ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် - အစိတ်အပိုင်း (၁)
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်
အစိတ်အပိုင်း (၁)
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
ကြေညာစာတမ်း
၂၀၂၁ ခုနှစ်
Federal Democracy
Charter
Part - I
Declaration of Federal
Democratic Union
2021
၂၀၂၁ ခုနှစ် မတ်လ ၃၁
ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ
ကျင်းပခဲ့သည့် ပထမအကြိမ်ပြည်သူ့ညီလာခံတွင် ပြင်ဆင်ဖြည့်စွက်ချက်များဖြင့်
အတည်ပြုခဲ့သည်။
မာတိကာ
နိဒါန်း
အခန်း (၁) ဦးတည်ချက်၊
ရည်ရွယ်ချက်
အခန်း (၂) ပဋိညာဉ်တွင်
ပါဝင်သည့်အဖွဲ့အစည်းများ (Members of the Charter)
အခန်း (၃) အကောင်အထည်ဖော်မည့်
လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ
အခန်း (၄) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း
အပိုင်း (၁) ပြည်ထောင်စုမျှော်ရည်ချက်နှင့်
စံတန်ဖိုး၊
အပိုင်း
(၂) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ
အပိုင်း (၃) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒများ
အခန်း (၅) ဝန်ခံကတိပြုချက်
နိဂုံး
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်
Federal Democracy
Charter
နိဒါန်း
သမိုင်းစဉ်ဆက် သီးခြားလွတ်လပ်စွာနေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးများသည်
လွတ်လပ်ရေးကို အတူတကွရယူပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ပူးပေါင်း ထူထောင်ရန်
ကြိုးပမ်းခဲ့ကြသည်။ သို့ရာတွင် လွတ်လပ်ရေးရရှိသည့် အချိန်မှစ၍ ရေးဆွဲ ပြဋ္ဌာန်းကျင့်သုံးခဲ့ကြသော
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့သည်
ပင်လုံစာချုပ်တွင် သဘောတူညီထားခဲ့ကြသော ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
အခွင့်အရေးများကို အပြည့် အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသောကြောင့် ဤတိုင်းပြည်တွင်
နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရသည့်အပြင် စစ်အာဏာသိမ်းမှု အကြိမ်ကြိမ်
ဖြစ်ပွားပြီး စစ်အာ ဏာရှင်စနစ်နှင့် တစ်ပါတီအာဏာရှင်စနစ်တို့၏ ဆိုးကျိုးများကို ပြည်သူလူထု
တစ်ရပ်လုံး ခါးစည်းခံနေကြရသည်။
စစ်အုပ်စုက တစ်ပါတီအာဏာရှင်စနစ် ထူထောင်နိုင်ရေးအတွက်
ရေးဆွဲပြဋ္ဌာန်းခဲ့သော ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရှစ်လေးလုံးအရေးတော်ပုံကြီးဖြင့်
ပြည်သူလူထု တစ်ရပ်လုံးက ဖျက်သိမ်းနိုင်ခဲ့ပြီး စစ်အာဏာရှင်စနစ် ထူထောင်ရေးအတွက် လူထုဆန္ဒ
မပါဘဲ အတင်းအဓမ္မ ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ၂၀၂၁ ခုနှစ်
ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုကြီးဖြင့်
ဖျက်သိမ်းနိုင်ခဲ့ပါသည်။ စစ်ကောင်စီသည် သူတို့ကိုယ်တိုင် ရေးဆွဲ ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဆန့်ကျင်၍ အာဏာသိမ်းခဲ့သောကြောင့် ထိုအာဏာသိမ်းမှုသည်ပင်လျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပျက်ပြယ်သွားစေခဲ့သည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော
ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည် ဟု
အကြောင်းပြ၍ ဖြစ်ပွားသော စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက် ငြိမ်းချမ်း
စွာဖြင့် ဆန္ဒဖော်ထုတ်သည့် လူထုလှုပ်ရှားမှုများကို CDM လှုပ်ရှားမှု၊
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်းခြင်း
အပါအဝင် လူငယ်၊ အမျိုးသမီး၊ ဝန်ထမ်း၊ အလုပ်သမားနှင့်
သမဂ္ဂများက အစပြု၍ အမျိုးသမီး အဖွဲ့အစည်းများအပါအဝင်
အရပ်ဖက် လူထုအဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ လူထုလူတန်းစား
အလွှာအသီးသီး၊ စစ်အာဏာသိမ်းမှုကို လက်မခံသော နိုင်ငံရေးပါတီများ ပူးပေါင်း ဆောင်ရွက်
သော လူထုလှုပ်ရှားမှုသပိတ်တိုက်ပွဲများ ပြည်ထောင်စုတဝှမ်းလုံးတွင် ပြုလုပ်နေကြသည်။
ထိုအာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သော သက်ဆိုင် သူများ (Stakeholders) ၏ စုပေါင်း ခေါင်းဆောင်မှုဖြင့် တစ်ခုတည်းသောအင်အားစုကို
ဖွဲ့စည်းထူထောင်နိုင်မှသာ စစ်အာဏာရှင် စနစ်ကို အပြီးသတ် တိုက်ဖျက်ချေမှုန်း သွားနိုင်မည်ဟု
ယုံကြည်သည်။ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ်ပြုတ်တိုက်ဖျက်နိုင်မှသာ
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အခွင့်အရေးများကို
အပြည့်အဝ အာမခံချက် ပေးနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီး ခိုင်မာသော
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်မည်ဟု ယုံကြည်သည်။
ဤ“ပဋိညာဉ်”အား လက်ခံသဘောတူညီကြသည့် အဖွဲ့အစည်းများသည်
ဖော်ပြပါ စံတန်ဖိုးများကို ကိုင်စွဲပြီး အာဏာရှင်စနစ်ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ
ပြည်ထောင်စုပေါ်ပေါက်ရေးတို့အတွက် အဆင့်လိုက်ဆောင်ရွက်သွားမည်။ ထိုသို့ ဆောင်ရွက် ရာတွင်
နိုင်ငံရေးလမ်းပြမြေပုံ၊ ဖွဲ့စည်းပုံအခြခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့် လမ်းညွှန် အခြေခံမူများ၊
အခြေခံမူဝါဒများဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ကြိုးပမ်း တည်ဆောက်သွားမည်ဖြစ်ကြောင်း
သန္နိဋ္ဌာန်ချအပ်ပါသည်။
ပဋိညာဉ်ကို လက်ခံသဘော တူညီကြသူများ၏ စုပေါင်းခေါင်းဆောင်မှုမှတဆင့် စုပေါင်းအကောင်အထည်ဖော်
ဆောင်ရွက် မှုများသည် လိုရာပန်းတိုင်သို့ တွန်းပို့ရောက်ရှိနိုင်မည့် စုပေါင်းအင်အားကို
ဖြစ်ပေါ် စေမည်ဖြစ်ကြောင်း ခိုင်မာသော ယုံကြည်ချက်ဖြင့် ဤပဋိညာဉ်ကြီးအား အတည်ပြုပြဋ္ဌာန်း လိုက်သည်။
အခန်း (၁)
ဦးတည်ချက်၊ ရည်ရွယ်ချက်
အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူလူထု၏ ဖက်ဒရယ်နှင့်
ဒီမိုကရေစီ အခွင့်အရေး ဆိုင်ရာ ဆန္ဒသဘောထားများကို လျစ်လျူရှုကာ နိုင်ငံအဆင့် အကြမ်းဖက်မှုလုပ်ရပ်များ
ဆောင်ရွက်နေသည်။ ဤအခြေအနေတွင် ပြည်သူလူထု ကိုယ်စားပြုမှုရှိသော အဖွဲ့အစည်း များ၏ အခွင့်အာဏာပေးအပ်ထားသည့် ညီလာခံ
(Assembly) တစ်ရပ်နှင့်
အမျိုးသား ညီညွတ်ရေးအစိုးရ
(National Unity Government) ကို ဖွဲ့စည်းရန် လိုအပ်ပါသည်။
ဤအခြေအနေတွင်
အာဏာရှင်ကို ဆန့်ကျင်သည့် ပြည်သူလူထုကိုယ်စားပြုမှုရှိသော အဖွဲ့အစည်းများက ဦးဆောင်၍
အခန်း (၃) တွင် ဖော်ပြထားသော နိုင်ငံရေးလမ်းပြ မြေပုံနှင့်အညီ တိုင်းပြည် ပြန်လည်တည်ငြိမ်
အေးချမ်းသာယာစေရန်၊ ပိုမိုကောင်းမွန်သော အနာဂတ်တိုင်းပြည်အတွက် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခု
ပေါ်ထွက် လာရန်နှင့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့် စစ်မှန်သော အရပ်သား အစိုးရများ ပေါ်ထွက် လာရန်အတွက် ဤသဘောတူ ပဋိညာဉ်ကြေညာစာတမ်းကို ကတိကဝတ်ပြုသည့် အဖွဲ့ အစည်းများသည် အတူတကွ စုပေါင်းသန္နိဋ္ဌာန်ပြု၍ ဆောင်ရွက်သွားရန် ရည်ရွယ်ခြင်း
