ဖက်ဒရယ်စာစောင်။ အမှတ် (၈)။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ကျင့်သုံးသင့်သည့် ဒီမိုကရေစီစနစ်- (၂)

 

 

(၉) ဒီမိုကရေစီစနစ်နှင့် ရွေးကောက်ပွဲ



ဒီမိုကရေစီစနစ်သည် နိုင်ငံရေးဝါဒတခု မဟုတ်ပါ။ နိုင်ငံရေးအာဏာများကို ကိုင်တွယ်ကျင့်သုံးရာတွင် အသုံးပြုသော ကျင့်စဉ်တခုသာဖြစ်သည်။ နိုင်ငံတော်အာဏာများကို ပြည်သူလူထုက အများဆန္ဒနှင့်အညီ ကိုင်တွယ်ကျင့်သုံးနိုင်ရေးအတွက် ခွင့်ပြုထားသောစနစ်တခုလည်း ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုက မိမိဆန္ဒအမှန်ကို လွတ်လပ်စွာ ဖော်ထုတ်နိုင်သော ရွေးကောက်ပွဲများကို ပုံမှန်ကျင်းပပေးရမည်။ ယင်းသည် ဒီမိုကရေစီ၏ လေးနက်ထူးခြားသောအင်္ဂါရပ်ဖြစ်သည်။

            ထိုသို့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို အခါအားလျော်စွာ ကျင်းပပေးရခြင်း၏ အကြောင်းအရင်းများမှာ -

(၁)        ပြည်သူလူထုသည် မိမိတို့လိုလားသော နိုင်ငံရေးစနစ်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိရေးနှင့် မိမိ        တို့၏ နိုင်ငံရေးကံကြမ္မာကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ဖန်တီးပြဋ္ဌာန်းခွင့် ရရှိရေး၊

(၂)        တိုင်းပြည်၏ လိုအပ်ချက်များနှင့် ပြည်သူတရပ်လုံး၏ နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသော နိုင်ငံရေး၊          စီးပွားရေးနှင့် လူမှုရေးပြဿနာများကို အကောင်းဆုံးဖြေရှင်းပေးနိုင်သည့်ခေါင်းဆောင်များနှင့် ကိုယ်           စားလှယ်များကို ရွေးချယ်တင်မြှောက်ခွင့် ရရှိရေး၊

(၃)        အစိုးရတရပ်မှ တရပ်သို့ နိုင်ငံတော်အာဏာများကို ငြိမ်းချမ်းစွာဖြင့် တရားဥပဒေနှင့်အညီ လူထုဆန္ဒ      ခံယူ၍ လွှဲပြောင်းပေးနိုင်ရေး စသည့်အချက်များ ပါဝင်သည်။

            သို့ရာတွင် ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်ကို အခိုင်အမာ တည်ဆောက်ကာကွယ်နိုင်ရေးအတွက် တခုတည်းသောနည်းလမ်းမဟုတ်ပေ။ အာဏာရှင်များကလည်း မိမိတို့ပိုင်ဆိုင်ထားသော အာဏာများ၊ စည်းစိမ် များ၊ လက်နက်အင်အားများကို အားကိုးအသုံးပြုပြီး ရွေးကောက်ပွဲများကို အနိုင်ရအောင်လုပ်နိုင်သည်။ ဤသို့ ဖြင့် ရွေးကောက်ပွဲကိုအသုံးချ၍ အာဏာရှင်စနစ်ကို တည်ဆောက်နိုင်ကြသည်။ ကမ္ဘာ့သမိုင်းတွင် အဆိုးဝါးဆုံး အာဏာရှင်ကြီးဖြစ်သည့် ဟစ်တလာသည် ရွေးကောက်ပွဲဖြင့် အာဏာရရှိခဲ့သည်ဟူသောအချက်ကိုမမေ့သင့်ပေ။

            ဒီမိုကရေစီကျင့်စဉ်တရားနှင့်အညီ ကျင်းပအပ်သည့် ရွေးကောက်ပွဲများသည် သန့်ရှင်း၍ တရားမျှတမှု ရှိရမည်။ သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် အောက်ပါအင်္ဂါရပ်များ လိုအပ်သည်။

(၁)        တရားဥပဒေက အသက်အရွယ်ပြည့်ပြီးသူဟု သတ်မှတ်ထားသော မည်သည့်နိုင်ငံသားမဆို လွတ်          လပ်စွာ မဲပေးပိုင်ခွင့် ရှိရမည်။

(၂)        အသက်အရွယ် ပြည့်ပြီးသူ ဟု တရားဥပဒေက သတ်မှတ်ထားသည့် မည်သည့် နိုင်ငံသား တဦးတ ယောက်ကိုမျှ ကိုယ်အင်္ဂါချို့ယွင်းမှုကြောင့်သော်လည်းကောင်း၊ အင်္ဂါမစုံလင်မှုကြောင့်သော်လည်း ကောင်း၊ လိင်ခွဲခြားမှုကြောင့်သော်လည်းကောင်း၊ လူမျိုး ကွဲပြားခြားနားမှုကြောင့်သော်လည်းကောင်း၊ ဘာသာရေးနှင့် ယုံကြည်ကိုးကွယ်မှု ကွဲပြားခြားနားမှုကြောင့်သော်လည်းကောင်း မဲပေးပိုင်ခွင့်ကို တားမြစ်ခြင်း မရှိစေရ။

(၃)        နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်နှင့် အရွေးခံပိုင်ခွင့် "အခွင့်အရေး" အပြည့်အဝ ရရှိ စေရမည်။

(၄)        ပြည်သူ့ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရန်ဆန္ဒရှိသည်ဟု မိမိကိုယ်တိုင်ကသော်လည်းကောင်း၊ သက်ဆိုင်ရာပါတီများကသော်လည်းကောင်း၊ ကြေညာခြင်းခံရသော ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံ ရေးပါတီများအနေဖြင့် မိမိတို့၏ ပါတီပေါ်လစီနှင့် မူဝါဒများကို မဲဆန္ဒရှင်ပြည်သူလူထုထံသို့ လွတ်လပ် စွာ တင်ပြစည်းရုံးနိုင်ခြင်းငှာ လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ မဲဆွယ်စည်းရုံးပိုင်ခွင့်ရှိရမည့်အပြင် အခြား ပြိုင်ဘက်နိုင်ငံရေးပါတီများ၏ပေါ်လစီ၊ မူဝါဒနှင့်လုပ်ဆောင်ချက်များ၏အားနည်းချက်များ၊ ချို့ယွင်း ချက်များကို လွတ်လပ်စွာ ဖော်ထုတ်ဝေဖန်ခွင့် ရရှိရမည်။

(၅)       ရွေးကောက်ပွဲတွင်အရွေးချယ်ခံရန် စာရင်းတင်သွင်းထားသော ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံ        ရေးပါတီအားလုံးသည် တန်းတူသောလွတ်လပ်ခွင့်၊ ရေးသားပြောဆိုခွင့်၊ စည်းရုံးမဲဆွယ်ခွင့်များ            ရရှိရမည်။

(၆)       မဲလိမ်၊ မဲခိုး၊ မဲဝယ်မှုများနှင့် အခြားသော မတရားလုပ်ဆောင်မှုမျိုးစုံမှ ကင်းရှင်းနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းခြင်း၊ လူထုအား နား လည်အောင် ရှင်းလင်းခြင်း၊ တင်ပြခြင်းများပြုလုပ်ရမည်။ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသော ပြည်သူတရပ်လုံး လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးရမည်။ အသက်အ ရွယ်ကြီးရင့်ခြင်းကြောင့်သော်လည်းကောင်း၊ မလွှဲမရှောင်သာသော လူမှုရေးကိစ္စနှင့် အခြားသောကိစ္စ များကြောင့်သော်လည်းကောင်း ရွေးကောက်ပွဲနေ့ရက်တွင် မဲရုံသို့ ဆန္ဒမဲမပေးနိုင်သူများ မဲပေးပိုင်ခွင့် ရှိစေရေးအတွက် အခြားနည်းလမ်းများဖြင့် ဆောင်ရွက်ပေးရမည်။

(၇)       ရွေးကောက်ပွဲတွင် တရားမျှတ၍ လွတ်လပ်သန့်ရှင်းစွာ ပြည်သူများ မဲပေးနိုင်ခွင့် ရှိ-မရှိအား ကြီးကြပ် စောင့်ကြည့်ပိုင်ခွင့်ကို ခွင့်ပြုထားရမည်။

(၈)       ဆန္ဒမဲများ ရေတွက်သောအခါ အမှားအယွင်း မရှိစေရေး၊ လိမ်လည်မှုများ မရှိစေရေး၊ မဲလိမ်၊ မဲခိုး၊        မဲဝယ်မှုများ မရှိစေရေးအတွက် တရားဥပဒေဖြင့် တင်းကျပ်စွာ ဆောင်ရွက်ပေးရမည်။

