက် စော်ကားခြင်းမရှိစေရေး"၊ "အကြောက်တရားမှ ကင်း လွတ်ရေး"နှင့် "လိုအင်ဆန္ဒဖြည့်ဆည်းခွင့်ကို ထိပါးနှောင့်ယှက်ခြင်းမှ ကင်း လွတ်ရေး" ဟူသော အနုတ်လက္ခဏာဆောင်သော လွတ်လပ်မှုမျိုးကို လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တိကျစွာ ပြဋ္ဌာန်းကာကွယ်ပေးရမည်။ ထို့အပြင် လူမျိုးပေါင်းစုံရောနှောနေထိုင်သောတိုင်းပြည်တွင် ထိုလူမျိုးများ ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် ကိုးကွယ်ယုံကြည်မှုများကို အကြောက် တရားကင်းမဲ့စွာဖြင့် လွတ်လပ်စွာကျင့်သုံးနိုင်ခွင့်ရမည်။ ထိုအတွက် လူမျိုး ပေါင်းစုံ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ရေးဝါဒကို အားပေးသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းပေးရမည်။ 

ဒီမိုကရေစီစနစ်တွင် ထိုလွတ်လပ်မှုနှစ်မျိုးစလုံးကို တန်းတူရည် တူ တန်ဖိုးထားရသည်။ ထိုလွတ်လပ်မှုနှစ်မျိုးစလုံး ပြည့်စုံမှသာလျှင် လွတ်လပ်မှု (Freedom) ဆိုသည့် လူ့သဘာဝတရားကြီးက လူ့အဖွဲ့ အစည်းကို အစွမ်းကုန် ပွင့်လန်းရှင်သန်စေနိုင်လိမ့်မည်။ ဒီမိုကရေစီစနစ် သည် ဖန်ဆင်းရှင် (ဝါ) သဘာဝတရားက လူသားတိုင်းကို တန်းတူညီမျှစွာ ပေးအပ်ထားသော အခြေခံလွတ်လပ်မှုများကို အစွမ်းကုန်ပွင့်လန်းရှင်သန်ခွင့်ပေးထားသောကြောင့် လူသား တိုင်းတို့၏ အသိဉာဏ် ပွင့်လင်းမှု၊ တီထွင်ကြံဆမှုနှင့် တွေးခေါ်မြော်မြင်မှုတို့ကိုလည်း အစွမ်းကုန်တိုးတက် ရှင်သန်ခွင့်ရစေပါသည်။ ဒီမိုကရေစီစနစ်နှင့် လွတ်လပ်မှုတို့ ပေါင်းစပ်ခြင်း၏ ကောင်းမြတ်သောအစဉ် အလာနှင့် အင်္ဂါရပ်များမှာ -

(၁)  ဒီမိုကရေစီစနစ်သည် အစိုးရတရပ်ရပ်၏ ရက်စက်ကြမ်းကြုတ်မှု၊ အာဏာအလွဲသုံးစားမှုနှင့်  အုပ်ချုပ်ခံပြည်သူလူထုကို တိုင်းပြည်၏ယန္တရားများအသုံးချပြီး နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း  မှ ကာကွယ်ဟန့်တားနိုင်သည်။

(၂)  ဒီမိုကရေစီစနစ်တွင် အုပ်ချုပ်သူအစိုးရသည် အုပ်ချုပ်ခံပြည်သူလူထုကို အုပ်ချုပ်ရေးယန္တရားများ၊  အထူးသဖြင့် တိုင်းပြည်လုံခြုံရေးအတွက် ဖန်တီးထားသောယန္တရားများဖြစ်ကြသည့် တပ်မတော်  နှင့် ရဲတပ်ဖွဲ့များကိုအသုံးချ၍  ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ လူထု၏ အခြေခံအခွင့်အရေး  များကို ရိုက်ချိုးခြင်း၊ နိုင်ငံသားတိုင်း၏မွေးရာပါအခွင့်အရေးဖြစ်သည့် လွတ်လပ်မှုများကိုတားမြစ်  ပိတ်ပင်ခြင်းစသည့် ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးမှ ကင်းဝေးပြီး၊ ပြည်သူလူထုတရပ်လုံး အကြောက်  တရားမျိုးစုံမှ ကင်းရှင်းစွာနေထိုင်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် အခြားဥပဒေ  များနှင့် နည်းဥပဒေများကို ပြဋ္ဌာန်း၍ လူထုကို ကာကွယ်စောင့်ရှောက်ရမည်။

(၃)  ဒီမိုကရေစီစနစ်တွင် နိုင်ငံသားများ၏အခွင့်အရေးကိုကာကွယ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်  အခြားသောဥပဒေများကို ပြဋ္ဌာန်းထားရုံဖြင့် မလုံလောက်ပေ။ ထိုဥပဒေများကို အကောင်အထည်  ဖော်ရန် လွှတ်တော်၊ အစိုးရနှင့် တရားရုံး စသည့် အုပ်ချုပ်ရေးယန္တရားများနှင့် တပ်မတော်၊ ပြည်သူ့  ရဲ စသည့် လုံခြုံရေးယန္တရားများကို တည်ဆောက်ဖန်တီးထားရုံဖြင့်လည်း မလုံလောက်သေးပေ။  ထိုဥပဒေများ သက်ဝင်ရှင်သန်ပြီး၊ ထိုနိုင်ငံ၏ယန္တရားများ တရားသဖြင့် ပုံမှန်လည်ပတ်နိုင်ရေး  အတွက် ပြည်သူလူထုတရပ်လုံး၊ နိုင်ငံသားအားလုံးက  ထိုအခွင့်အရေးများ မိမိတို့ကိုယ်တိုင်  ကျင့်သုံးကာကွယ်တတ်အောင် ပညာပေး၍ လေ့ကျင့်သင်ကြားစေရမည်။ 

(၄)  ဒီမိုကရေစီစနစ်သည် လူသားတိုင်း မိမိကံကြမ္မာကို မိမိကိုယ်တိုင် လွတ်လပ်စွာ ဖန်တီးခွင့်၊ တာဝန်  ယူခွင့်နှင့် တာဝန်ခံပိုင်ခွင့်တို့ကို ပေးထားသောစနစ်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားတိုင်းက မိမိတို့  ၏ကံကြမ္မာကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ဖန်တီးနိုင်ရေးအတွက် မိမိတို့၏အခြေခံ လွတ်လပ်  ခွင့်ကို မိမိတို့ကိုယ်တိုင် ကာကွယ်စောင့်ထိန်းရမည်။ ထိုသို့ မိမိတို့၏မွေးရာပါအခွင့်အရေးနှင့်  လွတ်လပ်မှုတို့ကို စောင့်ထိန်းကာကွယ်ရန် အစိုးရ၊ လွှတ်တော်၊ တရားရုံးများနှင့် တိုင်းပြည်၏  လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့များကို  သာအလုံးစုံလွှဲအပ်၍အားကိုးခြင်းမပြုဘဲ မိမိတို့ကိုယ်တိုင်လည်း ဘက်ပေါင်းစုံမှ ပါဝင်ပူးပေါင်း  ဆောင်ရွက်ကြရပေမည်။

(၅)  ဒီမိုကရေစီစနစ်တွင် နိုင်ငံသားများကို လူသားတိုင်း၏မွေးရာပါအခွင့်အရေးအဖြစ် ရရှိခံစားထိုက်  သော တသီးပုဂ္ဂလအခွင့်အရေးများဖြစ်သည့် မိမိကံကြမ္မာကို လွတ်လပ်စွာ ဖန်တီးခွင့်၊ တာဝန်ယူ  ခွင့်နှင့် တာဝန်ခံပိုင်ခွင့်များသာမက၊ လူ့အဖွဲ့အစည်း အလိုက်(သို့မဟုတ်) လူမျိုးအလိုက် စုပေါင်း  ခံစားသင့်၊ ခံစားထိုက်သော စုပေါင်းအခွင့်အရေးများကိုလည်း ပေးထားသည်။ ထိုစုပေါင်းအခွင့်  အရေးကို တိုင်းရင်းသားလူမျိုးများ၏ "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်" ဟုခေါ်သည်။ 

(၆) တိုင်းရင်းသားလူမျိုးများ၏လူမျိုးအလိုက် ခံစားသင့်၊ ခံစားထိုက်သည့် "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်"နှင့်  လူ့အဖွဲ့အစည်းအလိုက် ခံစားသင့်၊ ခံစားထိုက်သည့် စုပေါင်းအခွင့်အရေးများကို အာမခံချက်ပေး  ရန် ကျင့်သုံးသောနည်းလမ်းများစွာအနက် အကောင်းဆုံးနည်းလမ်းမှာ - တိုင်းရင်းသားလူမျိုးများ  ကို မိမိတို့ကိုယ်တိုင် လိုက်နာကျင့်သုံးမည့်ဥပဒေများ - အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို  ရေးဆွဲပြဋ္ဌာန်းသောအခါမျိုးတွင် မိမိတို့ကိုယ်တိုင်ပါဝင်ရေးဆွဲပြဋ္ဌာန်းခွင့်ပေးထားရမည်။  တိုင်းရင်း  သားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများအဖြစ် နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာ သမိုင်း  အဆက်ဆက်ကျင့်သုံးလာခဲ့သော ဓလေ့ထုံးတမ်းများနှင့် ရိုးရာအစဉ်အလာများကိုလည်း ခေတ်နှင့်  လျော်ညီစွာ မိမိတို့ကိုယ်တိုင်ပြင်ဆင်မွမ်းမံ၍ ဥပဒေအဖြစ် ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့်၊  ကာကွယ်စောင့်  ရှောက်ခွင့်နှင့် ကျင့်သုံးပိုင်ခွင့်ရှိစေရမည်။ ပြည်ထောင်စုစနစ်တွင် တိုင်းရင်းသားလူမျိုးများ၏  အမျိုးသားပြည်နယ်များကို စီမံအုပ်ချုပ်ရာတွင် အသုံးပြုမည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ  ကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်းမရှိစေဘဲ ပြည်နယ်အမျိုးသားများကို  လွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်းခွင့်ရှိစေရမည်။ သို့မှသာ ထိုဥပဒေများကို မိမိတို့ကိုယ်တိုင် ပါဝင်ရေး  ဆွဲထားသဖြင့် မိမိတို့ပိုင်ဆိုင်ထားသောဥပဒေများအဖြစ် အသက်နှင့်ထပ်တူကာကွယ်စောင့်ရှောက်  လာလိမ့်မည်။ နိုင်ငံတော်နှင့် ပြည်ထောင်စုကြီးကိုလည်း မိမိတို့ကိုယ်တိုင်ပိုင်ဆိုင်ထားသော "ပြည်  ထောင်"များ "စု"ထားသည့် "ဘုံပိုင်ပြည်ထောင်စု"အဖြစ် တန်ဖိုးထားကာ မြတ်နိုးစိတ်ဖြင့်ကာကွယ်  စောင့်ရှောက်လာလိမ့်မည်။