ဖြစ်သည်။
ထို့အပြင်
အဓိကအရေးကြီးသည့် ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို
အပြီးသတ်ချုပ်ငြိမ်းစေနိုင်ရန် အတွက်လည်းကောင်း၊ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး
ပူးပေါင်းပါဝင် လက်တွဲနိုင်ရန်အတွက်လည်းကောင်း၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီး တန်းတူရေးနှင့်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို
အာမခံသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတွင် ပြည်ထောင်စုဝင်လူမျိုးများအားလုံး၊ နိုင်ငံသားများ
အားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ကို အခြေခံကာ အပြန်အလှန်
အသိ အမှတ်ပြုလေးစားမှု၊ ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှုတို့ကို တည်ဆောက်ပြီး
ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်နိုင်သော သာယာဝပြောသည့် ဖက်ဒရယ်
ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်ရန် လည်းကောင်း အောက်ဖော်ပြပါ လုပ်ငန်းများကို ဆောင်ရွက်သွားရန် ရည်ရွယ်သည်။
၁။ စစ်အာဏာရှင်စနစ်
အပါအဝင် အာဏာရှင်စနစ် မှန်သမျှ ပပျောက်ရေး။
၂။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး။
၃။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး။
၄။ အရပ်သား ပြည်သူ့အစိုးရ ပေါ်ထွန်းရေး။
အခန်း (၂)
ပဋိညာဉ်တွင် ပါဝင်သည့် အစုအဖွဲ့များ
(Members of the Charter)
ဤပဋိညာဉ်တွင် ဖော်ပြပါ ဦးတည်ချက်၊
ရည်ရွယ်ချက်တို့ကို စုပေါင်း အကောင် အထည် ဖော်ဆောင်ရွက်ရန်အတွက် အောက်ပါနယ်ပယ်များမှ
အစုအဖွဲ့များ ပူးပေါင်းပါဝင် ကြသည်။
၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံ
လွှတ်တော် ကိုယ်စားလှယ်များ
၂။ နိုင်ငံရေးပါတီများ
၃။ သမဂ္ဂများ၊
အမျိုးသမီးများ၊ လူငယ်နှင့်လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်လူထုအဖွဲ့အစည်းများ၊
အာဏာရှင်စနစ်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ
အဖွဲ့ အစည်းများ
၄။ တိုင်းရင်းသား
တော်လှန်ရေး အဖွဲ့အစည်းများ (Ethnic Resistance Organizations)
၅။ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်
ကိုယ်စားပြုနှင့်
လူမျိုးအခြေပြု အဖွဲ့အစည်း/ကောင်စီများ
အခန်း (၃)
အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်
(သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ
၁။ စစ်အာဏာသိမ်းမှု
အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက်
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပြုတ်ကျသည်အထိ ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုများ
အပါအဝင် လူထု အထွေထွေသပိတ်လှုပ်ရှားမှုများကို
အဆက်မပြတ် ဆက်လက်လှုပ်ရှား ဆောင်ရွက် နိုင်ရေး စည်းရုံးလှုံ့ဆော်ခြင်း၊
အားပေးခြင်းနှင့် ပံ့ပိုးကူညီခြင်း။
၂။ ရွေးကောက်ခံ
လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ကိုယ်စားပြုကော်မတီ များ
ဖွဲ့စည်း၍ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ခြင်း။
၃။ နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များ
ဆွေးနွေးအတည်ပြုနိုင်ရေးနှင့် ရှေ့လုပ်ငန်း စဉ်များ
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက် နိုင်ငံရေးပါတီများ၊
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် သမဂ္ဂများ၊ အမျိုးသမီးများ၊
လူငယ်နှင့် လူနည်းစုဆိုင်ရာအဖွဲ့အစည်းများအပါအဝင်
အရပ်ဖက်လူထုအဖွဲ့အစည်းများ လက်တွဲ ဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ခြင်း။
၄။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို
ရေးဆွဲအတည်ပြုခြင်း။
၅။ ဤပဋိညာဉ်နှင့်အညီ
ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (Interim National Unity Government)
ဖွဲ့စည်းခြင်း၊ ဥပဒေပြုရေးနှင့် တရားရေးမဏ္ဍိုင်ဆိုင်ရာ အဖွဲ့အစည်းများကို
ဖွဲ့စည်းခြင်း။
၆။ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး
နှင့်
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် ဘုံပန်းတိုင်တူ
အင်အားစုအားလုံးပါဝင်သော ပြည်သူ့ ညီလာခံတစ်ရပ် ခေါ်ယူကျင်းပခြင်း။
၇။ အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ
ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
၈။ အသွင်ကူးပြောင်းရေးကာလ
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း။
၉။ အသွင်ကူးပြောင်းရေးကာလ
အစိုးရဖွဲ့စည်းခြင်း။
၁၀။ တိုင်းပြုပြည်ပြုညီလာခံ (Constitutional Assembly) ခေါ်ယူကျင်းပပြီး ဖက်ဒရယ်
ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုခြင်း။
၁၁။ တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲအတည်ပြုထားသည့်
ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်း ပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခြင်းနှင့်
ရွေးကောက် ပွဲကျင်းပခြင်း။
၁၂။ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီ
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပ ဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးမဏ္ဍိုင်များကို
ဖွဲ့စည်းပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေစနစ် (Constitutionalism)
အရ လိုက်နာကျင့်သုံးခြင်း။
အခန်း (၄)
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း
ဤပဋိညာဉ်ကိုအခြေခံ၍ အောက်ဖော်ပြပါ လမ်းညွှန်အခြေခံမူများ ချမှတ်ကာ
အနာ ဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု
တည်ဆောက်ရေးအတွက် လိုအပ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း)ကို ရေးဆွဲရမည်။
အပိုင်း
(၁) ပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုး
အပိုင်း (၂) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ
လမ်းညွှန်အခြေခံ မူများ
အပိုင်း
(၃) အခြေခံမူဝါဒများ
အပိုင်း (၁)
ပြည်ထောင်စုမျှော်ရည်ချက်နှင့်
စံတန်ဖိုး
ပြည်ထောင်စုမျှော်ရည်ချက် (Union Vision)
လွတ်လပ်မှု၊ တရားမျှတမှု၊
တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်။
ပြည်ထောင်စုစံတန်ဖိုး (Union Values)
ပြည်ထောင်စုကြီးကို
တည်ဆောက်ရန်အတွက် အောက်ပါတို့ကို စံတန်ဖိုးအဖြစ် ယုံကြည်လက်ခံသည်။
၁။ အခြေခံလူ့အခွင့်အရေး (Fundamental Human Rights)
၂။ ဒီမိုကရေစီအခွင့်အရေး
(Democratic Rights)
၃။ လူနည်းစုအခွင့်အရေး (Minority Rights)
၄။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Equality and Self-Determination)
၅။ စုပေါင်းခေါင်းဆောင်မှု (Collective
Leadership)
၆။ စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်း