(၉)       ဆန္ဒမဲများကို အများပြည်သူရှေ့မှောက်တွင် မှန်ကန်စွာ ရေတွက်ရမည်။

(၁၀)     ရွေးကောက်ပွဲတွင် ဆန္ဒမဲများရေတွက်ရာ၌ လည်းကောင်း၊ မဲပေးပုံပေးနည်း မှားယွင်းသည်ဟုယူ           ဆမှု၊ မကျေနပ်မှု၊ အငြင်းပွားမှုများ ပေါ်ပေါက်လာပါကလည်းကောင်း တရားနည်းလမ်းကျစွာ ဖြေ          ရှင်းနိုင်ရေးအတွက် တရားဥပဒေဖြင့် ဆောင်ရွက်ပေးရမည်။

            လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် အထူးလိုအပ်သောအချက်မှာ မဲပေးပုံ၊ မဲပေးနည်းစနစ်ကို ပြည်သူလူထု ကောင်းမွန်စွာ နားလည်သဘောပေါက်နိုင်ရေးအတွက် ပညာပေး လုပ်ငန်းများကို ကြိုတင်၍ စနစ်တကျ ဆောင်ရွက်ခြင်း ဖြစ်သည်။

            ဒီမိုကရေစီစနစ်သည် အများဆန္ဒဖြင့် အရာရာကို ဆုံးဖြတ်သောစနစ်ဖြစ်သဖြင့် အလွန်ကောင်းသည်။ အများပြည်သူဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်၍ ရွေးကောက်ပွဲတွင် မိမိတို့ကိုယ်စားလှယ်များကို ရွေး ချယ်တင်မြှောက်ခွင့်ရှိသောကြောင့် ပို၍ကောင်းသည်။ သို့သော် ထိုကောင်းကွက်များကို ကိုယ်ကျိုးရှာနိုင်ငံ ရေးသမားများနှင့် အာဏာမက်ပုဂ္ဂိုလ်များက အလွဲသုံးစားပြုလုပ်တတ်သည်။ ရွေးကောက်ပွဲသည် ဒီမို ကရေစီရှင်သန်ဖြစ်ထွန်းရေးအတွက် အလွန်အရေးကြီးသည်။ ထိုနည်းတူ ရွေးကောက်ပွဲကို အလွဲသုံးစား လုပ်ခြင်းဖြင့် ဒီမိုကရေစီစနစ်ကို ဖျက်ဆီးနိုင်သည်။ ထို့ကြောင့် ရွေးကောက်ပွဲစနစ်ကို စနစ်တကျရွေးချယ် သတ်မှတ်သင့်သည်။ ရွေးကောက်ပွဲများ ကျင်းပရာတွင် မဲပေးပုံ၊ မဲပေးနည်းများကိုလည်း မိမိတို့တိုင်းပြည် ၏အခြေအနေ၊ ပြည်သူလူထု၏ နှစ်သက်မှုနှင့်  နားလည်သဘောပေါက်ပုံ၊ လူနေမှုစနစ်နှင့် ပညာရေးအခြေ အနေစသည်တို့ကို ဘက်ပေါင်းစုံမှ ထည့်တွက်ပြီး အကောင်းဆုံးရွေးချယ်သတ်မှတ်သင့်သည်။ ရွေးကောက် ပွဲကြောင့် ဒီမိုကရေစီစနစ် ရှင်သန်သကဲ့သို့  ရွေးကောက်ပွဲကြောင့်  ဒီမိုကရေစီစနစ် ကျဆုံးသွားနိုင်သည်။ ထို့ကြောင့် ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ် ရှင်သန်ကြီးထွားရေးအတွက် အကောင်းဘက်ကရော အဆိုးဘက်ကပါ လွှမ်းမိုးနိုင်သဖြင့် အရေးကြီးသည်။



(၁၀) ဒီမိုကရေစီစနစ်နှင့် နိုင်ငံရေးပါတီ



ဒီမိုကရေစီစနစ်သည် လူသားတိုင်း မွေးရာပါအခွင့်အရေးများအဖြစ် ခံစားသင့်ခံစားထိုက်သော အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ပြည်သူလူထုက စုပေါင်းကာကွယ်စောင့်ရှောက်၍ ရှင်သန် ဖွံ့ဖြိုးအောင် စုပေါင်းလုပ်ဆောင်သောစနစ်ဖြစ်သည်။ ထိုအခွင့်အရေးများကို ပြည်သူလူထုကိုယ်စား နိုင်ငံတော်အာဏာကို လက်ခံကျင့်သုံးသော အစိုးရများက ပြည်သူလူထုအတွက် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည်။ ထို့ကြောင့် ပြည်သူလူထုက မိမိတို့ခံစားသင့်ခံစားထိုက်သော မွေးရာပါအခြေခံအခွင့်အရေးများကို မိမိတို့ကိုယ်စား ကာကွယ် စောင့်ရှောက်မည့်အစိုးရကို မိမိတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။ ထိုသို့  မိမိတို့၏အခွင့်အရေး များကို ကာကွယ်စောင့်ရှောက်ပြီး မိမိတို့၏လိုလားချက်များကို ဖြည့်ဆည်းပေးမည့်အစိုးရကို ရွေးချယ်တင် မြှောက်နိုင်ရေးအတွက် အကောင်းဆုံးသော ရွေးချယ်ရေးနည်းလမ်းတရပ်မှာ တိုင်းပြည်နှင့် ပြည်သူလူထုကို အလုပ်အကျွေးပြုရန် ဆန္ဒချင်းတူညီ၍ ရည်ရွယ်ချက်နှင့်မူဝါဒချင်းကိုက်ညီသော လူပုဂ္ဂိုလ်များစုစည်း၍ နိုင်ငံရေး ပါတီများကို ထူထောင်ခြင်းပင် ဖြစ်သည်။ ထို့သို့ နိုင်ငံရေးပါတီများကို ထူထောင်ရာ၌ ကျင့်သုံးသောနည်းလမ်း များအနက် -

(၁)        မိမိတို့လူမျိုး၏ အကျိုးစီးပွားကို စုပေါင်းဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်အပေါ်     အခြေခံ၍ ဖွဲ့စည်းသည့် နိုင်ငံရေးပါတီများ၊

(၂)        နိုင်ငံရေးဝါဒချင်း တူညီပြီး ထိုနိုင်ငံရေးဝါဒ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့   စည်းထားသောဝါဒရေးရာကို အခြေခံသည့်နိုင်ငံရေးပါတီများ (ဥပမာ- ဆိုရှယ်လစ်ဝါဒအပေါ် အခြေခံ         ၍ ဖွဲ့စည်းထားသော ဆိုရှယ်လစ်ပါတီ၊ ကွန်မြူနစ်ဝါဒအပေါ် အခြေခံ၍ ဖွဲ့စည်းထားသော ကွန်မြူနစ်         ပါတီ စသည့်ပါတီများ)

(၃)        နိုင်ငံရေးဝါဒသာမက၊ အကြောင်းအခြင်းအရာ တခုခုအပေါ်တွင် အခြေခံ၍ စုပေါင်းလုပ်ဆောင်ရန် ဖွဲ့     စည်းထားသော နိုင်ငံရေးပါတီများ "Issue-based Political Parties" (ဥပမာ - သဘာဝပတ်ဝန်းကျင်     ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒအပေါ် အခြေခံ၍ ဖွဲ့စည်းထားသည့်ပါတီများ)

(၄)        ထင်ပေါ်ကျော်ကြား၍ နောက်လိုက်ပေါင်းများစွာ စုဆောင်းနိုင်သောခေါင်းဆောင် တဦးတယောက်         အပေါ် အခြေခံပြီး ဖွဲ့စည်းထားသော ပါတီများ . စသည်တို့ပင် ဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍမှာ -

(၁)        နိုင်ငံရေးပါတီတခုခုက ပြည်သူလူထုတရပ်လုံးအတွက် ကောင်းမြတ်သည် ဟု ခံယူထားသောဝါဒ၊         လမ်းစဉ်နှင့်လုပ်ငန်းစဉ်များကို ပြည်သူလူထုထံ တင်ပြရှင်းလင်းပြီး ပြည်သူလူထု၏ထောက်ခံအား ပေးမှု ရရှိနိုင်အောင် မဲဆွယ်စည်းရုံးမှုများ စုပေါင်းဆောင်ရွက်ရေး၊

(၂)        နိုင်ငံရေးပါတီတခုခု၏ နိုင်ငံရေးဝါဒ၊ လမ်းစဉ်နှင့်လုပ်ငန်းစဉ်များကို ပြည်သူလူထုအများစုက ထောက်   ခံဆန္ဒမဲပေးပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက အစိုးရတရပ် ကိုဖွဲ့စည်းပြီး ထိုဝါဒ၊ လမ်းစဉ်နှင့်လုပ် ငန်းစဉ်များကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရေး၊

