ဖက်ဒရယ်စာစောင်။ အတွဲ (၁)၊ အမှတ် (၃)။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အခြေခံမူများ


ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု၏ အခြေခံမူများသည် ဒီမိုကရေစီ စနစ်နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက် ရေးဆိုင်ရာလမ်းညွှန်အခြေခံမူများ၊ ယုံကြည်ချက်များ၊ မျှော်မှန်းချက် များနှင့် စံတန်ဖိုးတို့ကို ပေါင်းစပ်ထားသည့် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အင်္ဂါရပ်တခုပင်ဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အခြေခံမူများသည် ပြည်ထောင်စုနိုင်ငံသစ် တခုကို ပူးပေါင်းဖွဲ့စည်းရန် သဘောတူချုပ်ဆိုထားသော ပဋိညာဉ်စာချုပ် ၏ အခြေခံယုံကြည်ချက်များအပေါ်တွင် အမြဲပင်အခြေခံထားရမည် ဖြစ် ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံသည် ပင်လုံစာချုပ်ပေါ်တွင် အခြေခံ၍ ဖွဲ့စည်းထူထောင်ထားသော တိုင်းပြည်ဖြစ်ပါသည်။ ပင်လုံစာချုပ် ချုပ်ဆို ရာတွင် အခြေခံထားသော ယုံကြည်ချက်များအနက် အရေးအကြီးဆုံး သော အချက်များမှာ- ထိုစဉ်က တောင်တန်းဒေသများဟု ခေါ်ဆိုထား သော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အပြည့်အဝပေးရမည်ဆိုသောအချက် (Full Autonomy) နှင့် ထိုဒေသများတွင် ဒီမိုကရေစီကျင့်သုံးရမည်ဆိုသော အချက်များပင် ဖြစ်ပါသည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန် မူ (၇) ချက်နှင့် ထိုလမ်းညွှန်မူတွင်ပါရှိသည့် "တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေး" လည်း ပါဝင်ပေသည်။ ထို့ကြောင့် ပင်လုံစာချုပ် ချုပ်ဆိုရာတွင် အခြေခံထားသော "ယုံကြည်ချက်များ" မှာ "ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး" များပင် ဖြစ်ပါသည်။
သို့ရာတွင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့စဉ်တုန်းက မျှော်မှန်းခဲ့သော ပြည်ထောင်စုမျှော်ရည်ချက်များ၊ စံတန်ဖိုး များ၊ ယုံကြည်ချက်များနှင့်လမ်းညွှန်အခြေခံမူများကို စနစ်တကျဖော်ထုတ်၍ "ပြည်ထောင်စုအခြေခံ မူများ" အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရေးဆွဲပြဋ္ဌာန်းနိုင်ခြင်းမရှိခဲ့ချေ။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပင်လုံစာချုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မူ (၇) ချက်များအပေါ် အခြေခံ၍ ရေးဆွဲ ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်ဟုဆိုသော်လည်း "ပြည်ထောင်စု၏အခြေခံမူများ" ကို စနစ် တကျ ဖော်ထုတ်ရေးဆွဲပြဋ္ဌာန်းခြင်းမရှိသည့်အပြင် "ပြည်နယ်-ပြည်မ" ပြဿနာကြောင့် "ပြည်ထောင်စုဖွဲ့စည်းမှု ပုံသဏ္ဌာန်" (Form of the Union) ဆိုင်ရာပြဿနာကိုလည်း ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။
၁၉၇၄ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် မ.ဆ.လ တပါတီအာဏာရှင် စနစ်ကို စနစ်တကျထူထောင်ရန် ရေးဆွဲပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါသည်။ ထို့ကြောင့် ထိုဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ (၁၁) တွင် "နိုင်ငံတော်သည် တခုတည်းသောပါတီစနစ်ကိုသာ ကျင့်သုံးရမည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် နိုင်ငံတော်၏ တခုတည်းသော နိုင်ငံရေးပါတီဖြစ်၍ နိုင်ငံတော်ကို ဦးဆောင်သည်" ဟုအတိအလင်းရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။ ထိုကဲ့သို့ တပါတီအာဏာရှင်စနစ်ကို အခြေခံသော တပြည်ထောင်စနစ်ထူထောင်ရေးကို ဦးတည်ခဲ့သောကြောင့် "ပြည်ထောင်စုအခြေခံမူ" ဖော်ထုတ် ရေးဆွဲပြဋ္ဌာန်းရေးကို လုံးဝဥဿုံ ဥပေက္ခာပြုခဲ့ပါသည်။
၂၀၀၈ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း စစ်အာဏာရှင်စနစ်ကို အခြေခံသော ပြည်ထောင်စုအမည်ခံ အမျိုးသားနိုင်ငံတော် ထူထောင်ရေးကို ဦးတည်သည့် ဖွဲ့စည်းပုံအခြေ ခံဥပဒေသာဖြစ်သည်။ ထို့ကြောင့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ (၆) ပုဒ်မခွဲ (စ) တွင် "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ် တစိုက် ဦးတည်သည်" ဟု အတိအကျပြဋ္ဌာန်းခဲ့ပါသည်။ ဤသို့ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သည်လည်း ပြည်ထောင်စုဖွဲ့စည်းရေးဆိုင်ရာ အခြေခံမူများ ဖော်ထုတ်ပြဋ္ဌာန်းရေးကို ထပ်မံ ဥပေက္ခာပြုခဲ့ပါ သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ စစ်အာဏာရှင်စနစ် ထူထောင်ရေးလမ်းစဉ်ကြောင့် ၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲရလဒ်နှင့် ဒီမိုကရေစီကျင့်စဉ်တရားများကို လှစ်လျူရှု၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ဗမာ့တပ်မတော်က နိုင်ငံတော်အာဏာကို မတရားသိမ်း ပိုက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူ ဖော်ထုတ်ရေး ကြိုးပမ်းမှုများ

မဟာလူမျိုးကြီးဝါဒီ စစ်အုပ်စုက ပင်လုံစာချုပ်၏ အခြေခံယုံကြည်ချက်များကို ကျောခိုင်း၍ တပြည်ထောင်စနစ်ကို အခြေခံသော အမျိုးသားနိုင်ငံတော် ထူထောင်ရေးလမ်းစဉ်ကို တစိုက်မတ်မတ် ကြိုးပမ်းနေချိန်တွင် အခြားတဘက်၌ ပြည်ထောင်စုဘွား တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က ပင်လုံစာချုပ်ပါ အခြေခံယုံကြည်ချက်များနှင့် မျှော်မှန်းချက်များသာမက ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မူ (၇) ချက်အတိုင်း စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တစိုက်မတ်မတ် ကြိုးပမ်းခဲ့ကြပါသည်။ ထိုကြိုးပမ်းမှုများအနက် သမိုင်းတွင်သည့် ကြိုးပမ်းမှုများမှာ-

၁။ ၁၉၆၁ ခုနှစ်တွင် ရှမ်းပြည်နယ်အစိုးရမှ အဆိုပြုခဲ့သည့် "ရှမ်းမူ"
၁၉၆၁ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရက ဦးဆောင်ကျင်းပခဲ့သော ရှမ်းပြည်နယ်၊ ပြည်လုံးကျွတ်ညီလာခံတရပ်တွင် "ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း" ကို တင်သွင်းပြီး ထိုစာတမ်းတွင် "ပြည်နယ်များသည် ဗမာပြည်မနှင့်တန်းတူညီမျှ သော အခွင့်အရေးများ ခံစားခွင့် မရှိသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်" ဟု ဖော်ပြပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတခုလုံးတွင်-
(၁) ဖွဲ့စည်းပုံစနစ်တွင်သော်လည်းကောင်း၊
(၂) အာဏာနှင့် အခွင့်အရေးခွဲဝေမှုတွင်သော်လည်းကောင်း၊
(၃) ပါလီမန်ဖွဲ့စည်းပုံစနစ်တွင်သော်လည်းကောင်း၊
(၄) ပြည်ထောင်စုအခွန်တော်နှင့် ဘဏ္ဍာခွဲဝေသုံးစွဲမှုစနစ်တွင်သော် လည်းကောင်း၊ ချို့ယွင်းချက်များရှိပြီး ပြည်နယ်များ နစ်နာလျက်ရှိသည်ဟု ထုတ်ပြန်ခဲ့ပါသည်။ ထို့ကြောင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို အထက်ဖော်ပြပါ ကဏ္ဍ (၄) ခုတွင်သာမက "ပြည်နယ်များ လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေး (Complete Autonomy)" ရရှိရေးအတွက် အောက်ပါအတိုင်း တောင်းဆိုခဲ့သည်။
"အသစ်ပြုပြင်ဖွဲ့စည်းမည့် မြန်မာပြည်ထောင်စုသည် ပြည်ထောင်စုစစ်စစ် ဖြစ်လေရာ၊ ပြည်နယ်တိုင်းသည် ဗဟိုပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သော သီးခြားပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေများ ရရှိရမည့်အပြင်၊ သီးခြားဥပဒေပြုလွှတ်တော်၊ သီးခြားအစိုးရ၊ သီးခြားတရားရုံးများ ထားရှိရပေမည်" ဟု စစ်မှန်သောဖက်ဒရယ်စနစ်ကို တင်ပြတောင်းဆိုခဲ့သည်။ ယင်းတောင်းဆိုချက် (၅) ရပ်သည်ပင်လျှင် "ပြည်ထောင်စုအခြေခံမူ" များ ဖြစ်ပေတော့သည်။


