ဖက်ဒရယ်စာစောင်။ အတွဲ (၁)၊ အမှတ် (၂)။
နိဒါန်း
ဖက်ဒရယ်စနစ်သည်
ယုံကြည်ခြင်း (Trust) ပေါ် အခြေခံ၍ သဘောတူ
စာချုပ်ချုပ်ဆိုခြင်း (Agreement) သို့မဟုတ် ပဋိညာဉ်ပြခြင်း
(Covenant) ဖြစ်သည် ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ယုံကြည်ခြင်း ကို အခြေခံ၍ လူမျိုးအသီးသီးက မိမိတို့ပိုင်ဆိုင်ထားသော နယ်မြေများ
နှင့် ပြည်ထောင်များကို စုပေါင်း၍ "ပြည်ထောင်စုနိုင်ငံသစ်" တခုကို
အတူတကွ ထူထောင်ရန် သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ သို့မဟုတ် ပဋိညာဉ်ပြုခြင်း
ဖြစ်ပါသည်။ ထိုကဲ့သို့ သဘောတူစာချုပ် ချုပ်ဆိုခြင်း သို့မဟုတ် ပဋိညာဉ်ပြုခြင်းအမှုကို
ပြုလုပ်ရာတွင် အခြေခံထားသော ယုံကြည်ခြင်း (Trust) ကို
သေချာလေးနက်စွာ လေ့လာဆန်းစစ်ရန် လိုအပ်ပါသည်။
ခေတ်သစ်သမိုင်းတွင် ဖက်ဒရယ်စနစ်အရ
သဘောတူစာချုပ် ချုပ်ဆို၍ ပထမဦးဆုံး ဖွဲ့စည်းထူထောင်ထားသော ပြည်ထောင်စုနိုင်ငံ သည်
အမေရိကန်ပြည်ထောင်စုဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု ဟုခေါ်ဆိုသော
ပြည်ထောင်စုနိုင်ငံသစ်တခုကို ထူထောင်ရန် ယခင် ဗြိတိသျှကိုလိုနီနယ် (၁၃) ခုတို့က
"လွတ်လပ်ရေးကြေညာစာတမ်း"ကို ၁၇၇၆၊ ဇူလိုင်လ (၄) ရက်နေ့တွင်
သဘောတူစာချုပ် လက်မှတ်ရေးထိုး ခြင်းဖြင့် ပဋိညာဉ်ပြုခဲ့ကြပါသည်။ ထိုကဲ့သို့
"ယုံကြည်ခြင်း"ကို အခြေခံ ၍ ဗြိတိသျှကိုလိုနီနယ် (၁၃) ခုတို့က
ပြည်ထောင်စုနိုင်ငံသစ်ထူထောင်ရန် သဘောတူစာချုပ်ချုပ်ဆို၍ ပဋိညာဉ်ပြုခဲ့ကြစဉ်က
အခြေခံထားသော ယုံကြည်ချက်သည် လွတ်လပ်ရေးကြေညာစာတမ်းတွင်ဖော်ပြထားသည့်
"လူသားတိုင်းသည် တန်းတူရည်တူ ဖန်ဆင်းခြင်းခံကြသည်" (All
Men are Created Equal) ဆိုသည့်အချက်ပင်ဖြစ်ပါသည်။ ထိုကဲ့သို့
တန်းတူ ရည်တူဖန်ဆင်းခြင်းခံရသော လူသားတိုင်းသည် တန်းတူရည်တူအခွင့် အရေးရှိကြသည်။
ထိုအခွင့်အရေးများအနက် အရေးအကြီးဆုံးသော အခွင့်အရေးများမှာ "ဘဝရှင်သန်ခွင့် (Life)"၊ "လွတ်လပ်ခွင့် (Liberty)" နှင့်
"ဘဝသုခရှာဖွေဖန်တီးခွင့် (The Pursuit of Happiness)"
တို့ဖြစ်ကြ ပါသည်။ ယင်းအခြေခံယုံကြည်ချက်များကို ၁၇၈၇ ခုနှစ်တွင် ရေးဆွဲ ပြ
ဋ္ဌာန်းခဲ့သော အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပဏာမ ပြင်ဆင်ချက်တွင်
"အခြေခံအခွင့်အရေးများနှင့် ရပိုင်ခွင့်များ" (Bill of Rights) အဖြစ် ထပ်ဆင့်ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို
ယခင်ဗြိတိသျှကိုလိုနီနယ် (၄) ခု ဖြစ်သော ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊
ပြည် ထောင်စုရှမ်းပြည်နှင့် ဗမာပြည်ကြားဖြတ်အစိုးရတို့က သီးခြားစီ လွတ်လပ်ရေး ယူ၍၊
သီးခြားစီဖြင့် အမျိုးသားနိုင်ငံတော်များ ထူထောင် ခြင်း မပြုဘဲ၊
ပြည်ထောင်စုနိုင်ငံသစ်တခုကို အတူတကွထူထောင်ရန် "ပင်လုံစာချုပ်"ကို ၁၉၄၇၊
ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ ထိုကဲ့သို့ ယုံကြည်ခြင်း (Trust) ကို အခြေခံ၍ သဘောတူစာချုပ် ချုပ်ဆိုထားသော (ဝါ) ပဋိညာဉ်ပြုထားသော ပင်လုံ
စာချုပ်တွင် အခြေခံအကျဆုံးသော "ယုံကြည်မှု" မှာ ပင်လုံစာချုပ်အပိုဒ် (၅)
တွင် ဖော်ပြထားသည့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ (ထိုစဉ် အခေါ်အရ
တောင်တန်းဒေသများ) ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Full
Autonomy) အပြည့်အဝ ရှိရမည်ဟူသောအချက်နှင့် ထိုစဉ်အခါက
တောင်တန်းဒေသများ ကျင့်သုံးပိုင်ခွင့်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို
မည်သည့်အခါမျှ ဆုံးရှုံးခြင်း မရှိစေရဟူသောအချက်များပင်ဖြစ်ပါသည်။ ထို့ အပြင်
ပင်လုံစာချုပ် အပိုဒ် (၇) တွင် ဖော်ပြထားသော အသစ်ထူထောင်မည့်
ပြည်ထောင်စုနိုင်ငံ၏အဖွဲ့ဝင် ပြည်နယ်များအားလုံး (ဝါ) တောင်တန်းဒေသများတွင်
ဒီမိုကရေစီစနစ်ကို ကျင့်သုံးရမည်ဟူသောအချက် ဖြစ်ပါသည်။ ထိုမျှသာမက
ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားလူမျိုးများကို ကတိပေးထားသည့် "ဗမာ တကျပ်-
ရှမ်း တကျပ်" ဟူသော "အမျိုးသားတန်းတူရေး" လည်း ပါဝင်သည်။
ထို့ကြောင့် ပင်လုံစာချုပ် ချုပ်ဆိုရာတွင် အခြေခံအကျဆုံးသော "ယုံကြည်ခြင်း"အခြေခံမူများသည်
"ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်"
အခွင့်အရေးများပင် ဖြစ်ပါသည်။
ဖက်ဒရယ်စနစ်အရ
ယုံကြည်ခြင်းပေါ်အခြေခံ၍ သဘောတူစာချုပ် ချုပ်ပြီး ပြည်ထောင်စုနိုင်ငံ သစ်ကို
ဖွဲ့စည်းထူထောင်သောအခါ ထိုယုံကြည်ခြင်း၏အခြေခံမူများကို
ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ထပ်လောင်းရေးသားပြဋ္ဌာန်းရပေမည်။
ဤသို့ဖြင့် "ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ" ဟူ သော
ပဋိညာဉ်စာချုပ်အသစ်ကို နောက်ထပ်တဖန် ရေးသားပြဋ္ဌာန်းလျက်ရှိကြပါသည်။ ထို့ကြောင့်
ခေတ်သစ်သမိုင်းတွင် ဖက်ဒရယ်စနစ်အရ ဖွဲ့စည်းထူထောင်ထားသော
ပြည်ထောင်စုနိုင်ငံအားလုံးတွင် "ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ"
မရှိမဖြစ် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်နေခြင်းဖြစ်ပါသည်။
ဖက်ဒရယ်ပြည်ထောင်စု
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ
တိုင်းပြည်တခုအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းသူ ပြည်သားအားလုံးက
မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော မူလအခွင့်အရေးများနှင့် ရပိုင်ခွင့်
များကို တဘက်တွင် အကာအကွယ်ပေးပြီး အခြားတဘက်တွင် အုပ်ချုပ်သူအစိုးရ၏
လုပ်ပိုင်ခွင့်အာဏာ များကို အလွဲသုံးစားမှု မရှိစေရန် စနစ်တကျ ကန့်သတ်ထိန်းချုပ်ထားသော
တိုင်းပြည်၏အမြင့်ဆုံးဥပဒေ ဖြစ်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည်
အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူ လူထုနှင့် အုပ်ချုပ်သူအစိုးရအကြား
ထားရှိအပ်သော ပဋိညာဉ်စာချုပ်တရပ်ပင် ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူထုနှင့်
အစိုးရအကြား ထားရှိအပ်သော ပဋိညာဉ်စာချုပ်ဖြစ်သော ကြောင့် ထိုတိုင်းပြည်ရှိ
ပြည်သူလူထုတရပ်လုံး၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို အကာအကွယ်
ပေးရန်အတွက်လိုအပ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့်တရားစီရင်ရေးအာဏာများ
ကျင့်သုံးရာတွင် လိုအပ်သောယန္တရားများ (Institutions) ကို ဖွဲ့စည်းတည်ဆောက်ပုံနှင့် ထိုနိုင်ငံရေးအာဏာများကို
ပိုင်းခြားကျင့်သုံး၍သော်လည်းကောင်း၊ ခွဲဝေကျင့်သုံး၍သော်လည်း ကောင်း
စနစ်တကျကျင့်သုံးနိုင်ရေးအတွက် ဖန်တီးထားသော နိုင်ငံရေး အာဏာ
ကျင့်သုံးပုံကျင့်သုံးနည်းစနစ်များ (Systems) တို့ကို
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အပြည့်အစုံ ရေးဆွဲပြဋ္ဌာန်းရပေမည်။ ထိုနည်းတူ
အုပ်ချုပ်သူအစိုးရက အာဏာအလွဲသုံးစားပြုခြင်း မပြုလုပ်နိုင်စေရန်
အစိုးရ၏လုပ်ပိုင်ခွင့်အာဏာများကို စနစ်တကျ ကန့်သတ်ထိန်းချုပ်နိုင် ရေးအတွက်လည်း
ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြဋ္ဌာန်းကာကွယ်ထားရ ပေမည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူထုနှင့်
အစိုးရတို့အကြား ထားရှိ အပ်သော ပဋိညာဉ်စာချုပ်ဖြစ်သည်ဟု ခေါ်ဆိုပါသော်လည်း ဖက်ဒရယ်
စနစ်အရ ဖွဲ့စည်းထူထောင်ထားသော ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ထိုအချက်
တခုတည်းဖြင့် မလုံလောက်ပေ။ ဖက်ဒရယ်ပြည် ထောင်စုစနစ်တွင် ရေးဆွဲပြဋ္ဌာန်းကျင့်သုံးရမည့်
ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေသည် လူထုနှင့်အစိုးရအကြားထားရှိအပ်သည့် ပဋိညာဉ်
စာချုပ်ဖြစ်ရုံသာမက ပြည်ထောင်စုကို စတင်ဖွဲ့စည်းခဲ့စဉ်က ပြည်
ထောင်စုအဖွဲ့ဝင်ပြည်နယ်များအကြား သဘောတူ ချုပ်ဆိုထားသော
ပဋိညာဉ်စာချုပ်ကြီးလည်းရှိနေပါသည်။ ထို့ကြောင့် ဖက်ဒရယ် ပြည်
ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေသည် လူထုနှင့်အစိုးရအကြား ထားရှိရန် လိုသော
ပဋိညာဉ်စာချုပ်ကို အကောင်အထည်ဖော်ရုံသာမက၊ ပြည် ထောင်စု စတင်ဖွဲ့စည်းခဲ့စဉ်က
ချုပ်ဆိုခဲ့သော ပဋိညာဉ်စာချုပ်၏ "ယုံကြည်ခြင်းအခြေခံမူ"များကိုလည်း
အကောင်အထည်ဖော်ရန် လိုအပ် မည်ဖြစ်သည်။ ထို့အတွက်ကြောင့် ဖက်ဒရယ်စနစ်အရ