(၃)        နိုင်ငံရေးပါတီတခုခုက ရွေးကောက်ပွဲတွင် အနိုင်ရရှိလာသောအခါ မိမိတို့ပါတီ၏ ဝါဒ၊ လမ်းစဉ်နှင့်        လုပ်ငန်းစဉ်များ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက်ဥပဒေကြမ်းများကိုပြုစုပြီး လွှတ်တော်            သို့တင်သွင်းကာ ဥပဒေတရပ်ဖြစ်သွားအောင် ကြိုးပမ်းဆောင်ရွက်ရေး၊

(၄)        နိုင်ငံရေးပါတီတခုခုသည် ရွေးကောက်ပွဲတွင် ပြည်သူလူထုအများစု၏ ထောက်ခံအားပေးမှု မရှိနိုင်        သော်လည်း ထိုပါတီများသည် အတိုက်အခံနိုင်ငံရေးပါတီများအဖြစ် ဆက်လက်ရပ်တည်နိုင်သည်။ ထို့          ကြောင့် ထိုပါတီ၏ ကိုယ်စားလှယ်များထဲမှ အရွေးခံသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက   ထိုပါတီ၏ဝါဒ၊ လမ်းစဉ်နှင့် အမြင်များကို တင်ပြပြီး ထိုပါတီက အများကောင်းကျိုးအတွက် တတ်နိုင်    သရွေ့ ဆက်လက်ဆောင်ရွက်ရေး၊

(၅)       အနိုင်ရပါတီများက လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းရန် တင်သွင်းလာသော ဥပဒေကြမ်းများသည်     တိုင်းပြည်အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေနိုင်သည်ဟုယူဆပါက အတိုက်အခံ ပါတီများ       က ကန့်ကွက်ဆန္ဒမဲပေးပြီး ဥပဒေကြမ်းများကို ဥပဒေမဖြစ်နိုင်ရေးအတွက် ဟန့်တားဆောင်ရွက်             နိုင်သည်။

(၆)       ဒီမိုကရေစီစနစ်တွင် အနိုင်ရနိုင်ငံရေးပါတီက အာဏာရှင်ဆန်ဆန် ပြုမူဆောင်ရွက်ခြင်း မပြုလုပ်နိုင်       ရေးအတွက် အတိုက်အခံပါတီများက ဝေဖန်၊ ပြစ်တင်၊ ဆန့်ကျင်၊ ထောက်ပြ၊ ဟန့်တားခြင်းများ ပြု            လုပ်နိုင်သည်။ ထို့ကြောင့် အတိုက်အခံပါတီများ၏ အခန်းကဏ္ဍသည် ဒီမိုကရေစီစနစ်တွင် အလွန်             အရေးကြီးသည်။

(၇)       ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများသည် ပါတီတခုနှင့်တခု ရှင်သန်ရပ်တည်နိုင်ရေးကို ဖျက်လို         ဖျက်ဆီးလုပ်ရန် ကြိုးပမ်းခြင်းမျိုး မပြုလုပ်အပ်ပေ။ ပါတီတခုနှင့်တခု ယှဉ်ပြိုင်ခြင်းသည် ပြည်သူလူ      ထုတရပ်လုံး၏ အကျိုးစီးပွားကို သူ့ထက်ကိုယ်က သာအောင် ပိုမိုဆောင်ရွက်နိုင်ရန် ကြိုးပမ်းသော             ယှဉ်ပြိုင်ခြင်းသာလျှင် ဖြစ်သင့်သည်။

(၈)       ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများ၏ ကြီးမားသောတာဝန်တရပ်မှာ အစိုးရနှင့် ပြည်သူလူ   ထုအကြား ပေါင်းကူးတံတားသဖွယ် ရပ်တည်ပြီး အစိုးရတရပ်၏လုပ်ဆောင်ချက်များကို မှန်ကန်       ရိုးသားစွာ ပြည်သူလူထုထံတင်ပြခြင်းနှင့် ပြည်သူလူထု၏လိုလားချက်နှင့် အကျိုးစီးပွားများကို အစိုးရ   က လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ထိုပါတီများမှ နိုင်ငံရေးသမားများက အစွမ်းကုန်        ဆောင်ရွက်ပေးခြင်း စသည့် တာဝန်များဖြစ်သည်။

            နိုင်ငံရေးသည် "အာဏာပြဿနာ" ဖြစ်ရာ နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်း၏ အဓိကရည်ရွယ်ချက်သည် အာဏာရရှိရေးအတွက် ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် မူဝါဒ တူညီကြသော နိုင်ငံသားများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ကြခြင်းသာလျှင်ဖြစ်သည်။ သို့ရာတွင်  ဒီမိုကရေစီစနစ်၏ ကောင်းမြတ်သော အစဉ်အလာတခုမှာ ထို အာဏာကို ပြည်သူလူထု ဆန္ဒအတိုင်း ကျင့်သုံးနိုင်ရေးအတွက် ရွေးကောက်ပွဲများကို ကျင်းပပြီး  နိုင်ငံရေးပါတီ များစွာကို လွတ်လပ်စွာပါ၀င် ယှဉ်ပြိုင်ရွေးချယ်ခွင့်ပေးထားခြင်းပင်ဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲများတွင် ရှုံးနိမ့်သွားသောနိုင်ငံရေးပါတီများကိုလည်း အတိုက်အခံပါတီများအဖြစ် ဆက်လက်ရပ်တည်ရှင်သန်ခွင့်ပေးထား သောကြောင့် အနိုင်ရပါတီများအနေဖြင့် အာဏာအလွဲသုံးစားခြင်း မရှိရလေအောင် ဟန့်တားကာကွယ်ပေးနိုင် သည်။

 

(၁၁) ဒီမိုကရေစီစနစ်တွင် ဖွဲ့စည်းအပ်သော အစိုးရ၊  ညွန့်ပေါင်းအစိုးရနှင့် အတိုက်အခံပါတီများ



နိုင်ငံရေးသည် အာဏာပြဿနာဖြစ်သည်။ ထိုနိုင်ငံရေးအာဏာကို ကိုင်တွယ်ကျင့်သုံးရာတွင် အထိရောက်ဆုံးနှင့် အထက်မြက်ဆုံးသောယန္တရားသည် အစိုးရဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ထိပ်ဆုံးမှ ကိုင်တွယ်မောင်းနှင်သောယန္တရားဖြစ်သည့်အစိုးရကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ကြသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်သည် လူထုဆန္ဒကို ရွေးကောက်ပွဲများတွင် လွတ်လပ်စွာ ခံယူ၍ တရားဥပဒေနှင့်အညီ အုပ်ချုပ်သူအစိုးရကို ရွေးချယ်တင်မြှောက်သောစနစ်ဖြစ်သည်။

            ဒီမိုကရေစီစနစ်သည် အာဏာကို အကြမ်းဖက်သောနည်းလမ်းဖြင့် လုယူသိမ်းပိုက်ခြင်း မရှိရလေအောင် လူထုဆန္ဒဖြင့် ထိန်းချုပ်သောစနစ်လည်းဖြစ်သည်။ နိုင်ငံရေးအာဏာများကို အကြမ်းဖက်၍ အချင်းချင်းလုယူ သိမ်းပိုက်ခြင်း မရှိရလေအောင် ထိန်းသိမ်းကာကွယ်ရာတွင် အကောင်းဆုံးသော အခြားနည်းလမ်းတရပ်မှာ အစိုးရတရပ်၏အုပ်ချုပ်ရေးသက်တမ်းကို ဥပဒေဖြင့် ကန့်သတ်ပြီး၊ ထိုကန့်သတ်ထားသော သက်တမ်းကုန်ဆုံး သောအခါ လူထုဆန္ဒကို အသစ်တဖန်ခံယူတောင်းဆိုနိုင်ရန် ရွေးကောက်ပွဲများကို ပုံမှန်ကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီကျင့်စဉ်တရား၏ ကောင်းမြတ်သောအစဉ်အလာတရပ်မှာ အာဏာကို အကြမ်းဖက်လုယူ သိမ်းပိုက်ခြင်းမရှိဘဲ၊ လူထုဆန္ဒနှင့်အညီ ရွေးကောက်ပွဲများကျင်းပ၍၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော နိုင်ငံရေး ပါတီ (ဝါ) နိုင်ငံရေးပါတီများထံသို့ ငြိမ်းချမ်းစွာ အာဏာကို လွှဲပြောင်းခြင်းပင် ဖြစ်သည်။

            ဒီမိုကရေစီစနစ်တွင်  အစိုးရတရပ်ကို  ရွေးချယ်တင်မြှောက်ရာ၌  ကျင့်သုံးသောနည်းလမ်းများစွာ ရှိ သည်။ ယခုခေတ်တွင် အသုံးအများဆုံးသောနည်းလမ်းမှာ သမ္မတစနစ်၊ ပါလီမန်စနစ်၊ သမ္မတနှင့်ပါလီမန်စနစ်ကို ရောစပ်သည့် (Semi-Presidential System) များပင်ဖြစ်သည်။ ထိုစနစ်များကို အကြမ်းဖျင်းလေ့လာ တင်ပြ သွားပါမည်။