၂။ ၁၉၆၁ - တောင်ကြီးညီလာခံနှင့် ၁၉၆၂ ဖက်ဒရယ်လှုပ်ရှားမှု
ရှမ်းပြည်နယ်အစိုးရက "ရှမ်းမူ"ဟု သမိုင်းတွင်ကျန်ရစ်သည့် "ပြည်ထောင်စုစစ်စစ်မူ" ကို တင်ပြ တောင်းဆိုပြီး၊ ထိုကိစ္စရပ်များကို အခြားတိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေး၍ ၁၉၆၁ ဇွန်လ (၈) ရက်မှ (၁၆) ရက်နေ့အထိ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် "ပြည်နယ်ပေါင်းစုံညီလာခံ" တရပ်ကို ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော ချင်း၊ ကချင်နှင့် ရှမ်းလူမျိုးများသာမက ကရင်၊ ကယား၊ မွန်နှင့် ရခိုင်လူမျိုးတို့လည်း တက်ရောက်ခဲ့ကြပါသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် တောင်ကြီးညီလာခံတွင် အောက်ပါအဆို (၅) ရပ်ကို တင်ပြခဲ့ကြပါသည်။ ယင်းတို့မှာ-
(၁) ပြည်နယ်များ ညီညွတ်ရေးအဆို
(၂) ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအဆို
(၃) ပြည်ထောင်စုအမျိုးသားညီလာခံ ကျင်းပရေးအဆို
(၄) မွန်၊ ရခိုင်နှင့် ချင်းပြည်နယ်များ ဖွဲ့စည်းရေးအဆို
(၅) နယ်ချဲ့ဆန့်ကျင်ရေးအဆိုတို့ ဖြစ်ပါသည်။

တောင်ကြီးညီလာခံတွင်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အောက်ပါတောင်းဆိုချက် (၅) ရပ် ကိုလည်း ဆုံးဖြတ်ချက် ချမှတ်တောင်းဆိုနိုင်ခဲ့ပါသည်။
(၁) ပြည်မကို ပြည်နယ်တနယ် ဖွဲ့စည်းရေး
(၂) လွှတ်တော် (၂) ရပ်ကို အာဏာတူပေးရေး
(၃) လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းက တူညီသော ကိုယ်စားလှယ် စေလွှတ်ရေး
(၄) ပြည်နယ်များက မိမိတို့ဆန္ဒအလျောက်လွှဲအပ်ထားသော အာဏာများကို ပြည်ထောင်စု ဗဟိုအစိုးရသို့ ကန့်သတ်၍ကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိရေး
(၅) ပြည်နယ်တိုင်းသည် ဗဟိုပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သော သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေများ ရရှိရမည့်အပြင် သီးခြား ဥပဒေလွှတ်တော်၊ သီးခြားအစိုးရ၊ သီးခြားတရားရုံးများ ထားရှိရေး (ရှမ်းမူအတိုင်း ဖြစ်သည်) ... ဆိုသော အချက်များကို တောင်းဆိုခဲ့ပါသည်။

တောင်ကြီးညီလာခံတွင် "ပြည်ထောင်စု အမျိုးသားညီလာခံကျင်းပရေး" အဆိုအရ - ၁၉၆၂ ဖေဖော်ဝါရီလ (၂၄) ရက်နှင့် မတ်လ (၁) ရက်နေ့များတွင် "ဖက်ဒရယ်နှီးနှောဖလှယ်ပွဲ" ကို ကျင်းပနိုင်ခဲ့ပါသည်။ ထို "ဖက်ဒရယ်နှီးနှော ဖလှယ်ပွဲ" ၏ နောက်ဆုံးအစီအစဉ်ကို မတ်လ (၆) ရက်နေ့တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ "ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်" အခွင့်အရေးများကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးကြိုးပမ်းမှုကို ပိတ်ပင်ဟန့်တားရန် ရည်ရွယ်ချက်ဖြင့် မဟာလူမျိုးကြီးဝါဒီ စစ်ဗိုလ်ချုပ်များက နိုင်ငံတော်အာဏာကို ၁၉၆၂ မတ်လ (၂) ရက်နေ့တွင် မတရား သိမ်းပိုက်ခဲ့ပါသည်။ ဤသို့ဖြင့် ဖက်ဒရယ်တည်ဆောက်ရေး ဆိုင်ရာ "ပြည်ထောင်စုအခြေခံမူ" များ ဖော်ထုတ် ရေးကြိုးပမ်းမှုသည်လည်း ကာလအတိုင်းအတာတခုအထိ ရပ်တန့်သွားခဲ့ပါသည်။

၃။ ၁၉၉၀ ဗိုလ်အောင်ကျော်လမ်းကြေညာချက်
၁၉၈၈ ခုနှစ်တွင် ကျောင်းသားများ စတင်ဦးဆောင်သော ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါသည်။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးတွင် တော်လှန်ရေးကောင်စီနှင့် မ.ဆ.လ တပါတီ အာဏာရှင်စနစ်အောက်တွင် တောင်းဆိုခွင့်မရရှိခဲ့သော ဒီမိုကရေစီရေးနှင့် စစ်မှန်သောပြည်ထောင်စုစနစ် တည်ဆောက်ရေးကို ပြန်လည်တောင်းဆိုမှုများ ပြုလုပ်နိုင်ခဲ့ပါသည်။ သို့ရာတွင် "ဖက်ဒရယ်မူ" ဟူသောစကားလုံးကို သုံး၍မရသေးပေ။ ထိုကာလတွင် တင်ပြတောင်းဆိုခဲ့သော ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ တောင်းဆိုချက်များအနက် သမိုင်းတွင်ကျန်ရစ်ခဲ့သည့် တောင်းဆိုချက်မှာ ၁၉၉၀ မေလရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သည့် "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်" (NLD) နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီ (၂၁) ပါတီတို့ စုပေါင်းဖွဲ့စည်းထားသော "ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်" (UNLD) တို့မှ ၁၉၉၀ ဩဂုတ်လ (၂၉) ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့သည့် "ဗိုလ်အောင်ကျော်လမ်းကြေညာချက်" ပင် ဖြစ်ပါသည်။
ဗိုလ်အောင်ကျော်လမ်းကြေညာချက်တွင် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ပြည်ထောင်စု အခြေခံမူနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း သဘောတူထုတ်ပြန်ခဲ့ပါသည်။
၄ (ဂ) တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေး တန်းတူညီမျှမှု၊ နိုင်ငံရေးတန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရမည့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသော ပြည်ထောင်စုကို တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်စွာ ထူထောင်ရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တညီတညွတ်တည်း သဘောတူကြသည်။

၄။ ၁၉၉၂ မာနယ်ပလောသဘောတူစာချုပ်၊ ၁၉၉၇ မယ်သရောထာသဘောတူညီချက်၊ ၁၉၉၈ သူးမွဲကလိုးညီလာခံဆုံးဖြတ်ချက်များ
ရှစ်လေးလုံးအရေးတော်ပုံကြီးဖြင့် ဒီမိုကရေစီအရေးတော်ပုံကြီးကို တနိုင်ငံလုံးအတိုင်းအတာ ဖြင့် လှုပ်ရှားဆောင်ရွက်နိုင်ခဲ့သော်လည်း ၁၉၈၉ စက်တင်ဘာလ (၁၈) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်သည့် ဗမာ့တပ်မတော်မှ နိုင်ငံတော်အာဏာကို ပြန်လည်သိမ်းပိုက်ခဲ့ပါသည်။ ထိုကဲ့သို့ စစ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့ကြသော ကျောင်းသား လူငယ်များ၊ အမျိုးသမီးများနှင့် နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များသည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအပြည့်အဝရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ရေးဆင် နွှဲနေကြသောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးသို့ ရောက်ရှိလာခဲ့ကြပါသည်။
ထိုကဲ့သို့ လွတ်မြောက်နယ်မြေသို့ ရောက်ရှိခဲ့ကြသည့် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများသည် ဖက်ဒရယ်တည် ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲများကို အကြိမ်ကြိမ်ကျင်းပ၍ အဆင့်ဆင့်သော သဘောတူညီ ချက်များကို လက်မှတ်ရေးထိုးရယူနိုင်ခဲ့ကြပါသည်။ ထိုသဘောတူချက်များအနက် ထင်ရှားသော ညီလာခံသဘောတူညီချက်များမှာ -
(၁) ၁၉၉၂ ဇူလိုင် (၃၁) ရက်တွင် သဘောတူချုပ်ဆိုခဲ့သော မာနယ်ပလောသဘောတူစာချုပ်
(၂) ၁၉၉၇ ဇန်နဝါရီ (၁၄) ရက်တွင် သဘောတူချုပ်ဆိုခဲ့သော မယ်သရောထာသဘောတူညီချက်
(၃) ၁၉၉၈ ဒီဇင်ဘာ (၁၄) ရက်တွင် သဘောတူချုပ်ဆိုခဲ့သော သူးမွဲကလိုးသဘောတူညီ ချက်များဖြစ် ကြပါသည်။