ဖွဲ့စည်းထူထောင်ထားသော ဖက်ဒရယ်ပြည် ထောင်စု
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တစ်ပြည်ထောင်စနစ်အရ ဖွဲ့စည်းထူထောင်ထားသော
အမျိုးသားနိုင်ငံ တော်၏ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတို့၏
ဖွဲ့စည်းကျင့်သုံးပုံနှင့် အဓိပ္ပာယ်ဖွင့်ဆိုပုံချင်း
ထပ်တူကျနိုင် မည် မဟုတ်ပေ။ အကြောင်းမှာ ဖက်ဒရယ်စနစ်တွင် အနည်းဆုံး ပဋိညာဉ်စာချုပ်
(၂) ရပ်ကို ပေါင်းစပ်၍ ပြည်ထောင်စုကို ဖွဲ့စည်းထူထောင်ထားခြင်းကြောင့် ဖြစ်ပါသည်။
လူမျိုးတမျိုးသာရှိ၍
ဘာသာစကားတခုတည်းကို ပြောဆိုသုံးစွဲကြပြီး ကိုးကွယ်ယုံကြည်မှုဘာသာ တရားလည်းတူညီသော
"အမျိုး-ဘာသာ-သာသနာ" ကို အခြေခံသည့် အမျိုးသားနိုင်ငံတော်တွင်
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော်အချုပ်အခြာအာဏာ၏မူလပိုင်ရှင်ဖြစ်သော
ပြည်သူလူထုနှင့် ထို အချုပ်အခြာအာဏာကို ကိုင်တွယ်ကျင့်သုံးသော အစိုးရအကြား
သဘောတူချုပ်ဆိုထားသည့် ပဋိညာဉ် စာချုပ်သာဖြစ်သည်။ ထိုပဋိညာဉ်စာချုပ်တွင်
ပြည်သူလူထု၏အခွင့်အရေးနှင့်ရပိုင်ခွင့်များကို ဖွဲ့စည်းပုံ
အခြေခံဥပဒေကအကာအကွယ်ပေးပြီး အခြားတဘက်တွင် အစိုးရ၏လုပ်ပိုင်ခွင့်အာဏာများကို
ကန့်သတ် ထိန်းချုပ်ပေးထားသည်။
ဖက်ဒရယ်စနစ်တွင်လည်း
ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ
(ဖက်ဒရယ်ယူနစ်များ) အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူ တရပ် လုံး၏
မူလအခွင့်အရေးနှင့် ရပိုင်ခွင့်များကို အပြည့်အဝအကာ အကွယ်ပေးပြီး၊
ပြည်ထောင်စုတခုလုံးကို စုပေါင်းအုပ်ချုပ်သော
ပြည်ထောင်စုအစိုးရ၏လုပ်ပိုင်ခွင့်အာဏာများကို ကန့်သတ်ထိန်းချုပ်ထားသော
ပြည်ထောင်စု၏အမြင့်ဆုံးအာဏာဖြစ်ပါသည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်တွင်
အမျိုးသားနိုင်ငံရှိ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ရှိ
ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတို့၏ အဓိပ္ပာယ်ဖွင့်ဆိုရာ တွင်
အနှစ်သာရအတူတူပင်ဖြစ်ပါသည်။ သို့ရာတွင် ကွာခြားချက်မှာ- အမျိုးသားနိုင်ငံတော်တွင်
မှီတင်း နေထိုင်ကြသော နိုင်ငံသားများသည် ဘာသာစကားတမျိုးတည်းကိုသာ
ပြောဆိုသုံးစွဲကြပြီး ကိုးကွယ် ယုံကြည်သည့် ဘာသာတရားသည်လည်း
အခြေခံအားဖြင့်တူညီသည့် လူမျိုးတမျိုးသာဖြစ်ကြပါသည်။ ထို့ကြောင့် တနိုင်ငံလုံးရှိ
ပြည်သူလူထုတရပ်လုံး၏ မူလအခွင့်အရေးနှင့် ရပိုင်ခွင့်များသည် တူညီ၍ ထို
အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အကာအကွယ်ပေးသည့်စနစ်မှာလည်း
ပုံစံတူဖြစ်နိုင်ပါသည်။
လူမျိုးပေါင်းစုံ ရောနှောနေထိုင်၍
ဖက်ဒရယ်စနစ်ကို ကျင့်သုံးသော ပြည်ထောင်စုနိုင်ငံတွင်မူ
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်း မှီတင်းနေထိုင်ကြသော
တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် လူမျိုးတမျိုးတည်း မဟုတ်ကြပေ။ ထို့ကြောင့်
ထိုတိုင်းရင်းသားလူမျိုး ပေါင်းစုံတို့၏ လူမျိုးအလိုက် ခံစားသင့်ခံစားထိုက်သော
လူမျိုးရေးဆိုင် ရာအခွင့်အရေးများသည် လူမျိုးတမျိုးနှင့်တမျိုးအကြား မတူညီနိုင်ပေ။
ထိုကဲ့သို့ မတူကွဲပြားခြားနားကြသော လူမျိုးအသီးသီးတို့၏ မူလအခွင့် အရေးများသည်လည်း
အတိမ်အနက် ထပ်တူမကျနိုင်ပေ။ ထိုနည်းတူ ထို မူလအခွင့်အရေးနှင့်ရပိုင်ခွင့်များကို
ကာကွယ်ထိန်းသိမ်းမြှင့်တင်ခြင်းပုံစံ များသည်လည်း ထပ်တူမကျနိုင်ပေ။ ထိုကဲ့သို့
မတူကွဲပြားခြားနားသော လူမျိုးအသီးသီး၏ မူလအခွင့်အရေးနှင့် ရပိုင်ခွင့်များကို
အကာအကွယ် ပေးရန် အုပ်ချုပ်သူအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများကို ကန့်သတ်ချုပ်
ချယ်ထိန်းသိမ်းသည့်ပုံစံလည်း ထပ်တူကျတူညီနိုင်မည် မဟုတ်ပေ။
ထို့အပြင် "အချုပ်အခြာအာဏာသည်
နိုင်ငံသားများထံမှ ဆင်း သက်သည်"ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်တွင်
တပြည်ထောင်စနစ်ကို ကျင့်သုံးသည့် အမျိုးသားနိုင်ငံနှင့် ဖက်ဒရယ်စနစ်ကို
ကျင့်သုံးသော ပြည် ထောင်စုနိုင်ငံများ အခြေခံအားဖြင့် တူညီနေကြပါသည်ဟု
ဆိုနိုင်သော် လည်း ထိုအချုပ်အခြာအာဏာကို ကျင့်သုံးပုံကျင့်သုံးနည်း မတူညီနိုင်ကြ
ပေ။ ထို့အပြင် ထိုအချုပ်အခြာအာဏာကို လူထုကိုယ်စား ကျင့်သုံးသော
အစိုးရ၏လုပ်ပိုင်ခွင့်အာဏာများ ကန့်သတ်ထိန်းချုပ်ပုံခြင်းလည်း မတူ ညီနိုင်ပေ။
တပြည်ထောင်စနစ်ကို ကျင့်သုံးသော အမျိုးသားနိုင်ငံများတွင် အချုပ်အခြာအာဏာ၏
ခက်မသုံးဖြာဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့၏
"ပိုင်းခြားကျင့်သုံး ခြင်း" (Separation of Power) ရှိရုံမျှဖြင့် လုံလောက်ပါသည်။
ဖက်ဒရယ်စနစ်တွင်မူ အချုပ်အခြာအာဏာ၏
ခက်မသုံးဖြာဖြစ် သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး
အာဏာများကို ပိုင်းခြားကျင့်သုံးခြင်းဖြင့် မလုံလောက်ပေ။ ထိုအချုပ် အခြာအာဏာ (၃)
ရပ်ကို ပြည်ထောင်စုနှင့် ပြည်နယ်များအကြား ခွဲဝေ ကျင့်သုံးခြင်း (Division
of Power) ရှိရန်လည်း လိုအပ်ပါသည်။ အကြောင်းမှာ ပြည်ထောင်စုအဖွဲ့ဝင်
ပြည် နယ်များသည် ယုံကြည်ခြင်းကိုအခြေခံ၍ ပဋိညာဉ်စာချုပ်
လက်မှတ်ရေးထိုးခြင်းမပြုခင် မိမိတို့၏သီးခြား နယ်မြေများနှင့် ပြည်ထောင်များတွင်
ထိုအချုပ်အခြာအာဏာကို သီးခြားစီပိုင်ဆိုင်ထားခဲ့ကြပြီးဖြစ်ပါသည်။ ပြည်ထောင်စုကို
အတူတကွထူထောင်ကြသောအခါ မိမိတို့သီးခြားစီပိုင်ဆိုင်ခဲ့ကြသော အချုပ်အခြာ
အာဏာများကို စုပေါင်းကျင့်သုံးရန် စုစည်းထားကြခြင်းသာလျှင် ဖြစ်ပါသည်။ ထို့ကြောင့်
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် "အချုပ်အခြာအာဏာသည်
နိုင်ငံသားများထံမှဆင်းသက်သည်" ဟူသော "Popular Sovereignty” တခုတည်းဖြင့်သာ အဓိပ္ပာယ်ဖွင့်ဆိုပါက မပြည့်စုံနိုင်ပေ။
ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အသီးသီး၏ မူလ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုရန်လိုအပ်ပါသည်။
ထိုကဲ့သို့ အသိအမှတ်ပြုခြင်းမှာ ထိုအချုပ်အခြာအာဏာကို
ပိုင်းခြားကျင့်သုံးခြင်းသာမက ဖက်ဒရယ်စနစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ် များအကြား
ခွဲဝေကျင့်သုံးခြင်းဖြင့် အကောင်အထည်ဖော်ရမည်ဖြစ်ပါသည်။
လွတ်လပ်ရေးရရှိသည့်အချိန်မှစ၍
ယနေ့တိုင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကျပ်အတည်း (Constitutional Crisis) များစွာအနက် "ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ" ကို
ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေဟုမခေါ်ဘဲ "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ
ဥပဒေ" ဟုခေါ်ဆိုခြင်းလည်း တခုအပါအဝင်ဖြစ်ပါသည်။
"နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ" ဟုခေါ်ဆို ထားသောကြောင့်
ဤနိုင်ငံသည် "ပြည်ထောင်စုနိုင်ငံ" လား၊ "အမျိုးသားနိုင်ငံ"
လား ကွဲပြားခြင်းမရှိပေ။ "နိုင်ငံတော်" သည် ဖက်ဒရယ်စနစ်တွင်လည်း
သုံးစွဲနိုင်သည့်စကားလုံးဖြစ်၍ အမျိုးသားနိုင်ငံတော်အတွက် လည်း
သုံးစွဲနိုင်သောစကားလုံးဖြစ်သည်။ ထိုကဲ့သို့ မသဲကွဲသော ကြားနေစကားလုံးကို ၁၉၄၇၊
၁၉၇၄ နှင့် ၂၀၀၈ ခုနှစ်များတွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော
ဖွဲ့စည်းပုံအခြေခံဥပဒေများအား "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ" ဟု
ခေါ်ဆိုခဲ့သောကြောင့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေများကို လက်တွေ့အကောင်အထည်ဖော်ရာတွင်
လည်း ပြည်ထောင်စုစနစ်နှင့် တစ်ပြည်ထောင်စနစ်တို့ကို ရောစပ်၍ အမျိုးသားနိုင်ငံတော်
ထူထောင်ရေး လမ်းစဉ်ကို ပါလီမန်ခေတ်၊ ဝန်ကြီးချုပ်ဦးနု၊ တော်လှန်ရေးကောင်စီနှင့်
မ.ဆ.လ တစ်ပါတီအာဏာရှင်ဗိုလ် နေဝင်းနှင့် န.ဝ.တ၊ န.အ.ဖ စစ်အာဏာရှင်ဗိုလ်စောမောင်၊
ဗိုလ်ခင်ညွန့်နှင့် ဗိုလ်သန်းရွှေတို့တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေများအရ
အကောင်အထည်ဖော်ကျင့်သုံးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အသစ်ရေးဆွဲပြဋ္ဌာန်းမည့်
အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံ
အခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းသောအခါ "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ"