(Pluralism, Mutual Respect and Mutual Recognition)
၇။ သဟဇာတဖြစ်ခြင်းနှင့်
မတူကွဲပြားမှုကို လက်ခံသော ညီညွတ်ခြင်း (Unity in Diversity)
၈။ ဂျန်ဒါ
တန်းတူရေး (Gender Equality)
၉။ ခွဲခြားဆက်ဆံမှုမရှိခြင်း
(လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊
ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကျား/မ၊ မသန်စွမ်းမှု၊
လိင်စိတ်ခံယူမှု) (Non-Discrimination)
အပိုင်း (၂)
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ
လမ်းညွှန်အခြေခံမူများ
၁။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့်
ယင်းပြည်နယ်များအတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်သည်။
၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိသော ပြည်ထောင်စုအဖွဲ့ဝင်
ပြည်နယ်များဖြင့် ဖွဲ့စည်းသည်။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံး (ဖက်ဒရယ်ယူနစ်အားလုံး) တို့သည် နိုင်ငံရေးအရ တန်းတူသည်။
၃။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့်ရှိသည်။
၄။ အာဏာခွဲဝေမှု
(Division of Power)၊ သယံဇာတခွဲဝေမှု (Revenue Sharing) နှင့် ဖက်ဒရယ် ဘဏ္ဍာရေးစနစ် (Fiscal Federalism) တို့ကို ကျင့်သုံးသည်။ ထိုသို့ ခွဲဝေရာတွင် ပြည်သူလူထုနှင့် အနီးကပ်ဆုံးအစိုးရအဆင့်က လုပ်ဆောင်နိုင်သည်အထိ
လုပ်ပိုင်ခွင့်ပြုသောစနစ် (Subsidiarity Principle) ကို ကျင့်သုံးသည်။
၅။ ဖက်ဒရယ်
ပြည်ထောင်စုလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာတပ်ဖွဲ့များ အားလုံးသည် ဒီမိုကရေစီနည်းကျ
ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ ကွပ်ကဲမှု နှင့် စီမံအုပ်ချုပ်မှုအောက်တွင် ရှိရမည်။ လူသားလုံခြုံရေးကို
အခြေခံသည့် မူဝါဒ ကျင့်သုံးရမည်။
အပိုင်း (၃)

အခြေခံမူဝါဒများ
ပြည်ထောင်စု၏အသွင်သဏ္ဍာန်
၁။ ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝကျင့်သုံးသော၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့် အပြည့်အဝရှိသော၊ ဖက်ဒရယ်ပြည်ထောင်စုအင်္ဂါရပ်များနှင့် ပြည်စုံသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မည်။
၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို
ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း
ခွင့် အပြည့်အဝရှိသော ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖြင့် ဖွဲ့စည်းသည်။
၃။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တိုင်းတွင် သီးခြားဥပဒေပြုရေးအာဏာ၊
သီးခြား အုပ်ချုပ် ရေး အာဏာနှင့် သီးခြားတရားစီရင်ရေးအာဏာတို့ ရှိသည်။
ပြည်ထောင်စုအချုပ်အခြာအာဏာ
၄။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနှင့်
ယင်းပြည်နယ်များရှိ ပြည်သူလူထုသည် အချုပ် အခြာအာဏာ၏ မူရင်းပိုင်ရှင်များဖြစ်ကြသည်။
၅။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအချုပ်အခြာအာဏာ၏မဏ္ဍိုင်
(၃) ရပ်ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို လွတ်လပ် စွာ ပိုင်းခြားကျင့်သုံးခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်း ရှိစေရမည်။
၆။ ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို
ပြည်ထောင်စုနှင့် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များအကြား ခွဲဝေကျင့်သုံးခြင်း ရှိရမည်။ ထိုကဲ့သို့ ပြည်ထောင်စုနှင့်
ပြည်နယ်များအကြား စနစ်တကျ အာဏာခွဲဝေကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စု အာဏာ၊ ပြည်နယ်အာဏာနှင့် ထပ်တူပြုအာဏာများကို သတ်မှတ်ပြဋ္ဌာန်းရမည်။ ဖက်ဒရယ် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအားလုံး၏ ဘုံအကျိုးစီးပွားအတွက်
ကျင့်သုံးရန် လိုအပ်သော အခွင့်အာဏာများကိုသာ ပြည်ထောင်စုသို့ အပ်နှင်းသည်။ ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာနှင့်
ထပ်တူပြုအာဏာများတွင် ထည့်သွင်း ဖေါ်ပြထားခြင်းမရှိသည့် ကြွင်းကျန်အာဏာများသည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ် များတွင် တည်ရှိသည်။
ပြည်ထောင်စုဥပဒေပြုရေး
၇။ ဖက်ဒရယ်လွှတ်တော်ကို အာဏာတူသည့်
ဖက်ဒရယ်အထက်လွှတ်တော်နှင့် ဖက်ဒရယ် အောက်လွှတ်တော်တို့ဖြင့် ဖွဲ့စည်းသည်။ အထက်လွှတ်တော်ကို
ဖက်ဒရယ် ပြည်ထောင် စုအဖွဲ့ဝင် ပြည်နယ်အသီးသီးက တူညီသော အရေအတွက်ဖြင့် ရွေးချယ်စေလွှတ်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်။ အောက်လွှတ်တော်ကို
မြို့နယ် အပေါ်တွင် အခြေခံ၍သော်လည်းကောင်း၊ လူဦးရေအပေါ်တွင် အခြေခံ၍ သော်လည်း ကောင်း ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူများက
ရွေးကောက်တင် မြှောက် လိုက်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်။ ယင်းလွှတ်တော်နှစ်ရပ်က ပြည် ထောင်စု ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းသည်။
ပြည်ထောင်စုအုပ်ချုပ်ရေး
၈။ ဖက်ဒရယ်ပြည်ထောင်စု၏ အုပ်ချုပ်ရေးစနစ်သည်
ဝန်ကြီးချုပ်ဦးဆောင်သောစနစ် (Parliamentary System) ဖြစ်သည်။ ဝန်ကြီးချုပ်ဦးဆောင်သောစနစ်တွင်
ပြည်ထောင် စုဦးသျှောင် သို့မဟုတ် ပြည်ထောင်စု သမ္မတ ထားရှိသောစနစ် ဖြစ်သည်။
ပြည်ထောင်စုတရားစီရင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး
၉။ ဖက်ဒရယ်ပြည်ထောင်စု
တရားစီရင်ရေးအာဏာကို ကျင့်သုံးနိုင်ရန်အတွက် ဖက်ဒရယ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တရားရုံးများ အဆင့် ဆင့် ဖွဲ့စည်းထားရှိရမည်။ ဖက်ဒရယ်ပြည်ထောင်စုသမ္မတက
အဆိုပြု တင်သွင်း လာသော ဖက်ဒရယ်ပြည်ထောင်စု တရားသူကြီးချုပ်အား ဖက်ဒရယ်လွှတ်တော်က စိစစ်အတည်ပြုပေးရမည်။
၁၀။ ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်အကြားတွင်သော်လည်းကောင်း၊
ပြည်နယ် အချင်း ချင်းအကြားတွင်သော်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သော အငြင်း ပွားမှုများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် လွတ်လပ်သော
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာတရားရုံးကို ဖွဲ့စည်းထူထောင်ရမည်။
၁၁။ ဖက်ဒရယ် ဒီမိုကရေစီ
ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်ထောင်စု၏ အမြင့်ဆုံးဥပဒေဖြစ်သည်။
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ
၁၂။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရေး ဆွဲ ပြဋ္ဌာန်းခွင့်ရှိသည်။
၁၃။ ပြည်နယ်တွင်း ဒေသန္တရအဆင့် လုပ်ပိုင်ခွင့်အာဏာကို
ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ တွင် ရှင်းလင်းတိကျစွာ ဖော်ပြပြီး ၎င်း၏အခွန်ဘဏ္ဍာကောက်ယူနိုင်သည့် စာရင်းများကို တိကျစွာ သတ်မှတ်ပြဋ္ဌာန်းထားရမည်။
၁၄။ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊
ယဉ်ကျေးမှုဓလေ့ထုံးတမ်း စသည့် ကဏ္ဍအသီးသီးနှင့် သက်ဆိုင်သော အခွင့်အရေး များကို ကာကွယ်ထိန်းသိမ်း မြှင့်တင်ပေးရမည်။