၅။ ၂၀၀၅ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံရမည့် လမ်းညွှန်မူ (၈) ချက်
ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့်အတူပေါ်ပေါက်လာခဲ့ကြသော ဒီမိုကရေစီအင်အားစုမှ နိုင်ငံရေးပါတီများ၊ ကျောင်းသားလူငယ်များ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသောပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးမှုအမျိုးမျိုးနှင့် နှီးနှောဖလှယ်ပွဲတို့ကို အကြိမ်ကြိမ်ကျင်းပခဲ့ကြပြီး ၂၀၀၅ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ (၅၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် "အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လမ်းညွှန်ချက် (၈) ချက်ကို ခေါင်းဆောင်ကိုယ်စားလှယ် (၁၀၆) ဦးတို့က တညီတညွတ်တည်း လက်မှတ်ရေးထိုးသဘောတူနိုင်ခဲ့ကြပါသည်။
ထို "အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံရမည့် လမ်းညွှန်မူ (၈) ချက်" မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) အချုပ်အခြာအာဏာ (Sovereign Power)
နိုင်ငံ၏အချုပ်အခြာအာဏာဟူသမျှတို့သည် ပြည်သူလူထုထံမှသာ ဆင်းသက်စေရမည်။
(၂) တန်းတူရေး (Equality)
တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ တန်းတူရည်တူအခွင့်အရေး ရှိစေရမည်။
(၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)
တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့်ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိစေရမည်။
(၄) ဖက်ဒရယ်ပြည်ထောင်စုမူများ (Federal Principles)
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည်နယ်များဖြင့် ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရမည်။ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်နှစ်ရပ် ထားရှိရမည်။
(၅) လူနည်းစုများ၏အခွင့်အရေးများ (Minority Rights)
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်း နေထိုင်ကြသောတိုင်းရင်းသားလူနည်းစုများများ၏ အခွင့် အရေးများအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ကာကွယ်ပြဋ္ဌာန်းပေးရမည်။
(၆) ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးများနှင့် ကျားမဆိုင်ရာ တန်းတူညီမျှမှုများ
(Democracy, Human Rights and Gender Equality)
ဘာသာအယူဝါဒ၊ အသားအရောင်၊ လိင်ကွဲပြားမှုများကို အခြေခံသော ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ အခြေခံလူ့အခွင့်အရေးများ၊ ဒီမိုကရေစီအခွင့်အရေးများကို ကာကွယ်ပြဋ္ဌာန်းပေးရမည်။
(၇) ဘာသာရေးကို အခြေမခံသောနိုင်ငံ (Secular State)
ဘာသာရေးကို အခြေမခံသော နိုင်ငံတော် ဖြစ်စေရမည်။
(၈) ပါတီစုံဒီမိုကရေစီစနစ် (Multi-party Democracy System)
ဖက်ဒရယ်ပြည်ထောင်စုတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးစေရမည်။

ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုရန် ကြိုးပမ်းခြင်း

၂၀၁၅၊ အောက်တိုဘာ (၁၅) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၈) ဖွဲ့ (နောက်ပိုင်း ၁၀ ဖွဲ့ဖြစ်သွားခဲ့သည်။) တို့ သဘောတူချုပ်ဆိုထားသော "တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်" (NCA) အရ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ကျင်းပပြုလုပ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံအစည်းအဝေးများကို ကျင်းပခဲ့ပါသည်။ ထိုကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသောပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သော ဒီမိုကရေစီအခြေခံ မူများနှင့် ဖက်ဒရယ်အခြေခံမူများကို ဖော်ထုတ်၍၊ ထိုကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် သဘောတူထား သော အခြေခံမူများကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံအစည်း အဝေးများတွင် "ပြည်ထောင်စုသဘောတူစာချုပ်" အဖြစ် ချုပ်ဆိုနိုင်ရေးပင် ဖြစ်ပါသည်။
ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်မှာ "ပြည်ထောင်စုသဘောတူစာချုပ်" တွင်ပါရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများကို အခြေခံ၍ "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေအရပ်ရပ်ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်း" များ ပြုလုပ်ရန်ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုပါက "ပြည်ထောင်စုသဘောတူစာချုပ်" ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့်် ပယ်ဖျက်ခြင်းများ ပြုလုပ်ရေးပင် ဖြစ်ပါသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ဆောင်ရွက်ခဲ့သော နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်မှ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ "ပြည်ထောင်စုသဘောတူစာချုပ်" ချုပ်ဆို ခြင်းအားဖြင့် ပြည်ထောင်စုအခြေခံမူများ ဖော်ထုတ်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက တတ်နိုင်သရွေ့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ၂၀၁၆ ဇန်နဝါရီလ (၁၂) ရက်မှ (၁၆) ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ် "ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ" တွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၈) ဖွဲ့က "၂၀၀၅ ခုနှစ်" တွင် သဘောတူခဲ့သော "အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်း ညွှန်မူ (၈) ချက်" ကို အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများကို တရားဝင်တင် သွင်းခဲ့ပါသည်။
၂၀၁၆ ဩဂုတ်လ (၃၁) ရက်နေ့မှ စက်တင်ဘာလ (၃) ရက်အထိ ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံပထမ အစည်းအဝေး) ကိုလည်း NCA စာချုပ် လက်မှတ်ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ကိုယ်စား "ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ" (UNFC) မှ ခေါင်းဆောင် (၅) ဦးက "၂၀၀၅ လမ်းညွှန်အခြေခံမူ (၈) ချက်" ကို အခြေခံ၍ အကျယ်တဝင့် တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ "PPST" က လည်း "ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသောပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာ အခြေခံမူများ" ဟူသောခေါင်းစဉ်ဖြင့် အခြေခံမူ (၂၂) ခုကို ၂၀၁၇ မေလ (၂၉) နှင့် ၂၀၁၈ ဇူလိုင်လများတွင် ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ဒုတိယနှင့် တတိယအစည်းအဝေးများတွင် တင်သွင်းနိုင် ခဲ့သည်။ သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်၏အာဏာကို ချုပ်ကိုင်ထားသော စစ်တပ်၏ ကန့်ကွက်ဟန့်တားမှုကြောင့် မျှော်မှန်းသလောက် ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများကို ပြည်ထောင်စု သဘောတူစာချုပ် ဖြစ်ပေါ်လာသည်အထိ အပြီးသတ်ချုပ်ဆိုနိုင်ခြင်း မရှိခဲ့ပေ။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ ဖော်ထုတ်ရေးကို တဘက်မှကြိုးပမ်းခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရဖြစ်လာသော NLD အစိုးရကလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများကို ၂၀၁၉ အောက်တိုဘာလ (၂၈) ရက်နေ့တွင် တင်ပြလာခဲ့ပါသည်။ ၂၀၁၉ အောက်တိုဘာ (၁၅) ရက်နေ့တွင် ကျရောက်ခဲ့သော NCA စာချုပ် ချုပ်ဆိုသည့် (၄) နှစ်မြောက် နှစ်ပတ်လည်နေ့အစည်းအဝေးကို အောက်တိုဘာလ (၂၈) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် NLD ပါတီ၏ ဥက္ကဋ္ဌနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ (မ) ၏ပါတီနှင့် အစိုးရက လက်ခံယုံကြည် ထားသော ဖက်ဒရယ်အခြေခံမူ (၅) ချက်ကို တင်ပြခဲ့ပါသည်။ ယင်းတို့မှာ-
(၁) စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရမည်။
(၂) ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက် ခွဲဝေမှုရှိရမည်။
(၃) ဖက်ဒရယ်ယူနစ်အားလုံး တန်းတူရည်တူရှိရမည်။
(၄) ပြည်နယ်များ၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ကိုယ်ပိုင်အခြေခံဥပဒေများ ရှိရမည်။
(၅) ပြည်နယ်များ၏အာဏာများကို ခွဲဝေကျင့်သုံးသည့်အခါ ပြည်သူလူထုကို အခြေခံရမည်ဟူသော အချက်များ ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ထိုအခြေခံမူများကို ၂၀၂၀ ဩဂုတ်လ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေး၌ ထပ်လောင်းတင်ပြအဆိုပြုခဲ့ပါသည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်တင်ပြထားသော ဖက်ဒရယ်အခြေခံမူ များကို "ပြည်ထောင်စုသဘောတူစာချုပ်" အဖြစ် ချုပ်ဆိုနိုင်ခြင်း မရှိခင် ၂၀၂၁ ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် ဗမာ့တပ်မတော်မှ နိုင်ငံ့အာဏာကို မတရားသိမ်းပိုက်ခဲ့သဖြင့် "ပြည် ထောင်စုသဘောတူစာချုပ်" ဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ ဖော်ထုတ်ရေး လုပ်ငန်းစဉ်ကြီးသည်လည်း တခန်းရပ်သွားခဲ့ပါသည်။

