ဖက်ဒရယ်စာစောင်။ အတွဲ (၁)၊ အမှတ် (၁)။

မိတ်ဆက်စကား။

ဖက်ဒရယ်စာစောင်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ထုတ်ဝေခြင်း ဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၀၊ နိုဝင်ဘာလတွင်ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုတရပ်လုံးက တခဲနက်ရွေးကောက်တင်မြှောက်ထားသော အရွေး ကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ တရားဝင်လုပ်ပိုင်ခွင့်အာဏာ (De Jure Mandate) နှင့် စစ်အာဏာရှင်စနစ်ကို စဉ်ဆက်မပြတ် ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်နေကြသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ပွဲဝင်နေကြ သူများ၏ (De Facto Mandate) နှစ်ရပ်စလုံးကို ပေါင်းစပ်၍ ဖွဲ့စည်းထားသောအစိုးရပင် ဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအနက် အဓိက အကျဆုံး သောအချက်များမှာ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ချေမှုန်းသုတ်သင်ရေးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က လိုလားတောင်းတနေသော “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု” တည်ဆောက်ရေးပင် ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကို ကျားကန်ပေးခဲ့သော ၂၀၀၈ အခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၁၊ မတ်လ (၃၁) ရက်နေ့တွင် တရားဝင် ဖျက်သိမ်းခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်နှင့်တကွ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို အစားထိုးမည့် “ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ” အသစ်ပေါ်ပေါက်ရေးသည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ အဓိကကျသော ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်တရပ်ဖြစ်ပါသည်။ ထို ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် “ဖက်ဒရယ်ပြည် ထောင်စုရေးရာဝန်ကြီးဌာန”ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပါသည်။

ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုကြီးကို ပင်လုံစာချုပ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့သည့်အတိုင်း ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု”အဖြစ် ပြန်လည်ထူထောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးလုပ်ငန်းစဉ်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ “ရေးဆွဲရေးလုပ်ငန်း” နှင့် “အတည်ပြုပြဋ္ဌာန်းရေး လုပ်ငန်း” နှစ်ခုစလုံးတွင် ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်နိုင်ရေးကို အထူးအလေးပေးဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ယခင် မ.ဆ.လ တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်အောက်တွင် အသီးသီးရေးဆွဲပြဋ္ဌာန်းခဲ့သော ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ ရေး ဆွဲပြဋ္ဌာန်းခဲ့စဉ်က ပြည်သူလူထုတရပ်လုံးကို အဓိပ္ပာယ်ရှိရှိ ပါဝင်ရေးဆွဲပြဋ္ဌာန်းခွင့်မပေးဘဲ၊ ဥပေက္ခာ ပြုခြင်းခံခဲ့ကြရပါသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သည်ဟုဆိုသော်လည်း ဆန္ဒခံယူ ပွဲကျင်းပသည့်နေ့အထိ လူထုတရပ်လုံးက အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းများကို လေ့လာဖတ်ရှုခွင့်ပင် မရခဲ့ကြပေ။ ထို့ကြောင့် အာဏာရှင်စနစ်အောက် တွင် ကျင်းပခဲ့သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများသည် အာဏာရှင်စနစ် တည်မြဲရေးအတွက် ရေးဆွဲ ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေများကို လူထုတရပ်လုံးအား အတင်းအဓမ္မလက်ခံအတည်ပြုခိုင်း သောပွဲများသာ ဖြစ်ခဲ့ကြသည်။

ထိုကဲ့သို့သောအမှားမျိုးကို နောက်ထပ်ကျူးလွန်ခြင်းမပြုမိစေရန် ယခုရေးဆွဲပြဋ္ဌာန်းမည့် “ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ”သည် မူကြမ်းရေးဆွဲခြင်းလုပ်ငန်းမှစ၍ အတည်ပြုပြဋ္ဌာန်းသည် အထိ၊ အစမှအဆုံးထိတိုင် လူထုက ပါဝင်၍ ပူးပေါင်းရေးဆွဲပြဋ္ဌာန်းသော ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ဖြစ်ပေါ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့မှသာ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးက “ဤဖွဲ့စည်းပုံအခြေခံဥပ‌ဒေသည် မိမိတို့၏ ဘဝကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးပြဋ္ဌာန်း နိုင်ရေးအတွက် မိမိတို့ကိုယ်တိုင် ပါဝင်ရေးဆွဲပြီး၊ မိမိတို့အနာဂတ်ကို နိုင်ငံရေးအရသော်လည်းကောင်း၊ ဥပဒေကြောင်းအရသော်လည်းကောင်း အာမခံချက်ရှိစေရန် ပြဋ္ဌာန်းအတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်သည်။ ထို့ကြောင့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိတို့ကိုယ်တိုင် ပါဝင်ရေးဆွဲပြီး၊ မိမိတို့ပိုင်ဆိုင်ထားသော ပြည်ထောင်စု၏အမြင့်ဆုံးဥပဒေဖြစ်သောကြောင့် မိမိတို့ကိုယ်တိုင် အသက် ပေး ကာကွယ်မည်”ဟူ သော သန္နိဋ္ဌာန်ချ စိတ်ပိုင်းဖြတ်နိုင်ကြရမည်ဖြစ်ပါသည်။ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်သော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် လူထုလူတန်းစားပေါင်းစုံမှ အစုအဖွဲ့များ အစုံအညီပါဝင်သော “အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)” နှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ကြောင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးအတွက် လိုအပ်သော “ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရေးဖြစ်စဉ်” အပါအဝင် ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ် တရပ်လုံးအတွက်လိုအပ်သော ပြင်ဆင်မှုအမျိုးမျိုး ကို ပြုလုပ်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ထိုပြင်ဆင်မှုလုပ်ငန်းစဉ်တွင် ဖက်ဒရယ်ရေးရာဝန်ကြီး ဌာနမှ ဖက်ဒရယ်ပညာပေးလုပ်ငန်းနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပ သွားမည်ဖြစ်ပါသည်။ ထိုဖက်ဒရယ်ပညာပေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဤ ‘ဖက်ဒရယ်စာ စောင်’ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ စတင်ထုတ်ဝေပြီး လူထုထံသို့ နည်းမျိုးစုံဖြင့် အခမဲ့ ဖြန့်ချိအပ်ပါသည်။



လေးစားစွာဖြင့်

ဒေါက်တာလျန်မှုန်းဆာခေါင်း
ပြည်ထောင်စုဝန်ကြီး
ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ



နိဒါန်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် ၁၉၄၇၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုထားသော ပင်လုံ စာချုပ်အရ ဖွဲ့စည်းထူထောင်ထားသောနိုင်ငံ ဖြစ်ပါသည်။ ပင်လုံစာချုပ်သည် ကိုလိုနီခေတ်မတိုင်ခင်က သီးခြား လွတ်လပ်ခဲ့ကြသော တိုင်းရင်းသားလူမျိုးများက သီးခြား စီ လွတ်လပ်ရေးရယူ၍ မိမိတို့ အမျိုးသားနိုင်ငံတော်များ ကို သီးခြားထူထောင်ခြင်း မပြုဘဲ လွတ်လပ်ရေးကို အတူ တကွရယူကာ ပြည်ထောင်စုနိုင်ငံတစ်ခုကို ပူးပေါင်း ထူ ထောင်ရန် ချုပ်ဆိုထားသော သဘောတူစာချုပ်ဖြစ်ပါ သည်။ ပင်လုံစာချုပ်တွင် အဓိကအကျဆုံးသော သဘော တူညီချက်များမှာ ထိုစဉ်ကာလတွင် တောင်တန်းဒေသ များဟု ခေါ်ဆိုခဲ့သော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝပေးရမည်ဆိုသော အချက်နှင့် အသစ်ထူထောင်မည့် ပြည်ထောင်စုကြီးတွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရမည်ဟူသော အချက်များပင် ဖြစ်ပါသည်။


အဓိပ္ပာယ်ဖွင့်ဆိုချက်
ဖက်ဒရယ်ဟူသော ဝေါဟာရသည် လက်တင်ဘာသာစကားဖြစ်သော “Foedus” နှင့် “Fides” တို့မှ ဆင်းသက်လာပြီး ယင်းကို အင်္ဂလိပ်ဘာသာစကားဖြင့် Federation ဟု ဘာသာပြန်ထားကြပါ သည်။ Foedus ဟူသောစကားလုံး၏အဓိပ္ပာယ်သည် “သဘောတူညီခြင်း” (Agreement) သို့မဟုတ် “ပဋိညာဉ်”(covenant) ဟု ဘာသာပြန်ကြပါသည်။ ထို့ကြောင့် ဖက်ဒရယ်မူရင်းစကား၏အဓိပ္ပာယ်သည် နှစ်ဖက် (သို့မဟုတ်) နှစ်ဖက်ထက် ပို၍များသောလူမျိုးများ (သို့မဟုတ်) ပြည်ထောင်များက မိမိတို့ပိုင် ဆိုင်ထားသောနယ်မြေများ (ဝါ) ပြည်ထောင်များ (ဝါ) ပြည်နယ်များကို ပူးပေါင်း၍ ပြည်ထောင်များကို ‘စု’ထားသည့် “ပြည်ထောင်စု” နိုင်ငံတခုကိုထူထောင်ရန် သဘောတူစာချုပ်ချုပ်ဆိုခြင်းပင် ဖြစ်ပါသည်။

ဖက်ဒရယ်ဟူသော ဝေါဟာရ၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကို စံချိန်စံနှုန်းအဖြစ် ကိုင်စွဲပြီး ပင်လုံ စာချုပ်ကို လေ့လာသုံးသပ်ကြည့်ပါက ပင်လုံစာချုပ်သည် ဖက်ဒရယ်စနစ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အပြည့်အဝဖော်ဆောင်နိုင်ခဲ့သော စာချုပ်တရပ်ဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။ အကြောင်းမှာ ကိုလိုနီ ခေတ်မတိုင်မီ သီးခြားလွတ်လပ်၍ ကိုလိုနီခေတ်တလျှောက်လုံး သီးခြားဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေများဖြင့် သီးခြားစီအုပ်ချုပ်ခဲ့သော ဗြိတိသျှကိုလိုနီနယ် (၄) ခု က သီးခြားစီလွတ်လပ်ရေးမယူဘဲ မိမိတို့ပိုင်ဆိုင်ထားသော “ပြည်ထောင်” များကို “စု”၍ ပြည်ထောင်စုနိုင်ငံတခု အတူတကွ ထူထောင်ရန် သဘောတူစာချုပ်ချုပ်ဆိုသောစာချုပ်ဖြစ်သောကြောင့် ဖြစ်ပါသည်။