၁၅။ ပြည်နယ်များ၏ ရုံးသုံးဘာသာစကားကို သက်ဆိုင်ရာပြည်နယ်က သင့်လျော်သလို
သတ်မှတ်နိုင်သည်။
လွတ်လပ်သော ကော်မရှင်များ
၁၆။ ဖက်ဒရယ်ပြည်ထောင်စုတွင် အောက်ဖော်ပြပါ လွတ်လပ်သော ကော်မရှင်များကို
ဖွဲ့ စည်းရမည်။ ထို့အပြင် အခြားကော်မရှင်များကိုလည်း လိုအပ်သလိုတိုးချဲ့ ဖွဲ့စည်း နိုင်သည်။
(က) အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်
(Anti-Corruption Commission)
(ခ) ရွေးကောက်ပွဲကော်မရှင်
(Election Commission)
(ဂ) ခွဲခြားမှုပပျောက်ရေးနှင့် လူ့အခွင့်အရေးကော်မရှင်
(Anti-Discrimination and Human Rights Commission)
(ဃ) သတင်းအချက်အလက် သိပိုင်ခွင့်ကော်မရှင်
(Right to Information Commission)
(င) ဂျန်ဒါအခြေပြုအကြမ်းဖက်မှုနှင့်
အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ ကော်မရှင်
(Commission on Gender-based Violence and Domestic Violence)
(စ) အသွင်ကူးပြောင်းရေးကာလ
တရားမျှတမှုဆိုင်ရာ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင် (Transitional Justice, Truth and Reconciliation
Commission)
(ဆ) လူနည်းစုအခွင့်အရေး ကာကွယ်စောင့်ရှောက်မြှင့်တင်ရေးကော်မရှင် (Minority Rights Commission)
(ဇ) နေရပ်စွန့်ခွာသူများ
ပြန်လည်နေရာချထားရေးကော်မရှင် (Commission for the Resettlement of the Displaced
People)
(ဈ) အမျိုးသမီးအခွင့်အရေးကော်မရှင်
(Women Rights Commission)
(ည) ကလေးသူငယ်အခွင့်အရေးကော်မရှင်
(Child Rights Commission)
(ဋ) အလုပ်သမားနှင့်
လယ်သမားအခွင့်အရေးကော်မရှင် (Labor and Farmer Rights Commission)
(ဌ) တောင်သူလယ်သမားနှင့် မြေယာဆိုင်ရာအခွင့်အရေးကော်မရှင် (Farmer and
Land Rights Commission)
(ဍ) ခြားနားစွမ်းသူများအခွင့်အရေးကော်မရှင် (Rights of the Differently
Abled Commission)
(ဎ) လူငယ်ရေးရာကော်မရှင် (Youth Affairs Commission)
(ဏ) ဂျန်ဒါတန်းတူရေးကော်မရှင် (Gender Equality Commission)
နိုင်ငံရေးနှင့်ဘာသာရေး
၁၇။ ဖက်ဒရယ်ပြည်ထောင်စုသည်
နိုင်ငံရေးနှင့် ဘာသာရေး ရောယှက်ခြင်း မရှိသော၊ ဘာသာရေးကို အခြေမခံသော နိုင်ငံရေးစနစ်ကို
ကျင့်သုံးသည်။
ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ် (Fiscal Federalism)
၁၈။ ပြည်ထောင်စုအဆင့်
အစိုးရနှင့် ပြည်နယ်အဆင့် အစိုးရများအကြား တိကျ၍ စည်းစနစ် ကျသော အခွန်ဘဏ္ဍာ ကောက်ခံသည့် စာရင်းကို တိကျစွာ
ဥပဒေပြု ပြဋ္ဌာန်းထားရမည်။ ပြည်ထောင်စုအခွန်ဘဏ္ဍာ
ကောက်ခံသော ယန္တရားနှင့် ပြည်နယ်အခွန်ဘဏ္ဍာ ကောက်ခံသော ယန္တရားတို့ သီးခြားစီ ရှိရမည်။
၁၉။ ဖက်ဒရယ်ပြည်ထောင်စုနှင့်
ပြည်နယ်တို့အကြား ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်း (Fiscal Management and Sharing) ဆိုင်ရာဥပဒေများကို ရေးဆွဲ ပြဋ္ဌာန်းရမည်။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ ဘက်စုံညီမျှဖွံ့ဖြိုး တိုးတက်ရေး အတွက် ဘဏ္ဍာရေးဆိုင်ရာ သာတူညီမျှရေးအစီအစဉ်ကို ရေးဆွဲပြဋ္ဌာန်းထားရမည်။
မြေနှင့် သဘာဝသယံဇာတ
၂၀။ မြေနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲခြင်းဆိုင်ရာ ဥပဒေများကို သက်ဆိုင်ရာ ပြည်နယ် များက လွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့်ရှိသည်။
၂၁။ ပြည်နယ်အတွင်းရှိ
မြေနှင့် သဘာဝသယံဇာတအရင်းအမြစ်များအားလုံး၏
မူရင်း ပိုင်ရှင်သည် ပြည်နယ်အတွင်းနေထိုင်သော ပြည်နယ်သားများဖြစ်သည်။ ပြည်နယ် အတွင်းရှိ သဘာဝသယံဇာတ အရင်းအမြစ်များ စူးစမ်းရှာဖွေခြင်း၊ တူးဖော် ထုတ်လုပ်သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊
ထိန်းသိမ်းကာကွယ်ခြင်း စသည်တို့ကို ပြည်နယ်က လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရှိသည်။
၂၂။ ဖက်ဒရယ်ပြည်ထောင်စုတွင်
သယံဇာတမှ ရရှိသော ဘဏ္ဍာငွေများကို သက်ဆိုင်ရာ
ပြည်နယ်က စီမံခန့်ခွဲပိုင်ခွင့် နှင့် အကျိုးခံစားပိုင်ခွင့်ရှိသည်။
၂၃။ သဘာဝသယံဇာတ အရင်းအမြစ်များ
ထုတ်ယူသုံးစွဲရာတွင် သက်ဆိုင်ရာ ဒေသခံများ၏ သဘောဆန္ဒကို ရယူရမည့်အပြင် ထိုဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တိုက်ရိုက် အကျိုးပြုမှု ရှိရမည်။ သဘာဝသယံဇာတများ ထုတ်ယူသည့်အတွက် ဖြစ်ပေါ်လာမည့် လူထုနှင့် သဘာဝပတ်ဝန်းကျင်အပေါ်
သက်ရောက်သည့် ဆိုးကျိုးများနှင့် ပျက်စီး ဆုံးရှုံးသွားသော ဂေဟစနစ်ကို ပြန်လည်ကုစားရေးအတွက်
သီးခြားအခွန်ငွေ ကောက်ခံ ပြီး ရန်ပုံငွေအစီအစဉ် တစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းထားရမည်။
အခြေခံအခွင့်အရေးများ
၂၄။ ပြည်ထောင်စုတွင် နေထိုင်သူတိုင်းသည် အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝ
ခံစားခွင့် ရှိရမည်။
၂၅။ ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများအားလုံးသည်
လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ခံစားခွင့်ရှိသည့် တသီးပုဂ္ဂလအခွင့်အရေးများနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမျိုး အလိုက် ခံစားခွင့်ရှိသည့် စုပေါင်းအခွင့်အရေးများနှင့်
အစုအဖွဲ့အလိုက် ခံစားခွင့်ရှိသည့် စုပေါင်းအခွင့်အရေးများကို အပြည့်အဝ ခံစားပိုင်ခွင့်ရှိရမည်။
၂၆။ ပြည်ထောင်စု၏ နိုင်ငံသားအဖြစ် ခံယူထားသော ပြည်ထောင်စု နိုင်ငံသားတိုင်းသည်
နိုင်ငံသားများ၏ အခြေခံအခွင့်အရေး (Citizen Rights) များ၊ တသီးပုဂ္ဂလ အခွင့်အရေးများ
(Individual Rights) နှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ (Cultural
Self-Determination) ကို အပြည့်အဝ ခံစားခွင့်ရှိရမည်။
၂၇။ နိုင်ငံသားတိုင်းသည် အခြေခံအကျဆုံးဖြစ်သည့် တသီးပုဂ္ဂလအခွင့်အရေးများကို လူမျိုး၊
ယုံကြည်ကိုးကွယ်မှု၊ ကျား/မ၊ မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှုတို့ကို အခြေမခံဘဲ အပြည့်အဝ
ခံစားပိုင်ခွင့်ရှိစေရမည်။
စီးပွားရေး၊ လူမှုရေးနှင့်
ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ
စီးပွားရေးဆိုင်ရာအခွင့်အရေးများ
၂၈။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် တရားသဖြင့်
ရှာဖွေရရှိထားသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်ခွင့်၊
လွှဲပြောင်းခွင့်၊ ထုခွဲရောင်းချပိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့် ရှိရမည်။
၂၉။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်း၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို
အများပြည်သူ အကျိုးအတွက်သာလျှင် ဥပဒေနှင့်အညီ ရုပ်သိမ်းမှု ပြုလုပ်နိုင်စေရမည်။ ရုပ်သိမ်းခံရသူ ၏ အကျိုးနှင့် အများပြည်သူတို့၏ အကျိုးကို တရားမျှတစွာ
ချိန်ဆ၍ ထိုက်တန်သော လျော်ကြေးပေးပြီးမှသာ သိမ်းယူခွင့်ရှိစေရမည်။
၃၀။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် ဇာတိ၊