(၇) ဒီမိုကရေစီစနစ်တွင် အချုပ်အခြာအာဏာကို ပိုင်ဆိုင်နေကြသော နိုင်ငံသားများနှင့် ပြည်သူလူထု  က မိမိတို့ကိုယ်စား တိုင်းပြည်၏ အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်ရန် ရွေးကောက်တင်  မြှောက်ထားသော အစိုးရအကြား ဆက်ဆံရာတွင်သော်လည်းကောင်း၊ ဥပဒေပြုရေးအာဏာကို  ကိုင်တွယ်ကျင့်သုံးသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်ဆံရာတွင်သော်လည်းကောင်း၊  တရားစီရင်ရေးအာဏာကို ကိုင်တွယ်ကျင့်သုံးသည့် တရားသူကြီးများ၊ တရားရုံးများနှင့် ဆက်ဆံ  ရာတွင်သော်လည်းကောင်း ထားရှိရမည့်စံချိန်စံနှုန်းများမှာ-

(က) ပွင့်လင်းမြင်သာမှု (Transparency)

(ခ) တာဝန်ခံမှု (Accountability)၊

(ဂ) တာဝန်ယူမှု (Responsibility) များဖြစ်သည်။ 

(၈) အစိုးရသည် အုပ်ချုပ်ရေးကိစ္စအဝဝကို ပွင့်လင်းမြင်သာစွာဖြင့် လူထုထံသို့  တင်ပြရမည်။ အသိ  ပေးရမည်။ သို့မှသာ လူထုက အစိုးရကို တာဝန်ခံ၍ရပေလိမ့်မည်။ အစိုးရတရပ်၏ လုပ်ဆောင်  ချက်များကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်ခြင်း မရှိပါက လူထုအနေဖြင့် ထိုအစိုးရကို တာဝန်ခံ၍  ရမည်မဟုတ်ပေ။ အစိုးရတရပ်၏လုပ်ရပ်ကို မသိဘဲ ထိုအစိုးရကို လူထုက တာဝန်မခံသင့်ပေ။

(၉) ထိုနည်းတူ အစိုးရအနေဖြင့် လူထုကိုယ်စားထမ်းဆောင်ထားသော တာဝန်ထမ်းဆောင်မှု အလုံးစုံ  ကို လူထုထံသို့ ပွင့်လင်းမြင်သာစွာ တင်ပြရမည်။ ၎င်းအပြင် မိမိတို့ဆောင်ရွက်ထားသော လုပ်ငန်း  အားလုံးကို တာဝန်ယူ၍ တာဝန်လည်းခံရမည်။ သို့မှသာ ပြည်သူလူထုက ထိုအစိုးရကို မိမိတို့  ကိုယ်တိုင်ရွေးချယ်၍ မိမိတို့ကိုယ်စား နိုင်ငံအုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်နေသည့် မိမိတို့ပိုင်  ဆိုင်ထားသောအစိုးရအဖြစ် အသိအမှတ်ပြုနိုင်လိမ့်မည်။ ထိုသို့ အစိုးရနှင့်လူထုအကြား အချင်း  ချင်း အပြန်အလှန်အသိအမှတ်ပြုနိုင်မှသာ ထိုအစိုးရကို ပြည်သူလူထုက တာဝန်ယူ၍ တာဝန်  လည်း ခံရဲလာပေလိမ့်မည်။

 

အခြေခံလူ့အခွင့်အရေးများ

လူသားတိုင်းတွင် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အစိုးရကမျှ ရုပ်သိမ်း ပိုင်ခွင့်မရှိသော မွေးရာပါအခြေခံလူ့အခွင့်အရေးများ ရှိကြသည်။

အစိုးရတရပ်သည် နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးများကို ရုပ်သိမ်းပိုင်ခွင့်မရှိပေ။ ထိန်း သိမ်း ကာကွယ်စောင့်ရှောက်ခွင့်သာရှိသည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အစိုးရတရပ်၏ အဓိကတာဝန်မှာ - နိုင်ငံသားတိုင်း၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထား သော အခြေခံလူ့အခွင့်အရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။ 

လူသားတိုင်း လူ့ဂုဏ်သိက္ခာဖြင့် ပြည့်ဝ၍ လူ့ဘဝတွင် ပျော်ရွှင်ချမ်းမြေ့စွာ အသက်ရှင်နေထိုင်နိုင် ရေးအတွက် လွတ်လပ်မှုနှင့် အခြေခံအခွင့်အရေးများကို အပြည့်အဝ ခံစားရရှိရန် လိုအပ်သည်။ လူ့ဂုဏ် သိက္ခာကို လေးစား၍ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းကို အခြေခံသော လူသားချင်း လေးစားအသိ အမှတ်ပြုသည့် "သည်းခံခြင်းတရား"ကို လွတ်လပ်မှု၏ အခြေခံအုတ်မြစ်အဖြစ် ချမှတ်ထားနိုင်မှသာလျှင် လူသားတိုင်း သည် မိမိတို့၏ မွေးရာပါအခွင့်အရေး အဖြစ် ပိုင်ဆိုင်ထားသော လူ့အခွင့်အရေး များကို အပြည့်အဝ ခံစားနိုင်မည်ဖြစ်သည်။

လူ့အဖွဲ့အစည်းတရပ် (သို့မဟုတ်) တိုင်းနိုင်ငံတခုတွင် လူမျိုးခွဲခြားခြင်း၊ အသားအရောင်ခွဲခြား ခြင်း၊ ဘာသာရေးခွဲခြားခြင်းနှင့် လူတန်းစားခွဲခြားခြင်းတို့မရှိဘဲ လူသားတိုင်း အခြေခံလူ့အခွင့်အရေး အပြည့်အဝ ရရှိခံစားနိုင်ရေးအတွက် လွတ်လပ်မှုကိုအခြေခံသော ဒီမိုကရေစီစနစ် လိုအပ်သည်။ အာဏာ ရှင်စနစ်တွင် လွတ်လပ်မှုနှင့် အခြေခံလူ့အခွင့်အရေး ပွင့်လန်းရှင်သန်နိုင်ခြင်းမရှိဘဲ ချိုးဖောက်စော်ကား ခြင်းသာရှိ၏။ ဒီမိုကရေစီစနစ်တွင်မူကား လွတ်လပ်မှုနှင့် အခြေခံလူ့အခွင့်အရေးတို့ကို အာမခံချက်ပေး ထားသည်။

လွတ်လပ်ခွင့် (Freedom) နှင့် အခြေခံလူ့အခွင့်အရေးများ (Fundamental Human Rights) သည်  ခွဲခြားမရအောင် ဆက်စပ်နေသောအရာများဖြစ်ကြသည်။ ထိုအရာနှစ်ခု  ပေါင်းစပ်၍ တွဲဖက်ရှင်သန် နေမှသာ လူ့အဖွဲ့အစည်း ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်သောနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု ရေးလောကများလည်း တိုးတက်ရှင်သန်နိုင်မည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် အောက်ပါအင်္ဂါရပ် များဖြင့် ပြည့်စုံသော အခြေခံလူ့အခွင့် အရေးများကို နိုင်ငံသားတိုင်း ရရှိခံစားပိုင်ခွင့်ရှိစေရမည်။

(၁) လူသားတိုင်းသည် လွတ်လပ်စွာ တွေးခေါ်ကြံဆခွင့်၊ တီထွင်ဖန်တီးခွင့်နှင့် အယူဝါဒ တခုခုကို လွတ်လပ်စွာ ယုံကြည်လက်ခံကျင့်သုံးခွင့်သာမက ဘာသာတရားများကို လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်များရှိကြရမည့်အပြင် ထိုတွေးခေါ်ကြံဆမှု၊ တီထွင်ဖန်တီးမှု၊ ကိုးကွယ်ယုံကြည်မှုတို့  ကို လွတ်လပ်စွာ ရေးသားတင်ပြခွင့်နှင့် စည်းရုံးဟောပြောခွင့်ရှိရမည်။

(၂) နိုင်ငံသားတိုင်းက မိမိတို့၏ မွေးရာပါအခွင့်အရေးအဖြစ် စုပေါင်းပိုင်ဆိုင်ထားသော နိုင်ငံတော်အချုပ်အခြာအာဏာကိုခွဲဝေကျင့်သုံးရန် ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသောအစိုးရ၊ လွှတ်တော်နှင့် တရားရုံးများတွင် မိမိတို့ကိုယ်တိုင်ပါဝင်ခွင့်၊ တာဝန်ထမ်းဆောင်ခွင့်နှင့် ဝေဖန်ကန့်ကွက်ခွင့်များ ရှိရမည်။

(၃) နိုင်ငံသားတဦးဦးကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း မခံရလေအောင် ဥပဒေဖြင့်ကာကွယ်ပေးထားရမည်။ ထို့ကြောင့်  အခြေခံလူ့အခွင့်အရေးများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ကာကွယ်ပြဋ္ဌာန်း ပေးရမည်။