ဖက်ဒရယ်ဟူသောဝေါဟာရတွင် “Foedous” ဆိုသည့် သဘောတူညီခြင်း (ဝါ) ပဋိညာဉ်ပြုခြင်း သာမက “Fides” ဟူသော “ယုံကြည်ခြင်း” (Trust) လည်း ပါရှိသည်။ ထို့ကြောင့် ထိုစကားလုံးနှစ်ခုကို ပေါင်းစပ်ပြီး အဓိပ္ပာယ်ဖွင့်ဆိုပါက “ယုံကြည်ခြင်း”ကို အခြေခံ၍ “သဘောတူစာချုပ်” ချုပ်ဆိုခြင်း ဖြစ် သည်။ ထို့ကြောင့် ယုံကြည်ခြင်းမှာ အလွန်အရေးကြီးသည်။ ယုံကြည်ခြင်း ပျက်ပြားသောအခါ ပဋိပက္ခ ဖြစ်ပွားနိုင်သည်။ ယခု ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖြစ်အပျက်ကို နှိုင်းယှဉ်ပြီးသုံးသပ်ကြည့်ပါက ယုံကြည်ချက်အပေါ်မှာအခြေခံ၍ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့ရာတွင် အဆက် ဆက်သောအစိုးရက ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြသောကြောင့် ယုံကြည် မှု ပျက်ပြားပြီး အနှစ် (၇၀) ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် ဖက်ဒရယ်စနစ်၏ လိုရင်း အဓိပ္ပာယ်ဖြစ်သော “သဘောတူညီခြင်း” နှင့် “ပဋိညာဉ်ပြုခြင်း”သာမက “ယုံကြည်မှုတည်ဆောက်ခြင်း” သည်လည်း ပြည်ထောင်စုကြီး၏ ရှင်သန်ရေးအတွက် အလွန်အရေးကြီးပါသည်။

နွေဦးတော်လှန်ရေးတွင် အာဏာသိမ်းစစ်ကောင်စီကို ဖြုတ်ချရန် တဘက်တွင် ကြိုးပမ်းနေ သလို အခြားတဘက်တွင်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” အစိတ်အပိုင်း (၁) နှင့် (၂) တို့ကို ထုတ်ပြန်နိုင်ခဲ့ပါသည်။ ထို “ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်”သည် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီး ပြန်လည်ထူထောင်ရေးအတွက် မျှော်မှန်းချက်များ၊ စံတန်ဖိုးများနှင့် အခြေခံမူများကို ဖော်ထုတ်နိုင်သကဲ့သို့ ပြည်ထောင်စုဖွား တိုင်းရင်း သားလူမျိုးအသီးသီးနှင့် လူထုလူတန်းစားအလွှာအသီးသီးကြားတွင် ယုံကြည်မှုတည်ဆောက်ရေး အတွက် အလွန်အရေးကြီးပေသည်။ သို့မှသာ ဖက်ဒရယ်စနစ်၏ ဆိုလိုရင်းဖြစ်သော “ပဋိညာဉ်” ပြု ခြင်းနှင့် “ယုံကြည်မှုတည်ဆောက်ခြင်း” ကို တပြိုင်နက်တည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ဖက်ဒရယ်စနစ်၏ အင်္ဂါရပ်များ
ဖက်ဒရယ်ပြည်ထောင်စနစ်ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပုံစံမျိုးစုံဖြင့် ကျင့်သုံးနေကြပါသည်။ ထို့ကြောင့် ဖက်ဒရယ်စနစ်၏အင်္ဂါရပ်များသည်လည်း များပြား၍ တနိုင်ငံနှင့်တနိုင်ငံ ကျင့်သုံးပုံခြင်း မတူညီ နိုင်ကြပေ။ ဤနေရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံရေးရေခံမြေခံနှင့် အကိုက်ညီဆုံးဖြစ်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်၏ အင်္ဂါရပ်များကို တင်ပြသွားမည်ဖြစ်ပါသည်။


၁။ မိမိတို့၏လွတ်လပ်သော ဆန္ဒအတိုင်း ပူးပေါင်းခြင်း
(Voluntary Association)

ဖက်ဒရယ်စနစ်၏အဓိပ္ပာယ်သည် “သဘောတူစာချုပ်ချုပ်ဆိုခြင်း” (သို့မဟုတ်) “ပဋိညာဉ်ပြုခြင်း” ဖြစ်သည်။ လူမျိုးတမျိုးက မိမိတို့ပိုင်ဆိုင်ထားသော ပြည်ထောင် (ဝါ) ပြည် နယ်ကို အခြားလူမျိုးများ ပိုင်ဆိုင်ထားသော ပြည်ထောင် (ဝါ) ပြည်နယ်နှင့် ပူးပေါင်း၍ ပြည် ထောင်များ စုထားသည့် “ပြည်ထောင်စု” တခုကို ဖွဲ့စည်းထူထောင်ရန် မိမိတို့၏ လွတ်လပ်သော ဆန္ဒသဘောထားအားဖြင့်သာလျှင် “သဘောတူလက်မှတ်ရေးထိုးခြင်း” (ဝါ) “ပဋိညာဉ်ပြုခြင်း” ကို ဖက်ဒရယ်ပြည်ထောင်စုစနစ်ဟုခေါ်ပါသည်။ ထိုလူမျိုး (သို့မဟုတ်) ထိုပြည်ထောင် (သို့ မဟုတ်) ထိုပြည်နယ်ကို ပြည်ထောင်စုတွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ရန် “သဘောတူစာချုပ်” (ဝါ) “ပဋိညာဉ်” ကို အတင်းအဓမ္မလက်မှတ်ရေးထိုးခိုင်း၍ မရပေ။ ထိုကဲ့သို့ အတင်းအဓမ္မ သဘောတူစာချုပ်ချုပ်ဆိုခြင်း (ဝါ) ပဋိညာဉ်ပြုခြင်းသည် ဖက်ဒရယ်စနစ်၏ ဆန့်ကျင်ဘက် အရာပင်ဖြစ်သည်။ ထိုကဲ့သို့ အတင်းအဓမ္မလက်မှတ်ရေးထိုးခိုင်းခြင်း (သို့မဟုတ်) ပြည်ထောင်စု အဖွဲ့ဝင်အဖြစ် ပါဝင်ခိုင်းခြင်း (သို့မဟုတ်) သိမ်းပိုက်ခြင်းသည် ကိုလိုနီစနစ်၏ ကျင့်စဉ်သာလျှင် ဖြစ်ပါသည်။ ဖက်ဒရယ်စနစ် မဟုတ်ပေ။

လွတ်လပ်ရေးကို အတူတကွရယူ၍ ပြည် ထောင်စု သမ္မတမြန်မာနိုင်ငံကို စုပေါင်း ထူထောင် ရန် ပင်လုံစာချုပ်ကိုလက်မှတ်ထိုးခဲ့ကြသော ကြား ကာလ မြန်မာအစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ် အောင်ဆန်းသည်သော်လည်းကောင်း၊ ချင်း၊ ကချင် နှင့် ရှမ်းခေါင်းဆောင်များသည် သော်လည်းကောင်း၊ မည်သူတဦးတယောက်၏ အတင်းအဓမ္မခိုင်းစေ ခြင်းကြောင့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ ကြခြင်းမဟုတ်ပေ။ မိမိတို့၏ လွတ်လပ်သော ဆန္ဒ သဘောအရ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး၍ လွတ်လပ်ရေးကို အတူတကွ ရယူကာ ပြည်ထောင် စုကြီးကို စုပေါင်းထူထောင်ခဲ့ကြခြင်းသာ ဖြစ်ပါ သည်။ တနည်းအားဖြင့်ဆိုပါက၊ ပင်လုံစာချုပ်သည် ချင်း၊ ကချင်နှင့် ရှမ်းတို့က စစ်ရှုံး၍ လက်နက်ချ အညံ့ခံသောစာချုပ် မဟုတ်ပေ။ ပြည်ထောင်စု ကြီးကို တန်းတူရည်တူဖြင့် အတူတကွ ထူထောင် ရန် ပဋိညာဉ်ပြုကြခြင်းသာ ဖြစ်ပါသည်။

ဖက်ဒရယ်စနစ်၏ အင်္ဂါရပ်ဖြစ်သော “မိမိ တို့၏ လွတ်လပ်သောဆန္ဒအရ အတူပူးပေါင်းခြင်း” (Voluntary Association) ကို “Coming together” ဟူ၍လည်း ခေါ်ဆိုတတ်ကြပါသည်။ Coming together ၏ဆိုလိုရင်းမှာ ယခင်က မရှိခဲ့ ဖူးသေးသည့် ပြည်ထောင်စုတခုကို အတူတကွ ထူ ထောင်ခြင်းဟု အဓိပ္ပာယ်ရရှိပါသည်။ Coming together ၏ ဆိုလိုရင်းအရ ပင်လုံစာချုပ် မချုပ်ဆို ခင်တုန်းက “ပြည်ထောင်စု” မရှိသေး။ ယခု ပြည် ထောင်စုအဖွဲ့ဝင်ပြည်နယ်များအဖြစ် ပါဝင်နေကြ သူများသည် သီးခြားလွတ်လပ်သောလူမျိုးများနှင့် ပြည်ထောင်များသာဖြစ်ကြသည်ဟု အဓိပ္ပာယ်ရရှိ ပါသည်။