ဟူသော အဓိပ္ပာယ်နှစ်ခွရှိ၍၊ မတိကျ၊ မသေချာ၊ မရေရာသည့်စကားလုံးပြန်သုံးမည်မဟုတ်။
"ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေ" ဟု
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို တစိုက်မတ်မတ် ဦးတည်၍ သုံးစွဲသွားမည်ဖြစ်ပါ သည်။
ထို့အပြင် အချုပ်အခြာအာဏာ၏အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင်လည်း
"နိုင်ငံတော်အချုပ်အခြာ" ဟု သုံးစွဲမည်မဟုတ်။
"ပြည်ထောင်စုအချုပ်အခြာအာဏာ" ဟု ခေါ်ဆိုပြီး ၂၀၂၁၊ မတ်လ (၃၁) ရက်နေ့တွင်
ထုတ်ပြန်ခဲ့သော "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" တွင် ဖော်ြပထားသည့်အတိုင်း
"ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနှင့် ယင်းပြည်နယ်များအတွင်းရှိ
ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်သည်" ဟု
ရှင်းရှင်းလင်းလင်း ဖော်ပြသွားမည်ဖြစ်ပါသည်။
ဖက်ဒရယ်ပြည်ထောင်စု
ဖွဲ့စည်းပုံအင်္ဂါရပ်များ
ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်တွင်
အင်္ဂါရပ်များစွာရှိပါသည်။ သို့ရာတွင် တစ်ပြည်ထောင်စနစ်ကို ကျင့်သုံးသော
အမျိုးသားနိုင်ငံ၏ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ကို
ကျင့်သုံးသော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတို့၏အင်္ဂါရပ်ချင်း
မတူညီနိုင်ကြပေ။ ထို့ကြောင့် ဖက်ဒရယ် စနစ်အရ အသစ်ရေးဆွဲပြဋ္ဌာန်းမည့်
"ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ" တွင် မရှိမဖြစ်ပါဝင်မည့်အရေးကြီး
သောအင်္ဂါရပ်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
၁။ ရေးဆွဲပြဋ္ဌာန်းထားသော
ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ခြင်း (A Written Constitution)
ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသည်
ပြည်ထောင်စုအချုပ်အခြာအာဏာ၏ မူရင်း ပိုင်ရှင်ဖြစ်သော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်းရှိ
တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ မွေးရာပါအခွင့်အရေးများကို အကာအကွယ်ပေးရန်
ရေးဆွဲပြဋ္ဌာန်းထားသော ပြည်ထောင်စု၏အမြင့်ဆုံး ဥပဒေဖြစ်ပါသည်။ ထို့အပြင်
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကစုပေါင်းဖွဲ့စည်းထားသော ပြည်ထောင်စု အစိုးရ၏လုပ်ပိုင်ခွင့်အာဏာများကို
စနစ်တကျကန့်သတ်ထိန်းချုပ်နိုင်ရေးအတွက် ရေးဆွဲပြဋ္ဌာန်းထားသော
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်း မှီတင်းနေထိုင်ကြကုန်သော
တိုင်းရင်းသားလူမျိုးများအားလုံးနှင့် ပြည်ထောင်စုအစိုးရအကြား သဘောတူလက်ခံထားသည့်
ပဋိညာဉ်စာချုပ်လည်း ဖြစ်ပါသည်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင်
ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူထုနှင့်အစိုးရအကြားသဘောတူ
လက်ခံထားသောပဋိညာဉ်စာချုပ်ဖြစ်ရုံသာမက၊ ပြည်ထောင်စုကို စတင်ဖွဲ့စည်းခဲ့စဉ်တုန်းက
ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များအကြား သဘောတူချုပ်ဆိုထားသော ပဋိညာဉ်ကိုလည်း
ထည့်သွင်း၍ အကောင် အထည်ဖော် ကျင့်သုံးနိုင်ရေးအတွက် ရေးဆွဲပြဋ္ဌာန်းသော
ပဋိညာဉ်စာချုပ်ဖြစ်ပါသည်။ ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေသည်
ပဋိညာဉ်နှစ်ရပ်ကို ပေါင်းစပ်၍ ဖွဲ့စည်းကျင့်သုံးရန် ရေးဆွဲပြဋ္ဌာန်းထားသော
အမြင့်ဆုံးဥပဒေဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို
ရေးဆွဲပြဋ္ဌာန်းရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးဖြစ်စဉ်နှင့်
အတည်ပြုပြဋ္ဌာန်းရေးဖြစ်စဉ် (၂) ရပ်လုံးတွင် ပြည်သူလူထုတရပ်လုံး
ပူးပေါင်းပါဝင်သည့်ပုံစံမှာ တစ်ပြည် ထောင်စုစနစ်ကိုကျင့်သုံးသော
အမျိုးသားနိုင်ငံနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသော ဖက်ဒရယ် ပြည်ထောင် စုနိုင်ငံတို့အကြား
မတူညီနိုင်ကြပေ။ တစ်ပြည်ထောင်စနစ်ကိုကျင့်သုံးသော အမျိုးသားနိုင်ငံများတွင်
ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲသော တိုင်းပြုပြည်ပြုလွှတ်တော်ကို
ရွေးကောက်ရာတွင်သော်လည်း ကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းသော
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရာတွင်သော် လည်းကောင်း "လူထု"
ဟူသောနာမ်စားကို အသုံးပြု၍ လုံလောက်ပါသည်။ သို့ရာတွင် ဖက်ဒရယ်ပြည် ထောင်စု၌
"လူထု" ဟူသောနာမ်စားဖြင့် မလုံလောက်နိုင်ပေ။
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏အခန်း ကဏ္ဍ မပါမဖြစ် ပါရှိစေရမည်။
ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲမည့် တိုင်းပြုပြည်ပြုလွှတ်
တော်ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် လူထုကိုယ်စားလှယ်များသာမက
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် (ဖက်ဒရယ်ယူနစ်) များ၏ ကိုယ်စားလှယ်များကိုလည်း
သီးသန့်ရွေးချယ်တင်မြှောက်ရန် လိုအပ်ပါသည်။ ထိုနည်းတူ
ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းရာတွင်လည်း သာမန်လူထုကိုအခြေ
ခံသော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရုံမျှဖြင့် မလုံလောက်နိုင်ပေ။
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် (ဖက်ဒရယ်ယူနစ်) တခုချင်းစီ၏ ပြည်နယ်ဆန္ဒကို ခံယူ၍
အတည်ပြုပြဋ္ဌာန်းခြင်းကို ဆောင်ရွက်ရန် လိုအပ် မည်ဖြစ်ပါသည်။ ထိုကဲ့သို့
အဆင့်ဆင့်သောလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပြီးမှ ရေးဆွဲပြဋ္ဌာန်းသော
ဖွဲ့စည်းပုံအခြေခံဥပဒေ (A Written Constitution) သည်
ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် မရှိမဖြစ် လိုအပ်ပါသည်။ သို့မှသာ ပဋိညာဉ်နှစ်ရပ်ကို
စနစ်တကျပေါင်းစပ်၍ ဖွဲ့စည်းကျင့်သုံးသော ဖက်ဒရယ်ပြည် ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ
ပေါ်ပေါက်နိုင်မည် ဖြစ်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင်
လွတ်လပ်ရေးရရှိသည့်အချိန်မှ ယနေ့အထိ ရေးဆွဲပြဋ္ဌာန်းခဲ့သော ၁၉၄၇
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေတို့သည် ထိုပဋိညာဉ် (၂) ရပ်ကို ပေါင်းစပ်ခြင်းမရှိဘဲ
ပြည်ထောင်စုကြီးကို ထူထောင်ရန် သဘောတူချုပ်ဆိုထားသော "ပင်လုံစာချုပ်"
ကို အမြဲတစေဥပေက္ခာပြုခဲ့ကြပါသည်။ ပြည်ထောင်စုကြီးကို ဖွဲ့စည်းထူထောင်ရန် သဘော
တူချုပ်ဆိုခဲ့သော "ပင်လုံစာချုပ်" ကိုဥပေက္ခာပြု၍
အကောင်အထည်မဖော်သောကြောင့် ထိုဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် "ပြည်ထောင်စု"
အနှစ်သာရကင်းမဲ့ပြီး ပြည်ထောင်စုစိတ်ဓာတ်နှင့် ပင်လုံစိတ်ဓာတ် တို့သည်
ဤတိုင်းပြည်တွင် ရှင်သန်ခွင့် မရရှိနိုင်ခဲ့ပေ။ ထို့ကြောင့်
"ပင်လုံစာချုပ်" ချုပ်ဆိုခဲ့စဉ်က အခြေခံ ယုံကြည်ချက်နှင့်
မျှော်လင့်ချက်များဖြစ်ကြသော "ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့်
ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်" အခွင့်အရေးများ အပြည့်အဝရှိသည့်
စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး အတွက် နှစ်ပေါင်း (၇၀) ကျော်
လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေရခြင်းဖြစ်ပါသည်။ ယခုအခါ
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသာမက၊ ပြည်ထောင်စုဘွားတိုင်းရင်းသားလူမျိုး
ပေါင်းစုံမှ ပြည်သူလူထုတရပ်လုံးက နွေဦးတော်လှန်ရေးဖြင့်
ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကို တညီတညွတ်တည်း တောင်းဆိုနေကြပါသည်။
၂။ ပြည်ထောင်စုအချုပ်အခြာအာဏာ
ဖွဲ့စည်းပုံအခြေခံဥပဒေ၏အရေးကြီးသော
ဒုတိယအင်္ဂါရပ်မှာ "အချုပ်အခြာအာဏာ"ကို မည်သူ ကပိုင်ဆိုင်၍
မည်သို့မည်ပုံ ကျင့်သုံးသည်ဟူသော နိုင်ငံရေးအာဏာ
ကျင့်သုံးခြင်းဆိုင်ရာကိစ္စရပ်များကို တိကျစွာ ရေးဆွဲပြဋ္ဌာန်းခြင်း ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံရေးသမိုင်းတွင်
"အချုပ်အခြာအာဏာ" ပိုင်ဆိုင်ခြင်းနှင့် ကျင့်သုံးခြင်းဆိုင်ရာပြဿနာ
များသည် ကြီးမားသောနိုင်ငံရေးမောင်းနှင်အား ဖြစ်ခဲ့ပါသည်။
သက်ဦးဆံပိုင်ဘုရင်စနစ်တွင် ရှင်ဘုရင်တို့၏ အာဏာသည်အကြွင်းမဲ့ဖြစ်သည်။ ထို့ကြောင့်