ဖက်ဒရယ်ပဋိညာဉ်စာတမ်း

မင်းအောင်လှိုင် ဦးဆောင်သော ဗမာ့တပ်မတော်၏ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှုသည် ၁၉၆၂ နှင့် ၁၉၈၈ တို့တွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုများနှင့် ရည်ရွယ်ချက်အားဖြင့်သော်လည်းကောင်း၊ လုပ်ပုံလုပ်နည်းအားဖြင့်သော်လည်းကြောင်း အတူတူပင် ထပ်တူကျခဲ့ပါသည်။ ၁၉၆၂ တွင်ဖြစ်ပွားခဲ့သော ဗိုလ်နေဝင်းဦးဆောင်သည့် အာဏာသိမ်းမှု၌ အဓိကဦးတည်ချက်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က တောင်ကြီးညီလာခံမှတဆင့်တောင်းဆိုခဲ့သော ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကို ဟန့်တားရန် ဖြစ်သည်။ ၁၉၈၈ တွင် ဖြစ်ပွားခဲ့သော ဗိုလ်စောမောင်ဦးဆောင်သည့် အာဏာသိမ်းမှုသည် ရှစ်လေးလုံးအရေးတော်ပုံကြီး ကြောင့် လူထုတရပ်လုံးက တောင်းဆိုခဲ့ကြသည့် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးကို ဟန့်တားပိတ်ပင်ရန် ဖြစ်ပါသည်။ ၂၀၂၁ ဖေဖော်ဝါရီတွင် ဖြစ်ပေါ်ခဲ့သည့် မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းမှုသည် ၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု အကြောင်းပြခဲ့ သော်လည်း စစ်ကောင်စီ၏အဓိကရည်ရွယ်ချက်မှာ NCA စာချုပ်အရ ဆောင်ရွက်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရနှင့် တိုင်းရင်းသားလူမျိုးများ ပူးပေါင်း၍ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသောပြည်ထောင်စုကို ထူထောင်နိုင်ခဲ့ပါက စစ်အာဏာရှင်တို့၏ ဩဇာလွှမ်းမိုးချယ်လှယ်မှုများအားလုံး နိဂုံးကမ္ပတ် အဆုံးသတ်သွား တော့မည်ကို သိရှိစိုးရိမ်ခြင်းကြောင့်သာလျှင် ဖြစ်ပါတော့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင် သုံးကြိမ်သုံးခါ ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုတို့၏ ရည်ရွယ်ချက်နှင့် ဦးတည်ချက်များသည် မဟာလူမျိုးကြီးဝါဒီ စစ်ခေါင်းဆောင်များ၏ ဖက်ဒရယ်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီစနစ် ဆန့်ကျင်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့ကို ဆန့်ကျင်သည့်လုပ်ရပ်များသာ ဖြစ်သည်။ ထို့ကြောင့် သုံးကြိမ်သုံးခါသော စစ်အာဏာသိမ်းမှု အားလုံးတို့သည် အနှစ်သာရအားဖြင့် အတူတူပင်ဖြစ်သည်။ စစ်အာဏာသိမ်းမှု ရည်ရွယ်ချက်နှင့် ဦးတည်ချက်များ အတူတူဖြစ်ပါသော်လည်း ပြည်သူလူထု၏ တုံ့ပြန်မှုများမှာမူ မတူညီကြပေ။ ၁၉၆၂ ၌ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများ၏ ဖက်ဒရယ်တောင်း ဆိုမှုကြောင့် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့စဉ်က တိုင်းရင်းသားလူမျိုးများ တောင်းဆိုခဲ့သော ဖက်ဒရယ်ပြည် ထောင်စုစနစ် ထူထောင်ရေးကို မည်သည့်ဗမာနိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမားမျှ ထောက်ခံအားပေးခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဗိုလ်နေဝင်းကို "ဗမာပြည်၏ကပ်စထရိုဖြစ်စေရမည်" ဟု ကြွေးကြော်ကာ စစ်အာဏာ သိမ်းမှုကို ထောက်ခံကြိုဆိုခဲ့ကြပါသည်။ ထို့ကြောင့် ဖက်ဒရယ်အရေး အောင်မြင်မှု မရခဲ့ခြင်း ဖြစ်သည်။
၁၉၈၈ တွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုသည် ဒီမိုကရေစီအရေးတော်ပုံကြီးကို ဟန့်တားဖျက် ဆီးရန် ဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကာလတွင် ပြည်ထောင်စုတဝှမ်းလုံးရှိ ပြည်သူလူထုတရပ်လုံးက ဒီမိုကရေစီအရေးတွင် တသားတည်းဖြစ်ခဲ့ကြသော်ငြားလည်း တိုင်းရင်းသားလူမျိုးများတောင်းဆိုသည့် အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ် ပြည်ထောင်စုအရေးတွင် တိုင်းရင်းသားလူမျိုးများနှင့် ဒီမိုကရေစီအင်အားစုများ မတူညီနိုင်ခဲ့ကြပေ။ ထိုစဉ် ကာလက ဒီမိုကရေစီလှုပ်ရှားမှုတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်တန်း ခေါင်းဆောင်တဦးက "ကျုပ်တို့ဟာ လွတ်လပ်ရေးတိုက်ပွဲကာလမှာ လွတ်လပ်ရေးသာ ပထမ၊ လွတ်လပ် ရေးသာ ဒုတိယ၊ လွတ်လပ်ရေးသာ တတိယဆိုပြီး တိုက်ပွဲဝင်ခဲ့တယ်။ အခုလည်းပဲ ဒီမိုကရေစီသာ ပထမ၊ ဒီမိုကရေစီသာ ဒုတိယ၊ ဒီမိုကရေစီသာ တတိယဆိုပြီး တိုက်ပွဲဝင်ရမယ်။ တိုင်းရင်းသားလူမျိုးများရဲ့ အမျိုး သားတန်းတူရေးနဲ့ ဖက်ဒရယ်ကိစ္စကို မစဉ်းစားနိုင်သေးဘူး" ဟု လူသိရှင်ကြားပြောကြားခဲ့ပါသည်။ ထိုကဲ့သို့သော အယူအဆ ကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ဒီမိုကရေစီအရေးတွင် တတိုင်းပြည်လုံး စုစည်းညီညွတ်မှု တည်ဆောက်နိုင်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံညီလာခံတွင် မျှော်မှန်းခဲ့သော စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးတွင် ညီညွတ်သင့်သလောက် မညီညွတ် နိုင်ခဲ့ပါ။ ထို့ကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီးသည် အောင်မြင်သင့်သလောက် အောင်မြင်မှု မရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုသည်ကား ၁၉၆၂ တွင် ဗိုလ်နေဝင်း ဦး ဆောင်ခဲ့သော စစ်အာဏာသိမ်းမှုထက်သော်လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဗိုလ်စောမောင် ဦးဆောင်သည့် စစ်အာဏာသိမ်းမှုထက်သော်လည်းကောင်း ရည်ရွယ်ချက် ပိုမို၍ ဆိုးဝါးယုတ်မာခဲ့ပါသည်။ မင်းအောင်လှိုင်သည် ဒီမိုကရေစီရေးနင့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးသာမက ပြည်တွင်းစစ် ငြိမ်းချမ်းရေးကြိုးပမ်းမှုကိုပါ ရိုက်ချိုးဖျက်ဆီးရန် ရည်ရွယ်၍ စစ်အာဏာသိမ်းခြင်းဖြစ်ပါသည်။ သို့ရာတွင် လူထု၏တုံ့ပြန်မှုသည် ၁၉၆၂ နှင့် ၁၉၈၈ မတူခဲ့ပေ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ၁၉၆၂ တွင် လူထုက ဖက်ဒရယ်စနစ်ကို မထောက်ခံခဲ့ပေ။ ၁၉၈၈ တွင်လည်း လူထုတရပ်လုံး ဒီမိုကရေစီအရေးတွင် သဘောထားတူညီခဲ့ကြသော်လည်း၊ ဖက်ဒရယ်အရေးတွင် မတူညီနိုင်ကြပေ။ ၂၀၂၁ ဖေဖော်ဝါရီစစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သည့် "နွေဦးတော်လှန်ရေး" တွင်မူ ပြည်ထောင်စုတဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူ လူထုတရပ်လုံး ညီညွတ်နေကြသည်။ စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့်နေရာတွင် တူညီရုံသာမက၊ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်တို့ကို တပြိုင်နက်တည်း တောင်းဆိုရာတွင်လည်း အတူတူပင် ဖြစ်ပါ သည်။ ထို့ကြောင့် "နွေဦးတော်လှန်ရေး" ၏ ကြွေးကြော်သံသည် ဖက်ဒရယ်စနစ် အရင်လာ၍ "ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေး" ဟူ၍ ဖြစ်လာပါသည်။
နွေဦးတော်လှန်ရေး၏ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကြွေးကြော်သံနှင့်အတူ စစ်အာဏာသိမ်းမှုကို အန်တုဆန့်ကျင်သည့် အင်အားစုအသီးသီးပူးပေါင်း၍ ၂၀၂၁ မတ်လ (၃၁) ရက်နေ့ တွင် "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" ကို တညီတညွတ်တည်း ထုတ်ပြန်နိုင်ခဲ့ပါသည်။ ထို "ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်" ကို စစ်အာဏာသိမ်းဆန့်ကျင်ရေးအင်အားစုများ ဖြစ်ကြသည့် ၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကြီးတွင် လူထုတရပ်လုံးက တခဲနက်ရွေးကောက်တင်မြှောက်ခြင်း ခံရသော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့်နိုင်ငံရေးပါတီများ၊ မင်းအောင်လှိုင်ဦးဆောင်သည့် ဗမာ့တပ်မတော်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အန်တုသည့် လူထုလူတန်းစား အသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက စုစည်းညီညွတ်စွာ ဖြင့် ထို "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" ကို စုပေါင်းရေးသားပြုစုပြီး "ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)" က တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂၀၂၁ မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" တွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်မူ (၅) ချက်နှင့်အတူ ဖက်ဒရယ်အခြေခံမူ (၃၇) ချက်တို့ ပါဝင်သည်။ ထိုဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လမ်းညွှန်မူ (၅) ချက်နှင့် ဖက်ဒရယ်အခြေခံမူ (၃၇) ချက်တို့သည် - NCA စာချုပ်အရ ဆောင်ရွက်ခဲ့သော နိုင်ငံရေးဆွေးနွေးပွဲအဆင့် ဆင့်နှင့် ငြိမ်းချမ်းရေးညီလာခံများတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရတို့က အစိုက်မတ်မတ်တောင်းဆိုခဲ့သော တောင်းဆို ချက်များပင် ဖြစ်ပါသည်။ သို့ရာတွင် စစ်တပ်၏ကန့်ကွက်ပိတ်ပင်မှုကြောင့် ထိုအခြေခံမူများကို "ပြည်ထောင်စု သဘောတူစာချုပ်" အဖြစ် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခြင်း မရှိခဲ့ချေ။ စစ်တပ်၏ပိတ်ပင်ဟန့်တားမှုကြောင့် NCA စာချုပ်အရဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် (၅) နှစ်အတွင်း မရရှိနိုင်ခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာအခြေခံမူများကို စစ်တပ်မပါဘဲ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားများအကြား ဆွေးနွေးညှိနှိုင်း၍ (၂) ပတ်အတွင်း သဘောတူနိုင်ခဲ့ခြင်းဖြစ်ပါသည်။
၂၀၂၁ မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" တွင် ပါရှိ သည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာလမ်းညွှန်အခြေခံမူ (၅) ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အခြေခံမူများ