ယခုအခါ တချို့သောပုဂ္ဂိုလ်များ- အထူး သဖြင့် မဟာလူမျိုးကြီးဝါဒကို အခိုင်အမာ ကိုင်စွဲ နေကြသော ဗမာ့တပ်မတော်မှ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များသည် ဤပြည်ထောင်စုကို “Coming together model” ဖြင့် ထူထောင်ခြင်း မဟုတ်၊ Holding together model ဖြင့် ထူ ထောင်ခြင်းဖြစ်သည်ဟု ပြောဆိုနေကြပါသည်။ Holding together ၏ ဆိုလိုရင်းသည် ယခင်က အတူတကွ ရှိထားခဲ့ပြီးဖြစ်သည့် နိုင်ငံတခုကို စု ပေါင်း၍ ပြန်လည်ထူထောင်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် ထိုမဟာလူမျိုး ကြီးဝါဒီ စစ်ဗိုလ်ချုပ်များက ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း ယခုအတူတကွ နေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် ရှေးပဝေ သဏီခေတ်ကတည်းက အတူတကွ နေထိုင်ခဲ့ကြ သည်ဟု သမိုင်းကိုပင် မဟုတ်မမှန်ငြင်းဆိုနေကြ ပါသည်။ ထိုမဟာလူမျိုးကြီးဝါဒီ စစ်ဗိုလ်များနှင့် ရှေးပဝေသဏီဟူသော သမိုင်းအမြင်ကို ကိုင်စွဲနေ သူများသည် အမှန်တရားကို ငြင်းပယ်၍ ရကြမည် မဟုတ်ပါ။ ဥပမာအားဖြင့် မိမိတို့ချင်းလူမျိုးပိုင် ဆိုင်ထားသော ချင်းပြည်ထောင်သည် ကိုလိုနီ ခေတ် ကုန်ဆုံးသွားသည့်အချိန်အထိ တစုတဝေး တည်းဖြင့်ဆက်စပ်နေခဲ့ပါသည်။ သို့ရာတွင် ပင်လုံ စာချုပ်ကို ယခင် “Chin Hills Regulation- 1896” အရ အုပ်ချုပ်ခဲ့သော ချင်းပြည်မှ ခရိုင်တခု ၏ ခေါင်းဆောင် (၃) ဦးသာလက်မှတ်ရေးထိုးခဲ့ သောကြောင့် ချင်းပြည်၏သုံးပုံတပုံသာ ပြည်ထောင်စုမြန်မာနိုင်ငံထဲ ပါဝင်လာပြီး၊ ကျန်သည် သုံးပုံနှစ်ပုံသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် ကျန်ရစ်သွားခဲ့သည်ဆိုသော အဖြစ်မှန်ကို ဘယ်လို ဖြေဆိုကြမည်နည်း။ ရှေးပဝေသဏီခေတ်ကတည်းက ချင်းပြည်သည် မြန်မာအင်ပါယာ အစိတ် အပိုင်း ဖြစ်ခဲ့ပါက ထိုကဲ့သို့ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် ကျန်ရစ်နေသည့် ချင်းပြည်ကို ယခု ပြန်လည်ရယူပေးသင့်ပါသည်။ အဖြေမှန်မှာ ယခုပြည်ထောင်စုမြန်မာနိုင်ငံဟု ခေါ်ဆိုသော ပြည်ထောင်စုနိုင်ငံသစ်သည် ပင်လုံစာချုပ်အရ ပေါ်ပေါက်လာသောနိုင်ငံသစ်ဖြစ်ပါသည်။ ပင်လုံစာချုပ် မတိုင်ခင် ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ မိမိတို့ချင်းလူမျိုးများသည် မြန်မာမင်းများ၏ မြန်မာအင်ပါယာနှင့် ပတ်သက်ခြင်းမရှိခဲ့ကြောင်း သက်သေပြခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ပင်လုံစာချုပ်သာလျှင် ပြည်ထောင်စုသမိုင်းအစဖြစ်ပါသည်။



၂။ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့်စုပေါင်းအုပ်ချုပ်ခြင်း
(Self- rule and Shared- rule)

ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ ဒုတိယအင်္ဂါရပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self- rule) နှင့် စုပေါင်းအုပ်ချုပ်ခြင်း (Shared- rule) တို့ ပေါင်းစပ်ထားသောစနစ်ဖြစ်ခြင်းပင် ဖြစ်ပါ သည်။ ထိုကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်းကို ပေါင်းစပ်ထားသောကြောင့် ဖက်ဒရယ်စနစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် အစိုးရတရပ်၊ စုပေါင်းအုပ်ချုပ်ရေးအတွက် အစိုးရတရပ်၊ အနည်းဆုံး အစိုးရ (၂) ရပ်ရှိကြရမည်ဖြစ် သည်။ ထို့ကြောင့် ဖက်ဒရယ်စနစ်ကို အစိုးရ (၂) ရပ် ပေါင်းစပ်ထား‌သော (Two-tier government) စနစ်ဟု ခေါ်ဆိုနေခြင်းဖြစ် ပါသည်။

ဖက်ဒရယ်စနစ်၏အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ပြည်ထောင်စုတခုလုံးကို ပူးပေါင်းထူထောင် ရန် သဘောတူစာချုပ်ချုပ်ဆိုထားသောလူမျိုးများ (ဝါ) ပြည်ထောင်များသည် မိမိတို့ သမိုင်းစဉ် ဆက်ပိုင်ဆိုင်ထားသောနယ်မြေနှင့် ပြည်ထောင်စုများကို လက်လွှတ်အဆုံးအရှုံးခံ၍ ပြည်ထောင် စုအဖွဲ့ဝင်ဖြစ်လာကြခြင်း မဟုတ်ပေ။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်ထောင် (ဝါ) ပြည်နယ်အသီး သီးတို့သည် မိမိတို့သမိုင်းအစဉ်အဆက် ပိုင်ဆိုင်ထားသော ပြည်ထောင်အသီးသီးကို မိမိတို့ ကိုယ်တိုင် ဆက်လက်ပိုင်ဆိုင်အုပ်ချုပ်ပြီး အခြားပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနှင့် အကျိုး တူလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုအဖွဲ့ဝင်များအဖြစ် သဘောတူ လက်မှတ်ရေးထိုးကြခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ပိုင်ဆိုင်ထားသော ပြည်ထောင် (ဝါ) ပြည်နယ်များကို မိမိတို့ကိုယ်တိုင် အုပ်ချုပ်၍၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်ထောင် (ဝါ) ပြည်နယ် များ စုပေါင်းပိုင်ဆိုင်ထားသော ပြည်ထောင်စုကို စုပေါင်းအုပ်ချုပ်ကြရမည်ဖြစ်ပါသည်။

ဖက်ဒရယ်စနစ်တွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် ပြည်နယ်အစိုးရများနှင့် စုပေါင်းအုပ်ချုပ်ရေးအတွက် ပြည်ထောင်စုအစိုးရတို့အပြင်၊ ပြည်နယ်အသီးသီးတွင် စီမံခန့်ခွဲရေး ပိုမိုချောမွေ့အဆင်ပြေစေရန် ဒေသန္တရအစိုးရများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ်မြေအစိုးရများကိုလည်း လိုအပ်လျှင် လိုအပ်သလို အသီးသီး ဖွဲ့စည်း၍ အုပ်ချုပ်ရေးကို အဆင့်ဆင့်စီမံခန့်ခွဲနိုင်ပေသည်။ ဤသို့ဖြင့် အုပ်ချုပ်ရေးအဆင့်ဆင့် စီမံခန့်ခွဲ ထားသော ဖက်ဒရယ်စနစ်တွင် ဗဟိုဦးစီးစနစ်ကို ကျင့်သုံး၍ မရနိုင်ပေ။ ဗဟိုဦးစီးစနစ်သည် ဖက်ဒရယ်စနစ်နှင့် ဆန့်ကျင်သော အာဏာရှင်အုပ်ချုပ်ရေးစနစ်သာလျှင် ဖြစ်ပါသည်။

၃။ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်းအကြား အာဏာခွဲဝေကျင့်သုံးခြင်း (ဝါ) ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်း
ဖက်ဒရယ်စနစ်သည် ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self- rule) နှင့် စုပေါင်းအုပ်ချုပ်ခြင်း (Shared- rule) တို့ ပေါင်းစပ်ထားသောစနစ်ဖြစ်သောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဖွဲ့စည်းထားသော “ပြည်နယ်အစိုးရများ” နှင့် စုပေါင်းအုပ်ချုပ်ရေးအတွက် ဖွဲ့စည်းထားသော “ပြည်ထောင်စုအစိုးရ” တို့အကြား စနစ်တကျအာဏာများကို ခွဲဝေကျင့် သုံးရန် လိုအပ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲ ဝေကျင့်သုံးခြင်းသည် ဖက်ဒရယ် စနစ်၏ အရေးကြီးသောအင်္ဂါရပ်တခု ဖြစ်ပေသည်။ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်းကို အောက်ပါ အတိုင်း ခွဲဝေသတ်မှတ်နိုင်ပါသည်။ ယင်းတို့မှာ-

(က) ပြည်ထောင်စု၏ လုပ်ပိုင်ခွင့်အာဏာများ
(ခ) ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာများ
(ဂ) ပြည်ထောင်စုနှင့် ပြည်နယ်များ ပူးတွဲကျင့်သုံးရမည့် “ထပ်တူပြုအာဏာများ”
(ဃ) ကြွင်းကျန်သောအာဏာများဟူ၍ဖြစ်ပါသည်။

ပြည်ထောင်စုလုပ်ပိုင်ခွင့်အာဏာများသည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များက ဘုံ အကျိုးတူလုပ်ငန်းများကို စုပေါင်းဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ စုပေါင်းပိုင်ဆိုင်၍ စုပေါင်း အုပ်ချုပ်ထား‌သော ပြည်ထောင်စုထံ အပ်နှင်း သည့် အာဏာများဖြစ်ပါသည်။ ပြည်ထောင်စုအဖွဲ့ ဝင်ပြည်နယ်များက ပြည်ထောင်စုထံအပ်နှင်းထား သော ပြည်ထောင်စု၏ လုပ်ပိုင်ခွင့်အာဏာများ တွင် အောက်ပါအာဏာများပါဝင်လေ့ရှိသည်။
(၁) ပြည်ထောင်စုကာကွယ်ရေး
(၂) နိုင်ငံခြားဆက်ဆံရေး
(၃) ငွေစက္ကူနှင့် ငွေဒင်္ဂါးထုတ်လုပ်ရေးနှင့် ဘဏ်စနစ်အပါအဝင် ငွေကြေးစနစ်
(၄) အလေးချိန်နှင့် ချိန်ခွင်တိုင်းတာခြင်း
(၅) အကောက်အခွန်စနစ်
(၆) စာတိုက်၊ ကြေးနန်းနှင့် အခြားဆက်သွယ် ရေးစနစ်များ
(၇) လူဝင်မှုကြီးကြပ်ရေးနှင့်သန်းခေါင်စာရင်း စသည့်ကိစ္စရပ်များ ပါဝင်သည်။

စစ်မှန်သော ဖက်ဒရယ်စနစ်ကို ကျင့်သုံး ၍ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ (ဖက်ဒရယ် ယူနစ်များ) ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက် ပေးထားသော ပြည်ထောင်စုစနစ်တွင် ပြည် ထောင်စု အဖွဲ့ဝင်ပြည်နယ်များက ဘုံအကျိုး စီးပွားအတွက် ပြည်ထောင်စုအား လွှဲအပ်ထား သော လုပ်ပိုင်ခွင့်အာဏာများမှလွဲ၍ ကျန်သော လုပ်ပိုင်ခွင့်အားလုံးကို ပြည်နယ်များ၏လုပ်ပိုင်ခွင့် အာဏာများအဖြစ်သတ်မှတ်ထားပါသည်။ အထူး သဖြင့် ပြည်သူလူထုဘဝနှင့်တိုက်ရိုက်ဆက်စပ် သောလုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ်များထံ အပ်နှင်းထားပါသည်။ ယင်းကို Subsidiary Principles ဟုခေါ်ဆိုထားပါသည်။ ထို့ကြောင့် ဖက်ဒရယ်စနစ်တွင် ပြည်သူ လူထုတရပ်လုံး၏ နေ့စဉ် စား၊ ဝတ်၊ နေရေးဘဝနှင့် သက်ဆိုင်သော လုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ်များကသာ ကျင့်သုံးပိုင်ခွင့်ရှိပေသည်။ ယဉ်ကျေးမှုဆိုင်ရာ လုပ်ပိုင်ခွင့်များ၊ လူမှုရေးဆိုင်ရာလုပ်ပိုင်ခွင့်များဖြစ်ကြသည့် ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ် များ၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းအားလုံးကို ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အဖြစ် သတ်မှတ်ထားပါသည်။ ထို့အပြင် ဖက်ဒရယ်စနစ်သည် ပြည်နယ်များကို အခြေခံ၍ ဖွဲ့စည်းထားသော ပြည် ထောင်စုစနစ်ဖြစ်သောကြောင့် မြေနှင့် မြေပေါ်မြေအောက်ရှိ သဘာဝသယံဇာတများ၊ သစ် တောနှင့် မြစ်ချောင်းအင်းအိုင် အားလုံးတို့၏ မူရင်းပိုင်ရှင်သည် ပြည်နယ်များ ဖြစ်ကြပါသည်။ ထို့ကြောင့် ယင်းကိစ္စရပ်များနှင့်ပတ်သက်သော လုပ်ပိုင်ခွင့်အာဏာများကိုလည်း ပြည်နယ်လုပ် ပိုင်ခွင့်အာဏာများအဖြစ် သတ်မှတ်ထားကြပါသည်။