ကိုးကွယ်ရာဘာသာ၊ အဆင့် အတန်း၊ ကျား/မ၊ လိင်စိတ်ခံယူမှု၊ မသန်စွမ်းမှု၊ အသား အရောင်၊ လူမျိုး၊
အသက်အရွယ် အပေါ် မူတည်၍ ခွဲခြားခံရခြင်း မရှိစေရဘဲ အလုပ်ရွေးချယ်ပိုင်ခွင့်နှင့် အလုပ်လုပ်ပိုင်ခွင့် အခွင့်အရေး
ရှိစေရမည်။
၃၁။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် မိမိ၏
အသက်မွေးဝမ်းကျောင်းအတွက် လွတ်လပ်စွာ စီးပွားရှာဖွေခွင့်နှင့် စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများကို လွတ်လပ်စွာ
တည်ထောင်ခွင့်ရှိသည်။
၃၂။ အထက်အပိုဒ်(၃၁)ပါ အခွင့်အရေးကို ကျင့်သုံးရာတွင် ပြည်ထောင်စုက ချမှတ်ထားသော
စီးပွားရေးဆိုင်ရာမူဝါဒများ၊ စီမံကိန်းများ၊ နိုင်ငံတော်လုံခြုံရေး၊ ပြည်သူလူထု၏ အကျိုးစီးပွားနှင့်
ကျန်းမာရေးတို့ကို ထိခိုက်မှု မရှိစေရ။
၃၃။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် လွတ်လပ်စွာ တီထွင်ဖန်တီးပိုင်ခွင့်နှင့် နည်းပညာ မူပိုင်ခွင့်တို့ကို ဥပဒေနှင့်အညီ ခံစားပိုင်ခွင့်
ရှိစေရမည်။
၃၄။ မိရိုးဖလာ သဘာဝအမွေအနှစ်များ၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များနှင့် ဓလေ့ ထုံးတမ်းအစဉ်အလာအရ သီးသန့်ပိုင်ဆိုင်လာခဲ့သော နည်းပညာဆိုင်ရာ
အမွေအနှစ် များကို သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းမှ အစဉ်အဆက် ထိန်းသိမ်းပိုင်ခွင့်၊ အသုံးပြုပိုင်ခွင့်၊
စီမံခန့်ခွဲပိုင်ခွင့်နှင့် လက်ဆင့်ကမ်းပိုင်ဆိုင်ခွင့် ရှိစေရမည်။
၃၅။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် မိမိနေရင်းပြည်နယ်မှ အခြားပြည်နယ် တရပ်ရပ်သို့ အခြေချနေထိုင်ခြင်း၊ စီးပွားရှာဖွေခြင်းတို့သည်
သက်ဆိုင်ရာပြည်နယ်၏ တရားဥပဒေ ပြဋ္ဌာန်းချက် များနှင့်အညီသာလျှင် ဖြစ်စေရမည်။
၃၆။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများနှင့်
ပတ်သက်၍ ပြည်ထောင်စုလုပ်ပိုင်ခွင့်၊ ပြည်နယ် လုပ်ပိုင် ခွင့်၊ ထပ်တူပြုလုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။
ကြွင်းကျန်လုပ်ပိုင်ခွင့် များသည် ပြည်နယ်များ၌ တည်ရမည်။
လူမှုရေးဆိုင်ရာအခွင့်အရေး
၃၇။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် -
(က) လွတ်လပ်စွာ
ပညာသင်ကြားပိုင်ခွင့်ရှိသည်။
(ခ) မိမိနှစ်သက်ဝါသနာပါရာ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာ၊ အဆင့်မြင့်ပညာများကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်
ရှိစေရမည်။
(ဂ) အခြေခံပညာရေးကို
မသင်မနေရအဖြစ် အခမဲ့သင်ကြားခွင့် ရရှိစေရမည်။
၃၈။ တိုင်းရင်းသားများ၏ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာသင်ကြား ရေးစနစ်ကို ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်နှင့်အညီ
အကောင်အထည် ဖော်ဆောင်ရမည်။ ဖယ်ဒရယ်ဒီမိုကရေစီပညာရေးကို အကောင်အထည်ဖော် ကျင့်သုံး မည်။
၃၉။ တက္ကသိုလ်များ၊ ကောလိပ်များ၊ သိပ္ပံများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အဆင့်မြင့် ပညာသင်ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေ နှင့်အညီ တည်ထောင်ပိုင်ခွင့်ကို အာမခံရမည်။
၄၀။ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတိုင်းသည် အခြေခံကျန်းမာရေး
ကာကွယ် စောင့်ရှောက်မှုနှင့်ကုသမှုကို အခမဲ့ ရယူခံစားပိုင်ခွင့် ရှိစေရမည်။ ဖက်ဒရယ် ကျန်းမာရေး စနစ် ဖော်ဆောင်ကျင့်သုံးရမည်။
၄၁။ ပြည်ထောင်စုအတွင်း
နေထိုင်သူများအားလုံးသည် လူမှုရေးဆိုင်ရာ အခွင့်အရေးများ ကိုလည်း တန်းတူညီမျှစွာ ခံစားခွင့်ရှိရမည်။
သတင်းမီဒီယာအခွင့်အရေးများ
၄၂။ သတင်းမီဒီယာများ၏ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်း တင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်။
ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများ
၄၃။ တိုင်းရင်းသားလူမျိုးများ၏
အစုအဖွဲ့အခွင့်အရေးများဖြစ်သော ဘာသာစကား၊ သမိုင်း အမွေအနှစ်၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့်
အထိမ်းအမှတ် လက္ခဏာများကို ထိန်းသိမ်းကာကွယ်မြှင့်တင်ခွင့် ရှိစေရမည်။
၄၄။ ဖက်ဒရယ်ပြည်ထောင်စုတွင်
မှီတင်းနေထိုင်သူတိုင်းသည် မိမိတို့လူမျိုး၏ ဘာသာ စကားနှင့် စာပေတို့ကို လွတ်လပ်စွာ
ပြောဆိုခွင့်၊ သင်ကြားပိုင်ခွင့်၊ တိုးတက် ပြန့်ပွားအောင် ဆောင်ရွက်ပိုင်ခွင့်ရှိစေရမည်။
အထူးစီမံဆောင်ရွက်မှုဆိုင်ရာအခွင့်အရေးများ
၄၅။ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ၊ ဘာသာစကား များကို နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများနှင့်အညီ လွတ်လပ်စွာ ထိန်းသိမ်း ကာကွယ်မြှင့်တင်ခွင့် ရှိစေရမည်။ တိုင်းရင်းသားလူမျိုးများ၏
မွေးရာပါ အခွင့်အရေး အဖြစ် ပိုင်ဆိုင်ထားသော အမျိုးသားလက္ခဏာနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး။ များကို မည်သည့်အခြေအနေတွင်မျှ ရုတ်သိမ်းဟန့်တားခြင်း
မရှိစေရ။
၄၆။ တိုင်းရင်းသားများသည်
လူမှုစီးပွား၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ သာတူညီမျှစွာ ခံစားခွင့်ရှိရမည်ဖြစ်ပြီး
တိုးတက်မြှင့်တင်ပေးသည့် ဆောင်ရွက်ချက်များ (Progressive
actions/Affirmative Actions) များကိုလည်း ခံစားခွင့်ရှိစေရမည်။
၄၇။ လူမျိုး၊ ဘာသာ၊ ကျား/မ၊ မသန်စွမ်းမှု(ရုပ်ပိုင်းဆိုင်ရာ၊
စိတ်ပိုင်းဆိုင်ရာ)၊ လိင်စိတ်ခံယူမှု၊ အသားအရောင်ကို အခြေခံပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခွဲခြားဆက်ဆံမှု
များနှင့် အခြားသော မည်သည့်ခွဲခြားဆက်ဆံမှု မှန်သမျှကိုမဆို လုံးဝ ပိတ်ပင် ဟန့်တား
ရမည့်အပြင် ထိုအခွင့်အရေးများကို မြှင့်တင်ခြင်း၊ ကာကွယ်ခြင်းနှင့် လေးစားလိုက်နာ ခြင်းများ
ရှိရမည်။
၄၈။ ဖက်ဒရယ်ဒီမိုကရေစီ
ပြည်ထောင်စုအတွင်း တန်းတူရေးကို အကောင်အထည်။ ဖော်နိုင်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်သည့်
အခန်းကဏ္ဍ အဆင့်ဆင့်တွင် အမျိုးသမီး များ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးမူကို
ချမှတ်ဆောင်ရွက်ရမည်။
၄၉။ ကလေးသူငယ်များဆိုင်ရာအခွင့်အရေး
(က) ကလေးငယ်တိုင်းသည် အရွယ်မရောက်သေးသူအဖြစ် ကာကွယ်စောင့်ရှောက်မှုကို ရရှိခံစားပိုင်ခွင့်ရှိသည်။ ကလေးငယ်တိုင်းသည် အမျိုးသားထုတရပ်လုံး၏ ဖေးမ ကူညီမှုကို ခံစားပိုင်ခွင့်ရှိစေရမည်။
(ခ) ကလေးများအား မိဘ သို့မဟုတ် အုပ်ထိန်းသူတို့၏ ဆန္ဒမပါဘဲ ၎င်းတို့၏ မိသားစုထံမှ ကွဲကွာအောင် မပြုလုပ်ရ။ ကလေးများကို ပြုစုစောင့်ရှောက်ခြင်းနှင့် သွန်သင်ပြုပြင်ခြင်းတို့သည်
မိဘတို့၏ သဘာဝအခွင့်အရေးဖြစ်သည်။ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နှင့်အညီ ဖက်ဒရယ် ပြည်ထောင်စုလွှတ်တော်က
ပြဋ္ဌာန်းထားသော ကလေးသူငယ် အခွင့်အရေးဆိုင်ရာ
ဥပဒေပြဋ္ဌာန်းချက်များကိုလည်း လိုက်နာကျင့်သုံးရမည်။ အကယ်၍