(၄) နိုင်ငံတော်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသော တပ်မတော်သားများအနေဖြင့်သော်လည်းကောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ထိန်းသိမ်းကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်နေကြသော ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအနေဖြင့်သော်လည်းကောင်း မိမိတို့တာဝန်ကို ထမ်းဆောင်ကြသောအခါ နိုင်ငံသားတို့၏အခြေခံ လူ့အခွင့်အရေးများကို လေးစားလိုက်နာရမည်။ ပြစ်မှုတစုံတရာ ကျူးလွန်မိသော တရားခံများပင်လျှင် သူတို့၏မွေးရာပါလူ့အခွင့်အရေးများကို တရားဥပဒေနှင့်အညီ ခံစားပိုင်ခွင့်ရှိကြရမည်။

(၅) တိုင်းရင်းသားလူမျိုးပေါင်းစုံ ရောနှောနေထိုင်သောတိုင်းပြည်များတွင် တိုင်းရင်းသား လူမျိုးများ၏ဘာသာစကားနှင့်ကိုးကွယ်ယုံကြည်မှုများကို ထိုတိုင်းရင်းသားလူမျိုးများ၏အခြေခံလူ့အခွင့်အရေးအဖြစ် အသိအမှတ်ပြုပေးရမည်။ ထို့ကြောင့် ထိုတိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုများကို ကာကွယ်စောင့်ရှောက်ရေးအတွက်သာမက၊ တိုးတက်ရှင်သန်ရေးအတွက်ပါ လုပ်ဆောင်ရာတွင် အစိုးရအနေဖြင့် ဟန့်တားပိတ်ပင်ပိုင်ခွင့် မရှိစေရ။ လိုအပ်သော အကူအညီများနှင့် အကာအကွယ်များကိုသာ ပေးပိုင်ခွင့်ရှိစေရမည်။

(၆) လူသားတိုင်း  မိမိဘဝရှင်သန်ရေးနှင့်  အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးအတွက်  လွတ်လပ်စွာ ဝမ်းစာရှာဖွေခွင့်၊ အလုပ်လုပ်ပိုင်ခွင့်နှင့် မိမိ၏ လုပ်အားခနှင့်အညီ ထိုက်တန်သောအကျိုးခံစားပိုင်ခွင့်များ ရှိစေရမည်။

(၇) အရွယ်မရောက်သေးသောကလေးငယ်များကို ကာကွယ်စောင့်ရှောက်ရန် မိဘများမှစ၍ နိုင်ငံသားတိုင်းနှင့် အစိုးရထံတွင် တာဝန်ရှိသည်။  မိဘများအနေဖြင့် မိမိတို့၏ရင်သွေးငယ်များ အရွယ်မရောက်မချင်း  တာဝန်ယူရန် သဘာဝတရားက ပေးအပ်သောတာဝန်များရှိကြ၏။ အကယ်၍အခြေအနေအမျိုးမျိုးကြောင့် မိဘများက မိမိတို့၏ရင်သွေး  ငယ်များကို တာဝန်ယူနိုင်ခြင်း မရှိပါက၊ နိုင်ငံသားများနှင့် အစိုးရက  တာဝန်ယူရမည်။ အခွန်ဆောင်ခြင်းအားဖြင့်သော်လည်းကောင်း၊ အခြားပရဟိတလုပ်ငန်းဖြင့်သော်လည်းကောင်း၊ ရရှိလာသော အခွန်  တော်ငွေများကို အသုံးပြု၍ အရွယ်မရောက်သေးသောကလေးများ  ထိန်းသိမ်းစောင့်ရှောက်ရေးကို နည်းလမ်းမျိုးစုံဖြင့် တာဝန်ယူဆောင်  ရွက်ပေးရမည်။

(၈) အခြေခံလူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေးနှင့် တိုးတက်ရှင် သန်ရေးအတွက် အစိုးရကိုသာ အလုံးစုံတာဝန်လွှဲအပ်ခြင်း မပြုသင့်ပေ။ ပြည်သူလူထု တရပ်လုံးက နည်းလမ်းပေါင်းစုံဖြင့် ပါဝင်ပံ့ပိုးလုပ် ဆောင်ရမည်။ ပြည်သူလူထုက နည်းလမ်းပေါင်းစုံဖြင့် ပါဝင်လုပ် ဆောင်နိုင်မှသာ အစိုးရတရပ်က လူ့အခွင့်အရေး ချိုးဖောက်ခြင်း ရှိ-မရှိဟူသော အရေးကိစ္စအပါအဝင် ထိုအစိုးရ၏လုပ်ဆောင်မှုမှန်သမျှ  တရားဥပဒေနှင့်အညီလုပ်ဆောင်ခြင်း ရှိ-မရှိကို ပွင့်လင်းစွာ လူထုက သိမြင်နားလည်နိုင်မည်ဖြစ်ပြီး တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့လည်း ရှိလာနိုင်မည် ဖြစ်သည်။

(၉) အခြေခံလူ့အခွင့်အရေးသည် လူသားတိုင်းနှင့်သက်ဆိုင်သောအရာဖြစ်သည်။ ထို့ကြောင့် အချုပ်အခြာအာဏာကိုကာကွယ်ထိန်းသိမ်းရေးဟူသောအကြောင်းပြချက်ဖြင့်  အစိုးရတရပ်က ပြည်သူလူထု၏ အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ခြင်း မရှိရလေအောင် နိုင်ငံတကာမိသားစုမှ  ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာအသင်း  ကြီးများကိုဖန်တီး၍ နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်းကို ထုတ်ပြန်ကာ ထိုကြေညာစာတမ်းကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက ဥပဒေကဲ့သို့  အသိအမှတ်ပြုကျင့်သုံးနေခြင်းဖြစ်သည်။

 

လွတ်လပ်စွာ ပြောဆိုရေးသားခွင့်

ဒီမိုကရေစီစနစ်သည် ပြည်သူလူထုက မိမိတို့မွေးရာပါ အခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းပြီး၊ ထိုအာဏာများကို စီမံအုပ်ချုပ်ရန် တာဝန်ပေးအပ်ခြင်းခံ ရသည့် အစိုးရ၊ လွှတ်တော်နှင့် တရားရုံးများကို လွတ်လပ်သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲ များဖြင့် ရွေးချယ်တင်မြှောက်သောစနစ်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်သည် ပြည်သူလူထုက မိမိ တို့ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ခြင်းနှင့် မိမိတို့ကိုယ်တိုင် ပါဝင်ရွေးချယ်ခြင်း (အရွေးခံပိုင် ခွင့်) တို့ကိုပေါင်းစပ်ထားသည့် လွတ်လပ်သောပြည်သူများ၏ မိမိကိုယ်ကိုမိမိအုပ်ချုပ်သောစနစ် ဖြစ်သည်။

လွတ်လပ်သော ပြည်သူလူထုက မိမိကိုယ်ကိုမိမိ စီမံအုပ်ချုပ်ရာတွင်သော်လည်းကောင်း၊ မိမိတို့၏ ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရာတွင်သော်လည်းကောင်း၊ အခြေခံအကျဆုံးသောအရာမှာ "လွတ်လပ်စွာ ပြောဆိုရေးသားခွင့်"ပင်ဖြစ်သည်။ ပြည်သူလူထုကိုယ်စား အချုပ်အခြာအာဏာနှင့် ယင်း၏ ရေသောက်မြစ်သုံးသွယ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ များကို ကိုင်တွယ်ကျင့်သုံးရန် လူထုကိုယ်စားလှယ်လောင်းများအဖြစ် နာမည်စာရင်းတင်သွင်း၍ ရွေး ကောက်ပွဲဝင်မည့်ပုဂ္ဂိုလ်တဦးက မိမိ၏နိုင်ငံရေးအမြင်၊ အတွေးအခေါ်နှင့် အရွေးချယ်ခံရပါက ဆောင်ရွက် သွားမည့်လုပ်ငန်းစဉ်များကို လွတ်လပ်စွာ ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ရေးသားတင်ပြခြင်း၊ စည်းရုံး လှုံ့ဆော်ခြင်းများ မပြုလုပ်နိုင်ပါက ထိုကိုယ်စားလှယ်၏ နိုင်ငံရေးအမြင်နှင့် ရှေ့လုပ်ငန်းစဉ်များကို  ပြည်သူ လူထုက မည်ကဲ့သို့နားလည်သဘောပေါက်နိုင်ပါမည်နည်း။ ကိုယ်စားလှယ်လောင်းတဦး (သို့မဟုတ်) နိုင်ငံ ရေးပါတီတရပ်က သူတို့၏အတွေးအမြင်၊ မူဝါဒသဘောထား၊ ပေါ်လစီနှင့်ရှေ့လုပ်ငန်းစဉ်များကို လွတ်လပ် စွာ တင်ပြစည်းရုံးနိုင်မှသာ ပြည်သူလူထု ကမိမိတို့ကိုယ်စားလှယ်အဖြစ် ရွေးချယ် သင့် ရွေးချယ်ထိုက်သူ၏ အတွေးအခေါ် နှင့် ရှေ့လုပ်ငန်းစဉ်များကိုသာမက ထိုသူ ၏ အကျင့်သိက္ခာနှင့် နောက်ခံသမိုင်း များ၊ သူကိုယ်တိုင်ချမှတ်ထားသော မူ ဝါဒ၊ ပေါ်လစီနှင့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်မည့် အရည်အချင်း ရှိ-မရှိ၊ အခက်အခဲနှင့် အကျပ်အတည်းများ ရင်ဆိုင်တွေ့ကြုံသောအခါ ခေါင်းအေးအေးဖြင့် ဖြေရှင်းကျော်လွှားနိုင်သော ပင်ကို အရည်အချင်း ရှိ-မရှိ၊ တိုင်းပြည်တွင် ကြီးမားသောအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့သောအခါ ရဲရင့်စွာ ဖြေရှင်းနိုင်မည့်  ရဲစွမ်းသတ္တိရှိ- မရှိ စသည်တို့ကို ပြည်သူလူထုက တွေ့မြင်လေ့လာသုံးသပ်နိုင်မည်ဖြစ် သည်။ ထို့ကြောင့် လွတ်လပ်စွာ ပြောဆိုရေးသားခြင်းသည် ဒီမိုကရေစီစနစ် ရှင်သန်ရေးအတွက် မရှိမဖြစ် လိုအပ်သောအင်္ဂါရပ်ဖြစ်သည်။