ပြည်ထောင်စုနှင့်ပြည်နယ်များအကြား အာဏာခွဲဝေရေးတွင် ထပ်တူပြုအာဏာသည် လည်း အရေးကြီးပါသည်။ ထပ်တူပြုအာဏာသည် ပြည်ထောင်စုနှင့် ပြည်နယ်များ ပူးတွဲကျင့် သုံးပိုင်ခွင့်ရှိသောအာဏာများပင်ဖြစ်ပါသည်။ ယင်းသည် အခြေအနေအမျိုးမျိုး၏တောင်းဆို ချက်အရ ပြည်ထောင်စုအစိုးရက တဘက်သတ်ဆောင်ရွက်၍ မရသောကိစ္စများနှင့် ပြည်နယ် တခုချင်းစီကလည်း သီးခြားစီဆောင်ရွက်၍မရသော ကိစ္စရပ်များကို ပြည်ထောင်စုနှင့် ပြည်နယ် များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်လုပ်ပိုင်ခွင့် အာဏာများဖြစ်ပါသည်။ ဥပမာ- ပြည် ထောင်စုလမ်းမကြီးများ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းမွမ်းမံခြင်း၊ ကပ်ရောဂါများကို စုပေါင်း ကာကွယ်နှိမ်နင်းခြင်း စသည်များ ဖြစ်သည်။

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်များ အာဏာ ခွဲဝေကျင့်သုံးခြင်းကို ဆောင်ရွက်ရာတွင် ကြွင်းကျန်သောအာဏာများ ကျင့်သုံးခြင်းကို အလေး အနက်ထားလေ့ရှိကြပါသည်။ ကြွင်းကျန်သောအာဏာများဆိုသည်မှာ ယခုလက်ရှိကာလတွင် ဥပဒေအဖြစ် ရေးဆွဲပြဋ္ဌာန်း၍ လက်တွေ့ကျင့်သုံးရန် မလိုအပ်သေးသော်လည်း နောင်တချိန် တွင် ဥပဒေဖြင့် ပြဋ္ဌာန်းကျင့်သုံးရန် လိုအပ်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာများပင်ဖြစ်ပါသည်။ ထိုကြွင်းကျန်သောအာဏာများကို ဖက်ဒရယ်စနစ်မှ တပြည်ထောင်စနစ်ဘက်သို့ယိုင်သော ပြည် ထောင်စုနိုင်ငံများတွင် ပြည်ထောင်စု၏ လုပ်ပိုင်ခွင့်အာဏာများအဖြစ် သတ်မှတ်ပြီး တချို့သော ပြည်ထောင်စုနိုင်ငံများတွင် ပြည်ထောင်စုနှင့်ပြည်နယ်များအကြား အကြောင်းအရာအလိုက် လိုအပ်သလို ခွဲဝေကျင့်သုံးခွင့်ပေးထားပါသည်။ သို့ရာတွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝပေးထားသော စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ကြွင်းကျန်သောအာဏာများကို ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာအဖြစ် ပြဋ္ဌာန်းသတ်မှတ် ထားပါသည်။



၄။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်
စစ်မှန်သောဖက်ဒရယ်စနစ်သည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ (ဖက်ဒရယ်ယူနစ် များ) ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပ်နှင်းထားသော ပြည်ထောင်စုစနစ်ဖြစ်သည်။ ယင်းကို ပင်လုံ စာချုပ်တွင် တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေးများကို အပြည့်အဝအပ်နှင်းစေရမည်ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် ဖက်ဒရယ်ပြည် ထောင်စုစနစ်တွင် ကျင့်သုံးအပ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် များ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ကျင့်သုံးအပ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပင် ဖြစ်ပါသည်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ကျင့်သုံးပိုင်ခွင့်ရှိသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို နှစ်မျိုး နှစ်စား ခွဲခြားထားနိုင်ပါသည်။ ယင်းတို့မှာ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ (ဖက်ဒရယ်ယူနစ် များ) က ကျင့်သုံးပိုင်ခွင့်ရှိ‌သော နိုင်ငံရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Political Self-determination) နှင့် ပြည်ထောင်စုဘွားတိုင်းရင်းသားလူမျိုးများက လူမျိုးအလိုက် ကျင့်သုံးပိုင်ခွင့်ရှိသော ယဉ်ကျေးမှုဆိုင်ရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Cultural Self- determination) တို့ ပင် ဖြစ်ပါသည်။
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ (ဖက်ဒရယ်ယူနစ်များ) ကျင့်သုံးပိုင်ခွင့်ရှိသော နိုင်ငံရေးဆိုင်ရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံရေးအာဏာ (၃) ရပ်ဖြစ်သော ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးပိုင်ခွင့် အခွင့်အရေးပင် ဖြစ်ပါသည်။ ထိုနိုင်ငံရေးအခွင့်အရေးများကို အပြည့်အဝ ကျင့်သုံးနိုင်ရန်အတွက် ဥပဒေပြုရေး အာဏာကို ကျင့်သုံးရန် ပြည်နယ်လွှတ်တော်၊ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် ပြည်နယ် အစိုးရနှင့် တရားစီရင်ရေးအာဏာကို ကျင့်သုံးရန် ပြည်နယ်တရားရုံးများကို ဖွဲ့စည်းထူထောင်ခွင့် ရှိရမည်ဖြစ်သည်။ သို့ရာတွင် ဥပဒေပြုအာဏာကိုကျင့်သုံးသော ပြည်နယ်လွှတ်တော်၊ အုပ်ချုပ် ရေးအာဏာကို ကျင့်သုံးသော ပြည်နယ်အစိုးရနှင့် တရားစီရင်ရေးအာဏာကိုကျင့်သုံးသော ပြည် နယ်တရားရုံးများကို ဖွဲ့စည်းထူထောင်ရုံမျှဖြင့် ထိုပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီဟု မဆိုနိုင်ပေ။ ထိုပြည်နယ်များ (ဖက်ဒရယ်ယူနစ်များ) က မိမိတို့ပြည်နယ်အတွင်းကျင့်သုံးရမည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်းခွင့်ရှိမှသာ ထိုပြည်နယ်များ တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည်ဟုဆိုနိုင်မည်ဖြစ်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည်မှာ လူမျိုး တမျိုး သို့မဟုတ် ပြည်နယ်တခုက မိမိတို့လူမျိုး (သို့မဟုတ်) ပြည်နယ်အတွင်း လိုက်နာကျင့်သုံး ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို မိမိတို့လူမျိုး၏ နိုင်ငံရေးသမိုင်းနောက်ခံ၊ ယဉ်ကျေးမှု၊ ဘာသာ စကားနှင့် ရိုးရာဓလေ့ထုံးတမ်းဥပဒေများကို အခြေခံ၍သော်လည်းကောင်း၊ ပြည်နယ်တခု၏ နိုင်ငံရေးရေခံမြေခံနှင့် လိုက်လျောညီထွေစေ၍ သော်လည်းကောင်း၊ လွတ်လပ်စွာ ရေးသား ပြဋ္ဌာန်းခွင့် အခွင့်အရေးပင်ဖြစ်ပါသည်။ ထို့ ကြောင့် အခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းခွင့်ရှိသော လူမျိုးနှင့် ပြည်နယ်များကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ သောလူမျိုး (ဝါ) ပြည်နယ်များဟုခေါ်သည်။ ထို့ ကြောင့် ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေ ရေးဆွဲ ပြဋ္ဌာန်းခွင့်သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိ မရှိကို တိုင်းတာသည့် နိုင်ငံရေးစံချိန်ဖြစ်ပါသည်။
ယဉ်ကျေးမှုဆိုင်ရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ပြည်နယ်နယ်နိမိတ်ဖြင့် ကန့်သတ်ချုပ်ချယ် ၍ မရနိုင်ပေ။ လူမျိုးတမျိုး ဖြန့်ကျက်နေထိုင်ရာဒေသတိုင်းတွင် ကျင့်သုံးနိုင်ပါသည်။ တနည်း အားဖြင့်ဆိုပါက ယဉ်ကျေးမှုဆိုင်ရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် လူမျိုးတမျိုးက မိမိတို့လူမျိုးများ ၏မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ် ယုံကြည်မှုနှင့် ရိုးရာဓလေ့ထုံးတမ်းဥပဒေများကို လွတ်လပ်စွာ ထိန်းသိမ်းကာကွယ်မြှင့်တင်ခွင့် အခွင့်အရေးများပင်ဖြစ်ပါသည်။ ထို့ကြောင့် ယဉ်ကျေးမှုဆိုင်ရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် လူမျိုး တမျိုး ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သော လူမျိုးဖြစ်ခြင်းလက္ခဏာ (National Identity) ၏ ပင်မရေသောက်မြစ်ပင် ဖြစ်ပါသည်။ လူမျိုးဖြစ်ခြင်းလက္ခဏာ (National Identity) သည် ပြင်ပမှလာ၍ ဖန်တီးပြဋ္ဌာန်းပေး၍မရ။ လူမျိုးတမျိုးက မိမိတို့လူမျိုး ရှင်သန် လှုပ်ရှားမှုအတွက် ဖန်တီးရယူသောအရာဖြစ်ပါသည်။ ထိုကဲ့သို့ဖန်တီးနိုင်ရေးအတွက် ယဉ်ကျေး မှုဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် တိုင်းရင်းသားလူမျိုးတိုင်းအတွက် မရှိမဖြစ်လိုအပ်သော မွေးရာပါအခွင့်အရေးပင်ဖြစ်သည်။
ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြ သော ချင်း၊ ကချင်နှင့် ရှမ်းတို့သည် ကိုလိုနီခေတ် တွင် သက်ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟု ခေါ်ဆိုနိုင်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေ ခံဥပဒေများကို ပိုင်ဆိုင်ထားခဲ့ကြပြီးဖြစ်သည်။ ကချင်တောင်တန်းဒေသအတွက် 1895 Kachin Hill Tribe Regulation၊ ချင်းတောင်တန်းဒေသ အတွက် 1896 Chin Hills Regulation နှင့် ပြည် ထောင်စုရှမ်းပြည်အတွက် ၁၉၂၂- Federated Shan State Act များကိုပိုင်ဆိုင်ထားခဲ့ကြပါသည်။ ပင်လုံစာချုပ်တွင်လည်း ထိုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများအရ ရရှိစံစားခံစားပိုင်ခွင့်ရှိ သော ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများကို မည် သည့်အခါမျှ မဖျက်သိမ်းစေရပါဘူးဟု အာမခံ ချက်ပေးထားခဲ့ပါသည်။ ထို့အပြင် ပင်လုံစာချုပ် အပိုဒ် (၅) တွင် ထိုတောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Full Autonomy) အပြည့်အဝပေးထားရမည် ဖြစ်ကြောင်း ထပ်လောင်း၍ အာမခံချက်ပေးထား ခဲ့ပါသည်။ သို့ရာတွင် ကိုလိုနီခေတ်တွင် ရရှိခံစား ခဲ့သောအခွင့်အရေးများကို လွတ်လပ်ရေး ရရှိပြီး နောက် လက်လွှတ်ဆုံးရှုံးခဲ့ကြပါသည်။ ထို့ကြောင့် ထိုအခွင့်အရေးများ ပြန်လည်ရရှိနိုင်ရေးအတွက် ၂၀၂၁၊ မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ပြည်နယ်များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည် နယ်များ၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေး ဆွဲပြဋ္ဌာန်းခွင့်ကို ပြန်လည်၍ အာမခံချက်ပေးထား ပါသည်။ ထို့ကြောင့် မကြာတော့သော အနာဂတ် ကာလတွင် ရေးဆွဲပြဋ္ဌာန်းမည့် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံချက်ပေးထားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