ထိုခေတ်တွင်အချုပ်အခြာအာဏာကို ရှင်ဘုရင်က အကြွင်းမဲ့ ပိုင်ဆိုင်၍ အကြွင်းမဲ့ကျင့်သုံးပိုင်ခွင့်ရှိသည်ဟု
ယုံကြည်ကျင့်သုံးခဲ့ကြပါသည်။ အချုပ်အခြာအာဏာသည် အကြွင်းမဲ့ဖြစ်သောကြောင့်
ပိုင်းခြားကျင့်သုံး၍လည်း မရ၊ ခွဲဝေကျင့်သုံး၍လည်း မရရှိနိုင်ခဲ့ပေ။
သက်ဦးဆံပိုင်ဘုရင်စနစ်၏
အကြွင်းမဲ့အာဏာကို ပထမဦးဆုံး စိန်ခေါ်ပြောင်းလဲစေခဲ့သောအရာ သည်- ၁၂၁၅ ခုနှစ်တွင်
လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သော မက္ကနာကာတာ (Magna Carta) ဖြစ်ပါသည်။ Magna Carta ၏ မူရင်းဆိုလိုချက်မှာ
ရှင်ဘုရင်အပါအဝင် အုပ်စိုးသူအစိုးရက အပြစ်မဲ့နိုင်ငံသားပြည်သူ များကို
တရားဥပဒေနှင့် ဆန့်ကျင်၍ (ဝါ) တရားဥပဒေဘောင်ကိုကျော်၍ ဖမ်းဆီးချုပ်နှောင်ခြင်း၊
အပြစ် ပေးခြင်း အထူးသဖြင့် သေဒဏ်ပေးခြင်း မပြုရ။ ပြစ်မှုကျူးလွန်သူများကို
တရားဥပဒေနှင့်အညီ၊ တရားရုံး က တရားသဖြင့် စီရင်ခြင်း၊ ပြစ်မှုကျူးလွန်သည်ဟု
ထင်ရှားပါက ပြစ်ဒဏ်ခတ်ခြင်းကို ပြုလုပ်ရမည်။ တရားရုံးက တရားဥပဒေနှင့်အညီ
တရားစီရင်ခြင်းမပြုဘဲ၊ ရှင်ဘုရင်က သူ့ဆန္ဒအလျောက် နိုင်ငံသားများ ကို
အပြစ်ပေးခြင်း၊ ဒဏ်ခတ်ခြင်း၊ ပစ္စည်းဥစ္စာသိမ်းယူခြင်း စသည်တို့ မပြုလုပ်ရဟု
ရှင်ဘုရင်၏အကြွင်းမဲ့ အာဏာကို ပထမဦးဆုံးကန့်သတ်နိုင်ခဲ့ပါသည်။ တနည်းအားဖြင့်ဆိုပါက
အချုပ်အခြာအာဏာ၏ခက်မ သုံးဖြာဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့်
တရားစီရင်ရေးအာဏာတို့အနက် တရား စီရင်ရေးအာဏာကို Magna Carta ဖြင့်
ရှင်ဘုရင်လက်ထဲမှ လူထုက ရယူပိုင်ဆိုင်ခြင်း စတင်နိုင်ခဲ့ပါသည်။
ခရစ်သက္ကရစ် ၁၂၁၅ ခုနှစ်တွင် Magna
Carta ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံတွင် The
Petition Rights ကို ၁၆၂၈ ခုနှစ်တွင်လည်းကောင်း၊ Bill of
Rights ကို ၁၆၈၉ ခုနှစ်တွင်လည်း ကောင်း အသီးသီး
ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ထို့အပြင် ပြင်သစ်တော်လှန်ရေးကြီးတွင် "Declaration
of the Rights of Man and of Citizen” ကို ၁၇၈၉ ခုနှစ်တွင်
ထုတ်ပြန်ကြေညာနိုင်ခဲ့ပါသည်။ ဤသို့ဖြင့် "အချုပ် အခြာအာဏာ" သည်
ရှင်ဘုရင်က အကြွင်းမဲ့ပိုင်ဆိုင်ထားသောသက်ဦးဆံပိုင်အာဏာမဟုတ်၊ ပြည်သူလူထု ထံမှ
ဆင်းသက်သောအာဏာဖြစ်သည်ဆိုသည့် အတွေးအခေါ်ကို ကမ္ဘာ့နိုင်ငံအသီးသီးက တဖြည်းဖြည်း
လက်ခံကျင့်သုံးလာခဲ့ကြပါသည်။ ၁၇၇၆ ခုနှစ်တွင် အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်း
ထုတ်ပြန် ကြေညာပြီး၊ ၁၇၈၇ ခုနှစ်တွင် ဖက်ဒရယ်စနစ်အရ
အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ရေး ဆွဲပြဋ္ဌာန်းသောအခါ
အချုပ်အခြာအာဏာ၏ခက်မသုံးဖြာဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့်
တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားကျင့်သုံးခြင်း (Separation of Power) အပြင်၊ ပြည် ထောင်စုနှင့် ပြည်နယ်များအကြား ခွဲဝေကျင့်သုံးခြင်း (Division
of Power) ကိုပါ တွဲဖက်ကျင့်သုံးလာနိုင်ခဲ့ ပါသည်။ ထိုကဲ့သို့
အချုပ်အခြာအာဏာကို ပိုင်းခြားကျင့်သုံးခြင်းအပြင် ခွဲဝေကျင့်သုံးကိုပါ ဖက်ဒရယ်စနစ်
အရ အကောင်အထည်ဖော်ကျင့်သုံးနိုင်ခဲ့ခြင်းကြောင့် "အချုပ်အခြာအာဏာသည်
နိုင်ငံသားတို့ထံမှာ ဆင်း သက်" သည်ဆိုသော "Popular Sovereign” တခုတည်းဖြင့် အဓိပ္ပာယ်ဖွင့်ဆိုခြင်း မပြုတော့ဘဲ "အချုပ် အခြာအာဏာသည်
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ထိုပြည်နယ်များအတွင်းရှိ ပြည်သူလူထုထံမှ
ဆင်းသက်သည်" ဆိုသည့်ပိုမိုကျယ်ပြန့်ပြည့်စုံသောအဓိပ္ပာယ်ဖွင့်ဆိုချက်ကို
ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ရေးရသည့်အချိန်မှ
ယနေ့တိုင်ရေးဆွဲပြဋ္ဌာန်းကျင့်သုံးခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုစလုံးကို
"ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ" ဟု မခေါ်ဘဲ
"နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ" ဟု ခေါ်တွင်ခဲ့ကြသည့်အပြင်
ထိုဖွဲ့စည်းပုံအခြေခံဥပဒေများ၏ပြဋ္ဌာန်းချက်အရ "အချုပ်အခြာအာဏာ" ကို
"ပြည်ထောင်စုအချုပ်အခြာအာဏာ" ဟု မခေါ်ဘဲ
"နိုင်ငံတော်အချုပ်အခြာအာဏာ" ဟု ခေါ်ဆိုခဲ့ကြပါ သည်။
"နိုင်ငံတော်" ဟူသောစကားကို သုံးစွဲခဲ့ခြင်းကြောင့် ဤတိုင်းပြည်သည်
ဖက်ဒရယ်စနစ်အရ ဖွဲ့စည်း ထားသောပြည်ထောင်စုစနစ်လား၊
"အမျိုး-ဘာသာ-သာသနာ"ကို အခြေခံ၍ဖွဲ့စည်းထားသော "အမျိုးသား
နိုင်ငံတော်" လားဆိုသည့်အချက် မရှင်းလင်းခဲ့ပေ။ ထိုကဲ့သို့
မရှင်းလင်းသောစကားလုံးများကို အသုံးပြုပြီး "နိုင်ငံတော်အချုပ်အခြာအာဏာ"
ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင်လည်း "အမျိုး- ဘာသာ- သာသနာ" ကို အခြေခံသောအမျိုးသားနိုင်ငံတော်တွင်
အချုပ်အခြာအာဏာကိုအဓိပ္ပာယ်ဖွင့်ဆိုသည့်နည်းတူ "ပြည်ထောင် စု" ကို
"နိုင်ငံတော်" ဟု ခေါ်ဆိုပြီး၊ နိုင်ငံတော်အတွင်းရှိ
"နိုင်ငံသား" ဟူသောနာမ်စားအောက်တွင် ဤတိုင်း ပြည်၌
လူမျိုးတမျိုးတည်းသာရှိသကဲ့သို့ ကျင့်ကြံခဲ့ကြပါသည်။ ဤသို့ဖြင့်
မဟာလူမျိုးကြီးဝါဒီ စစ်အုပ်စုက "နိုင်ငံတော်" နှင့်
"နိုင်ငံတော်အချုပ်အခြာအာဏာ" ကို လူမျိုးတမျိုးတည်းက ပိုင်ဆိုင်သယောင်
ဗဟိုမှချုပ် ကိုင်၍ တိုင်းပြည်ကိုလည်း နှစ်ပေါင်း (၇၀) ကျော် အုပ်ချုပ်ကာ
မင်းလုပ်နိုင်ခဲ့ကြပါသည်။
ဤသို့ဖြင့် "နိုင်ငံတော်"
နှင့် "နိုင်ငံတော်အချုပ်အခြာအာဏာ" တို့သည် ဗမာမဟုတ်သော တိုင်းရင်း
သားလူမျိုးများနှင့် သက်ဆိုင်ခြင်းလည်း မရှိ၊ ကျင့်သုံးပိုင်ခွင့်လည်းမရှိသော
နိုင်ငံရေးယန္တရားနှင့် နိုင်ငံရေး အာဏာစက်များ ဖြစ်သွားခဲ့ကြပါသည်။ ထို့ကြောင့်
ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်းတွင် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား
အာဏာခွဲဝေကျင့်သုံးခြင်း တခါဖူးမျှ မရှိခဲ့ပေ။ လူမျိုးပေါင်းစုံ ရောနှောနေထိုင်သော
တိုင်းပြည်တွင် လူမျိုးတမျိုးတည်းကသာ အချုပ်အခြာအာဏာကို ကိုင်တွယ်ထိန်းသိမ်း
ကျင့်သုံးခဲ့သော ကြောင့်၊ ပြည်ထောင်စုနှင့်ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်း
မဆိုထားဘိ၊ အာဏာပိုင်းခြား ကျင့်သုံးခြင်းကိုလည်း အပြည့်အဝ
အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် လွတ်လပ်ရေးရ သည့်အချိန်မှ
ယနေ့ထိတိုင် အဆက်ဆက်သောအစိုးရတို့၏ လုပ်ပိုင်ခွင့်အာဏာများကို
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေများက စနစ်တကျကန့်သတ်နိုင်ခြင်းလည်း မရှိ၊
ထိန်းချုပ်နိုင်ခြင်းလည်း မရှိခဲ့ပေ။ အကြောင်း မှာ- ၁၉၇၄
ဖွဲ့စည်းပုံအခြေခံဥပဒေ၏အပေါ်တွင် မ.ဆ.လ တစ်ပါတီအာဏာရှင်စနစ်ရှိပြီး။ ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်တွင် စစ်တပ်ရှိနေခဲ့သောကြောင့်
ထိုဖွဲ့စည်းပုံအခြေခံဥပဒေများသည် စစ်အာဏာရှင် များကို အကာအကွယ်ပေးသော
ဖွဲ့စည်းပုံအခြေခံဥပဒေများသာဖြစ်ခဲ့ကြပါသည်။ ဤသို့ဖြင့် အာဏာရှင် များ
ရေးဆွဲပြဋ္ဌာန်းခဲ့သမျှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများသည် လူထု၏
မူလအခွင့်အရေးနှင့် ရပိုင် ခွင့်များကို အကာအကွယ်ပေးသည့် ယန္တရားဖြစ်မလာဘဲ လူထုကို
ဖိနှိပ်ချုပ်ချယ်၍ ညှင်းပန်းနှိပ်စက်ရာ တွင် အသုံးချသော အာဏာရှင်များ၏
ယန္တရားဖြစ်သွားခဲ့ပါသည်။
၃။ မူလအခွင့်အရေးနှင့် ရပိုင်ခွင့်များ
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းရခြင်း၏
အဓိကရည်ရွယ်ချက်သည် တိုင်းသူပြည်သားများ၏ မူလ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို
အပြည့်အဝကာကွယ်ပြဋ္ဌာန်းပေးရေးပင် ဖြစ်ပါသည်။ လူမျိုးတမျိုး တည်းရှိ၍
ဘာသာစကားတမျိုးတည်းကိုသာ သုံးစွဲသောအမျိုးသားနိုင်ငံများတွင် မူလအခွင့်အရေးနှင့်
ရပိုင်ခွင့်များသည် လူသားတဦးချင်းစီက ရရှိပိုင်ဆိုင်ခွင့်ရှိသော
"တသီးပုဂ္ဂလအခွင့်အရေးများ" (Individual Rights) ဖြင့် လုံလောက်ပါသည်။ သို့ရာတွင် လူမျိုးပေါင်းစုံရောနှောနေထိုင်၍
ဖက်ဒရယ်စနစ်ကို ကျင့်သုံး သောပြည်ထောင်စုနိုင်ငံတွင် မူလအခွင့်အရေးနှင့်
ရပိုင်ခွင့်များကို "တသီးပုဂ္ဂလအခွင့်အရေး" တမျိုးတည်း ဖြင့်
မလုံလောက်ပေ။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က လူမျိုးအလိုက်