လွတ်လပ်စွာ ပြောဆိုရေးသားခြင်းသည် နိုင်ငံတော်ကိုအုပ်ချုပ်မည့် ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်မှုအတွက်သာမက အခြားအခြားသော ကဏ္ဍများစွာအတွက်လည်း အရေးကြီး သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင်- 

(၁) အများဆန္ဒအရ ဆုံးဖြတ်ချက်မချခင် အရာရာကို လွတ်လပ်စွာ ဟောပြောစည်းရုံးခြင်း၊ ရေးသားထုတ်ဝေခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းများ ပြုလုပ်ရမည်ဖြစ်သောကြောင့် ပြဿနာဖြေရှင်းရန် နည်းလမ်းပေါင်းများစွာကို ချိန်ဆနှိုင်းယှဉ်ခွင့်ရှိသည်။ ထိုသို့ နှိုင်းယှဉ်အပ်သော နည်းလမ်းပေါင်းများစွာထဲမှ အကောင်းဆုံးနည်းလမ်းကို  ပြည်သူလူထုက လွတ်လပ်စွာ ရွေးချယ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အထွေထွေသော လူ့ပြဿနာမျိုးစုံကို ဖြေရှင်းရာတွင် အမှားနည်းသွားနိုင်သည်။

(၂) လွတ်လပ်စွာပြောဆိုရေးသားထုတ်ဝေခွင့်ရှိသောကြောင့် လူထုအမြင်ကျယ်လာသည်။ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားသာမက အခြားအခြားသော သတင်းဌာနမျိုးစုံမှ သတင်းအချက်အလက်များကို လွယ်ကူစွာရရှိသောကြောင့် အစိုးရတရပ်၏လုပ်ရပ် (သို့မဟုတ်) မိမိရွေးချယ်တင်မြှောက်  ထားသော ကိုယ်စားလှယ်တဦး (သို့မဟုတ်) နိုင်ငံရေးပါတီတရပ်၏လုပ်ရပ် မှားယွင်းမှုတစုံတရာ ပေါ်ပေါက်လာပါက ချက်ချင်းဝေဖန်ကန့်ကွက်ခြင်းဖြင့် ထိုအမှားများက တိုင်းပြည်နှင့် လူ့အဖွဲ့အစည်းကြီးကို ဒုက္ခမပေးနိုင်ခင် အကောင်းဆုံးပြန်လည်ပြင်ဆင်၍ အစားထိုးနိုင်သည်။ လူသည် မှားတတ်သော သတ္တဝါတမျိုးဖြစ်သည်။ လူဖြင့် ဖွဲ့စည်းထားသောအစိုးရတရပ်သည်လည်း  အမှားများ ကျူးလွန်နိုင်ပါသည်။ အစိုးရတရပ်၏ကျူးလွန်မိသောအမှားကို ပြင်ဆင်ရန် အကောင်းဆုံးသောနည်းလမ်းမှာ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို လူထုထံ အပြည့်အဝအပ်နှင်းထားခြင်း  ဖြစ်သည်။

(၃) ဒီမိုကရေစီစနစ်သည် လွတ်လပ်သောလူထုက မိမိကိုယ်ကိုမိမိ လွတ်လပ်စွာ အုပ်ချုပ်သောစနစ် ဖြစ်သည်။ သို့ရာတွင် နိုင်ငံတော်အရေးအရာကိစ္စများကို စီမံအုပ်ချုပ်ရာတွင်သော်လည်းကောင်း၊ လူ့အဖွဲ့အစည်းတရပ်လုံး၏ အရေးအရာကိစ္စများကို တိုင်ပင်နှီးနှောရာတွင်သော်လည်းကောင်း၊ လူထုအနေဖြင့် မိမိတို့ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များနှင့် အစိုးရများကိုသာ တစုံလုံး ပုံအပ်လွှဲပြောင်းခြင်း မရှိစေဘဲ မိမိတို့ကိုယ်တိုင် လွတ်လပ်စွာပြောဆိုခြင်း၊  ရေးသားတင်ပြခြင်း၊ ဆန္ဒမဲပေးခြင်း၊ စီတန်းလှည့်လည်ဆန္ဒပြခြင်း စသည့်နည်းလမ်းပေါင်းစုံဖြင့်  ပါဝင်ပတ်သက်ရန် လိုအပ်သည်။ သို့မှသာ အစိုးရနှင့်ပြည်သူအကြား ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုများ ရှင်သန်နိုင်မည် ဖြစ်သည်။

(၄) လူသားတိုင်း၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော လွတ်လပ်စွာ ပြောဆိုရေးသားခွင့်  ဆိုသည်မှာ အစိုးရက ပြည်သူလူထုထံသို့ ပေးအပ်မှရနိုင်သောအရာ မဟုတ်ပေ။ လူသားတိုင်း၏ မွေးရာပါအခွင့်အရေးဖြစ်သည်။ အစိုးရက ထိုမွေးရာပါအခွင့်အရေးကို လူထုထံ မပေးနိုင်သော်လည်း ဖျက်ဆီးနိုင်သည်။ ထို့ကြောင့် အစိုးရက ပြည်သူလူထု၏ မွေးရာပါအခွင့်အရေးဖြစ်သော လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ပိတ်ပင်တားဆီးခြင်း မရှိရလေအောင် တိုင်းပြည်၏အမြင့်ဆုံး  ဥပဒေဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကာကွယ်ပြဋ္ဌာန်းပေးရမည်။

(၅) လွတ်လပ်စွာပြောဆိုရေးသားခွင့်သည် လူသားတိုင်း၏အခြေခံလွတ်လပ်ခွင့်ဖြစ်သည်။ သို့သော် ထိုလွတ်လပ်မှုအခွင့်အရေးကို အလွဲသုံးစားလုပ်၍ လူသားအချင်းချင်း ညှဉ်းပန်းနှိပ်စက်မှု၊ ဘာသာရေးတခုနှင့်တခုအကြား အမြင်မှားယွင်းမှုနှင့် ရန်လိုမုန်းတီးမှုများကို အားပေးလှုံ့ဆော်သည့် ရေးသားပြောဆိုချက်မျိုးကိုမူ လူ့ဘောင်အကျိုးစီးပွားအတွက် ဥပဒေဖြင့်ကာကွယ်ဟန့်တားရမည်။  ယင်းသို့ လွတ်လပ်စွာ ပြောဆိုရေးသားမှုကို ဘောင်ချကန့်သတ်ခြင်းသည် လွတ်လပ်မှုကို ထိပါးခြင်းမဟုတ်ဘဲ လွတ်လပ်မှု၏ ရန်သူမျိုးစုံကို လွတ်လပ်သောလူထုက လွတ်လပ်စွာ ကြိုတင်ကာ  ကွယ်ခြင်းသာ ဖြစ်စေရမည်။

(၆) လွတ်လပ်စွာပြောဆိုရေးသားခွင့် (Freedom of Speech) တွင် လွတ်လပ်စွာ စည်းရုံးခွင့်နှင့် ဆန္ဒပြခွင့်တို့လည်း ပါရှိသည်။ ပြည်သူလူထုက မိမိတို့အမြင်နှင့် ဆန္ဒသဘောထားများကို နှုတ်ဖြင့် ပြောရုံ၊ စာဖြင့်ရေးသားရုံမျှနှင့် တခါတရံ မလုံလောက်တတ်ပေ။ ထို့ကြောင့် ရုပ်ခန္ဓာကိုအသုံးချ၍  မိမိတို့၏ ဆန္ဒသဘောထားများ၊ အမြင်များ၊ ယုံကြည်ချက်များကို ဖော်ထုတ်ပြသရန် လိုအပ်လေ့ရှိသည်။ ထိုအခါ လူထုက အစုအဝေးဖြင့် ချီတက်ဆန္ဒပြခြင်း၊ လူထုစည်းဝေးပွဲများ၊ ဟောပြောပွဲများ ကျင်းပခြင်းကို ပြုလုပ်ရသည်။ ယင်းသည် ဒီမိုကရေစီစနစ်၏ အားသာချက်တရပ်ဖြစ်သည်။ သို့ရာတွင် ငြိမ်းချမ်းစွာဆန္ဒပြခြင်းကိုသာ ဒီမိုကရေစီစနစ်က အားပေးသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းမှ အကြမ်းဖက်ဆန္ဒပြခြင်းအသွင်သို့ ကူးပြောင်းမသွားမိစေရန် လွတ်လပ်သောလူထုက မိမိတို့၏အသိတရားဖြင့် ထိန်းကွပ်ထားရမည်။ သို့ရာတွင် အာဏာရှင်စနစ်၌ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်အပါအဝင်၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ပိတ်ပင်ထားသည့်အပြင် လူထုတို့၏ ငြိမ်းချမ်းစွာဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းလေ့ရှိခြင်းကြောင့် အကြမ်းဖက်ဆန္ဒပြပွဲအဖြစ်သို့ အသွင်ကူးပြောင်းသွားတတ်သည်။ ထိုအရာကို သတိထားပြီး ရှောင်ရှားရမည်။