            သမ္မတစနစ်ကို လေ့လာရာတွင် အကောင်းဆုံးဥပမာတခုမှာ အမေရိကန်ပြည်ထောင်စုပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို ရောစပ်ခြင်းမရှိဘဲ ကင်းကင်းရှင်းရှင်း ခွဲခြားထားသည်။ ဥပဒေပြုရေးအာဏာကို ကိုင်တွယ်ကျင့်သုံးမည့် အထက် လွှတ်တော်နှင့်အောက်လွှတ်တော်များကို သီးခြားရွေးကောက်ပွဲများဖြင့် ရွေးကောက်တင်မြှောက်သည်။ အုပ်ချုပ် ရေးအာဏာကို ကိုင်တွယ်ကျင့်သုံးမည့်သမ္မတကိုလည်း သီးခြားရွေးကောက်ပွဲတရပ်ဖြင့် ရွေးချယ်တင်မြှောက် သည်။ တရားစီရင်ရေးအာဏာကို ကိုင်တွယ်ကျင့်သုံးမည့် တရားသူကြီးချုပ်များကို နိုင်ငံတော်သမ္မတက လျာထားရွေးချယ်ပြီး လွှတ်တော် (၂) ရပ်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ရသည်။ သမ္မတစနစ်တွင် အုပ်ချုပ်ရေး အာဏာကို ထိပ်ဆုံးမှကိုင်တွယ်ကျင့်သုံးမည့်သမ္မတကို ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်သည်။ ထိုသို့ရွေးချယ်တင်မြှောက်ခြင်းခံရသော သမ္မတက သူ့အစိုးရတွင် တာဝန်ထမ်းဆောင်မည့် ဝန်ကြီးအဖွဲ့ကို ရွေးချယ်ပြီး လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်တာဝန်ပေးသည်။

            ပါလီမန်စနစ်တွင်မူ ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာများကို ကိုင်တွယ်ကျင့်သုံးမည့် လွှတ်တော်ကိုယ်စားလှယ်များကို ပြိုင်တူရွေးချယ်တင်မြှောက်ရသည်။ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စား လှယ် အများဆုံးနေရာကိုအနိုင်ရရှိသည့် နိုင်ငံရေးပါတီများက အုပ်ချုပ်ရေးကို ကိုင်တွယ်ကျင့်သုံးမည့်အစိုးရကို ဖွဲ့စည်းတာဝန်ယူရသည်။ ထို့ကြောင့် ပါလီမန်စနစ်တွင် အနိုင်ရပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာများကို ပြိုင်တူကိုင်တွယ်ကျင့်သုံးပိုင်ခွင့် ရှိသည်။

            ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာများကို  ခွဲခြားကျင့်သုံးသော သမ္မတစနစ်တွင်ဖြစ်စေ၊ ပူးတွဲ ၍ ကျင့်သုံးသော ပါလီမန်စနစ်တွင်ဖြစ်စေ၊ ထိုအာဏာ (၂) ရပ်စလုံးကို ကိုင်တွယ်ကျင့်သုံးခွင့် ရရှိနိုင်ရေးအတွက် နိုင်ငံရေးပါတီများစွာကို တည်ထောင်ဖွဲ့စည်းပြီး ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လေ့ရှိ ကြသည်။ ထို့ကြောင့်  ဒီမိုကရေစီစနစ်သည် ပါတီစုံစနစ်နှင့် ကင်းကွာ၍မရပေ။ အနည်းဆုံးပါတီ (၂) ပါတီ ရှိရမည်။ ပါလီမန်စနစ်တွင် ပါတီစုံစနစ်ကို ကျင့်သုံးသည်ကများ၍၊ သမ္မတစနစ်တွင်မူ (၂) ပါတီစနစ်ဖြင့် ဒီမိုကရေစီကို ရှင်သန်အောင် ဖန်တီး နိုင်သည်။

            ပါလီမန်စနစ်တွင် ပါတီစုံစနစ်ကိုကျင့်သုံးသောကြောင့် ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများစွာ ဝင်ရောက်ယှဉ်ပြိုင်ရသည်။ ထိုရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အများဆုံးနေရာကို ရရှိ အနိုင်ယူလိုက်သည့်နိုင်ငံရေးပါတီများက အစိုးရကိုဖွဲ့စည်း၍ အုပ်ချုပ်ရေးအာဏာများကို ကိုင်တွယ်ကျင့်သုံး ရသည်။ သို့ရာတွင် ပါလီမန်စနစ်၌ ဖြစ်လေ့ဖြစ်ထရှိသောအချက်တခုမှာ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ တခု တည်းက အပြတ်အသတ်အနိုင်မရဘဲ အစိုးရဖွဲ့နိုင်လောက်သည့် လွှတ်တော်ကိုယ်စားလှယ် အင်အားမရရှိခြင်း ပင် ဖြစ်သည်။ ထိုအခါမျိုးတွင် ပါတီတခုတည်းဖြင့် အစိုးရဖွဲ့စည်းနိုင်ခြင်းမရှိတော့ဘဲ မိမိတို့နှင့် ပေါ်လစီချင်း တူညီသည့်အခြားပါတီများနှင့် ပူးပေါင်း၍ အစိုးရကို ဖွဲ့စည်းကြသည်။ ထိုသို့  ပါတီတခုတည်းဖြင့်မဟုတ်ဘဲ နီးစပ်ရာပါတီများပူးပေါင်း၍ ဖွဲ့စည်းသောအစိုးရကို  "ညွန့်ပေါင်းအစိုးရ"ဟု ခေါ်သည်။

            ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာတချို့တွင်သာ အနိုင်ရရှိပြီး အစိုးရလည်း မဖွဲ့နိုင်၊ ညွန့်ပေါင်းအစိုးရတွင်လည်း ပါဝင်ခြင်းမရှိသော နိုင်ငံရေးပါတီများသည် လွှတ်တော်ထဲတွင် "အတိုက်အခံပါတီ" များအဖြစ် ဆက်လက်ရပ်တည်ရသည်။ ဒီမိုကရေစီစနစ်တွင် ညွန့်ပေါင်းအစိုးရများ ဖွဲ့စည်းခြင်းနှင့် အတိုက်အခံ ပါတီများရှိနေခြင်းသည် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးများစွာ ဖြစ်ထွန်းစေသည်။ ညွန့်ပေါင်းအစိုးရ နှင့် အတိုက်အခံပါတီများ ရှိခြင်းအားဖြင့် -

(၁)        အနိုင်ရနိုင်ငံရေးပါတီက သူတို့၏ပေါ်လစီနှင့်လမ်းစဉ်များကို တဖက်သတ်ချမှတ်အကောင်အထည်ဖော် နိုင်ခြင်း မရှိဘဲ၊ ညွန့်ပေါင်းအစိုးရတွင် ပါဝင်သော အခြားနိုင်ငံရေးပါတီများ၏ ပေါ်လစီနှင့်လမ်းစဉ်များ            ကိုပါ ထည့်သွင်းအကောင်အထည်ဖော်ရသောကြောင့် အစိုးရအတွင်း ပေါ်လစီညှိနှိုင်းခြင်းနှင့် အပေး             အယူလုပ်ခြင်း ဖြစ်ပေါ်နိုင်သည်။

(၂)        ထိုသို့ ပေါ်လစီညှိနှိုင်းခြင်းနှင့် အပေးအယူလုပ်ခြင်းများဖြစ်ပေါ်သောကြောင့် အစွန်းရောက်ဝါဒနှင့်         တယူသန်အစိုးရများကို ရှောင်ရှားနိုင်သည်။

(၃)        အတိုက်အခံနိုင်ငံရေးပါတီများရှိခြင်းအားဖြင့် အစိုးရတရပ်၏ လုပ်ဆောင်ချက်များ၊ ပေါ်လစီများကို      လွှတ်တော်အတွင်း ပွင့်လင်းစွာ ဝေဖန်သုံးသပ်ခြင်းများ၊ ဆွေးနွေးငြင်းခုံခြင်းနှင့် ဟန့်တားခြင်းများ ပြု          လုပ်နိုင်သည်။

(၄)        ထိုသို့ လွှတ်တော်အတွင်း ဝေဖန်ခြင်း၊ ကန့်ကွက်ခြင်းများကို အတိုက်အခံနိုင်ငံရေးပါတီများက ပြု         လုပ်သောကြောင့် အနိုင်ရနိုင်ငံရေးပါတီ၏ ပေါ်လစီနှင့်လုပ်ငန်းစဉ်များသည် ပြည်သူလူထုအတွက်        အကျိုးမရှိဟု ယူဆပါက ဆန့်ကျင်၊ ကန့်ကွက်၊ ပယ်ဖျက်သွားနိုင်သည်။

(၅)       လွှတ်တော်အတွင်း အစိုးရနှင့် အတိုက်အခံပါတီများ ပွင့်လင်းစွာ၊ လွတ်လပ်စွာ ဝေဖန်ဆွေးနွေး ငြင်းခုံ ခြင်းကြောင့် မည်သူမှန်သည်၊ မည်သူမှားသည်၊ မည်သည့်ပေါ်လစီက တိုင်းပြည်နှင့် ပြည်သူလူထု အတွက်ပို၍အကျိုးရှိနိုင်သည်ဟူသောအချက်များကို ပြည်သူလူထုတရပ်လုံး နားလည်သဘောပေါက် နိုင်သည်။