၅။ စုပေါင်းအုပ်ချုပ်၍ ပြည်ထောင်စုကို စီမံခန့်ခွဲခြင်း
(ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုတရားစီရင်ရေး)
စစ်မှန်သောဖက်ဒရယ်စနစ်ကို ကျင့်သုံး၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည် နယ်များကို အခြေခံပြီး ဖွဲ့စည်းထူထောင်ထားသည့် ပြည်ထောင်စုစနစ်တွင် စုပေါင်းအုပ်ချုပ် ရေး (Shared- rule) အရ ပြည်ထောင်စုကြီးကို ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက တန်းတူ ရည်တူတာဝန်ယူ၍ စီမံခန့်ခွဲခွင့်ရှိကြရမည်ဖြစ်သည်။ ထိုကဲ့သို့ ပြည်နယ်များပူးပေါင်း၍ တန်းတူ ရည်တူတာဝန်ယူ စီမံခန့်ခွဲနိုင်ခွင့်ရှိကြောင်းကိုလည်း ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအကျ ပြဋ္ဌာန်းပေးရမည်။

ပြည်ထောင်စုကြီးကို တန်းတူရည်တူ စီမံခန့်ခွဲရန် တာဝန်ယူကြသည်ဟုဆိုရာ၌ ပြည် ထောင်စုကြီး ငြိမ်းချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် တည်တံ့ခိုင်မြဲရေးတို့အတွက် ဘက်ပေါင်းစုံမှ ပါဝင်ဆောင်ရွက်မှုကို ဆိုလိုပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးသော လုပ် ဆောင်ချက်မှာ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ရေသောက်မြစ် (၃) သွယ်ဖြစ်သော ဥပဒေပြု ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တရားသဖြင့် စီမံခန့်ခွဲခြင်း ပင် ဖြစ်သည်။ ထိုအာဏာ (၃) ရပ်ထဲတွင်လည်း ဥပဒေပြုရေးအာဏာသည် အခြေခံအကျဆုံး ဖြစ်သောကြောင့် ဥပဒေပြုရေးအာဏာကို အသုံးပြု၍ ပြည်ထောင်စုကြီးကို ပြည်ထောင်စု အဖွဲ့ ဝင် အမျိုးသားပြည်နယ်များ အားလုံးက မည်သို့မည်ပုံ ပါဝင်ပတ်သက်၍ စီမံခန့်ခွဲကြောင်း ပြည် ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တိကျရှင်းလင်းစွာ ကာကွယ်ပြဋ္ဌာန်းရပေမည်။ ထိုနည်းတူ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကိုလည်း ဆောင်ရွက်ရပေမည်။

ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ တန်းတူရည်တူပူးပေါင်း၍ ပြည်ထောင်စုကြီးကို စီမံ ခန့်ခွဲရာ၌ အခြေခံအကျဆုံးသော နိုင်ငံရေးအဆောက်အဦသည် ပြည်ထောင်စုလွှတ်တော်ပင် ဖြစ်ပါသည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်ထောင်စုလွှတ်တော်၌ အာဏာ တူလွှတ်တော် (၂) ရပ်ထားရှိရပါမည်။ ယင်းတို့မှာ အမျိုးသားလွှတ်တော် (ဝါ) အထက် လွှတ်တော်နှင့် ပြည်သူလွှတ်တော် (ဝါ) အောက်လွှတ်တော်တို့ပင် ဖြစ်ပါသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် အမျိုးသား လွှတ်တော် (ဝါ) အထက်လွှတ်တော်ကို ဖွဲ့စည်းခြင်း သည် ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များ တန်းတူရည်တူပူးပေါင်း၍ ပြည်ထောင်စုကြီးကို အတူ တကွထူထောင်ကြသည်ဟူသော တန်းတူရေးပြယုဂ် ပင်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားလွှတ်တော်သည် လူထုကို တိုက်ရိုက်ကိုယ်စားပြုခြင်း မဟုတ်ပေ။ ပြည် နယ်များကို ကိုယ်စားပြုသည်။ ပြည်ထောင်စုထဲမှ တန်းတူသော ပြည်နယ်များကိုသာ ကိုယ်စားပြုခြင်း ကြောင့် အမျိုးသားလွှတ်တော်တွင် ပြည်နယ်များက ဦးရေတူညီသော ပြည်နယ်ကိုယ်စားလှယ်များကို စေ လွှတ်ကြရမည်။ သို့မှသာ နိုင်ငံရေးအရ တန်းတူသော ပြည်နယ်များ ပူးပေါင်း၍ ပြည်ထောင်စုကြီးကို အတူ တကွ ထူထောင်ကြသည်ဟူသော “တန်းတူရေး” လက္ခဏာကို ပေါ်လွင်ထင်ရှားနိုင်မည် ဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်နယ်ကို ကိုယ်စားပြုသော အမျိုးသားလွှတ်တော်သာမက၊ ပြည်သူလူထုကိုကိုယ်စားပြုသော ပြည်သူ့လွှတ်တော် ကိုလည်း ဖွဲ့စည်းထူထောင်ရပေမည်။ ပြည်သူ့ လွှတ်တော်သည် ဒီမိုကရေစီစနစ်အရ လူဦးရေကို ကိုယ်စားပြုပါသည်။ လူဦးရေကို အခြေခံ၍ လူဦးရေပိုများသောပြည်နယ်က ပြည်ထောင်စု လွှတ်တော်၏ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်ဦးရေ ပို၍များပြားစွာ စေလွှတ်ကြ ရမည် ဖြစ်သည်။ လူဦးရေနည်းသော ပြည်နယ်များက ကိုယ်စားလှယ်ဦးရေလျှော့၍ ပေးပို့ ကြရမည်။ ယင်းသည် ဒီမိုကရေစီစနစ်၏ အနှစ်သာရပင်ဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ် ပြည်ထောင်စုစနစ်တွင် ဖက်ဒရယ်စနစ်အရ ပြည်နယ်ကို ကိုယ်စားပြုသော အမျိုးသား လွှတ်တော်နှင့် ဒီမိုကရေစီစနစ်အရ လူထုကို ကိုယ်စားပြုသော ပြည်သူ့လွှတ်တော်ဆိုသည့် ပြည် ထောင်စုလွှတ်တော် (၂) ရပ်ကို ပေါင်းစပ်၍ ပြည်ထောင်စုလွှတ်တော်ကို ဖွဲ့စည်းထူထောင် ရပါသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ ပူးပေါင်း၍ အုပ်ချုပ်ရေးအာဏာကို စီမံခန့်ခွဲရာ၌ တနိုင်ငံနှင့်တနိုင်ငံအကြား ကျင့်သုံးပုံချင်း မတူညီကြပေ။ လူမျိုးတမျိုးတည်းသာရှိ၍ သမ္မတစနစ်ကို ကျင့်သုံးသော တိုင်းပြည်များတွင် နိုင်ငံ့ဦးသျှောင် အကြီးအကဲဖြစ်သည့်သမ္မတကို ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်ကြပါသည်။ သို့ရာတွင် လူမျိုးပေါင်းစုံရောနှောနေထိုင်ပြီး ပါလီမန်စနစ်ကို ကျင့်သုံးသော တိုင်းပြည်များတွင် အုပ်ချုပ်ရေးအာဏာကို သမ္မတနှင့် ဝန်ကြီးချုပ်တို့အား အာဏာခွဲဝေသုံးစွဲသည့်စနစ်ကို ကျင့်သုံး ကြပါသည်။ ထိုသို့ခွဲဝေကျင့်သုံးရာတွင်လည်း နိုင်ငံတော်အကြီးအကဲဖြစ်သည့်သမ္မတကို ပြည် နယ်ကိုယ်စားပြုသည့် အမျိုးသားလွှတ်တော် (ဝါ) အထက်လွှတ်တော်က ရွေးချယ်တင်မြှောက် ပြီး၊ အုပ်ချုပ်ရေးယန္တရားကို တိုက်ရိုက်ကိုင်တွယ်စီမံရသည့် ဝန်ကြီးချုပ်ကိုမူ ဒီမိုကရေစီစနစ် အရ ပြည်သူလူထုကို ကိုယ်စားပြုသော ပြည်သူ့လွှတ်တော် (ဝါ) အောက်လွှတ်တော်က ရွေးချယ် တင်မြှောက်ရပါမည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် တရားရေးအာဏာကိုကျင့်သုံးရာ၌ လူမျိုးတမျိုး တည်းသာရှိသော တိုင်းပြည်နှင့် လူမျိုးပေါင်းစုံ ရောနှောနေထိုင်သော တိုင်းပြည်များတွင် ကျင့်သုံးပုံကျင့်သုံးနည်း မတူကြပေ။ ပြည်ထောင်စုမြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံရောနှောနေ ထိုင်သောတိုင်းပြည်ဖြစ်သောကြောင့် ပြည်ထောင်စုတရားစီရင်ရေးအာဏာကို ကိုင်တွယ်ကျင့် သုံးမည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး (Supreme Court Judges) များကို ခန့်အပ်ရာ၌ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဘာသာစကားအရသော်လည်းကောင်း၊ ကိုးကွယ်ယုံကြည်မှုအရသော်လည်းကောင်း၊ သမိုင်းကြောင်းအရသော်လည်းကောင်း၊ မတူကွဲ ပြားနေကြသည့် လူမျိုးအားလုံး၏ အရေးကို ဦးစားပေး၍ ထောက်ရှုစဉ်းစားရန် လိုအပ်ပါသည်။ တဘက်တွင်လည်း တရားဥပဒေဆိုသည်မှာ “မျက်စိမရှိ၊ နားမရှိ” တရားမျှတမှုကိုသာ ထောက်ရှု စဉ်းစားရမည်ဖြစ်သောကြောင့်၊ တရားသူကြီးချုပ်များ၏ တရားဥပဒေဆိုင်ရာ သမာသမတ်ရှိမှု ကိုလည်း ထောက်ရှုစဉ်းစားရန် လိုအပ်ပါသည်။ ထို့ကြောင့် ထိုအချက် (၂) ချက်စလုံးကို ပေါင်း စပ်သောအားဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားသူကြီးများကို ခန့်ထားရာ၌ (၃) ပုံ (၂) ပုံကို လူမျိုးနှင့် ပြည်နယ်များကို အခြေခံ၍ ခန့်ထားပြီး၊ ကျန်ရှိသော တရားသူကြီးများကိုမူ ထိုတရားသူကြီးများ၏ ပင်ကိုယ်အရည်အချင်းနှင့် သမာသမတ်ရှိမှုအပေါ် အခြေခံ၍ ခန့်ထား သင့်ပါသည်။ လူမျိုးနှင့် ပြည်နယ်များကို ကိုယ်စားပြုသော တရားသူကြီးများကို ခန့်ထားရာတွင် လည်း ထိုတရားသူကြီးများ၏ ပင်ကိုယ်အရည်အချင်း၊ ဥပဒေပညာကျွမ်းကျင်မှုနှင့် သိက္ခာ သမာဓိရှိမှုများအပေါ် အခြေခံ၍ ထိုတရားသူကြီးကိုယ်စားပြုသည့်လူမျိုး (ဝါ) ပြည်နယ်များထဲမှ စနစ်တကျ ရွေးချယ်ခန့်အပ်ထားသင့်ပါသည်။ ဖက်ဒရယ်ပြည်ထောင်စုကြီးကို အဖွဲ့ဝင်ပြည်နယ်များက ပူးပေါင်း၍ စီမံခန့်ခွဲရမည့်နည်း လမ်းများကို ခြုံငုံ၍ ထပ်ပြောရမည်ဆိုပါက -