မိဘ သို့မဟုတ် အုပ်ထိန်းသူတို့က ဝတ္တရားပျက်ကွက်လျှင် သော် လည်းကောင်း၊ တနည်းနည်းကြောင့် ကလေးများ ခိုကိုးရာမဲ့ဘဝသို့
ရောက်ရှိမည့် အခြေအနေမျိုးတွင်သော်လည်းကောင်း၊ ကလေးများအား မိသားစုနှင့် ကွဲကွာ စေခြင်းကို ဥပဒေအတိုင်း ဆောင်ရွက်ရမည်။
(ဂ) ကလေးများကို
စီးပွားရေးနှင့် လူမှုရေးအရ ခေါင်းပုံဖြတ်ခြင်းမှ ကာကွယ်စောင့် ရှောက်မှု ပြုရမည်။ ၎င်းတို့၏ ကိုယ်ကျင့်တရား၊ ကျန်းမာရေး၊ အသက်အန္တရာယ်၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊
ပညာသင်ကြားခွင့် တစ်ခုခုကို ထိခိုက်စေသော အလုပ် လုပ်ကိုင်စေခြင်းများမှ ကာကွယ်စောင့်ရှောက်ရမည်။
(ဃ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ကလေးများအခွင့်အရေးဆိုင်ရာ
ဥပဒေကို ပြဋ္ဌာန်းပေးရမည်။
၅၀။ အလုပ်သမားအခွင့်အရေး
အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေများပြဋ္ဌာန်းရာတွင် အောက်ပါအချက်များ
အပါအဝင် နိုင်ငံတကာစံချိန်စံနှုန်းသတ်မှတ်ချက်များ၊ သဘောတူညီချက်များနှင့်အညီ ပြည်နယ်
လွှတ်တော်များနှင့် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်တို့မှ ပြဋ္ဌာန်းရမည်။
(က) အလုပ်လုပ်သူတိုင်း
လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်နိုင်ရေးအတွက် -
(၁) သင့်တင့်လျောက်ပတ်သော
လုပ်ငန်းခွင်အခြေအနေများရရှိခွင့်
(၂) လူမှုဖူလုံရေးခံစားခွင့်နှင့်
လူမှုကာကွယ်စောင့်ရှောက်ရေးခံစားခွင့်
(၃) မျှတသောအလုပ်ချိန်သတ်မှတ်ချက်နှင့်အညီ
အလုပ်လုပ်ခွင့်
(၄) အားလပ်ရက်နှင့် ခွင့်ရက်များခံစားခွင့်
(၅) အလုပ်သမားသမဂ္ဂများ
လွတ်လပ်စွာ တည်ထောင်ဖွဲ့စည်းခွင့် (ILO Convention 87) နှင့် စုပေါင်းညှိနှိုင်းတောင်းဆိုခွင့် (ILO Convention 98) များရရှိစေရမည်။
(ခ) ပြည်တွင်း၊
ပြည်ပရွှေ့ပြောင်းအလုပ်သမားများနှင့် နိုင်ငံခြားမှ
ဝင်ရောက် လုပ်ကိုင် သော နိုင်ငံခြားသား အလုပ်သမားများအတွက် ဥပဒေများ ရေးဆွဲပြဋ္ဌာန်း ပေးရမည်။
၅၁။ တောင်သူလယ်သမားအခွင့်အရေး
(က) တောင်သူလယ်သမားတိုင်းသည်
-
(၁) သီးနှံများကို လွတ်လပ်စွာ
စိုက်ပျိုးခွင့်၊ ရောင်းချခွင့်၊ ထုတ်လုပ်ခွင့်၊
(၂) အခွန်ဟူသမျှ
ငွေကြေးဖြင့် ပေးဆောင်ခွင့်၊
(၃) တောင်သူလယ်သမားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်
ရှိစေရမည်။
(ခ) တောင်သူလယ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေများကို
သက်ဆိုင်ရာကဏ္ဍ အလိုက် ပြည်နယ်လွှတ်တော်များနှင့် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်တို့က
ပြဋ္ဌာန်းပေးရမည်။
တန်းတူအခွင့်အရေးဖော်ဆောင်ခြင်း
၅၂။ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်းနှင့် အခွင့်အရေးများ
ဆုံးရှုံးခြင်းတို့ကို ခံစားနေရသော တိုင်းရင်းသားလူမျိုးများနှင့် အစုအဖွဲ့များအတွက်ဖြစ်စေ၊
စွမ်းဆောင် နိုင်မှုအခြေအနေနိမ့်ပါးလျက်ရှိသော နိုင်ငံသားအစုအဖွဲ့များအတွက်ဖြစ်စေ၊ အချို့သော ထုံးတမ်းစဉ်လာများအရ နှိမ့်ချဖယ်ကြဉ်ခြင်း ခံထားရသော နိုင်ငံသားအစုအဖွဲ့များ အတွက်ဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ အထူးစီမံ ဆောင်ရွက်ချက်များဖြင့် အကာအကွယ်ပေးခြင်း၊
စီမံဆောင်ရွက်ခြင်းတို့သည် နိုင်ငံသားတိုင်း တန်းတူအခွင့်အရေး ရရှိစေရမည်ဟူသော ပြဋ္ဌာန်းချက်ကြောင့် အဟန့်အတား
မဖြစ်စေရ။
၅၃။ ပြည်နယ်များအတွင်းရှိ
လူနည်းစုများ (Minority within Minority) နိုင်ငံရေးဆုံးဖြတ်ချက် အခန်းကဏ္ဍတွင် ပူးပေါင်းပါဝင်နိုင်စေရန်
အဆင့်ဆင့်သော နိုင်ငံရေးကဏ္ဍတို့တွင် ပါဝင်နိုင်ခွင့် အခွင့်အလမ်းများကို ဖန်တီးပေးရမည်။
ထို့အပြင် အခြားသော ကဏ္ဍအသီးသီးတွင် အထူးစီမံဆောင်ရွက်ချက် (affirmative action) များကိုလည်း မူဝါဒချမှတ်ဖော်ဆောင်ပေးရမည်။
၅၄။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေး
(က) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည်
သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုကြောင့် ကြုံတွေ့ခံစားရမည့် အတိဒုက္ခများမှ ကင်းလွတ်စေရမည့် အပြင် သဘာဝတရားနှင့် ကိုက်ညီ၍ ကျန်းမာရေးနှင့် ညီညွတ်သည့် သဘာဝ ပတ်ဝန်းကျင်ကို ရရှိရန် အခွင့်အရေး ရှိသည်။
(ခ) လူနည်းစုဋ္ဌာနေတိုင်းရင်းသားတို့၏ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းစောင့် ရှောက်ခွင့်နှင့် ၎င်းတို့အခြေချနေထိုင်ရာဒေသအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို
ဖြစ်စေနိုင်သည့် သဘာဝသယံဇာတများ အလွန်အကျွံ ထုတ်ယူ သုံးစွဲခြင်းအပေါ် ကန့်သတ်ထိန်းချုပ်ခွင့်ရှိခြင်းကို ဖက်ဒရယ် ပြည်ထောင်စု နှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရများကလည်း အသိအမှတ်ပြုရမည်။
ဖက်ဒရယ်လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာအခြေခံမူ
၅၅။ ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာမူဝါဒများသည်
လူသား လုံခြုံရေးကို အခြေခံရမည်။ ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ တပ်ဖွဲ့များ အားလုံးသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိရမည်။
၅၆။ ဖက်ဒရယ်လွှတ်တော်သည်
ပြည်ထောင်စု၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒများနှင့် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပေးရမည်။ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်များကို
ဖက်ဒရယ်လွှတ်တော်က စိစစ် အတည်ပြုပေးရမည်။
၅၇။ ပြည်ထောင်စုရဲတပ်ဖွဲ့နှင့်
ပြည်နယ်ရဲတပ်ဖွဲ့တို့ကို သီးခြားစီ ဖွဲ့စည်းရမည်။ ပြည်နယ်လုံခြုံရေးတပ် ဖွဲ့စည်းခွင့်ရှိသည်။
ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်လုံခြုံရေး တပ်တို့သည် သက်ဆိုင်ရာပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်။ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်လုံခြုံရေးတပ်တို့၏ အသုံးစရိတ်များကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်က စိစစ်အတည်ပြုပေးရမည်။
၅၈။ ပြည်ထောင်စုလုံခြုံရေးနှင့် အရေးပေါ်အခြေအနေတွင်လည်းကောင်း၊
သဘာဝ ကပ်ဘေးအန္တရာယ်များနှင့် ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်သော်လည်းကောင်း
လုံခြုံရေးတပ်ဖွဲ့များအား အသုံးပြုမှုနှင့်
ပတ်သက်၍ ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့က ညှိနှိုင်း ဆုံးဖြတ်ဆောင်ရွက်ရမည်။
၅၉။ ဖက်ဒရယ်ပြည်ထောင်စု၏
အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီကို ဖွဲ့စည်းရမည်။ ၎င်းကောင်စီတွင် ပြည်နယ်လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီများမှ
အနည်းဆုံးတစ်ဦးစီ အပါအဝင် ကောင်စီဝင် စုစုပေါင်း၏ (၃၀) ရာခိုင်နှုန်းထက် မကျော်သော ပြည်ထောင်စုအဆင့်
ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။
ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးစနစ်
၆၀။ ပြည်ထောင်စု၊ ပြည်နယ် နှင့် ဒေသန္တရအရပ်သားအစိုးရများအကြား