(၆)       အစိုးရပေါ်လစီများ၊ လုပ်ဆောင်ချက်များနှင့် စီမံကိန်းများကို လက်တွေ့ အကောင်အထည်မဖော်ခင်       လွှတ်တော်အတွင်း အတိုက်အခံပါတီများက မေးခွန်းထုတ်ခြင်း၊ ဆွေးနွေးဝေဖန်ခြင်းများ ပြုလုပ်ရကြ      သောကြောင့် အစိုးရတရပ်အနေဖြင့် ထိုလုပ်ဆောင်ချက်များအပေါ် ပွင့်လင်းမှု၊ တာဝန်ခံမှုနှင့် တာဝန်             ယူမှုများ ပိုရှိလာပြီး ပိုမိုများပြားထွန်းကားလာနိုင်သည်။

 

(၁၂) အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု



ဒီမိုကရေစီစနစ်တွင် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအားလုံး၏ လုပ်ဆောင် ချက်အားလုံးသည် တရားဥပဒေနှင့်အညီဖြစ်ကြောင်း တာဝန်ခံမှုရှိရမည်။ ပြည်သူ့ဝန်ထမ်းဟုဆိုရာတွင် ရွေးကောက်တင်မြှောက်ခံရခြင်းဖြင့် နိုင်ငံတာဝန်ကိုထမ်းဆောင်နေကြသော နိုင်ငံရေးသမားများနှင့် ကျွမ်းကျင်မှု ပညာနှင့် အရည်အချင်းကြောင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသော အစိုးရဝန်ထမ်းများ အားလုံးပါ၀င်နေ ကြသည်။

            နိုင်ငံတော်ယန္တရားအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းအားလုံးသည် မိမိတို့တာဝန် ထမ်းဆောင်ချက်များကို ပြည်သူလူထုနှင့် ဥပဒေရှေ့မှောက်တွင် တာဝန်ယူရဲရမည့်အပြင် မိမိလုပ်ဆောင်ချက် အားလုံးကိုလည်း ဖုံးကွယ်ခြင်းမရှိဘဲ ရိုးသားပွင့်လင်းစွာ ပြည်သူလူထုထံသို့ အခါအားလျော်စွာ ရှင်းလင်းတင်ပြ ကြရမည်ဖြစ်သည်။ အစိုးရတရပ်၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမှု (Responsibility, Accountability and Transparencyတို့ကို နိုင်ငံတော်၏ယန္တရားအသီးသီးအား အသုံးချ၍ ပြုလုပ်ဆောင်ရွက်ရမည်။ ထိုသို့ဆောင်ရွက် ရာတွင် ဥပဒေရှုထောင့်၊ အုပ်ချုပ်ရေးရှုထောင့်နှင့် တရားစီရင်ရေးရှုထောင့် အသီးသီးမှ အောက်ပါအတိုင်း ဆောင် ရွက်နိုင်သည်။

(၁)        အစိုးရတရပ်၏  လုပ်ဆောင်ချက်အားလုံးသည် ပွင့်လင်းမှုရှိပြီး နိုင်ငံတော်နှင့် ပြည်သူလူထု တရပ်လုံး    ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်းကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်သော်လည်း   ကောင်း၊ ပြည်သူ့လွှတ်တော်အဆင့်ဆင့်မှ အခါအားလျော်စွာ ပြဋ္ဌာန်းထားသော ဥပဒေများဖြင့်သော်             လည်းကောင်း၊ အဆင့်ဆင့်သောအစိုးရများ၏ ဥပဒေကဲ့သို့ အာဏာပါသော အမိန့်ပြန်တမ်းစာဖြင့်သော် လည်းကောင်း ဥပဒေအသီးသီး ရေးဆွဲပြဋ္ဌာန်းရမည်။

(၂)        နိုင်ငံတော်တွင် ထူထောင်ထားသည့်အဆင့်ဆင့်သောတရားရုံးများက အစိုးရတရပ်ရပ်၏ လုပ်ဆောင်     ချက်များ ပွင့်လင်းမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိနိုင်ရေးအတွက် လွတ်လပ်သော တရားစီရင်မှုနှင့်            တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားရမည်။ ဆိုလိုသည်မှာ အုပ်ချုပ်ရေးအာဏာများကို လက်ဝယ်ကိုင်    ထားကျင့်သုံးနေကြသော အစိုးရတရပ်သည် ဥပဒေအထက် (Above the lawတွင် မရှိကြောင်း၊ တရား ဥပဒေဘောင်အတွင်းတွင်သာလျှင် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်းဖြင့်          တရားရုံးများက ထိန်းညှိစောင့်ထိန်းရမည်။

(၃)        နိုင်ငံတော်၏ တရားရေးဆိုင်ရာ ယန္တရားများကို အသုံးပြု၍၊ အဆင့်ဆင့်သော ပြည်သူ့ဝန်ထမ်းများနှင့်    ရွေးကောက်ခြင်းဖြင့် ရွေးချယ်တင်မြှောက်ခံရသော နိုင်ငံ့ဝန်ထမ်းများအားလုံးအတွက် ဥပဒေများ၊         နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အစိုးရရုံးဌာနများ၏ လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းပေး     ရမည်။

(၄)        နိုင်ငံတော်အတွင်းရှိ တရားရုံးများအား အစိုးရတရပ်ရပ်နှင့် ပြည်သူ့ဝန်ထမ်းအားလုံး၏ လုပ်ငန်းဆောင်   ရွက်မှုအားလုံးကို တရားဥပဒေနှင့်အညီ ရှိ-မရှိ စုံစမ်းစစ်ဆေးပိုင်ခွင့်အာဏာ ပေးအပ်ထားရမည်။   (Judicial Review)

(၅)       နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ကြမည့်ဝန်ထမ်းများ၊ အထူးသဖြင့် ရွေးကောက်တင်မြှောက်ခံရခြင်း ဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြသော ဝန်ထမ်း (နိုင်ငံရေးသမား) များသည် မိမိတို့၏ ကိုယ်ပိုင်စီးပွားရေးနှင့် အများပြည်သူ၏အကျိုးစီးပွားများ အချင်းချင်း ဆန့်ကျင်ပြီး ဒွေးရောယှက်တင် ပဋိပက္ခ (Conflict of Interestမဖြစ်ပွားရလေအောင် မိမိတို့၏ ပိုင်ဆိုင်မှုများအားလုံးကို နိုင်ငံတော် ဝန်ထမ်းနှင့် ပြည်သူလူထုထံသို့ ပွင့်လင်းစွာ တင်ပြရမည်။ ထိုသို့ တရားဥပဒေနှင့်အညီ ပြုလုပ်ဆောင် ရွက်နိုင်ရေးအတွက် ဥပဒေများ (Conflicts of Interest       and Financial Disclosure Lawကို ပြဋ္ဌာန်းရမည်။

(၆)       နိုင်ငံတော်၏ အုပ်ချုပ်ရေးအဆင့်ဆင့်တွင် ပွင့်လင်းမှု၊ တာဝန်ယူမှုနှင့်တာဝန်ခံမှုများ အပြည့်အစုံရှိစေ နိုင်ရေးအတွက် အောက်ပါကိစ္စများကိုလည်း ဆောင်ရွက်ရမည်။

            (က) ပြည်သူ့အကျိုး(ဝန်ထမ်းများအပါအဝင်) ကာကွယ်ရေး (Ombudsman)

            (ခ)        လွတ်လပ်သော စာရင်းစစ် (Independent Auditors)

            (ဂ)       ပြည်သူလူထု၏ မကျေနပ်ချက်များကို တိုင်တန်းပြီး စုံစမ်းစစ်ဆေးသော အုပ်ချုပ်ရေးဆိုင်ရာ                            တရားရုံး (Administrative Court)

            (ဃ) အကျင့်သိက္ခာစောင့်ထိန်းသည့် (Ethical Rules) စသည်များ ပါဝင်သည်။

(၇)       အစိုးရတရပ်၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမှုများကို ပြည်သူလူထုက စောင့်ကြည့်ပြီး၊ ရိုးသား   ပွင့်လင်းမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုမရှိသည့် အစိုးရတရပ်ကို တရားဥပဒေနှင့်အညီ အရေးယူမှုများ         ပြုလုပ်နိုင်ရုံသာမက ထိုအစိုးရကို အခါအားလျော်စွာ ကျင်းပသော လွတ်လပ်သန့်ရှင်းသည့် ရွေး             ကောက်ပွဲကို ကျင်းပစေပြီး၊ ထိုအစိုးရကို ဖြုတ်ချခြင်း၊ အခြားနိုင်ငံရေးပါတီများကို အစားထိုး၍ ရွေး     ကောက်တင်မြှောက်ခြင်းများ ပြုလုပ်နိုင်သည်။