(က) ပြည်ထောင်စုလွှတ်တော်တွင် ဖက်ဒရယ်စနစ်အရ ပြည်နယ်ကို ကိုယ်စားပြုသည့် အမျိုးသားလွှတ်တော် (ဝါ) အထက်လွှတ်တော်နှင့် ဒီမိုကရေစီစနစ်အရ ပြည်သူလူထုကို ကိုယ်စားပြုသည့် ပြည်သူ့လွှတ်တော် (ဝါ) အောက်လွှတ်တော်ဟူ၍ “အာဏာတူ လွှတ်တော် (၂) ရပ်” ထားရှိရမည်။ အမျိုးသားလွှတ်တော် (ဝါ) အထက်လွှတ်တော်တွင် ပြည်နယ်များက ဦးရေတူညီသော ကိုယ်စားလှယ်များကို စေလွှတ်ရမည်။
(ခ) အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ်ကျင့်သုံးသည့် ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းရာတွင် နိုင်ငံတော်ဦးသျှောင် သမ္မတနှင့် အုပ်ချုပ်ရေးယန္တရားကို တိုက်ရိုက်ကိုင်တွယ်ကျင့်သုံး သည့် ဝန်ကြီးချုပ်တို့ကို ရွေးချယ်ခန့်ထားရမည်။ နိုင်ငံတော်သမ္မတကြီးကို ပြည်ထောင်စု စနစ်အရ ပြည်နယ်များကို ကိုယ်စားပြုသည့် အမျိုးသားလွှတ်တော် (ဝါ) အထက် လွှတ်တော်က ရွေးချယ်တင်မြှောက်ရမည်။ ဝန်ကြီးချုပ်ကိုမူ ဒီမိုကရေစီစနစ်အရ ပြည်သူလူထုကို ကိုယ်စားပြုသည့် ပြည်သူ့လွှတ်တော် (ဝါ) အောက်လွှတ်တော်က ရွေးချယ်တင်မြှောက်ရပါမည်။
(ဂ) တရားစီရင်ရေးအာဏာကို ထိပ်ဆုံးမှကိုင်တွယ်ကျင့်သုံးမည့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ တရားသူကြီးများအနက် (၃) ပုံ (၂) ပုံကို ပြည်နယ်များ (ဝါ) တိုင်းရင်း သားလူမျိုးများထဲမှ ဥပဒေပညာကျွမ်းကျင်သူများကို ရွေးချယ်ခန့်အပ်ပြီး၊ ကျန် (၃) ပုံ (၁) ပုံကိုမူ ဥပဒေကျွမ်းကျင်မှုနှင့် သမာသမတ်ရှိမှုအပေါ် အခြေ ခံ၍ တသီးပုဂ္ဂလများကို ရွေးချယ်ခန့်ထားရပါမည်။

၆။ နိုင်ငံတော်လုံခြုံရေးကိုစီမံခန့်ခွဲခြင်း
(ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းထူထောင်ရေးလမ်းစဉ်)

သီးခြားလွတ်လပ်ခွင့်ရှိသော ပြည်ထောင်များ (ဝါ) အမျိုးသားပြည်နယ်များ စုပေါင်း၍ ပြည်ထောင်စုကြီးကို အတူတကွ ထူထောင်ဖွဲ့စည်းသောအခါ ထိုပြည်ထောင် (ဝါ) အမျိုးသား ပြည်နယ်များ စုပေါင်းပိုင်ဆိုင်ထားသည့် ပြည်ထောင်စုကြီး၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တိုင်း၌ တာဝန် ရှိကြသည်။ ထိုသို့ နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံတော်ယန္တရားအသီးသီးကို ဖန်တီးထူထောင်ရပါမည်။ နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ဖွဲ့စည်း ထူ ထောင်ထားသည့် နိုင်ငံရေးယန္တရားများကို အကြမ်းအားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါ သည်။ ယင်းတို့မှာ (၁) အုပ်ချုပ်ရေးယန္တရားနှင့် (၂) လုံခြုံရေးယန္တရားတို့ဖြစ်ပါသည်။ အုပ်ချုပ်ရေးတွင် နိုင်ငံတော်၏ အုပ်ချုပ် ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးအာဏာတို့ ကို တိုက်ရိုက်ကိုင်တွယ်ကျင့်သုံးသော အစိုးရ များ၊ တရားရုံးများနှင့် လွှတ်တော်အဆင့်ဆင့်တို့ သာမက နိုင်ငံ့ဝန်ထမ်းအားလုံးလည်း ပါဝင်နေကြ သည်။ လုံခြုံရေးတွင် နိုင်ငံတော်လုံခြုံရေး၊ အေးချမ်းသာယာရေးကို ကာကွယ်စောင့်ရှောက် ရန်အတွက် တိုက်ရိုက်တာဝန်ပေးအပ်ခြင်းခံရ သော တပ်မတော်နှင့် ပြည်သူ့ရဲတပ်ဖွဲ့များ ပါ ဝင်သည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ကိုယ် ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်းကို ရောစပ်ထားသောစနစ်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်လုံခြုံရေးတာဝန်ကို ထမ်းဆောင်ရာ၌ လည်း ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ပြည်နယ် အဆင့်နှင့် စုပေါင်းအုပ်ချုပ်ရေးအတွက် ပြည် ထောင်စုအဆင့်ဟူ၍ အပိုင်း (၂) ပိုင်းခွဲ၍ တာဝန် ပေးအပ်ရပါမည်။ ပြည်နယ်လုံခြုံရေးကို ပြည် နယ်အတွင်းရှိ ပြည်သူလူထုဘဝ အေးချမ်းသာယာရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့များကို သက်ဆိုင်ရာပြည်နယ်၏ လိုအပ်ချက်နှင့်အညီ ဖွဲ့စည်းထူ ထောင်၍ တာဝန်ပေးအပ်ရပါသည်။ ထိုနည်းတူ ပြည်နယ်လုံခြုံရေးစစ်တပ် (State Militia) များကိုလည်း လိုအပ်လျှင် လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးအပ်ရပါမည်။

ပြည်ထောင်စုကြီး၏ လုံခြုံရေးကို တာဝန်ယူထမ်းဆောင်နေကြမည့် ပြည်ထောင်စုတပ် မတော်ကိုမူ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး စုပေါင်းတာဝန်ယူ၍ စုပေါင်းဖွဲ့စည်းသင့် ပါသည်။ ထို့ကြောင့် ပြည်ထောင်စုတပ်မတော်တွင် တိုင်းရင်းသားလူမျိုးများ စုပေါင်းပါဝင်ကာ စုပေါင်းတာဝန်ယူ ထမ်းဆောင်ကြရပါမည်။ ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ပေါင်းစုံ ရောနှောနေထိုင်သည့် တိုင်းပြည်ဖြစ်သောကြောင့် ပြည်ထောင်စုတပ်မတော်တွင် တိုင်း ရင်းသားလူမျိုးများ၏တပ်ရင်းအလိုက် စုပေါင်းတာဝန်ယူထမ်းဆောင်ခြင်းသည် အကောင်းဆုံး နည်းလမ်းတရပ် ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ၁၉၄၆ ခုနှစ် ကန္ဒီမြို့၌ ဗမာ့တပ်မတော်ကိုယ်စား ဗိုလ်လကျာ်နှင့် ဗြိတိသျှတပ် မတော်ကိုယ်စား ဗိုလ်ချုပ်ကြီးဖရီးမင်းတို့ ချုပ်ဆိုခဲ့သော “လကျာ်-ဖရီးမင်းစာချုပ်”ကို ပြန်လည်အကောင်အထည်ဖော်ကျင့်သုံးခြင်းသည်သာလျှင် ပြည်ထောင်စု တပ်မတော်ကို အသစ်ပြန်လည်ထူထောင်ရေးတွင် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်။