ရရှိပိုင်ဆိုင်ခွင့်ရှိသော လူမျိုးရေး ဆိုင်ရာစုပေါင်းအခွင့်အရေးများကိုလည်း
ကာကွယ်ပြဋ္ဌာန်းပေးရန် လိုအပ်မည်ဖြစ်ပါသည်။ စစ်မှန်သော ပြည်ထောင်စုစနစ်ကို
ကျင့်သုံး၍ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံ
ချက်ပေးထားသော ပြည်ထောင်စုစနစ်တွင် တိုင်းရင်းသားလူမျိုးများ၏ လူမျိုးရေးဆိုင်ရာ
စုပေါင်းအခွင့် အရေးများကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဓိကထား၍
ရေးဆွဲပြဋ္ဌာန်းပြီး နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော
တသီးပုဂ္ဂလအခွင့်အရေးများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဓိကထား၍
ရေးဆွဲပြဋ္ဌာန်းလေ့ရှိပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်
မရမကကာကွယ်ပြဋ္ဌာန်းပေးရမည့် မူလအခွင့်အရေးနှင့် ရပိုင်ခွင့်များ အနက်
လူသားတဦးချင်းစီ ခံစားပိုင်ဆိုင်ခွင့်ရှိသော တသီးပုဂ္ဂလအခွင့်အရေး (Individual
Rights) တွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ
ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ အသက်မွေးဝမ်း ကျောင်းပိုင်ခွင့်၊ မြေယာအပါအဝင်
ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ လူသားပီသစွာဖြင့် အသက်ရှင်ရပ်တည်ပိုင်ခွင့် တို့
ပါဝင်ပေသည်။ ထို့အပြင် နိုင်ငံသားတဦးအနေဖြင့် မိမိပိုင်ဆိုင်ထားသောအချုပ်အခြာအာဏာကို
ကျင့် သုံး၍ မိမိ၏ကိုယ်စားလှယ်က လွတ်လပ်စွာ မဲပေးရွေးချယ်ပိုင်ခွင့်၊
မိမိကိုယ်တိုင် တိုင်းပြည်၏တာဝန်ကို ထမ်းဆောင်ရန်
အရွေးချယ်ခံယူပိုင်ခွင့်များအပါအဝင် နိုင်ငံသားများ၏ ခံစားပိုင်ခွင့်နှင့်
တာဝန်ယူပိုင်ခွင့်တို့ ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ကာကွယ်ပြဋ္ဌာန်းပေးရမည်။
လူသားတိုင်း မည်သည့်ပုဂ္ဂိုလ်၊
မည်သည့်အဖွဲ့အစည်း၊ မည်သည့်အစိုးရကမျှ မပေးအပ်နိုင်သော (သို့တည်းမဟုတ်)
မရုပ်သိမ်းနိုင်သော မွေးရာပါအခွင့်အရေးများ ရှိကြသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံး
သော တိုင်းပြည်များတွင် ထိုအခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်
အတိအကျပြဋ္ဌာန်း၍ကာကွယ် ပေးထားပါသည်။ ထိုမူလအခွင့်အရေးများကို
အကာအကွယ်ပေးသည့်စနစ်အား အကြမ်းအားဖြင့် (၂) မျိုး ခွဲခြားထားနိုင်ပါသည်။
ပထမတမျိုးမှာ- အစိုးရကို "မလုပ်ရ" ဟု ထိန်းချုပ်ကန့်သတ်ထားသောအခွင့်
အရေးများကို ကာကွယ်သည့်နည်းစနစ်ဖြစ်၍ အခြားတမျိုးမှာ- အစိုးရက "လုပ်ကို
လုပ်ပေးရမည်" ဟု အမိန့်သဖွယ်ပေးအပ်ထားသော အခွင့်အရေးများကို
ကာကွယ်ပေးသည့်နည်းစနစ်ဖြစ်သည်။
အခွင့်အရေးများကို အကာအကွယ်ပေးသည့်
ပထမနည်းစနစ်သည် အစိုးရက ပြည်သူလူထု ၏အခွင့်အရေးများကို နှောင့်ယှက်ဟန့်တားခြင်း
မရှိရလေအောင် အစိုးရကို တရားဥပဒေဖြင့် ကန့်သတ် ထားသော "အခွင့်အရေး"
များကို ကာကွယ်သည့်နည်းစနစ်ဖြစ်သည်။ ဥပမာ- ပြည်သူလူထု၏ လွတ်လပ် စွာ
ရေးသားပြောဆိုခွင့်နှင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်စသည်တို့ကို အစိုးရက
ပိတ်ပင်တားဆီး ခြင်းမပြုရ... စသည့်အခွင့်အရေးများဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
လူထု၏အခွင့်အရေးကို အကာအကွယ်ပေးသော ဒုတိယနည်းလမ်းမှာ အစိုးရကို မလုပ်မနေ
လုပ်ရမည်ဟု အမိန့်သဖွယ်ပေးအပ် ထားသောအခွင့်အရေးဖြစ်သည်။ ယင်းကို "Affirmative
Rights" ဟု ခေါ်သည်။ Affirmative Rights တွင်
တိုင်းရင်းသားလူမျိုးများ၏စာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာစကား ကာကွယ်ထိန်းသိမ်းမြှင့်တင်ပေးရမည်ဟူ
သောအခွင့်အရေး၊ လူ့အဖွဲ့အစည်းတခုခုတွင်သော်လည်းကောင်း၊
အလွှာတရပ်ရပ်တွင်သော်လည်းကောင်း၊ လူနည်းစုများနှင့်
ခေတ်နောက်ကျကျန်ရစ်သည့်အစုအဖွဲ့များကို အထူးဦးစားပေး၍ ဆောင်ရွက်ရမည့်
အစိုးရ၏တာဝန်ဝတ္တရားများနှင့် ထိုသူများ၏အခွင့်အရေးများကို
အကာအကွယ်ပေးခြင်းစနစ်ကို ဆိုလို၏။
မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင်မျှ
"ရုပ်သိမ်းပိုင်ခွင့်မရှိသော" နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခြင်းသည် အစိုးရ၏လုပ်ပိုင်ခွင့်အာဏာ
များကို ဘောင်ခတ်ကန့်သတ်ရာတွင် အထိရောက်ဆုံးနိုင်ငံရေးယန္တရားတခု ဖြစ်ပါသည်။
၄။ ပြည်ထောင်စု၏ အခြေခံမူများ
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းရာတွင်
အရေးကြီးသော ဂုဏ်အင်္ဂါရပ်တခုမှာ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေ၏ "အခြေခံမူ"
များပင် ဖြစ်ပါသည်။ ထိုအခြေခံမူသည် တိုင်းပြည်တခု၏ ဖွဲ့စည်းတည် ဆောက်မှုပုံသဏ္ဌာန်သာမက၊
ထိုနိုင်ငံက ရွေးချယ်ထားသော နိုင်ငံရေးစနစ်ကိုလည်း ဖော်ညွှန်းထားပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ "အခြေခံမူ" ကိုလေ့လာခြင်းအားဖြင့် ထိုနိုင်ငံသည်
ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ် စနစ်၊ ဒီမိုကရေစီစနစ်စသည့် နိုင်ငံရေးဝါဒတခုခုအပေါ်
အခြေခံသော တိုင်းနိုင်ငံဖြစ်သည်၊ သို့မဟုတ် ဘာသာရေးကို အခြေခံသောနိုင်ငံဖြစ်သည်၊
သို့မဟုတ် လွတ်လပ်မှုနှင့် ငြိမ်းချမ်းရေးကို ဦးထိပ်ထားသော နိုင်ငံဖြစ်သည် စသည်ဖြင့် စနစ်ကို အခြေခံ၍
ခွဲခြမ်းစိတ်ဖြာနိုင်ပါသည်။ ဥပမာ- ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၁၉၆၁ ခုနှစ်တွင်
ပြင်ဆင်ပြဋ္ဌာန်းပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို နိုင်ငံ
တော်ဘာသာအဖြစ်ပြဋ္ဌာန်းသော ဘာသာရေးကို အခြေခံသည့်နိုင်ငံတခု ဖြစ်သည်ဟူ၍လည်းကောင်း၊
၁၉၇၄ တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်ခြင်းအားဖြင့်
ဆိုရှယ်လစ်စနစ်ကို အခြေ ခံသော တပါတီအာဏာရှင်စနစ်ဖြစ်သည်ဟူ၍လည်းကောင်း၊ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူ နံပါတ် (၆) ကိုကြည့်ခြင်းအားဖြင့်
စစ်အာဏာရှင်စနစ်ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အခိုင်အခံ့
ကာကွယ်ပြဋ္ဌာန်းထားသည့်နိုင်ငံဖြစ်သည်ဟူ၍လည်းကောင်း သိရှိနားလည်နိုင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ "အခြေခံမူ"
များသည် ဖွဲ့စည်းပုံအခြေခံဥပဒေတခုလုံး၏ "အခြေခံ ပုဒ်မ" (Principle
Articles) များ ဖြစ်ပါသည်။ ထိုအခြေခံပုဒ်မများကို မူတည်၍
ဖွဲ့စည်းပုံတခုလုံးတွင် ပါရှိ သည့် "အကျိုးသက်ရောက်မှုရှိသောပုဒ်မများ"
(Operative Articles) များကို ရေးသားပြဋ္ဌာန်းရမည်ဖြစ်ပါ
သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ "အခြေခံမူများ" ကို
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပထမအခန်း တွင် အမြဲတစေ ရေးဆွဲပြဋ္ဌာန်းလေ့ရှိပါသည်။
မိမိတို့အသစ်ရေးဆွဲပြဋ္ဌာန်းမည့်
ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ၏ "ပြည်ထောင်စု အခြေခံမူ"
များသည် သက္ကရာဇ် ၂၀၂၁၊ မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော "ဖက်ဒရယ်
ဒီမိုကရေစီပဋိညာဉ်" ကို အခြေခံ၍
"အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ" (NUCC)
က ပြင်ဆင် ရေးသားပြဋ္ဌာန်းသော "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်
အစိတ်အပိုင်း (၁)၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုကြေညာစာတမ်း" ကို
အခြေခံသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် မကြာတော့သောအနာဂတ်တွင်
မိမိတို့ရေးဆွဲပြဋ္ဌာန်းမည့် "ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ
အခြေခံဥပဒေ" ၏ "ပြည်ထောင်စုအခြေခံမူ" သည် ထိုပဋိညာဉ်တွင် ပါရှိသည့်
"ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူ"
(၅) ရပ်ကို အခြေခံသွားမည်ဖြစ်ပါသည်။ ယင်းတို့မှာ-
(၁) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့်
ယင်းပြည်နယ်များအတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်ကြသည်။
(၂) ဖက်ဒရယ်ပြည်ထောင်စုကို တန်းတူရေးနှင့်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖြင့် ဖွဲ့စည်းသည်။
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အားလုံး (ဖက်ဒရယ်ယူနစ်အားလုံး) တို့သည် နိုင်ငံရေးရ တန်းတူသည်။
(၃) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည်