(၇) လွတ်လပ်စွာပြောဆိုရေးသားခွင့်သည် "လွတ်လပ်မှု" (Freedom) ၏ အခြေခံရေသောက်မြစ်များ  ဖြစ်ကြသော တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းနှင့် သည်းခံခြင်းတရားတို့အပေါ် အမှီပြု၍ ရှင်သန်သင့်သည်။ ထို့ကြောင့် လွတ်လပ်စွာ ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ရေးသားထုတ်ဝေခြင်း၊ စီတန်းလှည့်လည်ခြင်းများသည် လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုရရှိရေးအတွက် ငြိမ်းချမ်းစွာ လုပ်ဆောင်သောအရာများသာဖြစ်သင့်သည်။ တရားမျှတခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို သည်းခံခြင်း  တရားဖြင့်  ချွန်းအုပ်၍ လမ်းကြောင်းထိန်းမတ်ခြင်းမပြုနိုင်သောအခါ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်သည် ငြိမ်းချမ်းရေးလမ်းစဉ်သို့မလိုက်ဘဲ အကြမ်းဖက်မှုသို့ အသွင်ကူးပြောင်းတတ်သည်။ ငြိမ်းချမ်းရေးကို အကြမ်းဖက်သောနည်းလမ်းဖြင့် လမ်းကြောင်းလွှဲပြောင်းသောအခါ တရားမျှတ  ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် သည်းခံခြင်းများ ပျောက်ဆုံးပြီး မတရားမှု၊ အနိုင်ကျင့်စော်ကားမှု၊ ရန်လိုမုန်းတီးမှုများသာမက လူ့ဘောင်လောကကို သွေးချောင်းစီးစေသော အကြမ်းဖက်မှုမျိုးစုံလည်း  ပေါ်ပေါက်လာပါတော့သည်။ ထို့ကြောင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်သည် ငြိမ်းချမ်းရေးလမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်တို့ကို စည်းခြားပေးထားသောအရာဖြစ်သည်။ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်နှစ်ခု  အကြားတွင် ရပ်တည်နေသဖြင့်  တဘက်စီက အကောင်းအတွက်ရော အဆိုးအတွက်ပါ အသုံးချရန်လွယ်ကူသည်။ လွယ်လွယ်ကူကူ  အလွဲသုံးစားလုပ်နိုင်သောအရာလည်း ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ် ရှင်သန်ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် လွတ်လပ်စွာပြောဆိုရေးသားခွင့်သည် ဒီမိုကရေစီကို အလွဲသုံးစားလုပ်ရန် အလွယ်ကူဆုံးသော  ယန္တရားဖြစ်သွားတတ်သည်ကိုလည်း သတိထားရန် လိုအပ်သည်။


ဒီမိုကရေစီအစိုးရနှင့် သတင်းမီဒီယာလွတ်လပ်ခွင့်

ဒီမိုကရေစီစနစ်သည် ပြည်သူလူထုကိုယ်တိုင်က မိမိတို့၏အကျိုးစီးပွားများကို သယ်ပိုးဆောင်ရွက် နိုင်ရေးအတွက် မိမိတို့ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ကာ မိမိတို့ကိုယ်တိုင် ပါဝင်ဖွဲ့စည်းသည့် အစိုးရကို ထူထောင်သည့်စနစ်ဖြစ်သည်။ 

ထိုသို့ မိမိတို့ကိုယ်တိုင်ပါဝင်ပြီး မိမိတို့အကျိုးစီးပွားကို သယ်ပိုးထမ်းဆောင်မည့် မိမိတို့၏အစိုးရ တရပ်ကို ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် အရေးကြီးဆုံးသောသော့ချက်မှာ လွတ်လပ်စွာ စည်းရုံးဟော ပြောခွင့်၊ ရေးသားထုတ်ဝေခွင့်နှင့် နိုင်ငံရေးပါတီများ အပါအဝင် အခြားသောအသင်းအဖွဲ့များကို ဖွဲ့စည်းထူထောင်ခွင့် စသည့်အချက်များပါဝင်သည်။ 

လွတ်လပ်စွာ စည်းရုံးပြောဆိုနိုင်မှသာလျှင် ထိုနိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများ၏နိုင်ငံ ရေးအမြင်နှင့်ခံယူချက်များကို ပြည်သူလူထုက နားလည်သဘောပေါက်နိုင်ပေလိမ့်မည်။ နိုင်ငံရေးပါတီ တရပ်နှင့် ကိုယ်စားလှယ်တဦး၏ မူဝါဒနှင့် ပေါ်လစီများကို လွတ်လပ်စွာ ရေးသားထုတ်ဝေ၍ ကျယ်ပြန့်စွာ ဖြန့်ချိနိုင်မှသာလျှင် ထိုသူများ ခံယူတင်ပြထားသော နိုင်ငံရေးဝါဒနှင့် ပေါ်လစီများသည် ပြည်သူလူထုအတွက် တကယ်အကျိုးရှိ-မရှိ၊ ကာလဒေသနှင့် သဟဇာတ ဖြစ်-မဖြစ်၊ ခေတ်နှင့်လျော်ညီခြင်း ရှိ-မရှိ  စသည်တို့ကို ပြည်သူလူထုက ဝေဖန်သုံးသပ်ပြီး အဆုံးအဖြတ်ပေးနိုင်လိမ့်မည် ဖြစ်သည်။

နိုင်ငံရေးပါတီတရပ်နှင့် ကိုယ်စားလှယ်လောင်း (နိုင်ငံရေးသမား) များက မိမိတို့ ပေါ်လစီနှင့် ရှေ့ လုပ်ငန်းစဉ်များကို လူထုရှေ့မှောက်သို့ ရဲရင့်စွာ တင်ပြပြီး ပြည်သူလူထု၏ အစစ်အဆေးကို ပြတ်သားစွာ ခံယူရဲရပေမည်။ သို့မှသာ ထိုနိုင်ငံရေးပါတီတခုခု (သို့မဟုတ်)  နိုင်ငံရေးသမားတဦးဦး၏အရည်အချင်း ပေါ် လာနိုင်မည်ဖြစ်သည်။ ပေါ်လစီနှင့်ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တင်ပြပုံတင်ပြနည်းမည်မျှကောင်းမွန် ပါစေ၊ ထိုနိုင်ငံရေးသမား၏လက်တွေ့ဘဝတွင် အကောင်အထည်ဖော်နိုင်သောအရည်အချင်းရှိ-မရှိ၊ အကျင့် သိက္ခာ၊ သီလနှင့် ထိုပုဂ္ဂိုလ်သည် ပြည့်စုံခြင်း ရှိ-မရှိ စသည်တို့ကို ပြည်သူလူထု၌ လွတ်လပ်စွာ စစ်ဆေးပိုင် ခွင့်ရှိရမည်။

ခြုံ၍ပြောရပါက လွတ်လပ်စွာ စည်းရုံး ပြောဆိုခွင့်၊ ရေးသားထုတ်ဝေခွင့်နှင့် နိုင်ငံ ရေးပါတီ အသင်းအပင်းများ ဖွဲ့စည်းထူ ထောင်ခွင့်မရှိပါက လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲကိုလည်း ကျင်းပ နိုင်လိမ့်မည်မဟုတ်ပေ။ လွတ်လပ်၍တရား မျှတသော ရွေးကောက်ပွဲမရှိပါက ပြည်သူလူထုက မိမိတို့အကျိုးစီးပွားအတွက် မိမိတို့ကိုယ်တိုင် ပါဝင်ဖွဲ့ စည်းသော ပြည်သူ့အစိုးရတရပ်လည်း ပေါ်ပေါက်လာနိုင်လိမ့်မည် မဟုတ်ပေ။

ယခုခေတ်တွင် သတင်းမီဒီယာကို တိုင်းပြည်၏စတုတ္ထမဏ္ဍိုင်ဟူ၍ပင် ခေါ်ဆိုနေကြသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် သတင်းမီဒီယာများသည် အောက်ပါအခန်းကဏ္ဍများဖြင့် ပြည်သူလူထုတရပ်လုံးနှင့် လူ့အဖွဲ့အစည်းကြီးတရပ်လုံးအတွက် ပါဝင်အသုံးတော်ခံကြရမည်ဖြစ်သည်။

၁။  လွတ်လပ်သောသတင်းမီဒီယာများသည် ဘက်လိုက်မှု တစုံတရာမရှိဘဲ တိကျမှန်ကန်သောသတင်းအချက်အလက်များကို  ပြည်သူလူထုထံသို့ တင်ပြပေးရမည်။

၂။ အစိုးရတရပ်၏လုပ်ဆောင်မှုများက တရားမျှတမှု ရှိ-မရှိ၊ တာဝန်ခံမှုနှင့် တာဝန်ယူမှု ရှိ-မရှိ စသည်တို့ကို ထိုသတင်းမီဒီယာများက ပြည်သူလူထုထံသို့ အချက်အလက် မှန်ကန်စွာတင်ပြရမည်။

၃။ လွတ်လပ်သော ဒီမိုကရေစီစနစ်အောက်တွင် ဖွဲ့စည်းထူထောင်ထားကြသော လူမှုအခြေပြုအဖွဲ့အစည်းများ၊ ဘာသာရေးနှင့် လူမှုရေးအဖွဲ့အစည်းများ၏လုပ်ဆောင်မှုများ မှန်ကန်ခြင်း ရှိ-မရှိကို သတင်းမီဒီယာများပြည်သူလူထုထံသို့တင်ပြသတင်းပေးရမည်။

၄။ ရပ်ရွာအရေးကိစ္စမှစ၍ တတိုင်းပြည်လုံးအရေးအထိပါဝင်သော အရေးကြီးသည့်ကိစ္စတိုင်းတွင် ပြည်သူလူထုပါဝင်ဆွေးနွေးနိုင်ရေးအတွက် သတင်းမီဒီယာများက စင်မြင့်သဖွယ်ဆောင်ရွက်ပေးရမည်။ မီဒီယာများထံမှ တိကျမှန်ကန်သည့် သတင်းအချက်အလက်များ ရရှိနိုင်မှသာ မှန်ကန်သည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည် ဖြစ်သည်။