မှတ်ချက်။ ။ ၂၀၂၁၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်၏အာဏာကို မတရားသိမ်းပိုက်ထားသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗမာ့တပ်မတော်သည် ပြည်သူ လူထုတရပ်လုံး၏ အသက်အိုးအိမ်ကို ထိန်းသိမ်းကာကွယ်ရမည့်အစား ပြည်သူလူထု တရပ်လုံး အပေါ် အကြမ်းဖက်၍ ပြည်သူကို သတ်ဖြတ်နေသော သောင်းကျန်းသူဘဝသို့ နေ့ချင်းညချင်း ကူးပြောင်းသွားခဲ့ကြပါသည်။ ထို့ကြောင့် ၂၀၂၀၊ နိုဝင်ဘာရွေးကောက်ပွဲတွင် လူထု၏ ရွေး ကောက်တင်မြှောက်ခြင်းကို တရားဝင်ခံယူခဲ့ကြသော “ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)” က မင်းအောင်လှိုင် နှင့် အပေါင်းအပါစစ်တပ်ကို သောင်းကျန်းသူများအဖြစ် ကမ္ဘာသိ တရားဝင်ကြေညာထားပြီး ဖြစ်ပါသည်။

မင်းအောင်လှိုင်နှင့်အပေါင်းအပါ သောင်းကျန်းသူများ၏ဘေးရန်မှ ကာကွယ်ရန် ပြည်သူ လူထုတရပ်လုံးက မိမိကိုယ်ကို မိမိကာကွယ်နိုင်ရေးအတွက် “ပြည်သူ့ကာကွယ်ရေးတပ် မတော်” ကိုစတင်ဖွဲ့စည်းနေကြပါသည်။ ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ (EAOs) သည် မဟာမိတ်တပ်မတော်များအဖြစ် ပူးတွဲစစ်ဆင်ရေးများ စတင် လှုပ်ရှားနေကြပြီဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) တပ်မတော်များသည် မဟာမိတ်တပ်မတော် များအဆင့်မှ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (Federal Army) အဖြစ် တက်လှမ်းနိုင်ကြ မည်ဟု ယုံကြည်ပါသည်။ ထိုအကြောင်းအရာကို နောင်တွင် အလျဉ်းသင့်သလို ရေးသားဖော်ပြ သွားမည်ဖြစ်သည်။

၇။ မြေနှင့် သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်ခွင့်နှင့် မျှဝေခံစားခွင့်
ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများက မိမိတို့၏လူမျိုးပိုင်နယ် မြေများကို မိမိတို့၏ဆန္ဒအလျောက် ပူးပေါင်းဖွဲ့စည်းထားသောနိုင်ငံဖြစ်သည်။ တိုင်းရင်းသား လူမျိုးအသီးသီးက မိမိတို့၏ လူမျိုးပိုင်နယ်မြေများကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ အဖြစ် ပူးပေါင်းထားသော်လည်း၊ မိမိတို့၏ လူမျိုးပိုင်နယ်မြေများ ပိုင်ဆိုင်ခြင်းကိုမူ မည်သည့် နည်းနှင့်မျှ စွန့်လွှတ်ကြလိမ့်မည် မဟုတ်ပေ။ မိမိတို့၏ လူမျိုးပိုင်နယ်မြေများကို လူမျိုးအလိုက် စုပေါင်းပိုင်ဆိုင်ပြီး၊ ထိုနယ်များထဲမှ သမိုင်းအစဉ်အလာနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံအရ ဆွေမျိုး စု၊ မိသားစုနှင့် တသီးပုဂ္ဂလ တဦးချင်းအလိုက် အစဉ်အဆက်ပိုင်ဆိုင်လာခဲ့ကြသော မြေယာများ ကိုလည်း လက်လွှတ်မဆုံးရှုံးသင့်ပေ။ မြေယာ ပိုင်ဆိုင်ခွင့်သည် ပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်းအား လုံးထဲတွင် အခြေခံအကျဆုံးသော “ပိုင်ဆိုင်ခြင်း တရပ်” ဖြစ်ပါသည်။ မြေယာပိုင်ဆိုင်ခြင်း အပါ အဝင် “ပိုင်ဆိုင်ခြင်း” ဟူသောအရာအားလုံး သည် လူတဦးချင်း၏ ဘဝလုံခြုံရေးအတွက်ကို အာမခံချက်ပေးရုံသာမက လူမျိုးအလိုက် ထို လူမျိုးများ မတိမ်ကော မပပျောက်ရေးအတွက် အခြေခံအကျဆုံးသော လူမျိုးလုံခြုံရေး အာမခံ ချက်တခုလည်း ဖြစ်ပါသည်။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သားများ သည် မိမိတို့၏လူမျိုးပိုင်နယ်မြေများကို ပိုင်ဆိုင် ထားကြသည်ဖြစ်သောကြောင့် မိမိတို့ပိုင်ဆိုင် ထားသော ပြည်နယ်အတွင်းရှိ မြေ၊ သဘာဝရင်း မြစ်များအားလုံး၊ မြေပေါ်မြေအောက် သယံ ဇာတပစ္စည်းများအားလုံး၊ သစ်တော၊ မြစ် ချောင်း၊ အင်းအိုင်နှင့် ရေပေါ်ရေအောက်၊ လေ ထုမြေထုမှ ထွက်ပေါ်လာသည့် အရင်းအမြစ် များအားလုံးကို ထိုအမျိုးသားပြည်နယ်များက ပိုင်ဆိုင်ကြပါသည်။ ပိုင်ဆိုင်ခွင့်လည်း ရှိကြပါသည်။

သို့သော် ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ် များ ပူးပေါင်း၍ ပြည်ထောင်စုကို ဖွဲ့စည်းထူထောင်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု တခုလုံးကိုလည်း ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များအားလုံးက စုပေါင်းပိုင်ဆိုင် ထားကြပါသည်။ ယင်းကြောင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက မိမိတို့၏ပြည်နယ်ရှိ သဘာဝရင်းမြစ်များအားလုံးကို အသီးသီးပိုင်ဆိုင်ထားပါသော်လည်း ထိုပိုင်ဆိုင်မှုနှင့် သဘာဝ ရင်းမြစ်များကို ပြည်ထောင်စုတဝှန်းလုံးအတွက် မျှဝေခံစားရန်လည်း အားလုံးမှာ တာဝန်ရှိ ပါသည်။ ထိုသို့ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အသီးသီးရှိ သဘာဝရင်းမြစ်များကို သက်ဆိုင်ရာ ပြည်နယ်များက ပိုင်ဆိုင်ခြင်းနှင့် ပြည်ထောင်စုတဝှန်းလုံး မျှဝေခံစားခြင်းကို “အခွန်တော်စနစ်” ဖြင့် ချိန်ခွင်လျှာညှိပေးရပါမည်။ ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်နယ်အစိုးရ ရော၊ ပြည်ထောင်စုအစိုးရပါ အစိုးရ (၂) ရပ်စလုံးကို သီးခြားစီ အခွန်ကောက်ယူခွင့်အာဏာကို ပေးထားရပါမည်။ ပြည်နယ်အစိုးရက မိမိတို့၏ပြည်နယ်အတွင်း ကောက်ခံရရှိသော အခွန်တော် ငွေသည် ပြည်နယ်အတွင်း အသုံးချရန်ဖြစ်၍၊ ပြည်ထောင်စုအစိုးရက ပြည်နယ်များအားလုံးထံမှ ကောက်ခံရရှိသော အခွန်ငွေသည် ပြည်ထောင်စုတဝှန်းလုံးရှိ ပြည်သူလူထုတရပ်လုံး မျှဝေခံစား နိုင်ကာ တိုင်းပြည်အတွက် လိုအပ်သည့်ကဏ္ဍများတွင် အသုံးပြုသွားမည် ဖြစ်သည်။

၈။ ဘာသာရေးကို အခြေမခံသောနိုင်ငံ
ပြည်ထောင်စုမြန်မာနိုင်ငံသည် ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုချင်း မတူသော တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထူထောင်ထားသောနိုင်ငံဖြစ်သည်။ ဒီမို ကရေစီစနစ်ကို ကျင့်သုံး၍ လူသားတိုင်း မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော အခြေခံ လူ့အခွင့်အရေးများနှင့် လူမျိုးတိုင်းက မိမိတို့လူမျိုးအလိုက် ခံစားသင့်ခံစားထိုက်သော စုပေါင်း အခွင့်အရေးများကို လေးစားလိုက်နာပါက ဤပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုး အသီးသီး၏ သီးခြားလက္ခဏာနှင့် ဂုဏ်အင်္ဂါများ၊ ရိုးရာဓလေ့ထုံးစံများ၊ စာပေယဉ်ကျေးမှုများ နှင့် ကိုးကွယ်ယုံကြည်မှုများကို လေးစားအသိအမှတ်ပြုရပေမည်။

လူမျိုးတမျိုးတည်းသာရှိ၍ ဘာသာစကားတခုတည်းကို တနိုင်ငံလုံး မိခင်ဘာသာစကား အဖြစ်ပြောဆိုသုံးစွဲကြပြီး၊ ကိုးကွယ်ယုံကြည်မှုတခုတည်းရှိသော တိုင်းပြည်များကို “အမျိုးသား နိုင်ငံတော်”အဖြစ် ဖွဲ့စည်းထူထောင်၍ရပါသည်။ ထိုသို့ လူမျိုးတမျိုး၊ ဘာသာစကားတခု၊ သာသနာတပါးတည်းသာရှိသော အမျိုးသားနိုင်ငံတော်ကို ထူထောင်ရန် “အမျိုး၊ ဘာသာ၊ သာသနာ” ဟူသော အမျိုးသားဝါဒအပေါ် အခြေခံ၍ နိုင်ငံတော်ဘာသာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် အတိအကျ ပြဋ္ဌာန်းခွင့် ရှိနိုင်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပူးပေါင်းဖွဲ့စည်းထားသော နိုင်ငံဖြစ်သည်။ လူမျိုးပေါင်းများစွာ၊ ဘာသာစကားပေါင်းများစွာနှင့် ကိုးကွယ်ယုံကြည်မှုများစွာ ရှိပါသည်။ ထို့ကြောင့် ဤပြည်ထောင်စုကို အမျိုးသားနိုင်ငံကဲ့သို့ “အမျိုး၊ ဘာသာ၊ သာသနာ” ဟူသော အမျိုးသားရေးဝါဒအပေါ် အခြေခံ၍ ဤပြည်ထောင်စုကြီးကို ဖွဲ့စည်းထူထောင်၍ ရမည်မဟုတ်ပေ။