သက်ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့်ရှိသည်။
(၄) အာဏာခွဲဝေမှု (Power
Sharing)၊ သယံဇာတခွဲဝေမှု (Revenue Sharing)
နှင့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ် (Fiscal
Federalism) တို့ကို ကျင့်သုံးသည်။ ထိုသို့ခွဲဝေရာတွင်
ပြည်သူလူထုနှင့် အနီးကပ်ဆုံး
အစိုးရအဆင့်လုပ်ဆောင်နိုင်သည်အထိ လုပ်ပိုင်ခွင့်ပြုသောစနစ် (Subsidiary
Principle) ကို ကျင့်သုံးသည်။
(၅) ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့်
ကာကွယ်ရေးဆိုင်ရာတပ်ဖွဲ့များ အားလုံးသည် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော
အရပ်သားအစိုးရ၏ကွပ်ကဲမှုနှင့်စီမံအုပ်ချုပ်မှုအောက်တွင် ရှိရမည်။ လူသားလုံခြုံရေးကို အခြေခံသည့်မူဝါဒကို
ကျင့်သုံးရမည်။
၅။ အစိုးရဖွဲ့စည်းမှု ပုံသဏ္ဌာန် (Form of Government)
ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ
ရေးဆွဲပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်ထဲတွင် အစိုးရ၏လုပ်ပိုင်ခွင့်နှင့်အာဏာများကို
စနစ်တကျဘောင်ခတ်ကန့်သတ်၍ ထိန်းချုပ်သွားရေးလည်းပါရှိပေ သည်။
ဖက်ဒရယ်ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြကုန်သော
တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ကပိုင်ဆိုင်သည့် ပြည်ထောင်စုအချုပ်အခြာအာဏာကို
ပြည်သူလူထုကိုယ်စား ကိုင်တွယ်ကျင့်သုံးခွင့်ရှိသော အစိုးရအနေဖြင့်
အာဏာအလွဲသုံးစားခြင်းမပြုရလေအောင် ရေးဆွဲပြဋ္ဌာန်းသောပြည်ထောင်စု၏အမြင့်ဆုံး
ဥပဒေဖြင့် အစိုးရ၏လုပ်ပိုင်ခွင့်အာဏာများကို ပြန်လည်ကန့်သတ်ထိန်းချုပ်ရန်
လိုအပ်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းတွင်
အစိုးရ၏အာဏာနှင့်လုပ်ပိုင်ခွင့်များကို စနစ်တကျကန့်သတ် ထိန်းချုပ်ရန်
"အစိုးရဖွဲ့စည်းမှုပုံသဏ္ဌာန်" (Form of Government) ကို အခန်းတခန်းအဖြစ် အမြဲတမ်းဖော်ပြထားခြင်း ဖြစ်ပါသည်။
အစိုးရဖွဲ့စည်းမှုပုံသဏ္ဌာန်သည်
"ပြည်ထောင်စုအခြေခံမူ" များကို တိုက်ရိုက်အကောင်အထည် ဖော်ခြင်း
ဖြစ်ပါသည်။ ထို့ကြောင့် ထိုတိုင်းပြည်တွင် လက်ခံကျင့်သုံးနေသော
အစိုးရဖွဲ့စည်းပုံစနစ်ဖြစ် သည်ဟု သာမန်အားဖြင့်နားလည်တတ်ကြပါသည်။ ဤတိုင်းပြည်တွင်
တစ်ပါတီအာဏာရှင်စနစ်ကို ကျင့် သုံးမည်လား။ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးမည်လား။
ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်လား။ သမ္မတစနစ်ကို ကျင့်သုံးမည်လား။
ဝန်ကြီးချုပ်နှင့် သမ္မတစနစ်တို့ကို ရောစပ်ထားသည့် (Semi–
Presidential) စနစ်ကို ကျင့်သုံးမည်လားဟူသောကိစ္စဖြစ်ပါသည်။ ဥပမာ-
၁၉၇၄ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ့လာပါက
အစိုးရဖွဲ့စည်းမှုပုံစံအရ တစ်ပါတီအာဏာရှင်စနစ်ကိုကျင့်သုံးသော နိုင်ငံဖြစ်ကြောင်း
သိရှိနိုင်ပါသည်။ ထိုနည်းတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း စစ်အာဏာ ရှင် စနစ်
တည်ဆောက်ရေးအတွက် ရေးဆွဲပြဋ္ဌာန်းသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ကြောင်း၊
ထိုဖွဲ့စည်းပုံ အခြေခံဥပဒေပါ အစိုးရဖွဲ့စည်းမှုပုံစံကို
ကြည့်ခြင်းအားဖြင့်သိရှိနိုင်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတိုင်းတွင်
အစိုးရဖွဲ့စည်းမှုပုံသဏ္ဌာန်သည် အလွန်အရေးကြီးပါသည်။ တိုင်းပြည်ကို အုပ်ချုပ်မည့်
အစိုးရစနစ်ကို ရွေးချယ်ခြင်းဖြစ်သော ရွေးချယ်မှုမမှားရန်လည်း သတိကြီးစွာထားရပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်
အစိုးရ၏လုပ်ပိုင်ခွင့်အာဏာများကို ကန့်သတ်ထိန်းချုပ်ရာတွင် "အစိုးရ
ဖွဲ့စည်းမှုပုံသဏ္ဌာန်" ဖြင့် အဓိကထားဆောင်ရွက်သောအချက်မှာ
အချုပ်အခြာအာဏာ၏ခက်မသုံးဖြာဖြစ် သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့်
တရားစီရင်ရေးအာဏာများကို ပိုင်းခြားကျင့်သုံးခြင်း (Separation
of Power) ပင် ဖြစ်ပါသည်။ ထို့ကြောင့်
ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် "အစိုးရဖွဲ့စည်း မှုပုံသဏ္ဌာန်" သည်
အုပ်ချုပ်ရေးအာဏာကို ကိုင်စွဲနေသော "အစိုးရအဖွဲ့" ကိုသာ
ညွှန်းဆိုခြင်းမဟုတ်။ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်ရေးအာဏာ (၃)
ရပ်လုံးနှင့်သက်ဆိုင်နေပါသည်။
သက်ဦးဆံပိုင်ဘုရင်စနစ်နှင့်အာဏာရှင်စနစ်တို့တွင်
နိုင်ငံရေးအာဏာ (၃) ရပ်လုံးကို ရှင်ဘုရင်နှင့် အာဏာရှင်တို့၏လက်ထဲတွင် စုပြုံ၍
အပ်နှံထားပါသည်။ တချို့အာဏာရှင်နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အာဏာ (၃)
ရပ်ကို ပိုင်းခြားကျင့်သုံးနေသယောင် ဖော်ပြတတ်သော်လည်း အာဏာရှင်များက
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရေးသားဖော်ပြထားသည့်အတိုင်း မကျင့်သုံးဘဲ
နည်းလမ်းပေါင်းများစွာဖြင့် အာဏာကို ထိန်းချုပ်ထားကြပါသည်။ ဥပမာ-
ကွန်မြူနစ်စနစ်ကို ကျင့်သုံးခဲ့သော ဆိုဗီယက်ယူနီယံဖွဲ့စည်း ပုံအခြေခံဥပဒေတွင်
အာဏာကို ပိုင်းခြားကျင့်သုံးခြင်းကို တိတိကျကျ ဖော်ပြခဲ့သော်လည်း ထိုဖွဲ့စည်းပုံ
အခြေခံဥပဒေအပေါ်တွင် ကွန်မြူနစ်ပါတီကြီးရှိ၍ ကွန်မြူနစ်ပါတီက တနိုင်ငံလုံးကို
လွှမ်းမိုးချုပ်ကိုင်ခဲ့ပါ သည်။ ထို့ကြောင့် ထိုကဲ့သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေက
အစိုးရ၏အာဏာနှင့် လုပ်ပိုင်ခွင့်များကို ဘောင် ခတ်ကန့်သတ်ခြင်း
မပြုလုပ်နိုင်ခဲ့ပေ။
ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအာဏာ
(၃) ရပ်ကို ရှင်းရှင်းလင်းလင်း ပိုင်းခြားကျင့်သုံးပြီး၊ အာဏာ တခုနှင့် တခုအကြား
ချိန်ခွင်လျှာညှိပေးထားပါသည်။ ယင်းကို အာဏာချိန်ခွင်လျှာညှိခြင်း (Check
and Balance) ဟု ခေါ်ပါသည်။ နိုင်ငံရေးအာဏာ (၃) ရပ်စလုံးကို
ချိန်ခွင့်လျှာညှိထားသဖြင့် မည်သည့်နိုင်ငံရေး အာဏာမျှ တခုအပေါ်တခု
လွှမ်းမိုးချယ်လှယ်နိုင်ခြင်းမရှိပေ။ ဤကိစ္စအတွက် အမေရိကန်ပြည်ထောင်စုကို ဥပမာယူ၍
တင်ပြလိုပါသည်။
(၁) လွှတ်တော် (အထက်လွှတ်တော်နှင့်
အောက်လွှတ်တော်) က ဥပဒေပြုသည်။ သို့ရာတွင် ထိုဥပဒေသည် နိုင်ငံတော်အတွက် သင့်မြတ်လျော်ကန်ခြင်း မရှိဟု ယူဆပါက
သမ္မတက ဗီတိုအာဏာဖြင့်ပယ်ချနိုင်ပါသည်။
(၂) သမ္မတက အစိုးရဝန်ကြီးအဖွဲ့များကို
ခန့်ထားနိုင်သည်။ သို့သော် လွှတ်တော်၏အတည်ပြုချက် မရှိဘဲ မည်သူမျှ ဝန်ကြီးမဖြစ်နိုင်ပေ။ နိုင်ငံတော်၏ ထိပ်တန်းရာထူး၊
ဥပမာ- ကာကွယ်ရေးစစ်ဦးစီးချုပ် (Joint
Chief of Staff) ခန့်ထားခြင်းများကိုလည်း လွှတ်တော်အတည်ပြုချက်မရှိဘဲ သမ္မတက မခန့်အပ်နိုင်ပေ။
(၃) သမ္မတက နိုင်ငံတော်တရားရုံးချုပ်တွင်
တာဝန်ထမ်းဆောင်မည့် တရားလွှတ်တော်ချုပ်တရားသူကြီးများကိုခန့်အပ်သည်။
သို့သော် လွှတ်တော်က အတည်ပြုမှသာ တရားလွှတ်တော်ချုပ်တရားသူကြီးများ (Supreme Court Judges) များကိုခန့်အပ်ထားခြင်းက တရားဝင်နိုင်သည်။
(၄) လွှတ်တော်က ဥပဒေပြုနိုင်သည်။ သို့သော်
တရားလွှတ်တော်ချုပ် (Supreme Court) က နိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟု ယူဆပါက
ပယ်ချနိုင်သည်။
အစိုးရဖွဲ့စည်းမှုပုံသဏ္ဌာန်သည်
အချုပ်အခြာအာဏာ၏ ခက်မ (၃) ဖြာဖြစ်သော ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့်
တရားစီရင်ရေးအာဏာတို့ကိုကိုင်တွယ်ကျင့်သုံးသော လွှတ်တော်၊ အစိုးရ နှင့်
တရားရုံးတို့က နိုင်ငံတော်နှင့် ပြည်သူလူထုတရပ်လုံးအပေါ် တာဝန်ခံခြင်းနှင့်
တာဝန်ယူခြင်း ရှိ-မရှိ၊ ယင်းတို့၏လုပ်ငန်းဆောင်ရွက်ချက်များ ပွင့်လင်းမြင်သာမှု
ရှိ-မရှိဟူသော အချက်ကိုလည်း ပေါ်လွင်ထင် ရှားစေရမည်။
တစ်ပြည်ထောင်စုစနစ်ကျင့်သုံး၍
လူမျိုးတမျိုးတည်းသာရှိသောအမျိုးသားနိုင်ငံများတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
အစိုးရ၏အာဏာနှင့် လုပ်ပိုင်ခွင့်ကို ကန့်သတ်ထိန်းချုပ်ရာ အာဏာ (၃) ရပ်ကို
ပိုင်းခြား ကျင့်သုံးခြင်းဖြင့် လုံလောက်ပါသော်လည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးသော
ပြည်ထောင်စုစနစ်တွင် အာဏာပိုင်းခြားကျင့်သုံးခြင်း (Separation
of Power) တခုတည်းဖြင့် မလုံလောက်ပေ။ ပြည်ထောင်စုနှင့်
ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်း (Division of Power) လည်း လိုအပ်ပါသည်။ ယင်းကို ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်တွင်
ဆက်လက်လေ့လာသွားမည်ဖြစ်ပါသည်။
၆။ ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန် (Form of Federal Union)
ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန် (Form
of Federal Union) သည် ဖက်ဒရယ်စနစ်ကို ကျင့် သုံးသော
ပြည်ထောင်စုစနစ်တွင် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်
ပြည်နယ်များဖွဲ့စည်းတည်ဆောက်မှုနှင့် ပတ်သက်သည့်ကိစ္စရပ်ပင်ဖြစ်ပါသည်။
ဖက်ဒရယ်ပြည်ထောင်စုအတွင်း အဖွဲ့ဝင်ပြည်နယ်ကို မည်သို့ ဖွဲ့စည်းထူထောင်မည်နည်း။
ပြည်နယ်အရေအတွက် မည်မျှဖြင့် ဖွဲ့စည်းထူထောင်မည်နည်း။ ပြည်ထောင်စု
အဖွဲ့ဝင်ပြည်နယ်များကို လူမျိုးကို အခြေခံ၍ ဖွဲ့စည်းမည်လား။ သို့မဟုတ် နယ်မြေ
(ပထဝီ) ကို အခြေခံ၍ ဖွဲ့စည်းမည်လား။ သို့မဟုတ် ပြည်ထောင်စု၏
ထူးခြားသောသမိုင်းကြောင်းနှင့် ပထဝီအခြေအနေတို့ကြောင့် လူမျိုးကိုအခြေခံသော
ပြည်နယ်များနှင့် ပထဝီကိုအခြေခံသောပြည်နယ် နှစ်မျိုးလုံးကို ပေါင်းစပ်ကာ
ဖွဲ့စည်းမည်လားဆိုသော ကိစ္စရပ်များ ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်ဖြင့်
ဖော်ပြဖြေရှင်းလေ့ရှိပါသည်။
ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်၏
အရေးကြီးသောအခြားကိစ္စရပ်တခုမှာ- ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အားလုံးကို တန်းတူသောနိုင်ငံရေးအာဏာ
အပ်နှင်းသည့် "အချိုးညီဖက်ဒရယ်စနစ်" (Symmetry Federal
System) နှင့် ကျင့်သုံးမည်လား။ တချို့ပြည်နယ်များကို အာဏာပိုပေး၍
တချို့ပြည်နယ်များကို အာဏာလျှော့ပေးသော "အချိုးမညီဖက်ဒရယ်စနစ်" (Asymmetry
Federal System) နှင့်ကျင့်သုံးမည် လားဆိုသောကိစ္စရပ်များကို
ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန် (Form of Federal Union) ဖြင့်
အဆုံး အဖြတ်ပေးရပါသည်။ ထိုကဲ့သို့ ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်ဖြင့်
ပြည်ထောင်စုဖွဲ့စည်းပုံကို စနစ်တကျ ပြဋ္ဌာန်းနိုင်မှသာ ပြည်ထောင်စုနှင့်
ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်း (Division of Power) ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင်
လွတ်လပ်ရေးရရှိသည့်အချိန်မှစ၍ ယနေ့တိုင် "ပြည်ထောင်စုဖွဲ့စည်း
မှုပုံသဏ္ဌာန်" ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်ပြဿနာကို မဖြေ ရှင်းနိုင်သောကြောင့်
ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေခြင်းကိုလည်း ဖက်ဒရယ်ပြည်
ထောင်စုစနစ်နှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ဖွဲ့စည်းခဲ့သော ပြည်ထောင်စုသည် "အချိုးမညီပြည်ထောင်စု" (Asymmetry
Federalism) ဖြစ်ခဲ့ပါသည်။ ယခင်မြန်မာ မင်းများ၏ပိုင်နက်အားလုံးကို
"ပြည်မ" ဟုခေါ်ဆို၍ ထို "ပြည်မ" ကြီးကို
ပြည်ထောင်စုအာဏာတခုလုံး ပုံအပ်ပေးခဲ့ပါသည်။ ထို့အပြင်
အခြားပြည်ထောင်စုအဖွဲ့ဝင်များနှင့်တိုင်းများ (ချင်းဝိသေသတိုင်းနှင့် ရခိုင်
တိုင်း) တို့ကို နိုင်ငံရေးအာဏာ အပြည့်အဝအပ်နှင်းခြင်း မရှိခဲ့ချေ။ ပြည်နယ်နှင့်
တိုင်းအကြားတွင်လည်း အာဏာအပ်နှင်းပုံချင်း မတူခဲ့ပေ။ ထို့ကြောင့် ၁၉၄၇
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထူထောင်ခဲ့သော ပြည်ထောင်စုသည် အမည်နာမအားဖြင့်သာ
"ပြည်ထောင်စု" ဟုခေါ်သော်လည်း လက်တွေ့ကျင့်သုံးပုံအရ တစ်ပြည်ထောင် (Unitary
State) မျှသာ ဖြစ်ခဲ့ပါသည်။ ယင်းကို Asymmetry Federalism ဟု ကင်ပွန်း တပ်၍ ရမည်မဟုတ်ပေ။ ထို့ထက်ပို၍ဆိုးပါသည်။ ထို့ကြောင့်
ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို "ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ"
ဟုမခေါ်ဘဲ "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ" ဟုခေါ်တွင်ခြင်း
ဖြစ်ဟန်တူသည်။
၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေများသည်လည်း "ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ"
များ မဟုတ်ကြပေ။ "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ"
ဟုခေါ်ဝေါ်ခဲ့ကြပါသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေများအရ
ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်ကို ဗမာမဟုတ်သော တိုင်းရင်းသားလူ
မျိုးများနေထိုင်ရာဒေသ (၇) ခုကို ပြည်နယ်များဟု ခေါ်တွင်ပြီး ဗမာအများစုနှင့်
အခြားတိုင်းရင်းသားလူမျိုး များ စုပေါင်းနေထိုင်ရာဒေသများကို ၁၉၇၄
ဖွဲ့စည်းပုံအခြေခံဥပဒေအရ "တိုင်း" ဟု ခေါ်ဆိုပြီး ၂၀၀၈ ဖွဲ့စည်း
ပုံအခြေခံဥပဒေအရ "တိုင်းဒေသကြီး" များဟု ခေါ်တွင်ခဲ့ပါသည်။ ထိုပြည်နယ်
(၇) ခုနှင့် တိုင်း (ဝါ) တိုင်း ဒေသကြီး (၇) ခုကို နိုင်ငံရေးအာဏာများ
တန်းတူရည်တူအပ်နှင်းခဲ့သောကြောင့် "အချိုးမညီဖက်ဒရယ် စနစ်" (Asymmetry
Federalism) မှ "အချိုးညီဖက်ဒရယ်စနစ်" (Symmetry
Federalism) သို့ ဦးတည် သွားသည်ဟု ဆိုနိုင်ပါသည်။ တချို့ပညာရှင်များက
"ပြည်နယ်-ပြည်မ" ပြဿနာကိုပါ ဖြေရှင်းနိုင်ခဲ့သည်ဟု ချဲ့ထွင်ပြီး
ပြောဆိုခဲ့ကြသည်။ သို့ရာတွင်
သေချာစွာဆန်းစစ်လေ့လာကြည့်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြည်နယ်နှင့်တိုင်း (ဝါ)
တိုင်းဒေသကြီးများကို နိုင်ငံရေးအာဏာတန်းတူပေးသည်ဟု ဆိုသော်လည်း ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင်
မ.ဆ.လ တပါတီအာဏာရှင်စနစ်ရှိပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ်တွင်
စစ်အာဏာရှင်များရှိနေသည့်အတွက် ထိုမဟာလူမျိုးကြီးဝါဒီ စစ်အာဏာရှင်တို့ကြောင့်
ပြည်နယ်နှင့် တိုင်း (ဝါ) တိုင်းဒေသကြီးများ လုပ်ပိုင်ခွင့်ညီတူညီမျှ ရရှိခွင့်
အခွင့်အရေး လုံးဝမရှိကြောင်း တွေ့ရှိနိုင်ပါသည်။
နိုင်ငံဖွဲ့စည်းမှုပုံသဏ္ဌာန်ကို
သာမန်အားဖြင့် "နိုင်ငံတော်ဖွဲ့စည်းမှုပုံသဏ္ဌာန်" ဟု တစ်ပြည်ထောင်စု
စနစ်ဘက်သို့ နွှယ်၍ ခေါ်ဆိုတတ်ကြပါသည်။ ထို့ကြောင့်
"နိုင်ငံဖွဲ့စည်းမှုပုံသဏ္ဌာန်" (Form of State) ပြဿနာကို သေချာစွာလေ့လာရန်၊ ဖက်ဒရယ်စနစ်တွင် ဖြစ်ပေါ်သည့် (Symmetry
Federalism) နှင့် (Asymmetry Federalism) တို့အကြား
ဖြစ်ပွားသောပြဿနာ၏ရှုထောင့်တခုတည်းဖြင့်မဟုတ်ဘဲ ပြည်ထောင်စုစနစ်နှင့်
တပြည်ထောင်စနစ် (အမျိုးသားနိုင်ငံတော်) တို့အကြား ဖြစ်ပွားတတ်သည့် နိုင်ငံ
ဖွဲ့စည်းမှုပုံသဏ္ဌာန်ပြဿနာရှုထောင့်ဖြင့်လည်း ချဉ်းကပ်ရန် လိုအပ်မည်ဖြစ်ပါသည်။
ကမ္ဘာတွင် နိုင်ငံဖွဲ့စည်းမှုပုံသဏ္ဌာန် (Form
of Government) နှစ်မျိုးသာရှိပါသည်။ ပထမတမျိုးမှာ လူမျိုးတမျိုးက
ဖွဲ့စည်းထူထောင်ထားသော အမျိုးသားနိုင်ငံဖြစ်သည်။ ယင်းကို တစ်ပြည်ထောင်စနစ်ဟု
ခေါ်ဆိုကြပါသည်။ အခြားတမျိုးမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပူးပေါင်း၍
ဖက်ဒရယ်စနစ်ဖြင့် ဖွဲ့စည်း ထားသော ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ယင်းကို
ပြည်ထောင်စုစနစ်ဟု အများအားဖြင့် ခေါ်ဆိုကြပါသည်။ နိုင်ငံဖွဲ့စည်းမှုပုံသဏ္ဌာန်
(၂) မျိုးသာ ရှိသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေလည်း အခြေခံအားဖြင့် (၂) မျိုး သာ
ရှိပါသည်။ ဖက်ဒရယ်စနစ်အရ ဖွဲ့စည်းထူထောင်ထားသော ပြည်ထောင်စု
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တစ်ပြည်ထောင်စနစ်အရ ဖွဲ့စည်းထူထောင်ထားသော
အမျိုးသားနိုင်ငံ၏ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ တို့ဖြစ်ပါသည်။ ယင်း (၂)
ခုအကြားတွင် တစ်ပြည်ထောင်စနစ်ဘက်သို့ ယိမ်းသွားသော ပြည်ထောင်စုစနစ်၊
ဖက်ဒရယ်စနစ်ဘက်သို့ ယိမ်းသွားသော တစ်ပြည်ထောင်စနစ် စသည်အားဖြင့် ရှိနိုင်ပါသေးသည်။
ပြည် ထောင်စုစနစ်မှ တစ်ပြည်ထောင်စနစ်သို့ ယိမ်းသွားသော ဖက်ဒရယ်စနစ်ကို Asymmetry
Federalism ဟု ခေါ်ဆိုကြောင်း အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
နိုင်ငံဖွဲ့စည်းမှုပုံသဏ္ဌာန်သည်
တိုင်းပြည်တခုကို ပြည်ထောင်စုစနစ်ဖြင့်ဖွဲ့စည်းမည်လော။ တစ်ပြည် ထောင်စုစနစ်ဖြင့်
ဖွဲ့စည်းမည်လောဟူသောမေးခွန်း၏ အဖြေဖြစ်သောကြောင့် လွန်စွာအရေးကြီးပါသည်။