၅။ ဒီမိုကရေစီစနစ်အောက်တွင် လွတ်လပ်စွာ ပြောဆိုရေးသားထုတ်  ဝေခွင့်ကို အလေးအနက်ထားရမည်ဖြစ်သည်။ အစိုးရ အနေဖြင့်  သတင်းနှင့်မီဒီယာဌာနအသီးသီး၏ ရေးသားထုတ်ဝေပြောဆိုတင်  ပြချက်များကို စိစစ်ရန် ဟူသောရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားရှိသည့် "စာပေစိစစ်ရေး"နှင့်  "ဆင်ဆာ" အဖွဲ့များ လုံးဝမရှိသင့်ပေ။ ထိုနည်းတူ အစိုးရက သတင်းနှင့်မီဒီယာများကို ထိန်းချုပ်၍  အာဏာရပါတီနှင့်အစိုးရ၏အာဘော်များကိုသာ ပြည်သူလူထုထံ တင်ပြရမည်ဟူသော ရည်ရွယ်  ချက်ဖြင့် ဖွဲ့စည်းထူထောင်လေ့ရှိသည့် အစိုးရ၏ပြန်ကြားရေးဌာနသည်လည်း ဒီမိုကရေစီစနစ်တွင်  လုံးဝမရှိအပ်ပေ။ 

၆။ သတင်းနှင့်မီဒီယာဟုဆိုရာ၌ ယခင်က "စာနယ်ဇင်း" ဟုခေါ်ဆိုသည့်သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများသာမက ယခုခေတ်တွင် လူထုဆက်ဆံရေးကိရိယာအဖြစ် အသုံးများသည့်အင်တာနက်၊  Website၊ ရေဒီယို၊  ရုပ်မြင်သံကြားနှင့် အခြားအခြားသော လူထုဆက်သွယ်ရေးယန္တရားများ အားလုံးပါဝင်သည်။

ရှင်းလင်းချက်

ဒီမိုကရေစီနိုင်ငံရေးတွင် ကျင့်သုံးလျက်ရှိသော အစိုးရ၏ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်များ ထားရှိခြင်း၊ သမ္မတ (သို့မဟုတ်) ဝန်ကြီးတဦးဦး၏ ပြောရေးဆိုခွင့်ရှိသူထားရှိခြင်းနှင့် ပါတီတရပ်ရပ်က ပြောရေးဆိုခွင့် ရှိသူပုဂ္ဂိုလ်သာမက သတင်းနှင့်ပြန်ကြားရေးဌာနထားရှိခြင်းတို့သည် ထိုပါတီ (သို့မဟုတ်) ထိုအစိုးရတာဝန် ရှိသူ၏ ပေါ်လစီနှင့် မူဝါဒများက မီဒီယာလွတ်လပ်ခွင့်ကို မထိပါးနိုင်ချေ။ သို့သော် မြန်မာနိုင်ငံကဲ့သို့ လွတ်လပ်ခွင့်မရှိသောနိုင်ငံများတွင် ပြန်ကြားရေးဌာနကို ဝန်ကြီးဌာနတခုအဖြစ်ထားရှိခြင်းသည် သတင်း နှင့်ပြန်ကြားရေးကို အစိုးရမှ ထိန်းချုပ်ထားရမည်ဟူသော အစဉ်အလာနှင့် လူထုလွတ်လပ်မှုအပေါ် ဖိနှိပ် ချုပ်ချယ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ထားရှိခြင်းဖြစ်သည်။ ထိုသို့ သတင်းနှင့်ပြန်ကြားရေးကို ထိန်းချုပ်ရုံ သာမက မိမိတို့ပေါ်လစီနှင့်မူဝါဒအတိုင်း ဝါဒဖြန့်ချိနိုင်ရေးအတွက် သတင်းထောက်များကိုလည်း အစိုးရ ကိုယ်တိုင်က ခန့်ထားကြသည်။ ထို့အပြင် သတင်းနှင့် မီဒီယာများကို ထိန်းချုပ်နိုင်ရန် ဆင်ဆာအဖွဲ့များကိုပါ ဖွဲ့စည်း၍ လွတ်လပ်စွာ  ပြောဆိုရေးသားထုတ်ဝေခွင့်ကို  ပြင်းထန်စွာ ပိတ်ပင်တားဆီးလေ့ရှိကြသည်။ ယင်းသည် ဒီမိုကရေစီစနစ်တွင် မရှိအပ်သောအရာများသာ ဖြစ်ကြသည်။

 

ဘာသာရေးလွတ်လပ်ခွင့်

လူသားတိုင်း ခံစားသင့်ခံစားထိုက်သော အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအနက် ဘာသာရေးလွတ်လပ်ခွင့်သည် ထိပ်ဆုံးတွင် ပါဝင်သည်။ တချို့က ဘာသာရေးလွတ်လပ်ခွင့်ကို လွတ်လပ် မှုအားလုံး၏ အထွတ်အထိပ်ဖြစ်သည်ဟုပင် ခေါ်ဆိုသမုတ်ကြသည်။ အကြောင်းမှာ ဘာသာရေးသည် လောကီရေးရာသာမဟုတ်ဘဲ လောကုတ္တရာအရေးများ ပါဝင်၍ လူ့ဘဝ၏ဖြစ်တည်ခြင်း အကြောင်း တရားကို အနက်ရှိုင်းဆုံးနှင့် အသိမ်မွေ့ဆုံး ချဉ်းကပ်ဆောင်ရွက်သောအလုပ်ဖြစ်သောကြောင့်တည်း။ ဖန်ဆင်းရှင် ဘုရားသခင်နှင့် ဖန်ဆင်းခံရသောလူသားတို့အကြား စိတ်ဝိညာဉ်ဖြင့် ကူးလူးဆက်ဆံသော အလုပ်လည်းဖြစ်သည်။ ထို့ကြောင့် ဤမျှသိမ်မွေ့လေးနက်သော သမ္မာတရားနှင့်ဓမ္မတရားတို့၏အလုပ်ကို ဆောင်ရွက်ရာတွင် မည်သူမျှ အနှောင့်အယှက်မပေးသင့်ပေ။ ဘာသာရေးကို နိုင်ငံရေးမှ ကင်းနိုင်သမျှ ကင်း ရှင်းအောင်ထားရမည်။ ထိုသို့ ဆောင်ရွက်ရေးအတွက်-

၁။  ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝရှိရမည်။

၂။  ဘာသာရေးနှင့် နိုင်ငံရေး ရောယှက်ခြင်း မရှိစေရ။

၃။  နိုင်ငံသားတိုင်းသည် မိမိတို့ယုံကြည်ကိုးကွယ်သည့်ဘာသာကို လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ရှိသည်။ ဘာသာတရားနှင့်သက်ဆိုင်သောအရာကိစ္စမှန်သမျှကို လွတ်လပ်စွာ ပါဝင်လုပ်ဆောင်ခွင့်  ရှိရမည်။

၄။  ဘာသာရေးလွတ်လပ်ခွင့် ဟုဆိုရာတွင် ဘာသာရေးဆိုင်ရာစာပေများကို လွတ်လပ်စွာ ဖြန့်ချိခွင့်၊  ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို လွတ်လပ်စွာ တည်ဆောက်ခွင့်၊ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များတွင် ပွဲလမ်းသဘင်များကို လွတ်လပ်စွာ ကျင်းပခွင့်၊ မိမိယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ဟောပြောသင်ကြားခွင့်နှင့် သာသနာပြုခွင့် စသည့် အခွင့်အရေးများ  ပါဝင်သည်။

၅။ ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝပေးအပ်ပြီး သာသနာပြုခွင့်ကိုလည်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် တန်းတူအခွင့်အရေးပေးသင့်သည်။ နိုင်ငံရေးနှင့် ဘာသာရေးကို ခွဲခြားထားသောကြောင့် အစိုးရအနေဖြင့် မည်သည့်ဘာသာတရားကိုမျှ ဦးစားပေးခြင်း၊ သာသနာပြုလုပ်ငန်းများတွင် အစိုးရက ပါဝင်ဆောင်ရွက်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများ လုံးဝမပြုလုပ် သင့်ပေ။

၆။ နိုင်ငံရေးနှင့်ဘာသာရေးကို ခွဲခြားထားသောကြောင့် မည်သည့်ဘာသာသာသနာကိုမျှ  နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခြင်း၊ အထူးဦးစားပေးခြင်း လုံးဝမပြုလုပ်သင့်ပေ။

၇။ နိုင်ငံရေးနှင့်ဘာသာရေးကိုခွဲခြားထားသည့် ဒီမိုကရေစီစနစ်အောက်တွင် ဘာသာရေးကိုအထောက်အကူပေးရန် ဖွဲ့စည်းထူထောင်သည့် သာသနာရေးဝန်ကြီးဌာန လုံးဝမထားရှိသင့်ပေ။ ဘာသာရေးသည် နိုင်ငံရေးမှ လုံးဝကင်းရှင်းလွတ်လပ်သင့်သည်။

 

လူနည်းစုများ၏အခွင့်အရေးကို ကာကွယ်ခြင်း

ဒီမိုကရေစီစနစ်သည် အများဆန္ဒအရ အရာရာကို အဆုံးအဖြတ်ပေးသောစနစ်ဖြစ်သည်။ အခြားတဖက်တွင်လည်း ဒီမိုကရေစီစနစ်သည် လူသားတိုင်း၏ မွေးရာပါအခွင့်အရေးများကို အလေးပေးတန်ဖိုး ထားသောကြောင့် လူသားတိုင်း၏ တန်းတူညီမျှမှုအခွင့်အရေးကို အထူးဦးစားပေးစဉ်းစားသောစနစ်လည်း ဖြစ်သည်။