ပြည်ထောင်စုကြီး၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ပြည်ထောင်စုကြီးအတွက် မရှိမဖြစ် လိုအပ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၁ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ပါရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုလမ်းညွှန်အခြေခံမူများမှာ -
(၁) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ယင်းပြည်နယ်များအတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာ အာဏာ၏ မူရင်းပိုင်ရှင်များဖြစ်သည်။
(၂) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များဖြင့် ဖွဲ့စည်းသည်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအားလုံး (ဖက်ဒရယ်ယူနစ်အားလုံး) တို့သည် နိုင်ငံရေးအရ တန်းတူသည်။
(၃) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည် သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့်ရှိသည်။
(၄) အာဏာခွဲဝေမှု (Power Sharing)၊ သယံဇာတခွဲဝေမှု (Revenue Sharing) နှင့် ဖက်ဒရယ် ဘဏ္ဍာ ရေးစနစ် (Fiscal Federalism) တို့ကို ကျင့်သုံးသည်။ ထိုသို့ ခွဲဝေရာတွင် ပြည်သူလူထုနှင့် အနီး ကပ်ဆုံးအစိုးရအဆင့်က လုပ်ဆောင်နိုင်သည်အထိ လုပ်ပိုင်ခွင့်ပြုသောစနစ် (Subsidiarity Principle) ကို ကျင့်သုံးသည်။
(၅) ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့များအားလုံးသည် ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသောအရပ်သားအစိုးရ၏ ကွပ်ကဲမှုနှင့်စီမံအုပ်ချုပ်မှုအောက် တွင် ရှိရမည်။ လူသားလုံခြုံရေးကို အခြေခံသည့်မူဝါဒ ကျင့်သုံးရမည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ပါရှိသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်‌အခြေ ခံမူများနှင့် ဖက်ဒရယ်အခြေခံမူဝါဒများသည် မကြာခင်အနာဂတ်တွင် ရေးဆွဲပြဋ္ဌာန်းမည့် "ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ" ၏ အခန်း (၁) တွင် ပါရှိမည့် "ပြည်ထောင်စုအခြေခံမူများ" ဖြစ်သွားရပါမည်။ ထို ပြည်ထောင်စုအခြေခံမူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေတခုလုံး၏ အခြေခံမူများ (Principle Articles) ဖြစ်သွားရပေမည်။ ထိုအခြေခံမူ (Principle Articles) များအား‌ အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတခု လုံးတွင် ရေးဆွဲပြဋ္ဌာန်းမည့် "အကျိုးသက်ရောက်မှုရှိသောပုဒ်မများ" (Operative Articles) များကို ရေးဆွဲ ပြဋ္ဌာန်းသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် "ပြည်ထောင်စု၏အခြေခံမူများ" သည် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေတခုလုံး၏ အသက်သွေးကြောပင် ဖြစ်ပါသည်။
ယခုအခါ ၂၀၂၁ မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" ကို ပိုမို ပြည့်စုံစေရန် "အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)" က ပြန်လည်မွမ်းမံရေးသားလျက်ရှိ ပါသည်။ ထို့ကြောင့် မကြာတော့သောအနာဂတ်တွင် ပြဋ္ဌာန်းမည့် "ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ" သည် ပြည်ထောင်စု၏ ရည်မှန်းချက်၊ စံတန်ဖိုးနှင့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများသာမက နွေဦးတော်လှန်ရေးနှင့်အတူ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က အသစ် တဖန် ရေးဆွဲပြဋ္ဌာန်း၍ သဘောတူညီမှုရယူထားသော "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" စာတမ်းတို့အပေါ် အခြေခံသွားမည်ဖြစ်ပါသည်။ ထိုမျှမက "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" တွင် ရေးသားဖော်ပြချက်နှင့် ပေါင်းစပ်၍ အခြားအစုအဖွဲ့များ၊ ဥပမာ - PPST ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည် ထောင်စုတည်ဆောက်ရေးဆိုင်ရာအခြေခံမူများ၊ Task Force မှ ရေးသားတင်ပြထားသည့် အခြေခံမူများ၊ UNA က ပြင်ဆင်ထားသည့် ပြည်ထောင်စုအခြေခံမူများ စသည့်တို့ကို ပေါင်းစပ်၍ "ပြည်ထောင်စုအခြေခံ မူများ" ကို အပြည့်စုံဆုံး၊ အကောင်းဆုံးဖြစ်စေရန် ရေးသားပြဋ္ဌာန်းသွားမည်ဖြစ်သည်။
ထိုကဲ့သို့ မကြာမီအနာဂတ်တွင် ရေးဆွဲပြဋ္ဌာန်းမည့် "ပြည်ထောင်စုအခြေခံမူများ" ကို ကြိုတင်သိရှိ နားလည်စေရန်အလို့ငှာ ၂၀၂၁ မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် "ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်" ကို "ပြည်ထောင်စုအခြေခံမူများ" အဖြစ် အသွင်ပြောင်း၍ လေ့လာဖတ်ရှုနိုင်ရန် အောက်ပါအတိုင်း တင်ပြအပ်ပါသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အခြေခံမူများ