လုပ်ပိုင်ခွင့်ဆိုင်ရာ အာဏာများခွဲဝေခြင်း၊ အစုအဖွဲ့ သို့မဟုတ် လူပုဂ္ဂိုလ်အတွက် သီးခြားပေးအပ်ထားသော
အခွင့်အရေးများဆိုင်ရာ ခွဲဝေခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ အာဏာ ခွဲဝေခြင်းတို့ ကျင့်သုံးပြီး ဒေသခံတို့၏ ဓလေ့ထုံးတမ်းများ၊
စိုးရိမ်ချက်များနှင့် လိုအပ်ချက်များကို ထင်ဟပ်ပုံဖော်သည့် သက်ဆိုင်ရာ ပထဝီအနေအထားအခြေခံ မဟာဗျူဟာများချမှတ်မှုနှင့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ
တာဝန်ချထားမှုတို့ကို လုပ်ဆောင်ကာ ပြည်သူလူထုလုံခြုံရေး၊ ရပ်ရွာဘေးအန္တရာယ်တားဆီးရေးနှင့်
ပြည်ထောင်စုကာကွယ်ရေးကို အာမခံသည့် လူမျိုးပေါင်းစုံ၊ ဘက်ပေါင်းစုံလွှမ်းခြုံ ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းများ၊ အင်အားစုများနှင့်
ဝန်ဆောင်မှုများကို အကောင် အထည်ဖော်ဆောင်ရွက်သည့် ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးစနစ် တစ်ရပ် တည် ဆောက်ရမည်။
စီမံခန့်ခွဲခြင်းနှင့် ပြည်သူ့ဝန်ထမ်းခြင်း
(Administration and Public Services)
၆၁။ စီမံခန့်ခွဲခြင်းနှင့် ပြည်သူ့ဝန်ထမ်းခြင်း လုပ်ငန်းများတွင်
တာဝန်ထမ်းဆောင်မည့်သူများ အား လေ့ကျင့်သင်ကြားရေးအတွက် မူဝါဒများရေးဆွဲခြင်း၊ ဝန်ထမ်းလေ့ကျင့်
သင်ကြားရေးကျောင်းများတွင် သင်ကြားမည့် သင်ရိုးညွှန်းတမ်းဆိုင်ရာ စံနှုန်းများ သတ်မှတ်ခြင်းကို ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများ၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့်
ဆောင်ရွက်ပေးရမည်။ ဖြစ်ပေါ်တိုးတက်နေသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နှင့် နည်းပညာ
အခင်းအကျင်းများနှင့်အညီ သင်ရိုးညွှန်းတမ်းများကို လိုအပ်သလို ပြန်လည်သုံးသပ်ပြင်ဆင်ရမည်။
၆၂။ ပြည်သူ့ဝန်ထမ်းခြင်းဆိုင်ရာ ဝန်ထမ်းရွေးချယ် လေ့ကျင့်သင်ကြားရေးကျောင်းများ
သီးခြားဖွင့်လှစ်ပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့် နှင့် ဝန်ထမ်းများအား ရွေးချယ်ခန့်အပ်ပိုင်ခွင့် ရှိသည်။
အစိုးရအချင်းချင်းအကြားဆက်ဆံရေး
(Inter-Governmental Relations)
၆၃။ ဖက်ဒရယ်ပြည်ထောင်စုနှင့်
ပြည်နယ်ကြားတွင်သော်လည်းကောင်း၊ ပြည်နယ် အချင်းချင်းကြားတွင်သော်လည်းကောင်း အငြင်းပွားစရာများ၊
ပြဿနာများ ပေါ်ပေါက် ပါက ပူးပေါင်းကိုင်တွယ်ဖြေရှင်းရန်နှင့် လုပ်ငန်းဆောင်တာများကို အတူတကွ ပူးပေါင်း လုပ်ကိုင်နိုင်ရန်အတွက် အကြီးအကဲများ ပူးတွဲကော်မတီကို သော်လည်း ကောင်း၊ လုပ်ငန်းကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်
ကဏ္ဍအလိုက် ဝန်ကြီးများ ပူးတွဲကော်မတီကိုသော်လည်းကောင်း၊ မျှဝေသုံးစွဲရန် သတ်မှတ်ထားသော
ဝင်ငွေများကို စီမံခန့်ခွဲရန်အတွက် ဘဏ္ဍာရေး ပူးတွဲကော်မတီကိုသော်လည်းကောင်း စသည့် ပူးတွဲကော်မတီတို့ကို
ဖွဲ့စည်းနိုင်သည်။ ပူးပေါင်းဆောင်ရွက်သည့် ကိစ္စရပ်၏ လိုအပ်ချက်အရ ကော်မတီ သက်တမ်းကို သတ်မှတ်ထားရှိရမည်။
၆၄။ ပြည်နယ်အကြီးအကဲများသည် ပြည်ထောင်စုအင်္ဂါစဉ်အရ ပြည်ထောင်စုဝန်ကြီးများ၏
အထက်တွင် ရှိသည်။
အခန်း (၅)
ဝန်ခံကတိပြုချက်
ဤဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အား
စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် လှုပ်ရှားမှုများတွင်
ပါဝင်သော အဖွဲ့အစည်း အားလုံးက ပြည်သူ့ညီလာခံရှေ့မှောက်၌ အတူတကွ ကတိကဝတ်ပြု သန္နိဋ္ဌာန်ချ၍
လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် သဘောတူအတည်ပြု (ratify) ကြခြင်း ဖြစ်သည်။
ဤပဋိညာဉ်အရ မိမိတို့သည် လက်ရှိတွေ့ကြုံနေရသည့် အကျပ်အတည်း ဖြစ်နေသောအခြေအနေမှသည်
de jure နှင့် de facto တို့၏ စုပေါင်းခေါင်းဆောင်မှုဖြင့်
ဥပဒေစိုးမိုးမှုရှိသော၊ ဒီမိုကရေစီအားကောင်းသော၊ တာဝန်ယူမှုရှိသည့် အစိုးရရှိသော
အနေအထားသို့ ရောက်ရှိအောင် ဆောင်ရွက်သွားရန်ဖြစ်သည်။ လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့်
အာဏာသိမ်းစစ်တပ်၏ စိတ်အလိုရှိသည့်အတိုင်း အကြမ်းဖက် အုပ်ချုပ်နေမှုအောက်တွင် ဒုက္ခခံစားနေရပြီး
တရားဝင်မှုရှိသည့် အစိုးရမရှိတော့ပေ။ အကျိုးဆက်မှာ မိမိတို့သည် ဖရိုဖရဲပရမ်းပတာ အခြေအနေနှင့်
ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ဤအခြေအနေတွင် မိမိတို့သည် တပ်မတော် အုပ်ချုပ်မှုကင်းစင်ပြီး
တည်ငြိမ်မှုကို ပေးနိုင်မည့် တညီတညွတ်တည်း ရှိသော အစိုးရ တစ်ရပ်ကို လုံးဝ လိုအပ်နေပါသည်။
ဤ ပဋိညာဉ်ပါ အချက်များသည် ဓမ္မကို အခြေခံ၍ သက်ဆိုင်သူ (stakeholders) များမှ နက်နက်ရှိုင်းရှိုင်း သက်ဝင်ယုံကြည်ပြီး ပြည်သူ့ညီလာခံရှေ့မှောက်၌
အတူတကွ ကတိကဝတ်ပြု သန္နိဋ္ဌာန်ချ၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် သဘောတူ
အတည်ပြု (ratify) ကြခြင်း ဖြစ်သည်။
ကျွန်ုပ်တို့အတွက်
နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆောင်ရွက်ရမည့် အလုပ်များမှာ အရေးကြီး၍ မြင့်မြတ်သော
လုပ်ငန်းများဖြစ်ပါသည်။ မိမိတို့သည် ပရမ်းပတာ လုံခြုံမှု ကင်းမဲ့သည့် အခြေအနေမှ တည်ငြိမ်မှု ပြန်လည်ရရှိရန်၊ ဥပဒေမဲ့
ဆောင်ရွက်နေမှုများမှ တရားမျှတမှုရှိလာရန်၊ အကြမ်းဖက်မှုများမှ ပြန်လည်ငြိမ်းချမ်းမှု
ရရှိရန်၊ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ ပြန်လည်ထွန်းကားရန်၊ ရက်စက်ကြမ်းတမ်းမှုများမှ
လုံခြုံစိတ်ချရမှု ပြန်လည်ရရှိရန်၊ မုန်းတီးမှုများမှ အမှန်တရားကိုအခြေခံသည့် ဂရုဏာစိတ်ထားများ
ပြန်လည်တည်ဆောက်နိုင်ရန် နှင့် ဖိနှိပ်မှုများမှ လွတ်မြောက်ရန် စသည်တို့အတွက် အတူတကွ
အပြန်အလှန် ကတိကဝတ်ပြုခြင်းဖြင့် ရှေ့ဆက် ဆောင်ရွက်သွားရမည် ဖြစ်သည်။ ထိုလုပ်ငန်းစဉ်များနှင့်
သဘောတူညီချက်များကို အမှန်တကယ် လေးစားစွာ၊ တာဝန်ရှိစွာ နှင့် ကတိကဝတ် ခိုင်မြဲစွာ ဆောင်ရွက်သွားမည်။
ဤပဋိညာဉ်သည် တရားဝင် စည်းနှောင်ချုပ်ဆိုထားခြင်းဖြစ်သည်။ ထိုမျှမက
ကိုယ်ကျင့်တရားကို အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း မှတ်ယူသည်။ ထိုတာဝန်ရှိမှုများနှင့်
ပတ်သက်၍ သဘောတူအတည်ပြုသည့် အဖွဲ့တိုင်းသည် အခြား ကတိကဝတ်ပြု၍ သဘောတူအတည်ပြုသည့် အဖွဲ့အစည်းတစ်ခုချင်း အပေါ်တွင် လည်းကောင်း၊ အဖွဲ့အစည်းအသီးသီး၏
အဖွဲ့ဝင်များအပေါ်တွင်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူများ အပေါ်တွင်လည်းကောင်း၊
အနာဂတ် မျိုးဆက်သစ်များအပေါ်တွင် လည်းကောင်း တာဝန်ခံသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
၁။ ဤပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်များအား ပြည်သူ့ညီလာခံ (People’s Assembly) ၏ စုပေါင်းဦးဆောင်မှုနှင့်အညီ အကောင်အထည်ဖော်
ဆောင်ရွက်ကာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုရှိပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မည်။
၂။ ထိုသို့တည်ဆောက်ရာတွင် အပိုင်း (၃) ပြည်ထောင်စုအသွင်သဏ္ဍာန် အပိုဒ် ၁၊ ၂၊ ၃နှင့်