 

(၁၃) ပြည်သူလူထု၏တာဝန်နှင့် ဝတ္တရားများ



ဒီမိုကရေစီစနစ်နှင့် အာဏာရှင်စနစ်တို့၏ ကွာခြားချက်တရပ်မှာ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုက မိမိ တို့၏အကျိုးစီးပွားကို မိမိတို့ကိုယ်စား ကာကွယ်စောင့်ရှောက်၍  မိမိတို့ဘဝ တိုးတက်ရာတိုးတက်ကြောင်း ကို မိမိတို့ကိုယ်စား တာဝန်ယူဆောင်ရွက်ပေးမည့် အစိုးရတရပ်ကို မိမိတို့ကိုယ်တိုင်က ရွေးချယ်တင် မြှောက်ခြင်းပင် ဖြစ်သည်။

            ပြည်သူလူထုကိုယ်တိုင်က မိမိတို့ပိုင်ဆိုင်ထားသော နိုင်ငံတော်အာဏာများကို မိမိတို့ကိုယ်စား ကျင့်သုံး ခွင့်ပေး၍ မိမိတို့၏အကျိုးစီးပွားကို ကာကွယ်စောင့်ထိန်းပြီး မိမိတို့ဘဝ တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရန် ရွေးချယ်ထားသော အစိုးရတရပ်ဖြစ်သောကြောင့် ပြည်သူလူထုကိုယ်တိုင်ကလည်း အစိုးရ ကို တာဝန်ခံရမည်။ တာဝန်လည်း  ယူကြရမည်။ ထို့ကြောင့်  ဒီမိုကရေစီစနစ်အတွင်းရှိ  ပြည်သူလူထု တရပ်လုံးထံတွင် အောက်ပါတာဝန်ဝတ္တရားများ ရှိသည်။

(၁)        ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုတရပ်လုံးသည် နိုင်ငံတော်၏အရေးအရာကိစ္စ အားလုံး၌ ကိုယ်တိုင်    ကိုယ်ကျ ပါဝင်ပတ်သက်လုပ်ဆောင်ခွင့် (Participationရှိရမည်။ မိမိကိုယ်တိုင် ပါဝင်ရွေးချယ်       တင်မြှောက်ခွင့်လည်း ရှိသည်။

(၂)        ထိုသို့ ပါဝင်ပတ်သက်ဆောင်ရွက်ရာတွင် မိမိတို့လိုလားသော ပြည်သူ့ကိုယ်စားလှယ်လောင်းများကို       ရွေးကောက်ပွဲတွင် ပါဝင်ဆန္ဒမဲပေးခြင်းမှစ၍  ပြည်သူ့လွှတ်တော်အဆင့်ဆင့်နှင့် အစိုးရအဆင့်ဆင့်၏        လုပ်ငန်းဆောင်ရွက်ချက်များတွင် မိမိ၏အမြင်ကို ရိုးသားပွင့်လင်းစွာ တင်ပြခြင်း၊ ထောက်ခံခြင်း၊ ကန့်             ကွက်ခြင်း၊ ဆန္ဒပြခြင်းများ ပြုလုပ်နိုင်သည်။

(၃)        ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုထံ အခွင့်အရေးများသာမက တာဝန် (Responsibilitiesများလည်း ရှိ ကြသည်။ ထို့ကြောင့် နိုင်ငံသားတိုင်းက မိမိတို့၏အခွင့်အရေးအတွက် မိမိတို့ကိုယ်တိုင် တာဝန်ယူ     ဆောင်ရွက်ရမည်။ တပါးသူကို  အားကိုး၍မရသောစနစ် ဖြစ်သည်။

(၄)        ဒီမိုကရေစီစနစ်တွင် အစိုးရဆိုသည်မှာ ပြည်သူလူထုက ပိုင်ဆိုင်ထားသောပိုင်ဆိုင်မှုတခုပင် ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုက မိမိတို့ပိုင်ဆိုင်ထားသော အစိုးရယန္တရားအားလုံး ကောင်းမွန် ချောမွေ့ စွာ       လည်ပတ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီရမည်။ သို့မှသာ အစိုးရက ပြည်သူလူထုကို တာဝန်ခံမှု (Accountabilityရှိလာမည်ဖြစ်သည်။

(၅)       ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုတရပ်လုံးသည် အစိုးရ ပုံမှန်လည်ပတ် အလုပ်လုပ်နိုင်ရေးအတွက်     မိမိတို့လုပ်အားခနှင့်ဝင်ငွေများထဲမှ အခွန်တော်များကို ပုံမှန်ပေးဆောင်ခြင်း၊ တရားဥပဒေများကို သေ       ချာစွာ လိုက်နာဆောင်ရွက်ခြင်း၊ စည်းကမ်းသေဝပ်ခြင်းနှင့် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း   ရေးအတွက် ဝိုင်းဝန်းတာဝန်ယူခြင်း စသော တာဝန်နှင့် ဝတ္တရားများကို ဆောင်ရွက်ကြရမည်။

(၆)       ဒီမိုကရေစီစနစ်တွင် လူထုက မိမိတို့လူ့အဖွဲ့အစည်း ကောင်းမွန်တိုးတက်ရေးအတွက် အရာရာကို          တာဝန်ယူရသလို တာဝန်လည်းခံရသော "စနစ်" ဖြစ်သည်။ ထို့ကြောင့် လူထုက မိမိတို့ လူ့အဖွဲ့အစည်း          အတွက် တာဝန်ယူခြင်း (Responsibility)၊ တာဝန်ခံခြင်း (Accountability)၊ ပွင့်လင်းခြင်း (Transparency)             ရှိပါက လူ့အဖွဲ့အစည်းလည်း တိုးတက်သာယာမည်။ လူထုမှ ကောင်းမွန်မှန်ကန်၍ တရားမျှတစွာ          တာဝန်ထမ်းဆောင်နိုင်သော အစိုးရကို ရွေးချယ်နိုင်ပါက တိုင်းပြည်လည်း သာယာတိုးတက်မည်      ဖြစ်သည်။

(၇)       ဒီမိုကရေစီစနစ်တွင် အစိုးရကို ပြည်သူက ရွေးချယ်တင်မြှောက်ပြီး မိမိ၏ကိုယ်စားလှယ်အဖြစ် တာဝန် ပေးအပ်ထားသော်လည်း အစစအရာရာအားလုံးကို အစိုးရထံ ပုံအပ်ထားသော "စနစ်" မဟုတ်ပေ။ လူ့   အဖွဲ့အစည်းတရပ်၏ လိုအပ်ချက်များစွာနှင့် ကဏ္ဍများစွာတို့ကို ပြည်သူလူထုက တိုက်ရိုက်ဖြည့်စွက်     ပြီး တာဝန်ယူ ဆောင်ရွက်ကြရမည်။ ထို့ကြောင့် လွတ်လပ်သော လူမှုအဖွဲ့အစည်း (Civil Societyများ           သည် ဒီမိုကရေစီစနစ်တွင် အထူးအရေးကြီးသော အင်္ဂါရပ်တခု ဖြစ်သည်။

 

(၁၄) ဒီမိုကရေစီစနစ်တွင် မရှိမဖြစ်လိုအပ်သည့် လူထုအခြေပြု အဖွဲ့အစည်းများ (Civil Society)



ဒီမိုကရေစီစနစ်သည် နိုင်ငံသားများက နိုင်ငံတော်အချုပ်အခြာအာဏာကို ပိုင်ဆိုင်သောစနစ်ဖြစ်သည်။ နိုင်ငံတော်အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားသော နိုင်ငံသားများသည် နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရား များကို ကိုင်တွယ်ကျင့်သုံးမည့်အစိုးရကို ရွေးချယ်တာဝန်ပေးရုံသာမက နိုင်ငံတော်လုံခြုံရေးကို တာဝန်ယူမည့် "တပ်မတော်"ကို ဖွဲ့စည်းပြီး နိုင်ငံသားများ၏ချွေးနှဲစာဖြင့် အခွန်ဆောင်၍ တပ်မတော်အပါအဝင် ပြည်သူ့ဝန်ထမ်း အားလုံးကိုအလုပ်အကျွေးပြုသည်။ ထိုမျှမက နိုင်ငံတော်အတွင်း၌ ပြည်သူလူထုတရပ်လုံး လွတ်လပ်စွာ ကုန်သွယ်ရောင်းဝယ်နိုင်ရေးအတွက် တရားဥပဒေများ ပြဋ္ဌာန်း၍ လွတ်လပ်သော စီးပွားကုန်သွယ်ခွင့်လည်း ရှိသည်။