အခြေခံမူ (၁) ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံဖြစ်သည်။ ယင်းကို “ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ” ဟုခေါ်တွင်စေရမည်။

အခြေခံမူ (၂) ပြည်ထောင်စုဖွဲ့စည်းခြင်း
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အ၀ရှိ၍ တန်းတူသော နိုင်ငံရေးအာဏာများကို ပိုင်ဆိုင်ထားကြသည့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များဖြင့် ဖွဲ့စည်းသည်။

အခြေခံမူ (၃) ပြည်ထောင်စုနယ်နိမိတ်
ဖက်ဒရယ်ပြည်ထောင်စု၏ မြေထု၊ ရေထု၊ လေထုပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် တည်ရှိသည့်အတိုင်း ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံး၏ သဘောတူညီချက်မပါရှိဘဲ ဖက်ဒရယ်ပြည်ထောင်စု၏နယ်နိမိတ်ကို ပြင်ဆင်ခြင်း မပြုစေရ။

အခြေခံမူ (၄) ပြည်ထောင်စုအချုပ်အခြာအာဏာ
(က) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ယင်းပြည်နယ်များရှိ ပြည်သူလူထုသည် ပြည်ထောင်စုအချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များဖြစ်ကြသည်။
(ခ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအချုပ်အခြာအာဏာ၏မဏ္ဍိုင် (၃) ရပ်ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကိုလွတ်လပ် စွာ ပိုင်းခြားကျင့်သုံးခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်း ရှိစေရမည်။
(ဂ) ပြည်ထောင်စုအချုပ်အခြာအာဏာကို ပြည်ထောင်စုနှင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် များအကြား ခွဲဝေကျင့်သုံးခြင်း (Division of Power) ရှိရမည်။ ထိုကဲ့သို့ ပြည်ထောင်စု နှင့် ပြည်နယ်များအကြား စနစ်တကျ အာဏာခွဲဝေကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာနှင့် ထပ်တူပြုအာဏာများကို သတ်မှတ်ပြဋ္ဌာန်း ရမည်။ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံး၏ ဘုံအကျိုးစီးပွားအတွက် ကျင့်သုံးရန်လိုအပ်သော အခွင့်အာဏာများကိုသာ ပြည်ထောင်စုသို့အပ်နှင်းသည်။ ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာနှင့် ထပ်တူပြုအာဏာများတွင် ထည့်သွင်းဖေါ်ပြထားခြင်းမရှိသည့် ကြွင်းကျန်နေသည့် အာဏာများသည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များတွင် တည်ရှိသည်။

အခြေခံမူ (၅) နိုင်ငံရေးစနစ်
(က) ဖက်ဒရယ်ပြည်ထောင်စု၏ နိုင်ငံရေးစနစ်သည် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သည်။
(ခ) နိုင်ငံရေးပါတီများကို ဒီမိုကရေစီအခြေခံမူများ၊ ကျင့်စဉ်များနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်နိုင်သည်။
(ဂ) နိုင်ငံရေးပါတီများဆိုင်ရာဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်း ပေးရမည်။
မှတ်ချက်။ ။ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးရေး (Division of Power) ကို သီးသန့်စာတမ်းဖြင့် ထပ်မံရေးသားတင်ပြသွားပါမည်။

အခြေခံမူ (၆) ပြည်ထောင်စုဥပဒေပြုရေး
ဖက်ဒရယ်လွှတ်တော်ကို အာဏာတူသည့် ဖက်ဒရယ်အထက်လွှတ်တော်နှင့် ဖက်ဒရယ် အောက်လွှတ်တော်တို့ဖြင့် ဖွဲ့စည်းသည်။ အထက်လွှတ်တော်ကို ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အသီးသီးက အရေအတွက်တူညီစွာ ရွေးချယ်စေလွှတ်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်။ အောက်လွှတ်တော်ကို လူဦးရေအပေါ်တွင် အခြေခံ၍သော်လည်းကောင်း၊ မြို့နယ်အပေါ်တွင် အခြေခံ၍သော်လည်းကောင်း ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်။ ယင်းလွှတ်တော်နှစ်ရပ်က ပြည်ထောင်စုဥပဒေများကို ရေးဆွဲပြဋ္ဌာန်းသည်။

အခြေခံမူ (၇) ပြည်ထောင်စုအုပ်ချုပ်ရေး
ဖက်ဒရယ်ပြည်ထောင်စု၏ အုပ်ချုပ်ရေးစနစ်သည် ဝန်ကြီးချုပ်ဦးဆောင်သောစနစ် (Parliamentary System) ဖြစ်သည်။ ဝန်ကြီးချုပ်ဦးဆောင်သောစနစ်တွင် ပြည်ထောင်စု ဦးသျှောင် (သို့) ပြည်ထောင်စုသမ္မတ ထားရှိသောစနစ် ဖြစ်သည်။

အခြေခံမူ (၈) ပြည်ထောင်စုတရားစီရင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး
(က) ဖက်ဒရယ်ပြည်ထောင်စုတရားစီရင်ရေးအာဏာကို ကျင့်သုံးနိုင်ရန်အတွက် ဖက်ဒရယ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတရားရုံးများ အဆင့်ဆင့် ဖွဲ့စည်းထားရှိရမည်။ ဖက်ဒရယ်ပြည်ထောင်စုသမ္မတက အဆိုပြုတင်သွင်းလာသော ဖက်ဒရယ်ပြည်ထောင်စုတရားသူကြီးချုပ်အား ဖက်ဒရယ်လွှတ်တော်က စိစစ်အတည်ပြုပေးရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်အကြားတွင်သော်လည်းကောင်း၊ ပြည်နယ်အချင်းချင်းအကြားတွင်သော်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သောအငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် လွတ်လပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကို ဖွဲ့စည်းထူထောင်ရမည်။

အခြေခံမူ (၉) အမြင့်ဆုံးဥပဒေ
ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စု၏ အမြင့်ဆုံးဥပဒေ ဖြစ်သည်။

အခြေခံမူ (၁၀) ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ
(က) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရေးဆွဲပြဋ္ဌာန်းခွင့်ရှိသည်။
(ခ) ပြည်နယ်တွင်းဒေသန္တရအဆင့် လုပ်ပိုင်ခွင့်အာဏာကို ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ရှင်းလင်းတိကျစွာဖော်ပြပြီး ၎င်း၏အခွန်ဘဏ္ဍာကောက်ယူနိုင်သည့်စာရင်းများကို တိကျစွာ သတ်မှတ်ပြဋ္ဌာန်းထားရမည်။
(ဂ) ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စသည့် ကဏ္ဍအသီးသီးနှင့် သက်ဆိုင်သောအခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းမြှင့်တင်ပေးရမည်။
မှတ်ချက်။ ။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းခြင်းဆိုင်ရာ ကိစ္စရပ် များ ကို သီးသန့် စာတမ်းတခုဖြင့် ရေးသားတင်ပြသွားပါမည်။

အခြေခံမူ (၁၁) လွတ်လပ်သောကော်မရှင်များ
(က) အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (Anti - corruption commission)
(ခ) ရွေးကောက်ပွဲကော်မရှင် (Election Commission)
(ဂ) ခွဲခြားမှုပပျောက်ရေးနှင့် လူ့အခွင့်အရေးကော်မရှင် (Anti - discrimination and human rights Commission)
(ဃ) သတင်းအချက်အလက်သိပိုင်ခွင့်ကော်မရှင် (Rights to Information Commission)
(င) ဂျန်ဒါအခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေးဆိုင်ရာ ကော်မရှင်

အခြေခံမူ (၁၂) နိုင်ငံရေးနှင့်ဘာသာရေး
ဖက်ဒရယ်ပြည်ထောင်စုသည် နိုင်ငံရေးနှင့်ဘာသာရေး ရောယှက်ခြင်း မရှိသော၊ ဘာသာရေးကို အခြေမခံသော နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်။

အခြေခံမူ (၁၃) ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ် (Fiscal Federalism)
(က) ပြည်ထောင်စုအဆင့် အစိုးရနှင့် ပြည်နယ်အဆင့် အစိုးရများအကြား တိကျစည်းစနစ်ကျသော အခွန်ဘဏ္ဍာ ကောက်ခံသည့်စာရင်းကို တိကျစွာ ဥပဒေပြုပြဋ္ဌာန်းထားရမည်။ ပြည်ထောင်စု အခွန်ဘဏ္ဍာ ကောက်ခံသော ယန္တရားနှင့် ပြည်နယ်အခွန်ဘဏ္ဍာ ကောက်ခံသောယန္တရားတို့ သီးခြားစီရှိရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်တို့အကြား ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်း (Fiscal Management and Sharing) ဆိုင်ရာဥပဒေများ ကိုရေးဆွဲပြဋ္ဌာန်းရမည်။
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ဘက်စုံညီမျှဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ သာတူညီမျှရေးအစီအစဉ်ကို ရေးဆွဲပြဋ္ဌာန်းထားရမည်။