ပြည်ထောင်စုအချုပ်အခြာအာဏာ အပိုဒ် ၄ တို့တွင်
သဘောတူညီမှုရရှိထားပြီး ဖြစ်သည့် ပြည်ထောင်စု၏ အချုပ်အခြာအာဏာနှင့် စံတန်ဖိုးများကို အခြေခံ၍ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်
အခွင့်အရေးနှင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအား အပြည့်အဝ ကျင့်သုံးပိုင်ခွင့်ရှိစေရမည်။
၃။ အခြေခံအခွင့်အရေးများ၊ ဂျန်ဒါတန်းတူညီမျှရေးနှင့် လူနည်းစုတို့၏ အခွင့်အရေးများ
ရရှိစေရမည်။ နိုင်ငံသားတိုင်း၏ လူမှုဘဝ လုံခြုံမှုရှိစေရေးအတွက် လူသားလုံခြုံမှုကို
အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒ များကို ချမှတ်ဆောင်ရွက်သွားမည်။
၄။ နိုင်ငံသားတို့၏ လူနေမှုဘဝ အဆင့်အတန်း ပိုမိုမြင့်မား၍ ဆန်းသစ် ပြောင်းလဲမှု
နှင့် စွန့်ဦးတီထွင်မှုတို့ကို အားပေးထောက်ကူပြုသည့် မူဝါဒများကို ချမှတ် ဆောင်ရွက်သွားမည်။
၅။ လူတိုင်းလက်လှမ်းမီနိုင်သည့် အားလုံးအကျုံးဝင် ပညာရေးစနစ် (Universal
Education Coverage)၊ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာသင်ကြားရေးစနစ် (Mother Tongue-based Multi-lingual Education) နှင့် လူတိုင်းလက်လှမ်းမီနိုင်သည့် အားလုံးအကျုံးဝင် ကျန်းမာရေးစနစ် (Universal Health
Coverage) မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ
အပါအဝင် အမျိုးသမီးဆိုင်ရာအခွင့်အရေးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော
ဆေးဝါးများ အလွဲသုံးမှုဆိုင်ရာ အန္တရာယ်လျှော့ချရေး (Harm Reduction)၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ထိရောက်သော မူဝါဒများကို ချမှတ် ဆောင်ရွက်သွားမည်။
၆။ ပြည်သူ့ဆန္ဒနှင့်အညီ
အပ်နှင်းခြင်းမဟုတ်သော အခွင့်အာဏာများအား ပြန်လည် ရုပ်သိမ်းရမည်။ ရွေးကောက်ခံများကို
အခြေခံသော အရပ်သား အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်မည်။ တာဝန်ယူမှု၊
တာဝန်ခံမှု မရှိသော အစိုးရများအား ပြည်သူ့အင်အားဖြင့် ဖြိုချပါမည်။ အချုပ်အခြာ၏ မူလရင်းမြစ်သည်
ပြည်သူအများ ဖြစ်ကြောင်း အာမခံနိုင်ရမည်။ နိုင်ငံ့အာဏာသည် ပြည်သူလက်ထဲတွင် ရှိကြောင်း
သေချာစေရမည်။
၇။ ဤပဋိညာဉ်ပါ အကြောင်းအရာများ၊ ဖော်ပြချက်များနှင့် မူဝါဒများသည် မကြာမီ ကာလတွင် ပေါ်ပေါက်လာမည့် ကြားကာလအစိုးရ၊ ကြားကာလ
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အစီအမံများတွင် ဆောင်ရွက်မည့် ကိစ္စရပ်များအတွက်သာမက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာ၌လည်း
လိုက်နာကျင့်သုံးရမည့် အခြေခံလမ်းညွှန်ချက်များ ဖြစ်သည်။

၂၃။ သဘာဝသယံဇာတ အရင်းအမြစ်များ ထုတ်ယူသုံးစွဲရာတွင် သက်ဆိုင်ရာ ဒေသခံများ၏ သဘောဆန္ဒကို ရယူရမည့်အပြင် ထိုဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တိုက်ရိုက် အကျိုးပြုမှု ရှိရမည်။ သဘာဝသယံဇာတများ ထုတ်ယူသည့်အတွက် ဖြစ်ပေါ်လာမည့် လူထုနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်သည့် ဆိုးကျိုးများနှင့် ပျက်စီး ဆုံးရှုံးသွားသော ဂေဟစနစ်ကို ပြန်လည်ကုစားရေးအတွက် သီးခြားအခွန်ငွေ ကောက်ခံ ပြီး ရန်ပုံငွေအစီအစဉ် တစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းထားရမည်။
အခြေခံအခွင့်အရေးများ
၂၄။ ပြည်ထောင်စုတွင် နေထိုင်သူတိုင်းသည် အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝ
ခံစားခွင့် ရှိရမည်။
၂၅။ ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများအားလုံးသည်
လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ခံစားခွင့်ရှိသည့် တသီးပုဂ္ဂလအခွင့်အရေးများနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမျိုး အလိုက် ခံစားခွင့်ရှိသည့် စုပေါင်းအခွင့်အရေးများနှင့်
အစုအဖွဲ့အလိုက် ခံစားခွင့်ရှိသည့် စုပေါင်းအခွင့်အရေးများကို အပြည့်အဝ ခံစားပိုင်ခွင့်ရှိရမည်။
၂၆။ ပြည်ထောင်စု၏ နိုင်ငံသားအဖြစ် ခံယူထားသော ပြည်ထောင်စု နိုင်ငံသားတိုင်းသည်
နိုင်ငံသားများ၏ အခြေခံအခွင့်အရေး (Citizen Rights) များ၊ တသီးပုဂ္ဂလ အခွင့်အရေးများ
(Individual Rights) နှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ (Cultural
Self-Determination) ကို အပြည့်အဝ ခံစားခွင့်ရှိရမည်။
၂၇။ နိုင်ငံသားတိုင်းသည် အခြေခံအကျဆုံးဖြစ်သည့် တသီးပုဂ္ဂလအခွင့်အရေးများကို လူမျိုး၊ ယုံကြည်ကိုးကွယ်မှု၊ ကျား/မ၊ မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှုတို့ကို အခြေမခံဘဲ အပြည့်အဝ ခံစားပိုင်ခွင့်ရှိစေရမည်။

တိုင်းရင်းသားခေါင်းဆောင်ကြီးများသည်
၁၉၄၇ ခုနှစ်တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုကာ လွတ်လပ်ရေးကို အတူတကွ ရယူခဲ့ပြီး ပြည်ထောင်များ စုပေါင်း၍ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ထောင်ရန်
ကြိုးပမ်းခဲ့ကြသည်။ လွတ်လပ်ခြင်း၊ တန်းတူခြင်း၊ စုံလင်ကွဲပြားခြင်း၊ စုပေါင်းခေါင်းဆောင်ခြင်းနှင့်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိခြင်းတို့ကို ပြည်ထောင်စု၏ စံတန်ဖိုးများအဖြစ် ကိုင်စွဲ၍ လူမျိုးပေါင်းစုံ
အေးအတူပူအမျှ ငြိမ်းချမ်းစွာဖြင့် အတူတကွ ယှဉ်တွဲ နေထိုင်နိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုအား တည်ဆောက်ရန်
ရည်မျှော်ခဲ့ကြသည်။
သို့ပါ၍ ငြိမ်းချမ်းသာယာသည့်
ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် အတွက် ပြည်ထောင်စု၏ မူရင်းပဋိညာဉ်
ဖြစ်သည့် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံမူတို့ကို
ပြန်လည်အကောင်အထည်ဖော်ရန်
လိုအပ်ပါသည်။ ဖက်ဒရယ် ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲရမည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အုပ်ချုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်
(Constitutionalism) ကို ကျင့်သုံးမည်။ လိုအပ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ
ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်မည်။ ပြည်ထောင်စု၏အင်္ဂါရပ်များနှင့် ပြည့်စုံရန်
လုပ်ဆောင်မည်။ ပြည်ထောင်စုလက္ခဏာ တည်ဆောက်ရေးဖြစ်သည့် အသွင်သဏ္ဍာန် လက္ခဏာတည်ဆောက်ရေးနှင့် အနှစ်သာရ လက္ခဏာတည်ဆောက်ရေးတို့ကို အကောင်အထည်ဖော်မည်။ စုပေါင်း တည်ထောင်ခဲ့သော ပြည်ထောင်စုကြီးအား စုပေါင်း ခေါင်းဆောင်မှုဖြင့် ကမ္ဘာ့အလယ်တွင် တင့်တယ်စေရမည်။
စံတန်ဖိုးများနှင့် ခိုင်မာသည့်မူဝါဒများကို
လေးစားယုံကြည်လိုက်နာသော လွတ်လပ်၊ ငြိမ်းချမ်း၊ ကြီးပွား၊ တိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီးကို ထုဆစ်ပုံဖော်ရန်အတွက် ဤပဋိညာဉ်ကြီးကို စုပေါင်း ရေးဆွဲပြဋ္ဌာန်း အတည်ပြုကာ စုပေါင်းခေါင်းဆောင်မှုဖြင့်
စုပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
Download PDF in English HERE.
1