            လူ့အဖွဲ့အစည်းတရပ်တွင် အုပ်ချုပ်ရေးနှင့် လုံခြုံရေးကို တာဝန်ယူသောအစိုးရနှင့် တပ်မတော်သာမက အမြတ်အစွန်းကိုရည်စူး၍ စီးပွားရေးလုပ်နေသော ကုန်သည်အသိုင်းအဝိုင်းများလည်းရှိသည်။ ထို့အပြင် အစိုးရ ၏နိုင်ငံရေးယန္တရားနှင့် ဝန်ထမ်းလောကထဲတွင်သော်လည်းကောင်း၊ စီးပွားရေးလောကထဲတွင်သော်လည်း ကောင်း၊ မပါဝင်မပတ်သက်သော လူမှုအသိုင်းအဝိုင်းနှင့် လူထုအဖွဲ့အစည်းများရှိသေးသည်။ ထိုအဖွဲ့အစည်း များကို လူထုအခြေပြုအဖွဲ့အစည်း (Civil Societyဟုခေါ်သည်။ လူထုအခြေပြုအဖွဲ့အစည်းများသည် လူ့အဖွဲ့ အစည်း ကြီးပွားကောင်းစားရေး၊ ငြိမ်းချမ်းသာယာရေးနှင့် လူသားအချင်းချင်း ကူညီစောင့်ရှောက်ရေးအတွက် ဖွဲ့စည်းထားသောအဖွဲ့အစည်းများဖြစ်သည်။ နိုင်ငံရေးအာဏာရရှိရေးအတွက်သော်လည်းကောင်း၊ စီးပွားရေး အမြတ်အစွန်း ရရှိရေးအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဖွဲ့စည်းထူထောင်သော အဖွဲ့အစည်းများ မဟုတ် ကြပေ။

            လူထုအခြေပြုအဖွဲ့အစည်းများသည် နိုင်ငံရေးအာဏာနှင့် ကင်းရှင်းရမည့်အပြင်၊ အမြတ်အစွန်းကို ရည်ရွယ်သော စီးပွားရေးလုပ်ငန်းများနှင့်လည်း ကင်းရှင်းစေရမည်။ ထို့ကြောင့် လူထုအခြေပြုအဖွဲ့အစည်း များ၏ အဓိကထားလုပ်ဆောင်လျက်ရှိသော လုပ်ငန်းများမှာ -

(၁)        ပြည်သူလူထုတို့၏ လူနေမှုဘဝတိုးတက်မြင့်မားရေး၊ လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာရေးနှင့် လူသား   ချင်းစာနာထောက်ထားစိတ်ဖြင့် အချင်းချင်း ကူညီပံ့ပိုးရေး စသည့် ပရဟိတလုပ်ငန်းများကို ဆောင်         ရွက်ခြင်း၊

(၂)        ထိုသို့ အချင်းချင်း ကူညီပံ့ပိုးနိုင်ရေးအတွက် လူထုပညာပေးလုပ်ငန်းများ၊ စည်းရုံးရေးလုပ်ငန်းများနှင့်     စုပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်း၊

(၃)        ပြည်သူလူထု -  အထူးသဖြင့် ဆင်းရဲနွမ်းပါး၍ ပညာမဲ့သော လူ့အသိုင်းအဝိုင်းတွင် နိုင်ငံသားများ၏       အခြေခံအခွင့်အရေးများရရှိ ခံစားနိုင်ရေး၊ ပြည်သူလူထုအတွက် အစိုးရ၏လုပ်ဆောင်ချက်များ ထိ      ရောက်မှု ရှိ-မရှိ၊ စောင့်ကြည့်လေ့လာစုံစမ်းကာ အကျိုးမရှိဟုဆိုပါက အစိုးရ၏လုပ်ဆောင်ချက်များ     ကို ဝေဖန်သုံးသပ်ပြီး လမ်းကြောင်းတည့်မတ်ပေးခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်းများ           ပြုလုပ်ရေး၊ ထို့အပြင် အစိုးရတရပ်၏ လုပ်ဆောင်ချက်များက တိုင်းပြည်နှင့် ပြည်သူလူထုအတွက်           အမှန်တကယ် အကျိုးရှိ-မရှိကို ပြည်သူလူထုကိုယ်တိုင်နားလည်သဘောပေါက်အောင် လူထုပညာပေး လုပ်ငန်းများ လုပ်ဆောင်ခြင်း၊

(၄)        လူထုအခြေပြုအဖွဲ့အစည်းများက လူ့အဖွဲ့အစည်းတရပ်၏ လိုအပ်ချက်များစွာကို ဘက်ပေါင်းစုံမှ          ပါဝင်ကူညီလုပ်ဆောင်ပေးနိုင်သည်။ ဥပမာ - သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်ခြင်း၊          အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ခြင်း၊ လူနည်းစုများ၏ အခွင့်အရေးများကို တောင်းဆို             တိုက်ပွဲဝင်ခြင်း၊ ခန္ဓာကိုယ်ချို့တဲ့မှုကြောင့်သော်လည်းကောင်း၊ အခြားသောအကြောင်းအမျိုးမျိုး            ကြောင့်သော်လည်းကောင်း လူစဉ်မမီဘဝသို့ ရောက်ရှိနေသူများကို အကူအညီပေးနိုင်ရေးအတွက်           စုပေါင်းလုပ်ဆောင်ခြင်း၊

(၅)       လူထုအခြေပြုအဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်း၏လိုအပ်ချက်များကို ဘက်ပေါင်းစုံမှ ကူညီ           ဆောင်ရွက်ပေးသောအဖွဲ့အစည်းများဖြစ်သောကြောင့် အမျိုးသားနိုင်ငံရေးလုပ်နေကြသည်ဟု ဆိုနိုင်         သည်။ သို့ရာတွင် လူထုအခြေပြုအဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီတို့၏ ကွာခြားချက်မှာ နိုင်ငံရေးပါတီ       များသည် "အာဏာရရှိရေး" အတွက် ဖွဲ့စည်းထူထောင်သော အဖွဲ့အစည်းများဖြစ်ကြပြီး၊ လူထုအခြေ       ပြုအဖွဲ့အစည်းများသည် နိုင်ငံရေးအာဏာရရှိရေးအတွက် ဖွဲ့စည်းထူထောင်ထားခြင်းမဟုတ်ဘဲ၊ လူ့    အဖွဲ့ အစည်းကို စေတနာသန့်သန့်ဖြင့် အကျိုးဆောင်သောအဖွဲ့အစည်းများ ဖြစ်ကြသည်။

(၆)       လူထုအခြေပြုအဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို  ဖြည့်စွက်ရန် ဖွဲ့စည်းထား    သော အဖွဲ့အစည်းများ ဖြစ်ကြသည်နှင့်အညီ  တခါတရံတွင် အစိုးရက ပြည်သူလူထုအကျိုးအတွက်         ဆောင်ရွက်သောလုပ်ငန်းများတွင် အစိုးရနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်သည်။ သို့ရာတွင် အစိုးရ             ၏သြဇာခံ မဖြစ်စေရ။

(၇)       လူထုအခြေပြုအဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်းတိုးတက်ရေးနှင့် စည်ပင်သာယာရေးကို ဆောင်      ရွက်နေကြသော အဖွဲ့အစည်းများဖြစ်သည်နှင့်အညီ လူ့အဖွဲ့အစည်းကို နိုင်ငံရေးအရ အလုပ်အကျွေး      ပြုရန် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီများကို စည်းရုံးခြင်း၊ နှိုးဆော်ခြင်း၊ တွန်းအားပေးခြင်းများ ပြု       လုပ်နိုင်သည်။ သို့တည်းမဟုတ် နိုင်ငံရေးပါတီတရပ်ရပ် (သို့မဟုတ်) အစိုးရတရပ်ရပ်၏လုပ်ဆောင်   ချက်များကိုလည်း လူထုအတွက် အကျိုးမပြုရုံသာမက အန္တရာယ်ပြု ခြိမ်းခြောက်သည်ဟု ယူဆပါက    ပြည်သူလူထုအင်အားဖြင့် ဆန့်ကျင်ကန့်ကွက်နိုင်သည်။

(၈)       လူထုအခြေပြုအဖွဲ့အစည်းများသည် ဒီမိုကရေစီစနစ်တွင် မရှိမဖြစ်လိုအပ်သော ဒီမိုကရေစီကျင့်စဉ်      တရား၏အင်္ဂါရပ်တခု ဖြစ်သည်။ ထို့ကြောင့် လူထုအခြေပြုအဖွဲ့အစည်းက ဒီမိုကရေစီ ထွန်းကား ရှင်      သန်ရေးအတွက် အထောက်အကူပြုလုပ်ငန်း များစွာကို လုပ်ဆောင်နိုင်သည်။ အထူးသဖြင့်-

            (က)      လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း၊ လူ့အခွင့်အရေး တိုးတက်ရှင်သန်ရေးကို လုပ်                            ဆောင်ခြင်း၊ လူ့အခွင့်အရေးကို ပြည်သူလူထုက နားလည်နိုင်စေရန်နှင့် မိမိကိုယ်ကိုမိမိ ကာ                          ကွယ်နိုင်ရန် ပညာပေးခြင်း၊