အခြေခံမူ (၁၄) မြေနှင့်သဘာဝသယံဇာတ
(က) ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်တို့အကြား မြေနှင့်သဘာဝသယံဇာတစီမံခန့်ခွဲခြင်း၊ ခွဲဝေခြင်းဆိုင်ရာဥပဒေကို ရေးဆွဲပြဋ္ဌာန်းရမည်။
(ခ) ပြည်နယ်အတွင်းရှိ မြေနှင့် သဘာဝသယံဇာတ အရင်းအမြစ်များအားလုံး၏ မူရင်းပိုင်ရှင်သည် ပြည်နယ်အတွင်း နေထိုင်သော ပြည်နယ်သားများဖြစ်သည်။ ပြည်နယ်အတွင်းရှိ သဘာဝသယံ ဇာတအရင်းအမြစ်များ စူးစမ်းရှာဖွေခြင်း၊ တူးဖော်ထုတ်လုပ်သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်း စသည်တို့ကို ပြည်နယ်ကလွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရှိသည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စုတွင် သယံဇာတဝင်ငွေများအနက် အမြောက်အမြားထွက်ရှိသော သယံဇာတမှရရှိသော ဘဏ္ဍာငွေများကို သက်ဆိုင်ရာပြည်နယ်က အပြည့်အဝ အကျိုးခံစားခွင့်ရှိသည်။ သဘာဝသယံဇာတ အရင်းအမြစ်များ ထုတ်ယူသုံးစွဲရာတွင် သက်ဆိုင်ရာဒေသခံများ၏သဘောဆန္ဒကို ရယူရမည့်အပြင် ထိုဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တိုက်ရိုက်အကျိုးပြုမှု ရှိရမည်။ သဘာဝသံယဇာတများ ထုတ်ယူသည့်အတွက် ဖြစ်ပေါ်လာမည့် လူထုနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်သည့် ဆိုးကျိုးများနှင့် ပျက်စီးဆုံးရှုံးသွားသောဂေဟစနစ်ကို ပြန်လည်ကုစားရေးအတွက် သီးခြားအခွန်ငွေ ကောက်ခံပြီး ရန်ပုံငွေအစီအစဉ်တစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းထားရမည်။

အခြေခံမူ (၁၅) အခြေခံအခွင့်အရေးများနှင့် တိုင်းရင်းသားလူနည်းစုများ၏အခွင့်အရေးများ
(က) ပြည်ထောင်စုတွင် နေထိုင်သူတိုင်းသည် အခြေခံလူ့အခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ရှိရမည်။ (ခ) ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအားလုံးသည် လူပုဂ္ဂိုလ်တဦးချင်းအလိုက် ခံစားခွင့်ရှိသည့် တသီးပုဂ္ဂလအခွင့်အရေးများ (Individual Rights) နှင့် တိုင်းရင်းသားလူမျိုးများ လူမျိုးအလိုက် ခံစားခွင့်ရှိသည့် စုပေါင်းအခွင့်အရေးများ (Collective Rights) ကို အပြည့်အ၀ခံစားပိုင်ခွင့်ရှိရမည်။
(ဂ) ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများမဟုတ်ကြသော်လည်း ပြည်ထောင်စု၏နိုင်ငံသားအဖြစ်ခံယူထားသောနိုင်ငံသားတိုင်းသည် နိုင်ငံသားများ၏အခြေခံအခွင့်အရေး (Citizen Rights) များကို အပြည့်အဝ ခံစားခွင့်ရှိရမည်။
(ဃ) လိင်ကွဲပြားမှု နှင့် ဂျန်ဒါကို အခြေခံပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ ခွဲခြားဆက်ဆံမှုမှန်သမျှကို လုံးဝပိတ်ပင်ဟန့်တားရမည့်အပြင် မြှင့်တင်ခြင်း၊ ကာကွယ်ခြင်းနှင့်လေးစားလိုက်နာခြင်းများ ရှိရမည်။
(င) တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဘာသာစကားများကို အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့်အညီ လွတ်လပ်စွာ ထိန်းသိမ်းကာကွယ်မြှင့်တင်ခွင့်ရှိစေရမည်။ တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော အမျိုးသားလက္ခဏာနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများကို မည်သည့်အခြေအနေတွင်မျှ ရုပ်သိမ်းဟန့်တားခြင်း မရှိစေရ။ တိုင်းရင်းသားလူမျိုးစုငယ်များအား နိုင်ငံရေးနှင့်ဆုံးဖြတ်ချက်ချမှတ်သည့်အခန်းကဏ္ဍတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်နှင့်ဒေသန္တရအုပ်ချုပ်မှုများတွင် ဦးစားပေးမှု သို့မဟုတ် သီးသန့်နေရာပေးမှုများကို ဆောင်ရွက်ပေးရမည်။
(စ) တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ဘာသာစကားကို ကျောင်းပညာသင်ကြားမှုတွင် တရားဝင်လက်တွေ့သင်ကြားအသုံးပြုရမည့်အပြင် ပြည်ထောင်စုတိုင်းရင်းသားဘာသာစကားများကို သင်ကြားပို့ချနိုင်သည့် အဆင့်မြင့်ပညာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် အင်စတီကျူးရှင်းများကို ဖွင့်လှစ်အကောင်အထည်ဖော် ဆောင်ရွက်ရမည်။
မှတ်ချက်။ ။ အခြားအခွင့်အရေးဆိုင်ရာစာတမ်းကို သီးခြားထပ်မံတင်ပြ သွားပါမည်။

အခြေခံမူ (၁၆) ဖက်ဒရယ်လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာအခြေခံမူ
(က) ဖက်ဒရယ်ပြည်ထောင်စု၏လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာမူဝါဒများသည်လူသားလုံခြုံရေးကိုအခြေခံရမည်။ ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာတပ်ဖွဲ့များအားလုံးသည် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိရမည်။
(ခ) ဖက်ဒရယ်လွှတ်တော်သည် ပြည်ထောင်စု၏လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာမူဝါဒများနှင့်ဥပဒေများကိုရေးဆွဲပြဋ္ဌာန်းပေးရမည်။ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအသုံးစရိတ်များကို ဖက်ဒရယ်လွှတ်တော်က စိစစ်အတည်ပြုပေးရမည်။
(ဂ) ပြည်ထောင်စုရဲတပ်ဖွဲ့နှင့်ပြည်နယ်ရဲတပ်ဖွဲ့တို့ကို သီးခြားစီဖွဲ့စည်းရမည်။ ပြည်နယ်လုံခြုံရေးတပ် ဖွဲ့စည်းခွင့်ရှိသည်။ ပြည်နယ်ရဲတပ်ဖွဲ့နှင့်ပြည်နယ်လုံခြုံရေးတပ်တို့သည် သက်ဆိုင်ရာပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်။ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်လုံခြုံရေးတပ်တို့၏ အသုံးစရိတ်များကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်က စိစစ်အတည်ပြုပေးရမည်။
(ဃ) ပြည်ထောင်စုလုံခြုံရေးနှင့် အရေးပေါ်အခြေအနေတွင်လည်းကောင်း၊ သဘာဝကပ်ဘေးအန္တရာယ်များနှင့် ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်သော်လည်းကောင်း လုံခြုံရေးတပ်ဖွဲ့များအား အသုံးပြုမှုနှင့်ပတ်သက်၍ပြည်ထောင်စုအစိုးရနှင့်သက်ဆိုင်ရာပြည်နယ်အစိုးရတို့က ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်ရမည်။
(င) ဖက်ဒရယ်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီကို ဖွဲ့စည်းရမည်။ ၎င်းကောင်စီတွင် ပြည်နယ်လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီများမှ အနည်းဆုံးတစ်ဦးစီအပါအဝင်ကောင်စီဝင် စုစုပေါင်း၏ (၃၀) ရာခိုင်နှုန်း ထက်မကျော်သော ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။
မှတ်ချက်။ ။ ဖက်ဒရယ်လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများနှင့် စပ်လျဉ်းသည့် စာတမ်းကို သီးသန့်ထပ်မံတင်ပြသွားပါမည်။