လွတ်လပ်ရေးရရှိသည့်အချိန်မှစ၍ ယနေ့တိုင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဓိက ပြဿနာတရပ်မှာ အဆက်ဆက်သောအစိုးရတို့က “အမျိုး၊ ဘာသာ၊ သာသနာ” ကို အခြေခံသော “အမျိုးသားနိုင်ငံတော်” ထူထောင်ရန် ကြိုးပမ်းနေကြသည်။ ထို့ကြောင့် မဟာလူမျိုးကြီးဝါဒ၏ အခြေခံရေသောက်မြစ် (၃) သွယ်ဖြစ်သော လူမျိုးတမျိုးတည်း ဖြစ်သွားရေး၊ ဘာသာစကားတခု လွှမ်းမိုးသွားရေးနှင့် သာသနာတပါးတည်းကိုသာ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး ကိုးကွယ်ယုံကြည်သွားစေရေးဟူသော အမျိုးသားနိုင်ငံထူထောင်ရေးလမ်းစဉ်ကို တစိုက်မတ် မတ်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြပါသည်။ ပါလီမန်ခေတ်တွင် ဦးနုအစိုးရက ဗုဒ္ဓ ဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းခြင်း၊ တော်လှန်ရေးကောင်စီခေတ်တွင် ဗိုလ်ချုပ်ကြီး နေဝင်းက ပြည်တွင်းစစ်ကို အကြောင်းပြ၍ တိုင်းရင်းသားဘာသာစကား သင်ကြားခွင့်ကို ပိတ်ပင်တားမြစ်ပြီး “မြန်မာစာ၊ မြန်မာစကား” တခုတည်းကိုသာ ရုံးသုံးဘာသာအဖြစ် ပြဋ္ဌာန်းခဲ့ ခြင်းနှင့် နဝတခေတ်တွင် ဗိုလ်ချုပ်ကြီးစောမောင်လက်ထက်၌ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အမည်နာမကို “မြန်မာ”အဖြစ်သို့ ပြောင်းလဲခြင်းသည် “အမျိုး၊ ဘာသာ၊ သာသနာ” ဟူသော အမျိုးသားရေးဝါဒကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခြင်းပင် ဖြစ်သည်။ “ဗုဒ္ဓဘာသာ မြန်မာ လူမျိုး” ဟူသော အယူဝါဒအပေါ်တွင် အခြေခံ၍ ပြည်ထောင်စုမြန်မာနိုင်ငံကို လူမျိုးတမျိုး၊ ဘာသာစကားတခု၊ သာသနာတပါးဟူသော “အမျိုး၊ ဘာသာ၊ သာသနာ” ဘောင်အတွင်း သွတ်သွင်းသွားရန် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ယင်းသို့ ပြည်ထောင်စုမြန်မာနိုင်ငံကို တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ အမျိုး သားပြည် နယ်များပူးပေါင်းဖွဲ့စည်းသည့် ပြည်ထောင်စုစနစ်မှသွေဖည်၍ “အမျိုး၊ ဘာသာ၊ သာသနာ”ကို အခြေခံသော အမျိုးသားနိုင်ငံတော် ထူထောင်ရေးကို ကြိုးပမ်းနေသောကြောင့် အနှစ် (၇ဝ) ပြည် တွင်းစစ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်ပါသည်။ ထို့ကြောင့် အနှစ် (၇ဝ) ကျော် ပြည်တွင်းစစ်ကို အဆုံး သတ်၍ တိုင်းရင်းသားလူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြသော ပြည်ထောင် စုကိုထူထောင်လိုပါက “အမျိုး၊ ဘာသာ၊ သာသနာ” ကို အခြေခံ၍ အမျိုးသားနိုင်ငံထူထောင်ရေး လမ်းစဉ်ကို အရင်ဦးဆုံး စွန့်လွှတ်ရန် လိုအပ်ပါသည်။ သို့မှသာ ဘာသာရေးကိုအခြေမခံသော၊ ဘာသာရေးနှင့် နိုင်ငံရေး ရောစပ်ခြင်းမရှိသော စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပြန်လည်ထူထောင်ရန် လိုအပ်နေမည် ဖြစ်သည်။

၉။ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း (သို့မဟုတ်) ဖက်ဒရယ်စနစ်အရ ပဋိညာဉ်ပြု၍ သဘောတူစာချုပ်အသစ် ချုပ်ဆိုခြင်း
ဖက်ဒရယ်စနစ်သည် သဘောတူညီခြင်း (သို့မဟုတ်) ပဋိညာဉ်ပြုခြင်းပင် ဖြစ်သည်။ သီးခြားလွတ်လပ်၍ သီးခြားအမျိုးသားနိုင်ငံတော်များ ထူထောင်ပိုင်ခွင့်ရှိကြသူများက မိမိတို့၏ ပြည်ထောင်အသီးသီးကို စုပေါင်း၍ ပြည်ထောင်များ စုစည်းထားသည့် ပြည်ထောင်စုနိုင်ငံတော် ကို ထူထောင်ခြင်းဖြစ်ပါသည်။

ထိုကဲ့သို့ သဘောတူစာချုပ် ချုပ်ဆိုခြင်း (သို့မဟုတ်) ပဋိညာဉ်ပြုခြင်းသည် ပြည်ထောင် စု အတူတကွထူထောင်ရန် စတင်သဘောတူညီမှုအဆင့်တွင် လုံလောက်သော်လည်း၊ ပြည် ထောင်စုကြီးကို အတူတကွ ထူထောင်ပြီး လွတ်လပ်၍ အချုပ်အခြာအာဏာ ပိုင်‌သော နိုင်ငံတော် အဖြစ် ကမ္ဘာသိကြေညာသောအခါတွင်သော်လည်းကောင်း၊ အချင်းချင်းပူးပေါင်း၍ နိုင်ငံတော် အသစ်တွင် အတူတကွနေထိုင်သောအခါတွင်သော်လည်းကောင်း လုံလောက်မှုမရှိတော့ပေ။ ထို့ ကြောင့် ထိုသဘောတူစာချုပ်များအပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများကိုပါ အတူတကွ ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်လာပါသည်။ ဥပမာ- ၁၇၇၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးကြေညာစာတမ်းတွင် ယခင် ဗြတိသျှကိုလိုနီနယ် (၁၃) ခုက အတူတကွ လက်မှတ် ရေးထိုးခဲ့ကြသော်လည်း ထိုပဋိညာဉ်စာချုပ်ကြီးသည် လွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံတခု အဖြစ် အတူတကွနေထိုင်ကြသောအခါ လုံလောက်မှု မရှိနိုင်တော့ပေ။ ထို့ကြောင့် ၁၇၈၇ ခုနှစ် တွင် အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကို ပဋိညာဉ်သစ်အဖြစ် ထပ်မံရေးဆွဲ ပြဋ္ဌာန်းခဲ့ရပါသည်။ ထိုနည်းတူ ယခင်ဗြတိသျှကိုလိုနီနယ် (၄) ခုဖြစ်သော ယခင်မြန်မာမင်းများ ပိုင်ဆိုင်ခဲ့ကြ သည့် ၁၉၃၅ Burma Act အရ အုပ်ချုပ်ခဲ့သည့် Burma Proper၊ ၁၉၂၁ Federated Shan States Act အရ အုပ်ချုပ်ခဲ့သည့် ပြည်ထောင်စုရှမ်းပြည်နှင့် ၁၈၉၅ Kachin Hill Tribes Regulation အရအုပ်ချုပ်ခဲ့သည့် ကချင်တောင်တန်းဒေသနှင့် ၁၈၉၆ Chin Hills Regulation အရအုပ်ချုပ်ခဲ့သည့် ချင်းတောင်တန်းဒေသတို့သည် လွတ်လပ်ရေးကို အတူတကွရယူ၍ ပြည် ထောင်စုနိုင်ငံတော်သစ်တခုကို ထူထောင်ရန် ၁၉၄၇၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့ရာတွင် ပင်လုံစာချုပ်ဟု ခေါ်သော ပဋိညာဉ်ကြီး သည် ပြည်ထောင်စုအသစ်ထူထောင်ရာတွင် လုံလောက်မှုမရှိသောကြောင့် ၁၉၄၇ စက်တင်ဘာ လ (၂၄) ရက်နေ့တွင် ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်း နိုင်ခဲ့ပါသည်။

ပင်လုံစာချုပ်တွင် ချင်း၊ ကချင်၊ ရှမ်းနှင့် ဗမာကြားဖြတ်အစိုးရတို့က ပြည်ထောင်စုနိုင်ငံ အသစ်တခုကို ထူထောင်ရန် သဘောတူညီခဲ့ကြသော်လည်း ထိုသဘောတူစာချုပ်ကို ခိုင်မာစေ သည့် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းရာတွင် ချင်း၊ ကချင် နှင့် ရှမ်းပြည် တို့၏ ပါဝင်ပတ်သက်မှုကို ဂရုမစိုက်ဘဲ ဗမာ (ဝါ) မြန်မာလူမျိုးများ ကြီးစိုး၍ လူမျိုးတမျိုးတည်း ၏ဆန္ဒအတိုင်း ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။ ထိုနည်းတူ ၁၉၇၄ နှင့် ၂၀၀၈ ခုနှစ်များတွင် ရေးဆွဲ ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရေးဆွဲပြဋ္ဌာန်းသောအခါကာလများ တွင်လည်း ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများ၏ ပါဝင်ပတ်သက်မှုကို ဥပေက္ခာပြု၍ ဗမာ (ဝါ) မြန်မာလူမျိုးတမျိုးတည်း၏ ဆန္ဒအတိုင်းသာ ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။ ဗမာ (ဝါ) မြန်မာလူမျိုးတို့၏ဆန္ဒဆိုရာ၌လည်း ဗမာ (ဝါ) မြန်မာလူထုတရပ်လုံး ပါဝင်ခြင်းမရှိ။ မဟာလူမျိုး ကြီးဝါဒကို အသေအလဲစွဲကိုင်ထားသော ဗမာ့တပ်မတော်ကြီးစိုးသည် စစ်အင်အားစုများက တဘက်သတ်ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ပင်လုံစာချုပ်အရ ပဋိညာဉ်ပြုခဲ့သော သဘောတူညီချက်များကို လေးစားလိုက်နာခြင်း မရှိ၊ ပင်လုံစာချုပ်ကိုလည်း အကောင်အထည်ဖော်ခြင်းမရှိသောကြောင့် နှစ်ပေါင်း (၇၀) ကျော် ပြီဖြစ်သော ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရပြီး ဤတိုင်းပြည်တွင် စစ်အာဏာသိမ်းမှု သုံးကြိမ် သုံးခါဖြစ်ပွားနေရခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှဦးဆောင် ၍ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ရေးဆွဲမည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင် ရေးဆွဲသည့်အချိန်မှ အတည်ပြုပြဋ္ဌာန်းသည်အထိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ လူထု လူတန်း စားအလွှာပေါင်းစုံ ပူးပေါင်းပါဝင်ပြီး အတူတကွရေးဆွဲပြဋ္ဌာန်းရန် လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရာတွင် အခြေခံကျသည့် အကြောင်းအရာနှင့် အချက်အလက်များကို ဖက်ဒရယ်စာစောင် အမှတ် (၂) တွင် ရေးသားဖော်ပြသွားမည် ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။