            (ခ)        တရားဥပဒေစိုးမိုးရေးအတွက် လူထုပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ မတရားသဖြင့်                             ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ခြင်း၊ (ရှေ့နေငှားပေးခြင်း၊                               ဆန္ဒပြခြင်း၊ နှိုးဆော်တိုက်တွန်းစာများ ဖြန့်ချိခြင်း . စသည့်) နှင့် မတရားသောဥပဒေများပြင်                                 ဆင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်း၊

            (ဂ)       ကျား/မ တန်းတူရေးအပါအဝင် အမျိုးသမီးများနှင့်အမျိုးသမီးအဖွဲ့အစည်းများ၏အခွင့်အရေး                          ကို  ကာကွယ်စောင့်ရှောက်ခြင်း၊ မြှင့်တင်ခြင်းနှင့်  ပညာပေးခြင်း၊

            (ဃ)      သတင်းမီဒီယာ လွတ်လပ်ရေးအတွက် တတပ်တအား ပါဝင်လှုပ်ရှားခြင်း၊ ပညာပေးခြင်း၊

            (င)        နိုင်ငံရေးပါတီများ၏ ပေါ်လစီနှင့်ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် လူထုအကျိုးနှင့် လူ့အဖွဲ့                              အစည်းအကျိုးကို အမှန်တကယ်ထမ်းဆောင်နိုင်ရေးအတွက် တိုက်တွန်းနှိုးဆော်ခြင်း၊ ကိုယ်                               ကျိုးရှာနိုင်ငံရေးသမားများက နိုင်ငံရေးပါတီများကို အသုံးချ၍ လူ့အဖွဲ့အစည်းကို အန္တရာယ်                                 ဖြစ်လာစေမည့်လုပ်ရပ်များကို ဖော်ထုတ်ခြင်း၊ ဟန့်တားခြင်း၊

            (စ)       အစိုးရ၏ လုပ်ရပ်မှန်သမျှတွင် တာဝန်ခံမှုနှင့် တာဝန်ယူမှု ရှိ-မရှိ စောင့်ကြည့် လေ့လာခြင်း၊                              လာဘ်ပေးလာဘ်ယူမှု အပါအဝင် အစိုးရက ပြည်သူလူထုကို ဖိနှိပ်ချယ်လှယ်ခြင်းမှ ကင်းဝေး                           အောင်ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းမျိုးစုံကို လုပ်ဆောင်နိုင်သည်။

 

(၁၅) ဒီမိုကရေစီစနစ်တွင် ထားရှိအပ်သော တပ်မတော်၏အခန်းကဏ္ဍများ



လွတ်လပ်၍  အချုပ်အခြာအာဏာ ပိုင်ဆိုင်ထားသော တိုင်းပြည်တခုရှိ  နိုင်ငံသားအားလုံး၏အဓိကတာဝန် မှာ နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးပင် ဖြစ်သည်။ ထိုသို့ နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတော်ယန္တရားအဆင့်ဆင့်ကို ဖန်တီးထူထောင်ရမည်။ နိုင်ငံတော်အချုပ်အခြာအာဏာကို  ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ဖွဲ့စည်းထူ ထောင်ထားသည့် နိုင်ငံတော်ယန္တရားများကို အကြမ်းအားဖြင့် နှစ်မျိုးနှစ်စားခွဲခြားနိုင်သည်။ ယင်းတို့မှာ (၁) အုပ်ချုပ်ရေးယန္တရား (၂) လုံခြုံရေးယန္တရားတို့ ဖြစ်သည်။

            အုပ်ချုပ်ရေးယန္တရားတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးအာဏာများကို တိုက်ရိုက်ကိုင်တွယ်ကျင့်သုံးသော အစိုးရများ၊ တရားရုံးများနှင့် လွှတ်တော်အဆင့်ဆင့်တို့သာမက နိုင်ငံ့ ၀န်ထမ်းအားလုံးလည်း ပါဝင်နေကြသည်။ လုံခြုံရေးယန္တရားတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကို ကာကွယ်စောင့်ရှောက်ရန် တိုက်ရိုက်တာဝန်ပေးခြင်းခံရသော တပ်မတော်နှင့် ပြည်သူ့ရဲတပ်ဖွဲ့များ ပါဝင်သည်။

            ဒီမိုကရေစီစနစ်တွင် နိုင်ငံတော်အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တရားများကို ရောစပ်ခြင်းမရှိဘဲ၊ သီးခြားစီ ဖြင့် ကဏ္ဍကိုခွဲ၍ တာဝန်များကိုထမ်းဆောင်စေသည်။ ထိုသို့ ရှင်းလင်းစွာဖြင့် သီးခြားစီ တာဝန်ထမ်းဆောင် နေကြသောကြောင့် နိုင်ငံတော်လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေကြသော တပ်မတော်သားများအနေဖြင့် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားများတွင် ပါဝင်ပတ်သက်ခြင်း မပြုအပ်ပေ။ အုပ်ချုပ်ရေးတွင် ပါဝင်ပတ် သက်ရန် မလိုအပ်သောကြောင့် နိုင်ငံရေးမှလည်း ကင်းရှင်းစွာနေရမည်။

            ဒီမိုကရေစီစနစ်၏ ထူးခြားသောအင်္ဂါရပ်တခုမှာ တိုင်းပြည်၏လုံခြုံရေးတာဝန်ကို   ထမ်းဆောင်နေရ သည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့များအား နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်ရန်အတွက် ပြည်သူ လူထုက ရွေးချယ်တင်မြှောက်ထားသော အရပ်သားအစိုးရ၏လက်အောက်တွင် တာ၀န်ထမ်းဆောင်နေကြသော ပြည်သူ့ဝန်ထမ်းတရပ်အဖြစ် ရှိနေစေခြင်းဖြစ်သည်။

            ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် -

(၁)        နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို တာဝန်ယူထမ်းဆောင်သော "အစိုးရ"နှင့်နိုင်ငံတော်လုံခြုံရေးယန္တရား ကို တာဝန်ထမ်းဆောင်နေသော "တပ်မတော်" ကို သီးခြားယန္တရားများအဖြစ် အသိအမှတ်ပြု၍          သီးခြားစီဖြင့် တာဝန်ထမ်းဆောင်စေရမည်။

(၂)        အုပ်ချုပ်ရေးယန္တရားကို တာဝန်ယူထမ်းဆောင်နေသောအစိုးရနှင့် လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေ    သော တပ်မတော်တို့သည် နိုင်ငံတော်အချုပ်အခြာအာဏာတည်မြဲရေးနှင့် ကာကွယ်စောင့်ရှောက်ရေး      တွင် တာဝန်အရှိဆုံး နိုင်ငံ့ယန္တရားများဖြစ်ကြသည်။ ထို့ကြောင့် နီးကပ်စွာတာဝန်ထမ်းဆောင်ကြရမည်။

(၃)        အစိုးရနှင့် တပ်မတော်တို့သည် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နီးကပ်စွာ          တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပါသော်လည်း ဒီမိုကရေစီစနစ်တွင် တပ်မတော်သည် အရပ်သား   အစိုးရ၏ အမိန့်ကို နာခံရသည်။ ထို့ကြောင့် တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်ပြီး၊ နိုင်ငံ့             ဦးသျှောင်လည်းဖြစ်သည့် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ စစ်သေနာပတိချုပ်တာဝန်ကိုပါ ပူးတွဲ    ထမ်းဆောင်ရမည်။

(၄)        ဒီမိုကရေစီစနစ်တွင် လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေကြသော တပ်မတော်သားများသည် အုပ်ချုပ်   ရေးယန္တရားများကို တိုက်ရိုက်ကိုင်တွယ်ခွင့် မရှိသည့်အပြင် အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်ခြင်း          မှလည်း ကင်းရှင်းရမည်။ ထို့ကြောင့် ဒီမိုကရေစီ အရပ်သားအစိုးရ၏ ကာကွယ်ရေးဝန်ကြီးရာထူးကို             လက်ရှိတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအား ခန့်အပ်တာဝန်ပေးခြင်း မပြုသင့်ပေ။       ကာကွယ်ရေးဝန်ကြီးသည် အရပ်သားတဦးသာဖြစ်ရမည်။

(၅)       တပ်မတော်သားများအနေဖြင့် အုပ်ချုပ်ရေးယန္တရား၏တာဝန်များကို တိုက်ရိုက် ထမ်းဆောင်ခွင့်မရှိ       သောကြောင့် နိုင်ငံရေးနှင့် ကင်းရှင်းရပေမည်။ သို့သော် နိုင်ငံရေးလုပ်ရန် ဆန္ဒရှိပါက တပ်မတော်မှ တရားဝင်နုတ်ထွက်ပြီးမှသာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး နိုင်ငံရေးတာဝန်များကို ထမ်း     ဆောင်သင့်သည်။

 

 

ဤစာတမ်းသည် “တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း” (CDES) မှ ၂၀၁၂ တွင် ထုတ်ဝေ ခဲ့သော “ဒီမိုကရေစီကျင့်စဉ်တရား” စာအုပ် အပိုင်း (၁) ကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။