ထို့ကြောင့် တချို့က နိုင်ငံဖွဲ့စည်းမှုပုံသဏ္ဌာန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏
အသက်သွေးကြောဖြစ်သည် ဟု ဆိုနေကြပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင်လည်း
လွတ်လပ်ရေး ရရှိသည့်အချိန်မှ ယနေ့တိုင်
နိုင်ငံရေးပဋိပက္ခမျိုးစုံနှင့်ရင်ဆိုင်ပြီး နှစ်ပေါင်း (၇၀) ကျော်
ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရခြင်းမှာ နိုင်ငံ
ဖွဲ့စည်းမှုပုံသဏ္ဌာန်နှင့်ပတ်သက်သော ပြဿနာကို
မဖြေရှင်းနိုင်သောကြောင့်ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ
နိုင်ငံရေးအကျပ်အတည်း (Constitutional Crisis) ပင်
ဖြစ်ပါသည်။ ပင်လုံစာချုပ်အရ ဤ တိုင်းပြည်ကို ပြည်ထောင်စုစနစ်ဖြင့် ထူထောင်ရမည်ဟု
သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ယနေ့တိုင် ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်ဆိုင်ရာြပဿနာများကို
ဖြေ ရှင်းနိုင်ခြင်းမရှိသောကြောင့် နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ်နှင့် စစ်
အာဏာသိမ်းမှု သုံးကြိမ်သုံးခါ ရင်ဆိုင်နေရကြောင်း အထက်တွင် ဖော်ပြ
ခဲ့ပြီးဖြစ်ပါသည်။
ဤတိုင်းပြည်ကို
ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းထူ ထောင်ရမည်ဟု သဘောတူထားပါက
ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန် သည် ပြည်ထောင်စုတခုလုံးအတွက် ပုံစံတမျိုးတည်းသာ
ရှိသင့်ပါသည်။ ထိုကဲ့သို့ ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်ကို
တမျိုးတည်းထားရှိမည်ဆို ပါက ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် (ဝါ) ဖက်ဒရယ်ယူနစ်အားလုံး၏
အမည်နာမသည်လည်း တမျိုးတည်းသာရှိသင့်ပါသည်။ ထို့ကြောင့် ပြည် ထောင်စုအဖွဲ့ဝင်
ဖက်ဒရယ်ယူနစ်များ၏ အမည်နာမအားလုံးကို ပြည် ထောင် (သို့မဟုတ်) ပြည် (သို့မဟုတ်)
ပြည်နယ် (သို့မဟုတ်) တိုင်းဟု ပုံစံတခုတည်းဖြင့် မှည့်ခေါ်သင့်ပါသည်။
ယခုမူ လွတ်လပ်ရေးရသည့်အချိန်မှ
ယနေ့တိုင် ဗမာမဟုတ် သောတိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသများကို ပြည်နယ်ဟု
ခေါ် ဆိုပြီး ဗမာလူမျိုးများနေထိုင်ရာဒေသကို ၁၉၄၇ နှင့် ၁၉၇၄ ဖွဲ့စည်းပုံ
အခြေခံဥပဒေများအရ တိုင်းဟုခေါ်ဆိုပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ
တိုင်းဒေသကြီးဟုခေါ်ဆိုထားကြောင်း အထက်တွင်ဖော်ပြခဲ့ပြီးဖြစ် ပါသည်။ ယင်းသည်
နိုင်ငံတခုတည်းတွင် ဗမာလူမျိုးများအတွက် "အမျိုး သားနိုင်ငံတော်"ကို
ထူထောင်ပြီး ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုး များအတွက်
ပြည်ထောင်စုအသွင်သဏ္ဌာန်ဖြင့် ပြည်နယ်များ ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့
တိုင်းပြည်တခုတွင် ပြည်ထောင်စုစနစ်ဖြင့် တစ်ပြည်ထောင်စနစ်တို့ကို
ရောစပ်ထူထောင်ပြီး အမျိုးသားနိုင်ငံထူ ထောင်ရေးလမ်းစဉ် (Nation
Building Process) ဖြင့် ဗမာအမျိုးသား နိုင်ငံတော်က
ပြည်ထောင်စုတခုလုံးကို လွှမ်းမိုးဝါးမျိုရေးကို အဆက် ဆက်သောအစိုးရတို့က
ဆောင်ရွက်ခဲ့ကြပါသည်။ ထိုကဲ့သို့ ဗမာအမျိုး သားနိုင်ငံတော် ထူထောင်ရေးလမ်းစဉ်ဖြစ်သော
(Nation Building Process) အရ-
(၁) ဘာသာရေးအရ လွှမ်းမိုးခြင်းဝါဒ (၁၉၆၁ တွင်
ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်
ပြဋ္ဌာန်းခြင်း)
(၂) ဘာသာစကားအရ လွှမ်းမိုးခြင်းဝါဒ (၁၉၆၆
ခုနှစ်တွင် မြန်မာစာကိုသာ
တခုတည်းသော ရုံးသုံးစာအဖြစ် သတ်မှတ်ပြဋ္ဌာန်းပြီးအခြားတိုင်းရင်းသားလူမျိုးများ၏ စာပေသင်ကြားခွင့်ကို ပိတ်ပင်ခြင်း)၊
(၃) လူမျိုးရေးအရ လွှမ်းမိုးခြင်းဝါဒ (၁၉၈၉
ခုနှစ်တွင် တိုင်းပြည်၏နာမည်ကို
ဗမာ (ဝါ) မြန်မာလူမျိုးတို့၏ လူမျိုးနာမည်ဖြင့်ပြောင်းလဲမှည့်ခေါ်ခြင်း)
တို့ကို ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန် (Form
of State) ဆိုင်ရာ ပြဿနာကိုမဖြေရှင်းနိုင်သောကြောင့်
ဖက်ဒရယ်ပြည်ထောင်စုစနစ်အရ ပြည်ထောင်စုနှင့်ပြည်နယ်များအကြား အာဏာခွဲဝေခြင်း (Division
of Power) ကိုလည်း အပြည့်အဝဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာခွဲဝေခြင်းကို မဆောင်ရွက်နိုင်သောကြောင့်
ပြည်ထောင်စုအဆင့်တွင်သော်လည်းကောင်း၊ ပြည်နယ်များအဆင့်တွင် သော်လည်းကောင်း
ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အစိုးရ၏အာဏာနှင့် လုပ်ပိုင်ခွင့်ကို
ကန့်သတ်ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။
ထို့အပြင် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား
စနစ်တကျ အာဏာခွဲဝေကျင့်သုံးခြင်းမရှိသောကြောင့် ဖက်ဒရယ်စနစ်အရပြည်နယ် များတွင်
လွတ်လပ်စွာကျင့်သုံးရန် ခွဲဝေပေးထားသောအာဏာများလည်း ပီပီပြင်ပြင်မရှိခဲ့ပေ။
လွတ်လပ်ရေးရရှိသည့်အချိန်မှ ယနေ့တိုင်ပြည်နယ် များ ရရှိသောအခွင့်အရေးများသည်
ပြည်ထောင်စုနှင့် ပြည်နယ်များ အကြား အာဏာခွဲဝေခြင်း "မူ" ကြောင့်
မဟုတ်ဘဲ၊ ဗဟိုက စေတနာ ကရုဏာအားဖြင့် ပေးကမ်းစွန့်ကြဲခြင်းအဖြစ်သာ
သတ်မှတ်ခဲ့ကြပါသည်။ ပြည်ထောင်စုနှင့် ပြည်နယ်များ အကြား ဖက်ဒရယ်စနစ်အရ
"အာဏာခွဲဝေကျင့်သုံးခြင်း" မရှိသောကြောင့် ပြည်နယ်များက မွေးရာပါအခွင့်
အရေးအဖြစ် ပိုင်ဆိုင်ထားသော အခွင့်အာဏာများကို လွတ်လပ်စွာ ကျင့်သုံးရန်
တောင်းဆိုသည့် "ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်" ကိုလည်း "ဖက်ဒရယ်
ခွဲထွက်ရေးမူ" ကြောင့် တောင်းဆိုခြင်းဖြစ်သည်ဟု စွပ်စွဲခြင်းခံခဲ့ကြရပါ သည်။
ထို့ကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတောင်းဆိုခဲ့သော ဒီမိုကရေစီရေးနှင့်
စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးတို့ကို ဟန့်တားပိတ်ပင်ရန်
မဟာလူမျိုးကြီးဝါဒီ စစ်အုပ်စုတို့က သုံးကြိမ် သုံးခါ စစ်တပ်ဖြင့် အာဏာသိမ်းပြီး
စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံဖြင့် ထူထောင်နေကြခြင်း ဖြစ်ပါသည်။
ဤတိုင်းပြည်တွင် "ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်"
(Form
of Federal Union) ပြဿနာကို ဖြေရှင်းနိုင်ခြင်း
မရှိသောကြောင့်ဖြစ်ပေါ်နေသော "ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နိုင်ငံရေးအကျပ်
အတည်း" (Constitutional Crisis) နှင့်
ယင်း၏နောက်ဆက်တွဲပြဿနာများအဖြစ် ပေါ်ပေါက်ခဲ့သော နှစ်ပေါင်း (၇၀) ကျော်ကြာ
ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတို့သည် မိမိတို့
ရှေ့တွင်လက်တွေ့ရင်ဆိုင်နေရသော နိုင်ငံရေးစိန်ခေါ်မှုများပင်ဖြစ်ကြပါသည်။
ထိုစိန်ခေါ်မှုများကို ကျော်လွန် ၍ နွေဦးတော်လှန်ရေးတွင်
တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ကြွေးကြော်တောင်းဆိုထားသည့်အတိုင်း စစ်မှန်သော
"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး" တည်ဆောက်ရေးအတွက် ဦးလည်မသုန်ဆောင်
ရွက်သွားကြရမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ပြည်ထောင်စု တပ်မတော် or Federal Army ဘယ်လိုဖွဲ့မလဲ eg.လူမျိူးစုလိုက်တပ်ရင်းပဲလား or လူမျိူးစုံပေါင်းစုံပြီး ဖွဲ့စည်းမလား နောက်မေးခွန်းတစ်ခုကတော့ ပြည်နယ်အ စိုးရတွေကပြည်နယ်ရဲတပ်ဖွဲ့အပြင် ပြည် နယ် လုံခြုံရေးတပ်ကိုပါ စီမံခွင့်ရှိမှာလား ကျနော်သိချင်တာလေးပါ အဲ့အပိုင်းသိပ်မရှင်းလို့ ကျေးဇူးပါ နောက်အပိုင်းတွေလည်း မြန်မြန်လေးတင်ပေးပါနော် ဖတ်ချင်လွန်းလို့မစောင့်နိုင်တော့ဘူး ကျေးဇူးတင်ပါတယ် ခင်ဗျာ အရေးတော်ပုံအောင်ရမည်။
ဖက်ဒရယ်စနစ်နဲ့ သွားတဲ့ အခါမှာ ပြည်မမှာရှိနေတဲ့ တိုင်းရင်းသားတွေ(နှစ်များစွာ ဗမာလူမျိုးများနှင့် နေထိုင်လာခြင်း) ရဲ့ အခွင့်အရေးကရော ပြည်များသားများနဲ့ တန်းတူ ရနိုင်မလား သူတို့တွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးကိုရော အပြည့်ဝ ကာကွယ် ပေးနိုင်မလား
ပြည်သူ့အစိုးရNUGမှဖက်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေကိုဒီဇင်ဘာလအပြီးရေးဆွဲပြဌာန်းနိုင်အောင်လုပ်မယ်လို့ကြေငြာအသိပေးထားတာရှိပါတယ်အဲ့ဒါကအမှန်တကယ်သေခြာမည်လား.အမြန်ဆုံးပြီးမြောက်ပြဌာန်းနိုင်ရေးကြိုးစားပေးစေလိုပါတယ် /ဒီဇင်ဘာလအပြီးပြဌားနိုင်ဖို့ရှိလားသိပါရစေ.ပြန်လည်ဖြေကြားပေးစေလိုပါတယ်.
445027
935263