အခြေခံမူ (၁၇) ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးစနစ်
ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်နှင့် ဒေသန္တရအဆင့်ရှိ အရပ်သားအစိုးရများအကြား လုပ်ပိုင်ခွင့်ဆိုင်ရာ အာဏာခွဲဝေခြင်း၊ အစုအဖွဲ့ (သို့) လူပုဂ္ဂိုလ်အတွက် သီးခြားပေးအပ်ထားသော အခွင့်အရေးများဆိုင်ရာ ခွဲဝေခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာအာဏာခွဲဝေခြင်းတို့ကျင့်သုံးပြီး ဒေသခံတို့၏ဓလေ့ထုံးတမ်းများ၊ စိုးရိမ်ချက်များနှင့်လိုအပ်ချက်များကို ထင်ဟပ်ပုံဖော်သည့် သက်ဆိုင်ရာပထဝီအနေအထားအခြေခံ မဟာဗျူဟာများချမှတ်မှုနှင့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ တာဝန်ချထားမှုတို့လုပ်ဆောင်ကာ ပြည်သူလူထု လုံခြုံရေး၊ ရပ်ရွာဘေးအန္တရာယ်တားဆီးရေးနှင့် ပြည်ထောင်စုကာကွယ်ရေးကို အာမခံသည့် လူမျိုးပေါင်းစုံ၊ ဘက်ပေါင်းစုံလွှမ်းခြုံပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းများ၊ အင်အားစုများနှင့်ဝန်ဆောင်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်သည့် ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးစနစ်တစ်ရပ် တည်ဆောက်ရမည်။

အခြေခံမူ (၁၈) စီမံခန့်ခွဲခြင်းနှင့် ပြည်သူ့ဝန်ထမ်းခြင်း (Administration and Public Services)
(က) စီမံခန့်ခွဲခြင်းနှင့် ပြည်သူ့ဝန်ထမ်းခြင်းလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်မည့်သူများအား ရွေးချယ်ခြင်းနှင့် လေ့ကျင့်သင်ကြားခြင်းအတွက် တိကျသည့်မူဝါဒများ ရေးဆွဲပြဋ္ဌာန်းထားရမည်။ ဝန်ထမ်းလေ့ကျင့်သင်ကြားရေးကျောင်းများတွင် သင်ကြားမည့် သင်ရိုးညွှန်းတမ်းဆိုင်ရာစံနှုန်းများကို ပြည်ထောင်စုအစိုးရက သတ်မှတ်ပြဋ္ဌာန်းပေးရမည်။
(ခ) ပြည်နယ်များတွင်တာဝန်ထမ်းဆောင်မည့်သူများအတွက် သက်ဆိုင်ရာပြည်နယ်တွင် စီမံခန့်ခွဲခြင်းနှင့် ပြည်သူ့ဝန်ထမ်းခြင်းဆိုင်ရာ ဝန်ထမ်းရွေးချယ်လေ့ကျင့်သင်ကြားရေးကျောင်းများ သီးခြားဖွင့်လှစ်ခွင့်ရှိသည်။

အခြေခံမူ (၁၉) အစိုးရအချင်းချင်းအကြားဆက်ဆံရေး (Inter-Governmental Relations)
(က) ဖက်ဒရယ်ပြည်ထောင်စုနှင့်ပြည်နယ်အကြားတွင်သော်လည်းကောင်း၊ ပြည်နယ်အချင်းချင်းကြားတွင်သော်လည်းကောင်းအငြင်းပွားစရာများ၊ ပြဿနာများပေါ်ပေါက်ပါက ပူးပေါင်းကိုင်တွယ်ဖြေရှင်းရန်နှင့် လုပ်ငန်းဆောင်တာများကို အတူအကွ ပူးပေါင်းလုပ်ကိုင်နိုင်ရန်အတွက် အကြီးအကဲများ ပူးတွဲကော်မတီကိုလည်းကောင်း၊ လုပ်ငန်းကဏ္ဍအသီးသီးတို့တွင်ပူးပေါင်းဆောင်ရွက်ရန်အတွက် ကဏ္ဍအလိုက်ဝန်ကြီးများပူးတွဲကော်မတီကိုလည်းကောင်း၊ မျှဝေသုံးစွဲရန်သတ်မှတ်ထားသောဝင်ငွေများကို စီမံခန့်ခွဲရန်အတွက် ဘဏ္ဍာရေးပူးတွဲကော်မတီကိုလည်းကောင်း စသည့် ပူးတွဲကော်မတီတို့ကို ဖွဲ့စည်းနိုင်သည်။ ပူးပေါင်းဆောင်ရွက်သည့်ကိစ္စရပ်၏ လိုအပ်ချက်အရ ကော်မတီ သက်တမ်းကို သတ်မှတ်ထားရှိရမည်။
(ခ) ပြည်နယ်အကြီးအကဲများသည် ပြည်ထောင်စုအင်္ဂါစဉ်အရ ပြည်ထောင်စု ဝန်ကြီးများ၏အထက်တွင် ရှိသည်။


«~စဉ်းစားဆွေးနွေးရန်~»

၁။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ အမည်နာမကို “ပြည်ထောင်” များ “စု” ၍ ဖွဲ့စည်းထားသော ပြည်ထောင်စု ဖြစ်သောကြောင့် “ပြည်ထောင်” များဟု ခေါ်ကာ၊ နိုင်ငံ၏အမည်နာမကို “ပြည်ထောင်စုသမ္မတနိုင်ငံ” ဟု ခေါ်သင့်၊ မခေါ်သင့်။

၂။ ပြည်ထောင်စုအဖွဲ့ဝင်၏ အမည်နာမကို “ပြည်နယ်” ဟုခေါ်၍ နိုင်ငံ၏အမည်နာမကို “ပြည်စုသမ္မတနိုင်ငံ” ဟု ခေါ်သင့်၊ မခေါ်သင့်။

၃။ ပြည်ထောင်စုအဖွဲ့ဝင်၏ အမည်နာမကို “တိုင်း” ဟု ခေါ်၍ နိုင်ငံ၏ အမည်နာမကို “တိုင်းစုသမ္မတနိုင်ငံ” ဟု ခေါ်သင့်၊ မခေါ်သင့်။

မေးခွန်းများ

  1. ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို “ပြည်နယ်”ဟုခေါ်ခေါ် “ပြည်ထောင်” ဟုခေါ်ခေါ် တနိုင်ငံလုံးတူညီပါက ပြဿနာမရှိဟုထင်မြင်ယူဆပါသည်။ အဓိကျသည်မှာ စတိတ်ကို စတိတ်တခုလို စီမံပိုင်ခွင့်ရှိရေးဖြစ်သည်ဟုထင်မြင်ပါသည်။ ဒီခေါင်းစဉ်အပေါ်မဟုတ်သောမေးခွန်းတခုမေးလို ပါသည်ခင်ဗျာ” ရှမ်းပြည်(သို့)ရှမ်းလူမျိုးနာမည်ခံ ပါတီသော်လည်းကောင်း၊ လက်နက်ကိုင်အဖွဲ့သော်လည်းကောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နှင့် ဆွေးနွေးမှု၊ သဘောတူညီမှု တစုံတရာရှိပါသလားခင်ဗျာ ကျေးဇူးတင်ပါသည်။”

  2. ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအသစ်ပြန်လည်တည်ထောင်မှာဖြစ်တဲ့အတွက် ပြည်ထောင်စုရဲ့အမည်ကို ဗမာနိုင်ငံ သို့မဟုတ် မြန်မာနိုင်ငံ အဖြစ် လူမျိုးအပေါ်မူတည်ပြီး အမည်သတ်မှတ်မှာလားခင်ဗျာ။ နောက်တခုက ပြည်ထောင်စုရဲ့နိုင်ငံအလံတော်ကိုရော ဘယ်လိုများရေးဆွဲပြဌာန်းပေးပါမလဲခင်ဗျာ။အလံကိုပြည်သူဆီကဖိတ်ခေါ်ပြီးရွေးချယ်ဖို့ရှိ၊မရှိလည်းသိချင်ပါတယ်ခင်ဗျာ့။

  3. Differences in Number of MPs in Upper and Lower parliaments would effect on votes at Federal Parliament/Union Parliament?

  4. ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အသစ်အတွက်နိုင်ငံအမည်၊ပြည်နယ်အမည်များကိုလူမျိုးပေါ်အခြေမခံဘဲပထဝီ၀င်အနေအထားပေါ်အခြေခံ၍သာအမည်ပေးသင့်သည်ဟုထင်မြင်မိပါသည်။နိုင်ငံအမည်၊ပြည်နယ်အမည်၊နိုင်ငံတော်အလံ၊နိုင်ငံ‌တော်တံဆိပ်စသည့်အရေးကြီးသောနိုင်ငံ့အထိမ်းအမှတ်များကိုလူမျိုးပေါင်းစုံကိုယ်စားလှယ်များစုဝေးဆွေးနွေးခြင်းဖြင့်သတ်မှတ်သင့်ပါကြောင်းထင်မြင်မိပါသည်။

  5. အသစ်ပြန်ရေးထားတဲ့ FDC Version 2 ကို မတင်တော့ဘူးလားခင်ဗျား၊ ခုက Version အဟောင်းပဲရေးထားတာဆိုတော့။ တူလည်းမတူတော့တာ အများကြီးဆိုတော့ကာ..

ဒီခေါင်းစဉ်အပေါ် မေးခွန်းမေးရန်