အပေါ်ယံအားဖြင့်ကြည့်ပါက နိုင်ငံသားတိုင်းတွင် ရှိအပ်သော တန်းတူညီမျှခွင့်ဟူသော "တန်းတူရေး" နှင့် အများဆန္ဒအရ အရာရာကိုဆုံးဖြတ်သည်ဟူသော "အများဆန္ဒဖြင့်ဆုံးဖြတ်ခြင်း" ကျင့်စဉ်နှစ်ရပ် တို့သည် ဆန့်ကျင်သယောင်ထင်ရပေသည်။ အများဆန္ဒဖြင့်သာ အရာရာကိုဆုံးဖြတ်ပါက လူနည်းစုများ၏ အခွင့်အရေးကို ချိုးဖောက်ပိတ်ပင်ရာ မရောက်ပေဘူးလားဟု မေးစရာရှိသည်။

အများစုနှင့် အနည်းစု ဆန္ဒချင်းမတူညီသောအခါ လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြဿနာများစွာ ပေါ်ပေါက်တတ်သည်။ အထူးသဖြင့် လူမျိုးပေါင်းစုံ ရောနှောနေထိုင်နေသော တိုင်းပြည်များတွင် အရာရာကို အများဆန္ဒဖြင့်သာလျှင် ဆုံးဖြတ်ရမည်ဆိုပါက လူနည်းစုများ၏အခွင့် အရေးများ ပပျောက်ပြီး နောင်နှစ်ပေါင်းများစွာကြာလာသောအခါ လူမျိုးငယ်များပါ ပျောက်ကွယ်တိမ် မြုပ်သွားနိုင်သည်။ ထို့ကြောင့်ပင်လျှင်  ဒီမိုကရေစီစနစ်သည် လူမျိုးကြီးဝါဒလွှမ်းမိုးရေးနှင့် လူအုပ်ကြီးဖြင့် အနိုင်ကျင့်စော်ကားသော (Tyranny of  Majority) ကို ဖြစ်ပွားစေနိုင်သည်ဟု ပညာရှင်များစွာက စောဒက တက်ကာ ငြင်းခုံခဲ့ကြသည်။

ဥပမာ - ပါလီမန်ဒီမိုကရေစီခေတ်တွင် ဝန်ကြီးချုပ်ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းသတ်မှတ်ရန် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်သောအခါ ချင်း၊ ကချင်၊ ရှမ်းစသော တိုင်း ရင်းသားလူမျိုးများ၏ ဆန္ဒမဲမပါဘဲ ဗမာလူမျိုးများ၏ ဆန္ဒမဲဖြင့် အလွယ်တကူဆုံးဖြတ်နိုင်ခဲ့သည်။ အကြောင်းမှာ ဦးနုခေတ်တွင် ပြည်ထောင်စုလွှတ်တော်တရပ်လုံး၊ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တွင် ဗမာလူမျိုးများက လွှမ်းမိုးထားသောကြောင့် တိုင်းရင်းသားလူမျိုးများ၏ဆန္ဒမဲ တခုမျှမပါ ဘဲ ဗမာလူမျိုးများ လိုလားသော ဥပဒေအားလုံးကို ရေးဆွဲပြဋ္ဌာန်း အတည်ပြုနိုင်ခဲ့သည်။

ထို့ကြောင့် ဒီမိုကရေစီစနစ်အောက်တွင် လူများစုက လူနည်းစု၊ အထူးသဖြင့် လူဦးရေ ပိုမိုများပြား သောလူမျိုးများက လူဦးရေပိုမိုနည်းပါးသော လူမျိုးငယ်များကို အနိုင်ကျင့်စော်ကားမှုများ မရှိရလေအောင် နည်းလမ်းရှာဖွေရမည်ဖြစ်သည်။ ထိုသို့ နည်းလမ်းရှာဖွေရာတွင် အကောင်းဆုံးသောနည်းလမ်းတခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ရေးဆွဲပြဋ္ဌာန်းခြင်းသာ ဖြစ်သည်။ ထို့ကြောင့် -

(၁)  ဒီမိုကရေစီစနစ်တွင် အရာရာကို အများဆန္ဒအရ ဆုံးဖြတ်ချက်များ ချမှတ်လေ့ရှိသော်လည်း ယင်းလုပ်ရပ်သည် လူနည်းစုများ၏အခွင့်အရေးကို တဖက်သတ်ချိုးဖောက်မှုအဆင့်အထိ မဖြစ်သင့်ပေ။ အများဆန္ဒဖြင့် ဆုံးဖြတ်သော်လည်း လူနည်းစု၏ဆန္ဒသဘောထားကိုလည်း လေးစားအသိအမှတ်ပြုရမည်။

(၂) လူမျိုးပေါင်းစုံရောနှောနေထိုင်သော တိုင်းပြည်တွင် နေထိုင်ကြသည့်အခါ လူမျိုးရေးကြောင့်သော်လည်းကောင်း၊ အခြားသောအခြေအနေအမျိုးမျိုးကြောင့်သော်လည်းကောင်း၊ လူမျိုးစုထဲမှ  လူနည်းစုအဖြစ် ရပ်တည်နေကြသူများ၏ "ပကတိတည်ရှိနေခြင်း"ကို အသိအမှတ်ပြုကြရမည်။ ထိုသို့ မတူကွဲပြားမှုရှိနေခြင်းကိုတော့ လေးစားအသိအမှတ်ပြုမှသာ "မတူကွဲပြားမှုအပေါ် အခြေခံ သော စည်းလုံးညီညွတ်ရေး" (Unity in Diversity) ကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။ 

(၃) တိုင်းရင်းသားလူမျိုးငယ်များ မတိမ်ကော မပပျောက်ရေးအတွက် ကာကွယ်စောင့်ရှောက်ရာတွင် အကောင်းဆုံးနည်းလမ်းမှာ ထိုလူမျိုးငယ်များ၏ အမျိုးသားလက္ခဏာ (National Identity) ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသောဥပဒေများ၊ နည်းဥပဒေများဖြင့် ကာကွယ်ခြင်းပင် ဖြစ်သည်။

(၄) တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားရေးလက္ခဏာ (National Identity) ဟု ဆိုရာတွင် ထိုလူ မျိုးများ၏ လူမျိုးဖြစ်ခြင်းလက္ခဏာ၊ ဘာသာစကား၊ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးတမ်းများ၊ ဘိုးဘွားပိုင်နယ်မြေများ (Home Land) နှင့် သမိုင်းနောက်ခံစသည်များ ပါဝင်သည်။ ယင်းကို တချို့ ပညာရှင်များက ယဉ်ကျေးမှုလွတ်လပ်ခွင့်နှင့် ဆက်စပ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Cultural Self-determination or Cultural Autonomy) ဟုခေါ်ဆိုကြသည်။ တိုင်းရင်းသားလူမျိုးတိုင်းတွင် ၎င်းတို့ယဉ်ကျေးမှုနှင့် ဆက်စပ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသင့်သည်။

(၅) လူမျိုးပေါင်းစုံ ရောနှောနေထိုင်၍  ပြည်ထောင်စုစနစ်ကိုကျင့်သုံးသော တိုင်းပြည်များတွင်  အမျိုးသားပြည်နယ် ထူထောင်နိုင်လောက်သော လူအင်အားမရှိသည့်လူမျိုးငယ်များအတွက် နိုင်ငံရေးအကျိုးခံစားခွင့် ထိုက်တန်စွာရရှိနိုင်ရန် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဒေသနှင့် အမျိုးသားနယ်မြေများကို သတ်မှတ်၍၊ ထိုလူမျိုးငယ်များ၏ အခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကာကွယ် ပြဋ္ဌာန်းပေးရမည်။

 

အမျိုးသမီးအခွင့်အရေးနှင့် ကျားမတန်းတူရေး

ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးများ ဖြစ်ကြသည်။ ထို့ကြောင့် အမျိုးသမီး အခွင့်အရေးကို ပိတ်ပင်ခြင်းသည် ကမ္ဘာ့လူဦးရေတဝက်၏ အခွင့်အရေးကို ပိတ်ပင်ခြင်းနှင့်အတူတူပင်ဖြစ် သည်။ လူသားတို့၏ မွေးရာပါအခွင့်အရေးကို တန်ဖိုးထားပြီး၊ လွတ်လပ်မှုကို မြတ်နိုးသော ဒီမိုကရေစီ စနစ်တွင် အမျိုးသမီးအခွင့်အရေးများကို အထူးတန်ဖိုးထား ကာကွယ်စောင့်ရှောက်ထိန်းသိမ်းမြှင့်တင်သင့်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသမီးများကို ဘာသာရေးအရသော်လည်းကောင်း၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံအရသော်လည်းကောင်း တန်းတူအခွင့်အရေး မပေးခဲ့ကြချေ။ ကျွန်ုပ်တို့ ချင်းလူ့အဖွဲ့အစည်း များတွင်လည်း အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူအခွင့်အရေး မပေးခဲ့ကြပေ။ အတွေးအခေါ် ဟောင်းများကို ဆန့်ကျင်တော်လှန်၍ အမျိုးသမီးများကို အမျိုးသားများနှင့်အတူ တန်းတူရည်တူအခွင့် အရေးပေးသင့်သည်။ လူတိုင်း ရရှိခံစားထိုက်သောအခြေခံအခွင့်အရေးများသာမက အမျိုးသမီးများ အတွက် အထူးသီးသန့် လိုအပ်သော အခွင့်အရေးများကိုလည်း အထူးဥပဒေများပြဋ္ဌာန်း၍ ကာကွယ်ပေးသင့်သည်။ အမျိုးသမီးများကို အောက်ပါကဏ္ဍများတွင် အခွင့်အရေး အပြည့်အဝပေးအပ်သင့်သည်။

က။  ဥပဒေဆိုင်ရာ အခွင့်အရေးများ

(၁)  တရားရုံးများတွင် စီရင်ချက်တစုံတရာချမှတ်ရန် တရားရင်ဆိုင်ရသောအခါ အမျိုးသမီးများ၏ အခွင့်အရေးများကို အမျိုးသားများနည်းတူ တန်းတူအခွင့်အရေးပေးရမည်။

(၂)  အမျိုးသမီးများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့်နှင့် အခြားပိုင်ဆိုင်ခြင်းဆိုင်ရာအခွင့်အရေးအားလုံးတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးပေးရမည်။

(၃)  ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲပြဋ္ဌာန်းရာတွင် အမျိုးသမီးကိုယ်စားလှယ်များကိုပါ ပါဝင်ဆွေးနွေးအကြံပေးဆုံးဖြတ်ပိုင်ခွင့်ပေးရမည်။

(၄)  တိုင်းပြည်၏ ဥပဒေပြုအာဏာကို ကိုင်တွယ်ကျင့်သုံးနေသော လွှတ်တော်အဆင့်ဆင့်တွင်  အမျိုးသမီး အနည်းဆုံး (၃၀) ရာခိုင်နှုန်း ပါဝင်ရန် ဥပဒေဖြင့် ပြဋ္ဌာန်းပေးသင့်သည်။

ခ။ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ

(၁)  အမျိုးသမီးများကို အမျိုးသားများနှင့်ရင်ဘောင်တန်း၍ နိုင်ငံရေးနယ်ပယ်တွင် ပါဝင်လှုပ်ရှား  တာဝန်ယူ ဆုံးဖြတ်ပိုင်ခွင့်ပေးရမည်။

(၂)  မဲပေးပိုင်ခွင့်၊ အရွေးခံပိုင်ခွင့်များဖြင့် ရပ်ကွက်/ကျေးရွာအဆင့်မှ သမ္မတနှင့် ဝန်ကြီးချုပ်အဆင့်ထိအဆင့်တိုင်း နေရာတိုင်းတွင် အရည်အချင်း ပြည့်မီ၍ လူထုထောက်ခံအားပေးမှုရရှိသော  အမျိုးသမီးများကို လွတ်လပ်စွာ ရွေးချယ်၍ တာဝန်ထမ်းဆောင်ခွင့်ပေးရမည်။

(၃)  ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် လူမှုအဖွဲ့အစည်းနယ်ပယ်များအားလုံးတွင် အမျိုး သမီးများ၏ အခွင့်အရေးများကို မည်သည့်အကြောင်းပြချက်နှင့်မျှ ပိတ်ပင်ဟန့်တားခြင်း မရှိစေရ။

(၄)  ဘာသာရေးကို အကြောင်းပြ၍ အမျိုးသမီးများ၏ အခွင့်အရေးများကို ပိတ်ပင်တားမြစ်ခြင်း မရှိစေရ။

(၅)  ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအပေါ် အကြောင်းပြ၍ အမျိုးသမီးများ၏အခွင့်အရေးများကို ပိတ်ပင်တားမြစ်ခြင်း မရှိစေရ။

(၆) ပညာရေးနယ်ပယ်တွင် အမျိုးသမီးများကို အမျိုးသားများနည်းတူ အခွင့်အရေးပေးရမည်။

(၇)  အမျိုးသမီးများကို တန်းတူအခွင့်အရေးပေး၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ခွင့်ပေးရမည်။

 

ဒီမိုကရေစီစနစ်နှင့် ပညာရေးလွတ်လပ်ခွင့်

အာဏာရှင်စနစ်တွင် "ထုံအညံ့ဖျင်း၍ အသိတရားကင်းမဲ့သောလူထု" မျိုးကိုသာ အာဏာရှင်တို့ အလိုချင်ဆုံးသောအရာဖြစ်သည်။ ပြည်သူလူထု "ထုံအ ညံ့ဖျင်း"မှသာ အာဏာရှင်တို့  တန်ခိုးကြီးထွားနိုင် ပေလိမ့်မည်။ ပြည်သူလူထု အသိတရားကင်းမဲ့မှ အာဏာရှင်များသည် သူတို့စိတ်တိုင်းကျတိုင်းပြည်ကို အုပ်ချုပ်မင်းမူနိုင်လိမ့်မည်။ ထို့ကြောင့် အာဏာရှင်ကြီးများက အာဏာရရှိသည်နှင့်တပြိုင်နက် ပညာရေး မဏ္ဍိုင်ကြီးကို ပထမပစ်မှတ်ထားပြီး ဖြိုခွင်းဖျက်ဆီးတတ်ကြသည်။ 

ဒီမိုကရေစီစနစ်ကမူ ပညာရေးကို အခြေခံလူ့အခွင့်အရေးတရပ်အဖြစ် လက်ခံအသိအမှတ်ပြုသည်။ ထို့ကြောင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ပညာရေးကို အခြေခံလူ့အခွင့်အရေးအဖြစ် အတိအလင်း အသိအမှတ်ပြုဖော်ပြထားခြင်းဖြစ်သည်။

၁။  လွတ်လပ်စွာ တွေးခေါ်မြော်မြင်ခြင်းနှင့် ရေးသားပြောဆိုခြင်းသည် ဒီမိုကရေစီစနစ်၏ အသက်သွေးကြောဖြစ်သည်။ လွတ်လပ်စွာ တွေးခေါ်မြော်မြင်တတ်သော လူ့အဖွဲ့အစည်းတရပ် ထူထောင်ရန် ပညာရေးစနစ်သည် အခရာကျသော ဒီမိုကရေစီယန္တရားတခုဖြစ်သည်။

၂။ လူ့အဖွဲ့အစည်းတိုင်းနှင့် လူမျိုးတိုင်းသည် မိမိတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ခေတ်တခေတ်ပြီးတခေတ် လက်ဆင့်ကမ်းသင်ယူခဲ့ရသကဲ့သို့ ဒီမိုကရေစီ၏ အမွေအနှစ်များနှင့်တန်ဖိုးများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရာတွင် ပညာရေးစနစ်သည် အလွန်အရေးကြီးသည်။

၃။ ဒီမိုကရေစီစနစ်တွင် ဒီမိုကရေစီကျင့်စဉ်တရားများ၏ အခြားအခြေခံသဘောတရားများဖြစ်ကြသော တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းနှင့် သည်းခံခြင်းတရားများသာမက တရားမျှတသော ရွေးကောက်ပွဲများတွင် လွတ်လပ်စွာ ပြောဆိုစည်းရုံး၍ တရားမျှတသောနည်းလမ်းဖြင့် ပါဝင်ယှဉ်ပြိုင်  အရွေးခံရေးကို ငယ်ရွယ်စဉ်ဘဝမှ စတင်ကာ ကျောင်းသူကျောင်းသားများကို လေ့ကျင့်သင်ကြား ပေးရသည်။ ကျောင်းကောင်စီရွေးကောက်ပွဲများ၊ ကျောင်းသားအသင်းအဖွဲ့များ၏ ရွေးကောက်ပွဲများကို နှစ်စဉ်ကျင်းပ၍ ကျောင်းသားများအား ဒီမိုကရေစီအလေ့အကျင့်များကို သင်ကြားတတ်မြောက်အောင် လေ့ကျင့်ပေးရသည်။

၄။ ဒီမိုကရေစီစနစ်ကျင့်သုံးသော တိုင်းပြည်များသည် ပညာရေးကို အခြေခံလူ့အခွင့်အရေးအဖြစ် ရရှိ ခံစားနိုင်ရေးအတွက် ကလေးငယ်အားလုံး၊ လူငယ်လူရွယ်အားလုံး ပညာသင်ကြားခွင့်နှင့် စာသင်ကျောင်းများကိုလည်း လွတ်လပ်စွာ ဖွင့်လှစ်ခွင့်ပြုသည်။ အစိုးရက လိုအပ်သောအကူအညီများကိုပေးပြီး၊ အစိုးရစာသင်ကျောင်းများကိုပါ  ဖွင့်လှစ်ပေးရမည်။

၅။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရောနှောနေထိုင်သော တိုင်းပြည်များတွင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားများကို အခြေခံ၍သော်လည်းကောင်း၊ ကိုးကွယ်ရာဘာသာတရားကို အခြေခံ၍ သော်လည်းကောင်း၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်ခွင့်ရှိရမည်။

၆။ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်၍ ပြည်ထောင်စုစနစ်ကို ကျင့်သုံးသော တိုင်းပြည်များတွင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားကို သက်ဆိုင်ရာပြည်နယ်၏ ရုံးသုံးဘာသာစကားအဖြစ် အသိအမှတ်ပြုထားသောကြောင့် ထိုပြည်နယ်၏ ရုံးသုံးဘာသာစကား တိုးတက်ရှင်သန်ရေးကို ပြည်ထောင်စုဥပဒေနှင့်ဆန့်ကျင်ခြင်း မရှိစေဘဲ ပြည်နယ်များက သီးခြားလွတ်လပ်စွာ ပြဋ္ဌာန်းထားသော ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြည်နယ်အစိုးရက လွတ်လပ်စွာစီမံ  ဆောင်ရွက်ခွင့်ရှိစေရမည်။

၇။ ဒီမိုကရေစီစနစ်သည် လူသားတိုင်း၏ အခြေခံလွတ်လပ်ခွင့်များနှင့် အခြေခံလူ့အခွင့်အရေးများကို  တိုင်းပြည်၏လုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့နှင့် တန်းတူရည်တူ အလေးထားသော စနစ်ဖြစ်သည်။ နိုင်ငံတော်လုံခြုံရေးအတွက် တိုင်းပြည်၏ ဘဏ္ဍာငွေများကို အလုံအလောက် အသုံးချသည့်နည်းတူ လူသားတိုင်း၏အခြေခံလွတ်လပ်ခွင့်နှင့်အခြေခံလူ့အခွင့်အရေးများ ပွင့်လန်းရှင်သန်၍ လွတ်လပ်သော လူ့အဖွဲ့အစည်းတရပ် ထူထောင်ရေးတွင် အခြေခံအကျဆုံးဖြစ်သည့် ပညာရေးကဏ္ဍအတွက် ဘဏ္ဍာငွေအလုံအလောက်ထားရှိရန် အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးရမည်။